ကြောက်စရာကောင်လေး
Vol. 2 Ch. 18
ချင်မူ၏ မြင်ကွင်းတစ်ခုလုံး ရုတ်တရက် မည်းမှောင်သွားပြီး သူ့အသိစိတ်အလျဉ်ကို ပြန်လည် ထိန်းချုပ်နိုင်သောအခါ ရုပ်တုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
“ဘာဖြစ်သွားတာလဲ...” သူ့စိတ်ထဲမှ တွေးလိုက်မိ၏။
ချင်မူ မျက်လုံးဖွင့်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုရန် ကြိုးစားလိုက်သောအခါ ကြည့်၍ ရကြောင်း တွေ့ရသည်။ ထို့နောက် သူ့ခေါင်းကို လှည့်ရန် ကြိုးစားလိုက်သောအခါတွင်လည်း သူ့အသိစိတ်အလျဉ်၌ ဦးခေါင်း ရှိနေကြောင်း တွေ့ရ၏။
သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူ၏ အသိစိတ်အလျဉ်က ရုပ်တုနှင့် ပေါင်းစည်းသွားပြီး ရုပ်တု၏ ခြေလက်များက သူ၏ ခြေလက်များ ဖြစ်နေကြောင်း တွေ့ရ၏။
လူတစ်ယောက်၏ အသိစိတ်အလျဉ်က ပုံသဏ္ဌာန်အသွင် ကင်းမဲ့သည် မှန်သော်လည်း ယခု သူ၏ အသိစိတ်အလျဉ်က ထိတွေ့ကိုင်တွယ်၍ရသော ပုံသဏ္ဌာန် ရှိနေ၏။ ဤအနေအထားက အတော်လေး ထူးဆန်းလှသည်။
ဤရုပ်တုက ဝိညာဉ်တစ်ခုကဲ့သို့ ဖြစ်သည်ဟု ချင်မူ ခံစားမိ၏။ စွမ်းအင်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုသဖွယ် ဖြစ်သော်လည်း ထိုသို့ မဟုတ်ပြန်ချေ။ ဤခံစားချက်ကို ရှင်းပြရန် အတော်လေး ခက်ခဲလှသည်။
“ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ... ကြည့်ရတာ ဒီရုပ်တုက ငါ့ရဲ့ ဝိညာဉ်သန္ဓေသားလား... ငါ့ရဲ့ အသိစိတ်နဲ့ ပေါင်းစည်းလိုက်မှ နိုးထလာနိုင်တာလား... ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာဆိုတာ ဒီဟာကို ဆိုလိုချင်တာလား...”
ချင်မူ အရာများစွာကို တစ်ခဏအတွင်း နားလည်သွားမိရင်း သူ၏ ဝိညာဉ်သန္ဓေသား မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိ၏။
လူသားခန္ဓာကိုယ်၏ ကောင်းကင်ရတနာ ခုနစ်ပါးအနက် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာ ပထမဦးဆုံး ဖြစ်သည်။ သို့သော်လည်း ဤကောင်းကင်ရတနာက ပုံမှန်အားဖြင့် ပိတ်ဆို့နေ၏။ သာမန်လူများအနေဖြင့် ဤကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် သူတို့၏ ဝိညာဉ်သန္ဓေသားကိုလည်း နိုးထစေနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။
ဝိညာဉ်ခန္ဓာရှိသူများအတွက်တော့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ပွင့်လျက်သား ပါလာကြသည် ဖြစ်သဖြင့် သူတို့၏ ဝိညာဉ်သန္ဓေသားထံ အသိစိတ်အလျဉ်ကို ခေါ်ဆောင် နိုးထစေရန်အတွက် ဝိညာဉ်သန္ဓေသားနှင့် ကိုက်ညီသည့် ဝိညာဉ်သားရဲသွေးကို သောက်သုံးရန်သာ လိုအပ်ပေသည်။
ဆိုလိုသည်မှာ လူတစ်ယောက်၏ ဝိညာဉ်သန္ဓေသားတွင် ထိုသူ၏ အသိစိတ်အလျဉ် ကိန်းအောင်း ခိုဝင်နေနိုင်၏။
နတ်ဘုရားများက လူသားမျိုးနွယ်အပေါ် ဝိညာဉ်သန္ဓေသား ပေးအပ်လိုဟန် မတူချေ။ တမင်တကာ သိုဝှက်ပိတ်ဆို့ထားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုသို့အတွေးရောက်နေရင်း ရုတ်တရက် သူ၏ ချီစွမ်းအင်များက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ အပြင်ဘက်မှ အလင်းပင်လယ်ကြီးထဲသို့ စီးဝင်လာကြောင်း ခံစားလိုက်မိသည်။ ဝိညာဉ်သန္ဓေသားက ထိုချီစွမ်းအင်များကို စုပ်ယူနေ၏။ ၎င်း၏ နှာခေါင်းပေါက်မှ ချီစွမ်းအင်များ ဝင်ထွက်နေပြီး အလွန်တရာ ငြိမ်းချမ်းအေးမြသည့် ခံစားချက်ကို ချင်မူ ရလိုက်သည်။။
ဝိညာဉ်သန္ဓေသား ရှူသွင်းလိုက်သည့်အခါတိုင်း သူ၏ ချီစွမ်းအင်များက ပိုမိုသန့်စင်လာ၏။
ထို့ပြင် သူ၏ ဝိညာဉ်သန္ဓေသားက ဘေးနားတစ်ဝိုက်မှ ရွှေရောင်အလင်းတန်းများကိုလည်း စုပ်ယူလျက် ရှိကြောင်း ချင်မူ သတိပြုမိလိုက်သည်။ ထိုအလင်းတန်းများက သူ၏ ချီစွမ်းအင်နှင့်အတူ ပေါင်းစည်းရောယှက်သွား၏။ ထိုသို့ပေါင်းစည်းသွားခြင်းက မည်သို့ အကျိုးသက်ရောက်မှု ရှိကြောင်းတော့ သူ မသိရချေ။
သူ၏ ဝိညာဉ်သန္ဓေသားကို ထရပ်ရန် ကြိုးစားလိုက်သော်လည်း ဤကောင်လေးက ထရပ်ရန် မဆိုထားနှင့် လှုပ်၍ပင် မရကြောင်း တွေ့ရသည်။
“ငါ့ဝိညာဉ်သန္ဓေသားကို လှုပ်လို့ရအောင် ဘယ်လိုလုပ်ရမလဲ... ဟင်း... ရွာပြန်ပြီးတော့ ရွာလူကြီး၊ ဘွားဘွားစစ်နဲ့ တခြားလူတွေကို မေးကြည့်ရမယ်...”
ထိုသို့ တွေးရင်းတန်းလန်း ရုတ်တရက် ချင်မူ၏ အသိစိတ်အလျဉ်က သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်ရောက်သွားပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်မိ၏။
ဘုရားကျောင်းအတွင်းမှ ချောင်းတဟွတ်ဟွတ် ဆိုးသံ ကြားရသည်။ မိန်းမငယ်လေးနှင့် တူသည့် မကောင်းဆိုးဝါးသတ္တဝါက ယခုထိ သေဆုံးခြင်း မရှိသေးပေ။ ၎င်းက ဗုဒ္ဓဆင်းတုရှေ့တွင် ဒူးထောက်လျက်သားနှင့် သွေးများစွာ ဟပ်ထုတ်ထား၏။
တစ်ခဏမျှ အလေးအနက် စဉ်းစားပြီးနောက် ချင်မူ ဘုရားကျောင်းထဲသို့ လှမ်းဝင်လိုက်သည်။
ချင်မူ ဘုရားကျောင်းအတွင်းသို့ ဝင်လာသည်ကို မြင်သောအခါ မကောင်းဆိုးဝါးသတ္တဝါကြီးမှာ အကြီးအကျယ် အံ့အားသင့်သွားပြီး ထရပ်ရန် ကြိုးစားလိုက်၏။
ချင်မူက အနားသို့ တိုးကပ်သွားရင်း မိစ္ဆာသံအလင်္ကာကို ရွတ်ဆိုလိုက်သည်။ “ချီ ခယ့် သို စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့...”
“အတင့်ရဲလှချည်လား... မကောင်းဆိုးဝါး မိစ္ဆာကောင်...”
မကောင်းဆိုးဝါး ကောင်မလေးမှာ သူ့နောက်ရှိ ရွှေရောင်ဗုဒ္ဓဆင်းတုကြီး၏ အသံကို ကြားလိုက်မိသောအခါ အရေပြားများ ကျုံ့ဝင်သွား၏။ တစ်ခဏချင်းပင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သံကြိုးသံတချွင်ချွင် မြည်ကာ ထိုမကောင်းဆိုးဝါး သတ္တဝါကြီးမှာ ကြမ်းပြင်ပေါ်သို့ နောက်တစ်ကြိမ် ပုံကျသွားသည်။
“ဥုံ မဏိ ပဒ္မေ ဟုမ်...”
ဗုဒ္ဓသံ ထွက်ပေါ်လာသည်နှင့် မကောင်းဆိုးဝါး သတ္တဝါကြီးမှာ သွေးများ အန်ထုတ်၍ ပျော့ခွေသွားတော့၏။
ချင်မူက မိစ္ဆာသံအလင်္ကာ ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်သည်။ ရွှေရောင်ဗုဒ္ဓဆင်းတုမှာ တရားမန္တာန်ကို နောက်တစ်ကြိမ် ရွတ်ဆိုပြီးမှ ငြိမ်ကျသွား၏။ ဗုဒ္ဓဆင်းတုခြေရင်းမှ မကောင်းဆိုးဝါး သတ္တဝါကြီးမှာ အသက်ကို ခဲယဉ်းစွာ လုရှူနေရပြီး ထရပ်ရန် ဟန်ပြင်သည်နှင့် ချင်မူက မိစ္ဆာသံအလင်္ကာကို ထပ်၍ ရွတ်ဆို၏။ မကောင်းဆိုးဝါး သတ္တဝါကြီးက ကြောက်ရွံ့ ထိတ်လန့်စွာ စူးစူးရှရှ အော်ဟစ်ပြီး တစ်မုဟုတ်ချင်း ဗုဒ္ဓဆင်းတု၏ နောက်၌ ပုန်းကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မမျှော်လင့်စွာပင် ချင်မူက ပထမ စကားလုံးနှစ်လုံး ရွတ်ဆိုပြီးနောက် ဆက်၍ မရွတ်တော့ဘဲ ရပ်တန့်လိုက်၏။
“နင်... နင်က မိစ္ဆာနတ်ဆိုး...” မကောင်းဆိုးဝါး သတ္တဝါကြီးက ဘုရားကျောင်းခန်းမ အလယ်၌ ရပ်နေသော ချင်မူ့ကို ခေါင်းထောင်ထ၍ ချောင်းကြည့်ရင်း အက်ကွဲကွဲ အသံဖြင့် အော်ဟစ်လိုက်သည်။ “နင်က မိစ္ဆာနတ်ဆိုး... နင်က အရက်စက်ဆုံး မကောင်းဆိုးဝါး မိစ္ဆာနတ်ဆိုး...”
ချင်မူက ထိုမကောင်းဆိုးဝါး သတ္တဝါကြီး၏ စော်ကားပြောဆိုမှုကို တုံ့ပြန်ခြင်း မရှိဘဲ ဗုဒ္ဓဆင်းတုရှေ့သို့ တရွေ့ရွေ့ ချဉ်းကပ်သွား၏။ သူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အတွေ့အကြုံများသည့် မျက်ကန်း၏ အကြံပေးချက်အတိုင်း လိုက်နာရန် ဆုံးဖြတ်ပြီး အရိုအသေပြုလိုက်သည်။
“ကျွန်တော်မျိုးမှာ အားနည်းတဲ့ ကျောက်ကပ်နဲ့ နုံချာတဲ့ ခန္ဓာကိုယ်ပဲ ရှိပါတယ်... ကျွန်တော့်ရဲ့ ကနဦးယန်ကလည်း ပျက်စီးသွားခဲ့တာ ကြာပါပြီ...”
သူ၏ ထိုဆုတောင်းစကားကို ကြားသည့်အခါ မကောင်းဆိုးဝါး ကောင်မလေးမှာ မယုံနိုင်စွာ မျက်လုံးပြူး၍ သွေးတစ်လုတ် ဟပ်ထုတ်ပြီး ရယ်မောလိုက်၏။ “ကောင်လေး... နင်က ဗုဒ္ဓဆင်းတုကို နင့်မှာ အားနည်းတဲ့ ကျောက်ကပ်နဲ့ နုံချာတဲ့ ခန္ဓာကိုယ်ပဲ ရှိတဲ့အကြောင်း သွားပြောနေတာလား... အလကား အသုံးမဝင်တာကို...”
ချင်မူက မကောင်းဆိုးဝါး သတ္တဝါကြီးကို မျက်နှာသေနှင့် စိုက်ကြည့်လိုက်သည်။ “ချီ ခယ့် သို စ မို ယဲ့...”
ဗုဒ္ဓဆင်းတုက လှုပ်ခါလာပြီး အော်ဟစ်လိုက်၏။ “မကောင်းဆိုးဝါး မိစ္ဆာကောင်...”
“မရွတ်ပါတော့နဲ့...” မကောင်းဆိုးဝါး သတ္တဝါကြီးက တစ်မုဟုတ်ချင်း အော်ဟစ်၍ တောင်းပန်လိုက်သည်။ သူ အသက်ထွက်လုမတတ် ကြောက်ရွံ့နေကြောင်း ထင်ရှား၏။ “ငါ တောင်းပန်ပါတယ်... မရွတ်ပါတော့နဲ့...”
ချင်မူက မိစ္ဆာသံအလင်္ကာ ရွတ်ဆိုနေခြင်းကို ရပ်တန့်လိုက်သည်။ သို့သော်လည်း ရွှေရောင် ဗုဒ္ဓဆင်းတုက သူ၏ တရားမန္တာန်ကို တစ်ခေါက်ပြည့်အောင် ရွတ်ဆိုလိုက်သဖြင့် မကောင်းဆိုးဝါးသတ္တဝါကြီးမှာ နောက်တစ်ကြိမ် သွေးထပ်အန်ပြန်၏။
ချင်မူ ဘုရားကျောင်းထဲ ပတ်လျှောက်ကြည့်လိုက်သည်။ ကောင်းကောင်းကန်းကန်း ပစ္စည်းများ မတွေ့ရသော်လည်း ဗုဒ္ဓဆင်းတုနောက်ကွယ်မှ တောင်လိုပုံနေသော အရိုးများကြောင့် အံ့ဩထိတ်လန့်သွား၏။ မကောင်းဆိုးရွားသတ္တဝါ၏ လက်ချက်ဖြင့် ဤဘုရားကျောင်းပျက်ထဲ၌ မရေမတွက်နိုင်သော လူများ သေဆုံးခဲ့ရကြောင်း ထင်ရှားသည်။
“နင် သတ်ခဲ့တဲ့ လူတွေရဲ့ အရိုးတွေကို ဗုဒ္ဓဆင်းတုရဲ့ နောက်မှာ ဖွက်ထားတာက ဗုဒ္ဓဆင်းတုကိုပါ နင့်ရဲ့ ပြစ်မှုမှာ အဖော်အပေါင်းဖြစ်အောင် လုပ်လိုက်တာပဲ... ဒီဗုဒ္ဓဆင်းတုက နင့်ရဲ့ အမှားတွေကို ဖုံးကွယ်ထားပေးပြီး လူတွေကို ထပ်လှည့်စားနိုင်အောင် ကူညီပေးခဲ့တယ်...” ချင်မူက ပြောလိုက်၏။ ထို့နောက် သဘောမတူနိုင်သည့် ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “ဗုဒ္ဓဆင်းတုရဲ့ စွမ်းအားကို အသုံးချပြီး နင့်ကို အပြတ်ရှင်းပစ်ခဲ့ရင် နင် သေကြေပျက်စီးတာက ဒီဗုဒ္ဓဆင်းတုရဲ့ စွမ်းဆောင်အောင်မြင်မှု ဖြစ်သွားလိမ့်မယ်... အဲဒါကြောင့် နင့်ကို ငါ မသတ်တော့ဘူး... ဒီတော့... မိစ္ဆာကောင်... နင်ရဲ့ ရတနာတွေ ဘယ်နေရာမှာ ထားထားလဲ...”
“ငါ့မှာ ဘာလို့ ရတနာတွေ ရှိရမှာလဲ...” မကောင်းဆိုးဝါးသတ္တဝါကြီးက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။ “ခေါင်းတုံးဘုန်းကြီး ငါ့ကို ဒီနေရာမှာ ချုပ်ထားကတည်းက ရှိသမျှအကုန်လုံး သူ ယူသွားတာပဲ...”
“ချီ ခယ့် သို...” ချင်မူက စတင် ရွတ်ဆိုလိုက်သည်။
“မရွတ်ပါနဲ့...”
မကောင်းဆိုးဝါး ကောင်မလေးက အပြုံးတစ်ခု ဆင်မြန်း၍ ချင်မူ့ကို မျက်နှာချိုသွေးရန် ကြိုးစားလိုက်၏။ “ဒီနေရာမှာ နေခဲ့တဲ့ နှစ်အတော်ကြာအတွင်း ငါ့ဗိုက်ဖြည့်ရင်းနဲ့ ပစ္စည်းကောင်းတချို့ စုဆောင်းနိုင်ခဲ့တာကို မေ့သွားတယ်... အဲဒီ ပစ္စည်းတွေ နင့်ကို ငါ ပေးလိုက်မယ်...”
၎င်းက ကြမ်းပြင်ထက်မှ အနိုင်နိုင် ထရပ်ပြီး ဘုရားကျောင်းခန်းမ၏ မျက်နှာကြက်သို့ ကြိုးစားအားယူ၍ တက်သွားသည်။ မျက်နှာကြက် တစ်နေရာသို့ ခပ်သာသာ ဖိတွန်းလိုက်သောအခါ အံဝှက်ဖုံးတစ်ခု ပေါ်လာပြီး ဖယ်ရှားလိုက်၏။
ထိုအံဝှက်ဖုံးနောက်ထဲမှ ပစ္စည်းများက ကြမ်းပြင်ပေါ်သို့ တဝေါဝေါ ပြုတ်ကျလာသည်။ အများစုက လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ဖြစ်၏။ ထိုပစ္စည်းများအပြင် အဝတ်အစားများလည်း ပါပြီး အများစုကတော့ မိန်းမအတွင်းခံ အဝတ်အစားများသာ ဖြစ်သည်။ ထိုအဝတ်အစားများ၏ ပုံစံကို ကြည့်ရသည်မှာ လူချမ်းသာများသာ ဝတ်နိုင်သော အဝတ်အစားများနှင့် တူ၏။
“ငါ့မှာ ရှိတာ ဒါ အကုန်လုံးပဲ...” မကောင်းဆိုးဝါးသတ္တဝါကြီးက ပြုံးလိုက်သည်။
ချင်မူက စိတ်အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်၏။ “ဒါပဲလား... နင့်မှာ စွမ်းအင်ဆေးလုံးတွေ၊ အဆန်းတကြယ်ဆေးဝါးတွေ မရှိဘူးလား...”
“စွမ်းအင်ဆေးလုံးတွေ၊ အဆန်းတကြယ်ဆေးဝါးတွေသာ တွေ့ရင် ငါ စားပစ်လိုက်ပြီပေါ့...” မကောင်းဆိုးဝါး သတ္တဝါကြီးက စိတ်အေးလက်အေးပုံစံဖြင့် အညောင်းဆန့်လိုက်သည်။ ၎င်း၏ မိန်းမငယ်လေးပုံ ခန္ဓာကိုယ်အောက်ထဲမှ ကင်းခြေများ အရိုးစုက ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွား၏။ “ငါက ဒီနေရာမှာ အကြာကြီး အချုပ်ခံထားရတာဆိုတော့ စားလို့ရတာ အကုန် စားပစ်လိုက်တာပဲ... လူအသားထက် ပိုအရသာရှိတဲ့ စွမ်းအင်ဆေးလုံးတွေ၊ အဆန်းတကြယ် ဆေးဝါးတွေကို ဘာလို့ ချန်ထားရမှာလဲ... ဒီလက်နက်တွေကိုလည်း အထင်မသေးနဲ့... ဒါတွေအကုန်လုံးက ရတနာတွေ... အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲမှာပဲ တွေ့နိုင်တဲ့ ဝိညာဉ်လက်နက်တွေ... ဒါတွေကို ဝိညာဉ်လက်နက်လို့ခေါ်တာ စဖန်တီးကတည်းက ချီစွမ်းအင်နဲ့ ပြုစုပျိုးထောင်ခဲ့ရလို့ပဲ... ဒီလက်နက်တွေက အတော်လေး စွမ်းအားကြီးတယ်...”
ချင်မူက မကောင်းဆိုးဝါး ကောင်မလေး၏ စကားကို မယုံမကြည်ဖြင့် လက်နက်ပုံထဲမှ ငန်းတောင်ပံပုံ ဓားကောက်တစ်ချောင်း ကောက်ယူလိုက်သည်။ ဤဓားက သူ့နောက်ကျောတွင် ချိတ်ထားသည့် ဝက်ခုတ်ဓားထက် များစွာ ပိုလေး၏။ ထူးဆန်းသည်မှာ သူ၏ ဝက်ခုတ်ဓားက အရွယ်အစားအားဖြင့် အတော်ကြီးမားသော်လည်း သာမန်ဓားတစ်ချောင်းထက်ပင် ပေါ့ပါးနေခြင်း ဖြစ်သည်။
ငန်းတောင်ပံပုံ ဓားကောက်က ရှည်သွယ်ပြီး ဝက်ခုတ်ဓားမက အပြန့်ကျယ်၍ ထူထဲ၏။
ချင်မူက ဝက်ခုတ်ဓားကို ဆုပ်ကိုင်၍ လွှဲယမ်းလိုက်သည်။ ချွင်ခနဲ ဓားနှစ်လက် ထိတွေ့သံ ခပ်တိုးတိုး ထွက်ပေါ်လာ၏။ ဝက်ခုတ်ဓားမက ငန်းတောင်ပံပုံ ဓားကောက်ကို တိတိရိရိ ဖြတ်ခုတ်သွားပြီး ဓားကောက်ထိပ်ပိုင်းက ဘုရားကျောင်း ကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲ ပြုတ်ကျသွားသည်။
မကောင်းဆိုးဝါး ကောင်မလေးမှာ ချင်မူ့လက်ထဲမှ ဝက်ခုတ်ဓားကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေးငေး စိုက်ကြည့်နေမိ၏။
ချင်မူ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ငန်းတောင်ပံပုံ ဓားကောက်ကို ဘေးသို့ ပစ်ချလိုက်သည်။
“နင့်... နင့်ရဲ့... အသားခုတ်ဓားကို ဘယ်သူ... သွန်းလုပ်ခဲ့တာလဲ...” မကောင်းဆိုးဝါး ကောင်မလေးမှာ အံ့ဩတုန်လှုပ်ပြီး အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွား၏။ “အရပ်ခြောက်မျက်နှာအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ချီစွမ်းအင်နဲ့ ပြုစုပျိုးထောင်ထားတဲ့ ဝိညာဉ်လက်နက် တစ်ခုကိုတောင် ခပ်သာသာ ထိရုံနဲ့ ခုတ်ဖြတ်ပစ်နိုင်တာ... နင့်ရဲ့ ဓားမက သေချာပေါက် သာမန်လူတစ်ယောက် သွန်းလုပ်ထားတာ မဟုတ်ဘူး...”
ချင်မူက သူ့ဝက်ခုတ်ဓားမ၏ အေးစက်စက် ဓားသွားကို ပွတ်သပ်လိုက်သည်။ အေးစိမ့်သော အငွေ့အသက်က သူ့အဆုတ်နှင့် ရင်ဘတ်ထဲထိ တိုးဝင်လာ၏။ ဤဓားကို ပန်းပဲဆရာရွှေအက သူ့အတွက် သွန်းလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ရွှေအက ဤမဟာမြို့ပျက်တွင် လူသိများသည့် ပန်းပဲဆရာ တစ်ယောက် ဖြစ်၏။ သူ သွန်းလုပ်သမျှမှာ အလှူပေးသလို ရောင်းချရသည်။ မကြာခဏဆိုသလို အခြားရွာများမှ လာရောက်၍ ဓားမများ၊ ပေါက်ပြားများ၊ ထယ်သွားများ ထုလုပ်ခိုင်းလေ့ရှိကြ၏။
“ဒီဓားမက သာမန်သတ္ထုနဲ့ လုပ်ထားတာ မဟုတ်ဘူးပဲ...” မကောင်းဆိုးဝါး သတ္တဝါကြီးက ပါးစပ်မှ အမြှုပ်တစီစီ ထွက်အောင် အော်ဟစ်လိုက်သည်။ သူ့အနေဖြင့် ရှေ့တိုး ကြည့်ချင်သော်လည်း ချင်မူ မိစ္ဆာသံအလင်္ကာ ထပ်ရွတ်မည်စိုး၍ အဝေးမှသာ လှမ်းအော်ပြောရ၏။ “နင့်ဓားကို ထိကြည့်လိုက်... အေးစိမ့်စိမ့် အငွေ့အသက်တွေ ထွက်နေလားလို့... အဲလို ထွက်နေရင် ဆောင်းသလင်းသံမဏိနဲ့ လုပ်ထားတာ ဖြစ်မယ်...”
“ဟုတ်တယ်၊ အေးစိမ့်စိမ့် အငွေ့အသက် ထွက်နေတယ်...” ချင်မူ ခေါင်းညိတ်၍ တအံ့တဩ ပြောလိုက်မိသည်။
“ဘာလို့များ ဆောင်းသလင်းသံမဏိကို သုံးပြီး အသားခုတ်ဓားလို ဓားမမျိုး သွန်းလုပ်ခဲ့ရတာလဲ...” မကောင်းဆိုးဝါး ကောင်မလေးက အော်ဟစ်လိုက်၏။ “ဒီလို အဆင့်မြင့် ပန်းပဲလက်ရာပိုင်ရှင်က တကယ်ပဲ အသားခုတ်ဓားကို ဖန်တီးခဲ့တာလား... ကုန်ကြမ်းနဲ့ လက်ရာက နှမြောစရာပဲ...”
ချင်မူက ဝက်ခုတ်ဓားကို စိုက်ကြည့်ပြီး သူ့နောက်ကျောတွင် ပြန်ချိတ်လိုက်သည်။ ထို့နောက် ရတနာပစ္စည်းနှင့် လက်နက်များကို ကောက်ယူ၍ ဘုရားကျောင်းပျက်ထဲမှ ထုတ်ကာ အဝင်ဝတွင် ပုံထားလိုက်၏။
“နင့်မှာ ဒီလောက်ကောင်းတဲ့ လက်နက် ရှိနေတာ... ဘာလို့ ငါ့ပစ္စည်းတွေ ယူသွားချင်ရသေးတာလဲ...” မကောင်းဆိုးဝါး ကောင်မလေးက စိတ်တိုတိုနှင့် အော်ဟစ်လိုက်သည်။
“ဘွားဘွားက ငါ့ကို ပြောထားတယ်... ကိုယ်ပိုင်ခွန်အားနဲ့ ရထားတာ မှန်သမျှ အကုန်ယူသင့်တယ်တဲ့...” ချင်မူက ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုရင်း ခပ်ရိုးရိုး အပြုံးတစ်ချက် ပြုံးပြလိုက်၏။ “နင့်ပစ္စည်းတွေ အကုန်လုံးကို ငါ့ခွန်အားနဲ့ ရယူခဲ့တာပဲ... အကုန်လုံး အိမ်ပြန်ယူသွားရမှာပေါ့...”
ထိုစကားကြောင့် မကောင်းဆိုးဝါး ကောင်မလေးမှာ လဲသေချင်လောက်အောင် ဒေါပွသွားသည်။ သို့သော်လည်း ချင်မူ စိတ်ပြောင်းသွားမည် စိုးသဖြင့် သူ ပင်ပင်ပန်းပန်း စုဆောင်းခဲ့ရသော ရတနာများအားလုံး ရွှေ့ပြောင်း ယူငင်သွားခြင်း ခံရသည်ကို ထိုင်၍သာ ကြည့်နေရတော့၏။
ချင်မူက ရုတ်တရက် မကောင်းဆိုးဝါး ကောင်မလေးကို ကြည့်၍ မေးလိုက်သည်။ “နင့်မှာ အဝတ်အိတ်လိုဟာမျိုး ရှိလား...”
“မရှိဘူး...”
“အင်း...” ချင်မူက နောက်ပြန်လှည့်၍ ဘုရားကျောင်း အပြင်သို့ ထွက်သွား၏။
မကောင်းဆိုးဝါး ကောင်မလေးက ဘုရားကျောင်းခန်းမထဲတွင် သတိအနေအထားနှင့် ကျန်ရစ်ခဲ့သည်။ ထို့နောက် ဝင်ပေါက်မှ ခေါင်းပြူ၍ ချင်မူ့ကို လှမ်းကြည့်လိုက်သောအခါ အနီးနားမှ ဝါးပင်များ ခုတ်ယူနေသည်ကို တွေ့ရ၏။ တစ်ခဏမျှကြာပြီးနောက် ချင်မူက သူခုတ်ထားသည့် ဝါးပင်များနှင့် ဝါးဖောင်တစ်ခု ဖွဲ့လိုက်သည်။ ထို့နောက် သိမ်းယူလာသည့် ပစ္စည်းများကို ဝါးဖောင်ပေါ်သို့ တင်ပြီး မြစ်ကမ်းမှ တွန်းချ၍ ဝါးလုံးတစ်ချောင်းနှင့် ထောက်ကာ မြစ်ညာသို့ ဆန်တက်သွားတော့၏။
“ဒီလို ကြောက်စရာကောင်းတဲ့ ကောင်လေးကို ဘယ်သူတွေများ မွေးထား၊ သင်ပေးထားတာလဲ...” နောက်ဆုံးတွင်တော့ မကောင်းဆိုးဝါးသတ္တဝါကြီးမှာ သူ့ဒေါသများကို ဖွင့်ထုတ်အော်ဟစ်ခွင့် ရသွားသည်။ “ဘယ်လိုဟာမျိုးနဲ့ လာကြုံနေရတာလဲ... ငါ့ပစ္စည်းတွေကို သယ်ဖို့ ငါ့ဆီက အဝတ်အိတ်တောင် လာတောင်းရဲသေးတယ်တဲ့... ဒေါသထွက်လွန်းလို့ သေရတော့မယ်...”