ဝိညာဉ်သန္ဓေသား အတားအဆီးနံရံ ချိုးဖျက်ခြင်း
Vol. 2 Ch. 17
ရှန်းချင်းအာ၏ မျက်နှာမှာ ဒေါသဖြင့် တွန့်လိမ်သွားပြီး အလွန်တရာ ရုပ်ဆိုးအကျည်းတန်လာ၏။ သူ့ခန္ဓာကိုယ် အောက်ပိုင်းဆီမှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာပြီး ခပ်သေးသေး မိန်းမငယ်လေးအသွင် ပျောက်ကွယ်၍ စတင် ကြီးထွား ဖောင်းကားလာသည်။ အရိုးအတိပြီးသည့် ခြေထောက်ကြီးများ ဝတ်စုံအတွင်းမှ ဖောက်ထွင်း ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်တွင် ဆန့်ထွက်၍ ခြေကုပ်ရယူရန် ကြိုးစားနေ၏။
နောက်ကျောပြင်တွင်လည်း အရိုးပြားများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ဖုံးအုပ်ကာ ထူးဆန်းစွာ ကိုင်းညွှတ်ကျသွားသည်။ လက်မောင်းနှင့် လက်ဖဝါးများဆီမှလည်း အရိုးများ ငေါထွက်လာပြီး အလွန်တရာ ချွန်ထက်သည့် အရိုးစု လက်သည်းချွန်များအဖြစ် ပြောင်းလဲသွား၏။
နောက်စေ့တွင်လည်း သမင်ဦးချိုနှင့် ဆင်တူသော အရိုးချွန်များ ထွက်ပေါ်လာသည်။ သူ့မျက်နှာက ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းနေ၏။
သူ့တစ်ကိုယ်လုံးမှာ ရှည်လျားဆန့်ထွက် ကြီးထွားလာပြီး အရိုးစုအတိပြီးသည့် ကင်းခြေများကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
“အခုချက်ချင်း အထဲဝင်ခဲ့စမ်း...” နားကွဲလောက်အောင် ကျယ်လောင်သည့် အသံက မရေမတွက်နိုင်သော မိန်းမများ တစ်စုတစ်စည်းတည်း အာခေါင်ခြစ်၍ စူးစူးရှရှ အော်ဟစ်လိုက်သကဲ့သို့ ထွက်ပေါ်လာ၏။
ချင်မူမှာ ထိုအရိုးစု ကင်းခြေများကို ကြည့်၍ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ထို့နောက် သူ့ခေါင်းကို ယမ်းခါလိုက်၏။ “မဝင်လာပါဘူး...”
မကောင်းဆိုးဝါး ပိုးမွှားသတ္တဝါကြီးမှာ ဒေါသခြောင်းခြောင်းထွက်သွားပြီး အသံကုန်ဟစ် အော်ကာ သောင်းချီသော ခြေချောင်းများဖြင့် လျင်မြန်စွာ ကွေ့ဝိုက်သွားလာ၍ ဘုရားကျောင်းဝင်ပေါက်မှ ခုန်ထွက်လာရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုသတ္တဝါကြီး ခုန်ထွက်ရန် ကြိုးစားသည့်အခါတိုင်း ကျွန်းစုတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ဗုဒ္ဓဆင်းတုတွင် ရစ်ပတ်ထားသည့် သံကြိုးများ တချွင်ချွင် လှုပ်ခါလာ၏။
ချင်မူ၏အကြည့်က မြစ်ထဲသို့ ဦးတည် ထိုးဆင်းနေသည့် သံကြိုးများထံ တစ်မုဟုတ်ချင်း ရောက်ရှိသွားသည်။ ထိုသံကြိုးများက ကျွန်းစု၏ သောင်ပြင်မှ ဘုရားကျောင်းဆီသို့ သွယ်တန်းနေပြီး ကြီးမားလှသည့် ရွှေရောင် ဗုဒ္ဓဆင်းတုကြီးတွင် ရစ်ပတ်နေ၏။ ထိုသံကြိုးများ၏ အခြား တစ်ဘက်စွန်းကတော့ သတ္တဝါကြီး၏ ခန္ဓာကိုယ်တွင် ရစ်ပတ် ချုပ်နှောင်ထားသည်။
သံကြိုးများက ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်ထားသော ရွှေကွင်းများနှင့် ချိတ်ဆက်ထား၏။ ဘုရားကျောင်း အပြင်ဘက်သို့ ခုန်ထွက်ရန် ကြိုးစားသည့်အခါတိုင်း ၎င်းကို သံကြိုးများက ပြန်လည် ဆွဲယူသွားသည်။
သတ္တဝါကြီးမှာ အစွယ်များ ဖြဲဟ၍ လက်သည်းများဖြင့် ကုတ်ခြစ်ကာ အစွမ်းကုန် ကြိုးစား အားထုတ်သော်လည်း ဘုရားကျောင်း အပြင်သို့ ခြေလှမ်းဝက်မျှပင် လှမ်းမထွက်နိုင်ချေ။
ချင်မူက ဤဝုန်းဒိုင်းကြဲနေသည့် ကြားထဲတွင်ပင် တည်တည်ငြိမ်ငြိမ် ရှိနေပြီး ဘုရားကျောင်းကို ကျောပေး ထိုင်ချ၍ ကုန်ခန်းသွားသော အားအင်များ ပြန်လည် ဖြည့်တင်းရန် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။
အတန်ကြာပြီးနောက် သူ့နောက်ကျောဆီမှ ဆူဆူညံညံ အသံများ ငြိမ်ကျသွား၏။ ထိုသတ္တဝါကြီးမှာ သံကြိုးများ၏ အချုပ်အနှောင်မှ ရုန်းမထွက်နိုင်သဖြင့် ရွှေရောင် ဗုဒ္ဓဆင်းတုကြီးဘက်သို့ လှည့်၍ အော်ဟစ်လိုက်သည်။ “သောက်ခေါင်းတုံး ဘုန်းကြီး... နင်က ငါ့ကို ဒီနေရာမှာ ချုပ်ထားတာလေ... ငါ့ကို ငတ်သေအောင် လုပ်မလို့လား ဟမ်... ဒီကောင်လေးက အမွှေးတိုင်လေး တစ်တိုင်တောင် မပူဇော်နိုင်တာ... ဘာလို့ သူ့ကို စားခွင့်မပေးရတာလဲ...”
သတ္တဝါကြီးက ဗုဒ္ဓဆင်းတုကို ဒေါပွပွနှင့် လှည့်ပတ်နေရင်း ဆင်းတုနောက်ထဲမှ မရေမတွက်နိုင်သည့် အရိုးဖြူဖြူများကို တိုက်ချသွားသည်။ သို့သော်လည်း ဗုဒ္ဓဆင်းတုကြီးကတော့ မလှုပ်မယှက်သာ ရှိနေ၏။
ချင်မူ နောက်ဘက်သို့ ဖျတ်ခနဲ ခိုးကြည့်ပြီး အံ့ဩတုန်လှုပ်စွာ ရှေ့ပြန်လှည့်လိုက်မိသည်။ ထိုအရိုးများအားလုံးက လူရိုးများ ဖြစ်၏။ ဤဘုရားကျောင်းပျက်၌ မည်မျှသော လူများ သေဆုံးခဲ့ရသည်ပင် မပြောနိုင်ချေ။
တစ်ခဏအကြာတွင် ဘုရားကျောင်းထဲမှ သတ္တဝါကြီးမှာ ပြန်လည် တည်ငြိမ်သွားပြီး အရိုးများ ပြန်ကောက်၍ ရွှေရောင် ဗုဒ္ဓဆင်းတု၏ နောက်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ဘုရားကျောင်း အဝင်ဝသို့ ပြန်လျှောက်လာပြီး ချင်မူကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်၏။
“သောက်ခေါင်းတုံး ဘုန်းကြီး... ဒါက ငါတို့ ပါးစပ်ပေါက်ကို ရောက်လာတဲ့ အသားဟဲ့... နင် နားလည်လား... ငါတို့ ပါးစပ်ပေါက်ကို ရောက်လာတဲ့ အသား...” ၎င်းက ချင်မူ၏ နောက်စေ့ကို သွားရည်တမြားမြားနှင့် ကြည့်ရင်း ပြောလိုက်သည်။
တစ်ခဏ ကြာပြီးနောက် မိန်းမငယ်လေး ရှန်းချင်းအာ အသွင်သို့ ပြန်ပြောင်းသွား၏။ ရှန်းချင်းအာက သူ၏ အင်္ကျီစ တစ်ဖက်ကို ပခုံးလျှောချရင်း ခိုးခိုးခစ်ခစ် ရယ်လိုက်သည်။ “လာပါ... ကောင်စုတ်လေး... ငါတို့ ရှက်စရာ ကိစ္စတွေ လုပ်ကြမယ်လေ...”
ချင်မူက လွန်စွာ ခိုင်ကျည်သော စိတ်ထား ရှိသဖြင့် သူ၏ မြှူဆွယ်မှုကို မကြားချင်ယောင် ဆောင်နေလိုက်၏။ သူ၏ ခွန်အားနှင့် ချီစွမ်းအင်များ ပြန်လည် ပြည့်တင်းလာသောအခါ ယနေ့ လေ့ကျင့်မှုက ကျင့်စဉ်စွမ်းအင် အတော်လေး သိသိသာသာ တိုးတက်ခဲ့ကြောင်း ခံစားမိသည်။
သူ့ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။ သူ၏ ချီစွမ်းအင်ကို စုစည်း၍ မိစ္ဆာသံ အသုံးပြုပြီး ဝိညာဉ်သန္ဓေသားနံရံကို နောက်တစ်ကြိမ် ချိုးဖျက်ရန် ကြိုးစားကြည့်နိုင်ကြောင်း တွက်ဆလိုက်မိသည်။
“ချီ ခယ့် သို၊ စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့...”
ချင်မူ၏ ချီစွမ်းအင် ဝိညာဉ်သန္ဓေသားနံရံဆီသို့ အလုံးလိုက် အရင်းလိုက် ရွေ့လျားသွားစဉ်မှာပင် ရှေးဟောင်းဘုရားကျောင်း၏ အတွင်းထဲမှ တဝုန်းဝုန်း တဝေါဝေါ အသံများ ထွက်ပေါ်လာ၏။ ဗုဒ္ဓရုပ်ပွားတော်၏ ကြေးနီသားပေါ်မှ ထူးဆန်းသည့် အမှတ်အသားများက သွေးနီရောင် လင်းလက်လာသည်။ ထိုအလင်းရောင်က ရွှေဆိုင်းများအပေါ် ဖုံးလွှမ်းသွားပြီး တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ဘုန်း...။
တဝုန်းဝုန်း တုန်ခါမှုများနှင့်အတူ ရွှေဆိုင်းများ ဖုံးလွှမ်းနေသည့် ဗုဒ္ဓရွှေဆင်းတုတော်ကြီး၏ မျက်လုံးများ ပွင့်ဟလာပြီး လွှမ်းမိုးထည်ဝါသည့် အရှိန်အဝါ အငွေ့အသက်တစ်ခု ဖြာထွက်လာသည်။ ကျယ်လောင်သည့် အော်သံကြီး ရုတ်တရက် ထွက်ပေါ်လာပြီး ချင်မူ၏ နားထဲတွင် အူတက်သွား၏။
“မိစ္ဆာဒိဋ္ဌိ... ဘယ်လောက်တောင် အတင့်ရဲပြီး မိစ္ဆာမန္တာန်ကို ရွတ်ဆိုရဲရတာလဲ... တကယ့်ကို အထိန်းအကွပ်မရှိတဲ့ သတ္တဝါပဲ... ငါ့ရဲ့ ဗုဒ္ဓတရားတော်တွေနဲ့ နင့်ကို နှိမ်နင်းရလိမ့်မယ်...”
မကောင်းဆိုးဝါး မိန်းကလေး၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အမူအရာ ပေါ်ထွက်လာပြီး မည်သို့မျှ မယုံကြည်နိုင်သလို ဖြစ်သွားသည်။ ရွှေရောင်ဗုဒ္ဓဆင်းတုကြီးက သံကြိုးများကို ဆုပ်ကိုင်၍ သနားစရာ သတ္တဝါကြီးကို သူ့ထံသို့ ဆွဲယူလိုက်၏။
ဘုန်း...။
ထိုမကောင်းဆိုးဝါးသတ္တဝါကြီးမှာ ဗုဒ္ဓဆင်းတုရှေ့တွင် ဒူးထောက်ကျသွားပြီး ဗုဒ္ဓ၏ ထည်ဝါသည့် ဖိအားအောက်တွင် မလှုပ်မယှက်နိုင် ပြားပြားဝပ်နေရရှာသည်။
ရွှေရောင်ဗုဒ္ဓဆင်းတုကြီးက ပါးစပ်ပွင့်ဟလာပြီး ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် တရားမန္တာန်များ ရွတ်ဖတ်နေသကဲ့သို့ အမျိုးအမည် မသိသည့် စကားလုံးများ ဆက်တိုက် ရွတ်ဆိုလိုက်၏။
“ဥုံ မဏိ ပဒ္မေဟုမ်... ဥုံ မဏိ ပဒ္မေဟုမ်... ဥုံ မဏိ ပဒ္မေဟုမ်...”
မကောင်းဆိုးဝါး သတ္တဝါကြီးမှာ ဗုဒ္ဓသံ ကြားရသည်နှင့် မမြင်ရသော အားအင်တစ်ခုက သူ၏ ဝိညာဉ်ကို ဆုပ်ညှစ်ဖျစ်ချေခံလိုက်ရသည့်ပမာ နာနာကျင်ကျင် အော်ဟစ် ညည်းညူနေရသည်။
ဘုရားကျောင်း၏ အပြင်ဘက်ရှိ ချင်မူမှာလည်း ဗုဒ္ဓမန္တာန်၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီး တုန်လှုပ်ချောက်ချားသွား၏။ သို့သော်လည်း ဤအခိုက်၌ သူ၏ ချီစွမ်းအင်က ဝိညာဉ်သန္ဓေသား နံရံဆီသို့ ရောက်ရှိနေချေပြီ။ တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားသံကလည်း နတ်ဘုရားတစ်ပါး မန္တာန်ရွတ်သကဲ့သို့ ထွက်ပေါ်လာသည်။
နတ်ဘုရားသံနှင့် ဗုဒ္ဓသံက ချင်မူ့ထံ တစ်ချိန်တည်း ရိုက်ခတ်လာပြီး ကျယ်လောင်စွာ မြည်ဟည်း၍ တစ်သံနှင့် တစ်သံ ထိပ်တိုက်တွေ့သွားသဖြင့် သူ၏ ချီစွမ်းအင်အပေါ် သက်ရောက်နေသည့် ဖိအားမှာ သိသိသာသာ လျော့ကျသွား၏။
“အခွင့်ကောင်းပဲ...” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။
သူ တစ်မုဟုတ်ချင်း မိစ္ဆာသံကို မြှင့်၍ ရွတ်ဆိုလိုက်၏။
“ချီ ခယ့် သို စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့... ချီ ခယ့် သို စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့...”
ဘုရားကျောင်းထဲမှ ထွက်ပေါ်နေသည့် ဗုဒ္ဓသံမှာလည်း ပိုကျယ်လာသည်။ “ဥုံ မဏိ ပဒ္မေဟုမ်... ဥုံ မဏိ ပဒ္မေဟုမ်...”
တစ်ချိန်တည်းမှာပင် ချင်မူ၏ မျက်ခုံးနှစ်ခုအလယ်မှ ထွက်ပေါ်နေသော အထက်ကောင်းကင် ကိုးဆင့်မှ နတ်ဘုရားသံမှာလည်း လိုက်၍ ကျယ်လောင်လာ၏။ “ကွမ် မင် သွမ့် ကျင့် ဝူ စစ် ကျန်း ယို... ထျန်း ရှစ် သွေ့ ရှီ ဝေ့ လင်း နူ...”
ထိုအသံသုံးသံ ရောယှက်သွားသည့်အခါ ချင်မူ၏ ချီစွမ်းအင်ကို ဝိညာဉ်သန္ဓေသားနံရံထံ မရောက်နိုင်အောင် တားဆီးနေသည့် အားအင်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသုံးပြု၍ သူ၏ ချီစွမ်းအင်အားလုံး စုစည်းပြီး ဝိညာဉ်သန္ဓေသား နံရံဆီသို့ အလုံးလိုက်အရင်းလိုက် ပို့လွှတ်ထိုးတိုက်လိုက်၏။
ဝေါ...။
တစ်ဟုန်ထိုး စီးဆင်းနေသော မြစ်ပြင်မှ လှိုင်းလုံးကြီးများ ကမ်းခြေကို ရိုက်ခတ်သွားသကဲ့သို့ ကျယ်လောင်သည့် တိုးတိုက်သံကြီးတစ်သံ ချင်မူ၏ ဝိညာဉ်သန္ဓေသားနံရံမှ ထွက်ပေါ်လာသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ ထိုနံရံတစ်ခုလုံး ပြိုကျ ပျက်စီးသွားပြီး ချီစွမ်းအင်များက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ အလုံးအရင်း စီးဝင်သွား၏။
ထိုခဏ၌ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထံမှ ချီစွမ်းအင်များ တဝေါဝေါ စီးဆင်း ထွက်ပေါ်လာပြီး တစ်မုဟုတ်ချင်း ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ တရှိန်ရှိန် စီးဆင်းလာသည့် ချီစွမ်းအင်များက ချင်မူ၏ မွေးညင်း၊ အရေပြားများထိပင် ရောက်ရှိသွားပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာ၏။
ဝိညာဉ်သန္ဓေသားနံရံ အပြီးအပိုင် ပြိုလဲသွားချေပြီ။
အတားအဆီးနံရံ ဖြိုခွဲခြင်း အောင်မြင်သွား၏။
ဤရလဒ်ကြောင့် ချင်မူ အံ့ဩမှင်တက်သွားပြီး မိစ္ဆာသံအလင်္ကာ ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်မိသည်။ နတ်ဘုရားသံမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘုရားကျောင်းအတွင်းမှ ရွှေရောင်ဗုဒ္ဓဆင်းတု၏ ဗုဒ္ဓသံသည်လည်း ပြိုင်ဘက် မရှိတော့သဖြင့် ရပ်တန့်သွား၏။ ဗုဒ္ဓဆင်းတုမှာ မူလအနေအထားအတိုင်း မလှုပ်မယှက် ပြန်ဖြစ်သွားသည်။ မကောင်းဆိုးဝါး သတ္တဝါကြီးသာ ဗုဒ္ဓဆင်းတုရှေ့၌ ခွေခွေလေး လဲ၍ ကျန်ခဲ့၏။
နောက်ဆုံးတွင်တော့ ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ နိုးထလာခြင်း မရှိအောင် ပိတ်ဆို့တားဆီးခဲ့သည့် မျက်ခုံးနှစ်ခုအလယ်ရှိ မမြင်ရသော အတားအဆီးနံရံမှာ ပြိုလဲသွားခဲ့ချေပြီ။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို မမြင်တွေ့ရအောင် တားဆီးမည့် မည်သည့်အရာမျှ မရှိတော့။
“အတားအဆီးနံရံကို ငါ တကယ်ပဲ ချိုးဖျက်နိုင်ခဲ့တာလား...”
ချင်မူ သူ့ရင်ထဲမှ လှိုက်တက်လာသော ဝမ်းသာမှုကို မထိန်းနိုင်ဘဲ ဘုရားကျောင်းရှေ့တွင် ရွှင်မြူးစွာ အော်ဟစ်လိုက်မိသည်။
ယနေ့အချိန်ထိ မရေမတွက်နိုင်သော ဝိညာဉ်သားရဲသွေးများကို သောက်သုံးခဲ့သည့်တိုင် သူ၏ လောကသခင်ခန္ဓာကို မနိုးထစေနိုင်ခဲ့။ ယခုတော့ နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံတို့ ထိပ်တိုက်တွေ့ရာမှ အတားအဆီးနံရံကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပေပြီ။ သူ၏ ရင်ဘတ် ငယ်ငယ်လေးထဲ၌ အောင်မြင်မှု၏ ကြီးမြတ်သော ခံစားချက်များ ပြည့်လာ၏။
တစ်ခဏမျှ ကြာပြီးနောက် ချင်မူ ပြန်လည် တည်ငြိမ်လာပြီး တွေးတောလိုက်သည်။
“ဝိညာဉ်သန္ဓေသားနံရံ၊ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ကောင်းကင်ရတနာဆိုမှတော့ နတ်ဘုရားတွေက ငါ့အတွက် တန်ဖိုးရှိတဲ့အရာ တစ်ခုခု ချန်ထားခဲ့မှာပဲ...”
ချင်မူ မျက်စိမှိတ်လိုက်သောအခါ သူ့မျက်ခုံးနှစ်ခုအလယ်၌ တောက်ပသော ရွှေရောင် အလင်းတန်းများကို မြင်တွေ့ရ၏။ သူ၏ အသိစိတ်အလျဉ်က လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ရတနာ၏ အတွင်းသို့ သတိထား၍ ဝင်ရောက်သွားသောအခါ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ အတွင်းပိုင်းသည် တောက်ပသော ရွှေရောင် အလင်းတန်းများ ပြည့်နေသည့် ထူးဆန်းသော နေရာတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အလွန်တရာ ရှေးကျလှသည့် နိဗ္ဗာန်ဘုံတစ်ခုနှင့်ပင် တူနေ၏။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက အလင်းတန်းများဖြင့် တည်ဆောက်ထားသည့် ခမ်းနားထည်ဝါသော နယ်မြေတစ်ခုနှင့် ဆင်တူသည်။ သူ၏ အသိစိတ်အလျဉ်က ကောင်းကင်ရတနာ၏ အတွင်းပိုင်းသို့ ရှေ့ဆက် တိုးဝင်သွားသောအခါ ထိုထဲမှ အလင်းတန်းများက သူ့ကို အားအင် ဖြည့်တင်းပေးနေသကဲ့သို့ ခံစားရပြီး အလွန်တရာ နေသာထိုင်သာ ရှိလာ၏။
သို့သော်လည်း သူ့စိတ်အလျဉ်က ရွှေရောင် အလင်းတန်းပင်လယ်ကြီးထဲတွင် အချိန်အတော်ကြာအောင် ကူးခတ်သွားလာနေရပြီး မည်သည့်အရာကိုမျှ မတွေ့ချေ။
“ဒါက ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ မဟုတ်ဘူးလား... ဘာလို့ ဘာမှ ရှိမနေတာလဲ... နတ်ဘုရားတွေက ငါ့ရဲ့ ရတနာကို သိမ်းယူသွားတာလား...”
ချင်မူ အတော်လေး စိတ်ရှုပ်ထွေးသွားသည်။ ယခု ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်လှစ်ပြီးချေပြီ။ ကောင်းကင်ရတနာက မည်သည့်နေရာသို့ ရောက်သွားသနည်း။
ထိုအခိုက်၌ မိုးထိုးနေသည့် ကျောက်ရုပ်တုကြီးတစ်ခု သူ့မြင်ကွင်းထဲ ဝင်လာ၏။ ၎င်းက အလင်းပင်လယ်ပြင်ကြီး၏ အလယ်၌ ထီးထီးတည်း သီးခြားရပ်တည်နေသည်။
“ငါ့ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှာ ဘာလို့ ကျောက်ရုပ်တုတစ်ခု ရှိနေတာလဲ... ဒါက ငါ့ကောင်းကင်ရတနာလား...”
ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် ချင်မူ စိတ်ရှုပ်ထွေးသွား၏။ သူ့စိတ်အလျဉ်က ကျောက်ရုပ်တုအနီးသို့ ပျံဝဲ၍ အစုန်အဆန် ကြည့်မိသောအခါမှ ထူးဆန်းသည့် အဖြစ်ကို သတိပြုမိသွားသည်။ ဤရုပ်တုကို ကျောက်တုံးနှင့် ပြုလုပ်ထားသည်ဟု သူ အထင်မှားမိခဲ့၏။ တကယ်တမ်းတွင် ကျောက်တုံးနှင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။
ဤကျောက်ရုပ်တုက ကျောက်တုံးမှ ထုလုပ်ထားသည်ဟု ထင်ရသော်လည်း ကျောက်သားမဟုတ်။ ကျောက်စိမ်းနှင့် ဆင်တူသော်လည်း ကျောက်စိမ်းမဟုတ်။ ရုပ်တုတစ်ခုလုံးက တဖျတ်ဖျတ် လက်နေပြီး ထွင်းဖောက် မြင်ရမတတ် ကြည်လဲ့ကာ အရှိန်အဝါ အငွေ့အသက် ခပ်ဖျော့ဖျော့တစ်ခု ဖြာထွက်နေသည်။
ဝေခွဲမရ အဖြစ်ဆုံးမှာ ဤရုပ်တုက သူနှင့် အတော်လေး ဆင်တူနေခြင်း ဖြစ်၏။
သို့သော်လည်း ချင်မူ နှစ်နှစ်သား၊ သုံးနှစ်သား လေးဖက်သွား အရွယ်နှင့် ဆင်တူနေခြင်းသာ ဖြစ်သည်။
“ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှာ ငါ့ပုံတူရုပ်တု ရှိနေတာလား... ကြည့်ရတာ နတ်ဘုရားတွေက ငါ ဘယ်လိုပုံစံ ရှိမယ်ဆိုတာ သိလို့ ပုံတူရုပ်တု ထုပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှာ သိုဝှက်ထားခဲ့တာလား...”
ထိုအတွေးနှင့်အတူ ချင်မူ အံ့ဩတုန်လှုပ်မိသွားသည်။
ထို့နောက် သူ၏ အသိစိတ်အလျဉ်က ထိုရုပ်တုနှင့် ခပ်သာသာ ထိလိုက်မိသည်တွင် သူ့စိတ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွား၏။
သူ့အသိစိတ်အလျဉ်က ရုပ်တုထဲသို့ ဝင်ရောက်သွားသည်။