← Chapters

လောကသခင်ခန္ဓာ နိုးထလာပြီ

Vol. 2 Ch. 19

လောကသခင်ခန္ဓာ နိုးထလာပြီ

Vol. 2 Ch. 19

“မြစ်အောက်ဘက် မိုင်တစ်ရာကျော်က မြေနုကျွန်း... ဟုတ်လား...”

ချင်မူက ဒုက္ခိတဘိုးဘွားကျေးရွာသို့ ညမိုးမချုပ်မီ ပြန်ရောက်လာ၏။ လက်နက်များ အပြည့်တင်လာသည့် ဝါးဖောင်ကို ရွာထဲသို့ ဆွဲယူလာခဲ့ရာ ရွာသူရွာသားများမှာ အံ့အားတကြီး ဖြစ်သွားပြီး သူ့အနားတွင် ဝိုင်းအုံ၍ တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။

ချင်မူက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။ သူ ပြောသည်ကို နားထောင်၍ မျက်ကန်း၏ အမူအရာ ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။ “အဲဒီမြေနုကျွန်းပေါ်က ဘုရားကျောင်းပျက်ထဲမှာ နယ်မြေအပိုင်စား အဆင့်ရှိတဲ့ ဆန်းကြယ်သားရဲတစ်ကောင်ကို ချုပ်ထားတာမလား... အဲဒီသားရဲက အသွင်ပြောင်းအတတ်ကို ကျွမ်းကျင်တဲ့ မကောင်းဆိုးဝါးသတ္တဝါပဲ... သူ့နာမည်က မိန်းမကြီးဝူလို့ ခေါ်တယ်... မင်းက အဲဒီဘုရားကျောင်းကို ရောက်ပြီး သူ့ရတနာတွေ အကုန်လုံး ခိုးလာခဲ့တာ... တကယ်လား...”

အဘွားစစ်ကလည်း လွှတ်ခနဲ အော်လိုက်မိ၏။ “မိန်းမကြီးဝူလား... တစ်ခါ အဲဒီဘုရားကျောင်းပျက်နား ဖြတ်သွားတုန်းက လူတွေအများကြီး သတ်စားထားတာ တွေ့လို့ ရိုက်နှက် ဆုံးမခဲ့သေးတယ်... နောက်ဆုံးကျ သူက ဗုဒ္ဓဆင်းတုကြီးနောက် ဝင်ပုန်းသွားတာ... အဲဒီဗုဒ္ဓဆင်းတုက ထူးဆန်းတယ်... ကျုပ်ကိုတောင် နှိမ်နင်း တိုက်ခိုက်ချင်တဲ့ပုံ ပေါက်နေတာနဲ့ မကောင်းဆိုးဝါးကောင်ကို အသေရိုက်မသတ်ခဲ့ရဘူး... အဲဒီဗုဒ္ဓဆင်းတုက တော်တော်တော့ ထူးဆန်းတာပဲ...”

“ငါလည်း သူနဲ့ တစ်ခါဆုံဖူးတယ်... ခုနစ်စဉ်ကြယ်အဆင့် ထိပ်တန်းသိုင်းပညာရှင်တွေကိုတောင် ယှဉ်နိုင်တဲ့ စွမ်းအားကြီး မကောင်းဆိုးဝါးသတ္တဝါပဲ...”

ထော့ကျိုးက မေးလိုက်သည်။ “မူအာ... မိန်းမကြီးဝူရဲ့ ပစ္စည်းတွေကို ခိုးပြီးတော့ ဘယ်လိုလုပ် သူ့လက်ကလွတ်အောင် ပြေးခဲ့တာလဲ...”

ချင်မူမှာ ထပ်၍ လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့မှန်း သိသဖြင့် ချိုင့်ဝှမ်းအတွင်းရှိ မြို့ပျက်ထဲမှ သင်ယူခဲ့သော မိစ္ဆာသံအလင်္ကာအကြောင်း ပြန်ပြောပြလိုက်၏။ ထို့နောက် နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံတို့ကို အသုံးပြု၍ မိန်းမကြီးဝူကို မည်သို့မည်ပုံ အနိုင်ယူခဲ့ကြောင်း ရှင်းပြလိုက်သည်။

ရွာသူရွာသားများမှာ ချင်မူ၏ ဇာတ်လမ်းကို နားထောင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ အတန်ကြာပြီးနောက် အဘိုးကြီးမာက သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ ပြောလိုက်သည်။ “တကယ့်ကို အလားအလာ ရှိတာပဲ”

ထော့ကျိုး၊ နားကန်းနှင့် ကျန်သူအားလုံးမှာလည်း လေးစား၍ မဆုံးဖြစ်ကာ လက်မများ ထောင်ပြလိုက်ကြ၏။

မိန်းမကြီးဝူကဲ့သို့ ခုနစ်စင်ကြယ်အဆင့်ရှိသည့် မကောင်းဆိုးဝါး သတ္တဝါကြီးမှာ ချင်မူ၏ ဓားပြတိုက်ခြင်းကို ခံလိုက်ရသည်။ မည်မျှ အလားအလာ ရှိလိုက်ပါသနည်း။ သူတို့အားလုံး၏ သင်ကြားပြသမှုများ အလဟဿ မဖြစ်ခဲ့သည့်အတွက် ဂုဏ်ယူဝင့်ကြွားမိကြ၏။

ရွှေအက လက်နက်အချို့ကို ကောက်ယူ၍ တစ်ချက်၊ နှစ်ချက် လွှဲခုတ်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။ ဤဝိညာဉ်လက်နက်များ၏ အရည်အသွေးက ကောင်းမွန်ခြင်း မရှိဘဲ အမှိုက်များသာ ဖြစ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြော၏။

“မနက်ဖြန်ကျရင် ကျုပ် နယ်စပ်နဂါးမြို့တော်ကို သွားပြီး ဒီဝိညာဉ်လက်နက်တွေ ရောင်းလိုက်မယ်... အဲကရတဲ့ ပိုက်ဆံနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အထည်စတွေနဲ့ အရက်အိုးနည်းနည်း ဝယ်ရမယ်...”

အဘွားစစ်က ပြုံးလိုက်သည်။ “ကျုပ်ရဲ့ အိမ်မွေးတိရစ္တာန်တွေ ရောင်းဖို့လည်း အချိန်ကျပြီ...”

ချင်မူ ခေါင်းထောင်ထလာ၏။ နယ်စပ်နဂါးမြို့တော်ကို သွားမည်တဲ့လား။

သူ ငယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာတွင်သာ နေထိုင်ကြီးပြင်းခဲ့ပြီး မကြာသေးမီကမှ အပြင်ဘက် ထွက်ခွင့်ရခဲ့သည်။ နယ်စပ်နဂါးမြို့တော်ကို ကြားသာကြားဖူး၍ တစ်ခါမျှ ရောက်ဖူးခြင်း မရှိပေ။

“ဘွားဘွားတို့ မင်းကို ခေါ်လို့ မဖြစ်သေးဘူး... မင်းက ငယ်သေးတယ်...” အဘွားစစ်က ခေါင်းခါယမ်းလိုက်၏။

ချင်မူ စိတ်ပျက်လက် ဖြစ်သွားသည်။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် အရဲစွန့်၍ ပြောလိုက်၏။ “ဘွားဘွားစစ်၊ ဘိုးဘိုးမာ... ဟို... ပြောစရာတစ်ခု ရှိသေးတယ်...”

“ကျွန်တော့်ရဲ့ လောကသခင်ခန္ဓာ နိုးထလာပြီ...”

ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ကျသွားသည်။

တစ်ခဏကြာပြီးနောက် အဘိုးကြီးမာ၊ ထော့ကျိုးနှင့် အဘွားစစ်တို့ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။ ရွှေအကလည်း တအအ အော်ဟစ်နေသည်။ နားကန်းသာလျှင် ချင်မူ ပြောသည်ကို မမြင်လိုက်ရသဖြင့် ဤအဘိုးကြီး၊ အဘွားကြီးများ အဘယ်ကြောင့် ရုတ်တရက်ကြီး ရူးသွပ်သွားကြသည်ကို တွေးမရ ဖြစ်သွား၏။ ချင်မူ ထပ်ပြောသည်ကို မြင်သောအခါမှ အလုံးစုံကို သဘောပေါက်သွားပြီး တဟားဟား အော်ရယ်လိုက်သည်။

မျက်ကန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ရွာလူကြီး... ဆေးဆရာ... မြန်မြန်လာ... ဒီမှာ လောကသခင်ခန္ဓာ နိုးထလာပြီတဲ့...”

သားသတ်သမားက ဝမ်းသာအားရဖြစ်ပြီး အထက်ဘဝဂ်တိုင်အောင် အော်ဟစ်လိုက်သည်။ “ရွာလူကြီး... ဆေးဆရာ... နောက်ဆုံးတော့ လောကသခင်ခန္ဓာ နိုးထလာပြီကွ...”

ချင်မူ ရွာသို့ ပြန်ရောက်လာသည့်အချိန်တွင် ရွာလူကြီးက သူ့အိမ်ရှေ့၌ ထိုင်၍ ဆေးဆရာက ရေနွေးကျိုကာ လ္ဘက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးနေ၏။ ရွာလူကြီးက ခြေလက်မရှိသဖြင့် ဆေးဆရာက လ္ဘက်ရည်ကြမ်းခွက်ကို ပါးစပ်နားထိ တေ့ပေးရသည်။

သူတို့နှစ်ယောက်က မကြာခဏဆိုသလို စိတ်အေးလက်အေး လ္ဘက်ရည်ကြမ်း သောက်လေ့ရှိကြ၏။

ရွာလူကြီးမှာ လ္ဘက်ရည်ကြမ်း သောက်ရင်းတန်းလန်း မျက်ကန်းနှင့် သားသတ်သမားတို့၏ အော်ဟစ်ပြောဆိုသံကို ကြားလိုက်ရသဖြင့် သူ၏ နှာခေါင်းပေါက်၊ မျက်လုံးနှင့် ပါးစပ်ထဲမှ လ္ဘက်ရည်ကြမ်းများ ဖူးခနဲ ပန်းထွက်လာသည်။ သူ့မျက်ဝန်းထောင့်စွန်းနှစ်ဖက်မှ မျက်ရည်နှစ်ပေါက် တောက်ခနဲ ကျသွား၏။

ခလွပ်...။

ဆေးဆရာ၏ လက်ထဲမှ အကြမ်းပန်းကန်မှာလည်း တစ်စစီ မွကြေသွားပြီး ရွာလူကြီး၏ မျက်နှာတစ်ပြင်လုံး လ္ဘက်ရည်ကြမ်းများ စင်သွားသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးများနှင့် ကြည့်ရင်း အလိုလို ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဆေးဆရာက သတိပြန်ဝင်လာပြီး အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်သည်။ “လောက... လောကသခင်ခန္ဓာ နိုးထလာပြီ... ဟုတ်လား...”

ရွာလူကြီးကတော့ အသိပြန်ကပ်သေးဟန် မရှိဘဲ ကြောင်ငေးငေးကြီး စိုက်ကြည့်နေ၏။

ထော့ကျိုးက ထော့နင်းထော့နင်းနှင့် ရောက်လာပြီး ခေါင်းကို သွက်သွက်ခါအောင် ညိတ်၍ ပြုံးလိုက်သည်။ “ဟုတ်တယ်... လောကသခင်ခန္ဓာကိုယ် နိုးထလာပြီ... ကျုပ် အခုလေးတင် စမ်းသပ်ကြည့်ခဲ့ပြီးပြီ... သူ့ချီစွမ်းအင်က မနက်ကထက် သုံးဆ ပိုသိပ်သည်းပြီး သန့်စင်လာတယ်... ပြီးတော့ သူ့မျက်ခုံးနှစ်ခု အလယ်မှာ ထူးဆန်းတဲ့ စွမ်းအင်လှိုင်းတစ်ခု ပေါ်လာပြီ... အဲဒါ သူ့ဝိညာဉ်သန္ဓေသားက အသိစိတ်အလျဉ်နဲ့ ပေါင်းစည်းပြီး နိုးထလာတဲ့ သင်္ကေတပဲ...”

ချင်မူ အနားသို့ လျှောက်လာသောအခါ ဆေးဆရာ၏ ပါးစပ်မှာ ဘဲဥနှစ်လုံး ဝင်ဆန့်လောက်အောင် ဟပြဲကြီး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ အခြားတစ်ဘက်တွင် ရွာလူကြီးမှာလည်း မျက်ရည်များ စီးကျနေကြောင်း တွေ့လိုက်သည်။ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ “ဘိုးဘိုးရွာလူကြီးနဲ့ ဘိုးဘိုးဆေးဆရာလည်း ငါမျှော်လင့်ထားသလို အံ့အားသင့်သွားကြတာပဲ... ဒါပေမဲ့ သူတို့ အံ့အားသင့်တာက နည်းနည်း မများလွန်းဘူးလား...”

ဆေးဆရာက သူ့ပါးစပ်ကို  ပြန်စေ့ပြီး ကမန်းကတန်း မေးလိုက်သည်။ “မူအာ... မင်းရဲ့ လောကသခင်ခန္ဓာကိုယ်က တကယ် နိုးထလာပြီလား...”

ချင်မူ ခေါင်းညိတ်လိုက်၏။ “ကျွန်တော် ကောင်းကောင်း အာရုံမစိုက်မိတုန်း နိုးထလာတာ...”

ဆေးဆရာမှာ အသက်ထွက်လုမတတ် သီးသွားပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ “သူ ကောင်းကောင်း အာရုံမစိုက်မိတုန်း နိုးထလာတာတဲ့...”

ရွာလူကြီးက နောက်ဆုံးမှ သတိပြန်ဝင်လာပြီး တဟဲဟဲ ရယ်မောလိုက်၏။ “ချင်မူက တကယ့် လောကသခင်ခန္ဓာ ပိုင်ဆိုင်ထားတာပဲ... ငါ့ရဲ့ နက်နဲကြွယ်ဝတဲ့ အတွေ့အကြုံဗဟုသုတနဲ့ ခန့်မှန်းတာ မှားစရာ အကြောင်းမရှိဘူး... သူ့အနေနဲ့ လောကသခင်ခန္ဓာကိုယ် နိုးထလာတာ မဆန်းပါဘူး... ဟင်း... ဟင်း... ဟင်း...”

ဆေးဆရာ၏ မျက်နှာအမူအရာက အလွန်တရာ ထူးဆန်းသည့်အသွင် ပြောင်းသွားပြီး ချောင်းတဟွတ်ဟွတ် ဆိုး၍ အလျင်အမြန် ဖုံးကွယ်လိုက်သည်။ “လောကသခင်ခန္ဓာ နိုးထလာတာ သိပ်ကောင်းတဲ့ကိစ္စပဲ... ဒါပေမဲ့... ချင်မူ... မင်းရဲ့ လောကသခင်ခန္ဓာ နိုးထလာရုံနဲ့ မာန်တက် ဝင့်ကြွားမနေနဲ့နော်... မင်းရဲ့ ကျင့်ကြံမှုလမ်းစဉ်က အခုမှ စမှာ... သဘောပေါက်လား...”

ချင်မူက ခေါင်းညိတ်၍ နာခံလိုက်၏။

ရွာလူကြီးက ပြုံးလိုက်သည်။ “ဆေးဆရာပြောတာ မှန်တယ်... လောကသခင်ခန္ဓာလမ်းစဉ်က သူများနဲ့ မတူအောင် ခက်ခဲတယ်... အဲဒါကြောင့် မင်းရဲ့ ကြိုးစားအားထုတ်မှုကို လျော့လို့မရဘူး... ဆေးဆရာ... ငါ ပင်ပန်းနေပြီ... ငါ့ကို အထဲပြန်ပို့ပေးဦး...”

ဆေးဆရာက သဘောပေါက်ပြီး ရွာလူကြီးကို အိမ်ထဲသို့ လိုက်ပို့၏။

အိမ်ထဲ၌...။ အဘိုးကြီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သွေးပျက်ချောက်ချားစွာ ကြည့်နေကြသည်။ အတန်ကြာပြီးနောက် ဆေးဆရာက အသံကို အတတ်နိုင်ဆုံး နှိမ့်၍ ပြောလိုက်၏။ “ရွာလူကြီး၊ မူအာက တကယ်ပဲ လောကသခင်ခန္ဓာကိုယ်လား...”

“ဘယ်ဟုတ်မှာလဲ...” ရွာလူကြီးက အခိုင်အမာ ပြောလိုက်သည်။

“အဲဒါဆို သူ ဘယ်လိုလုပ် နိုးထအောင် လုပ်ခဲ့တာလဲ...”

“ငါ ဘယ်လိုလုပ် သိမှာလဲ...”

အဘိုးကြီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထပ်၍ သွေးပျက်ချောက်ချားစွာ ကြည့်လိုက်မိကြ၏။ ချင်မူ၏ အဖြစ်အပျက်က မည်သို့ ရှင်းပြရမည်မှန်း မသိကြတော့ချေ။ တစ်ခဏကြာပြီးနောက် ဆေးဆရာက ထပ်မေးရန် ကြိုးစားလိုက်သည်။ “သာမန်သေမျိုးခန္ဓာက ဝိညာဉ်သန္ဓေသား နံရံကို ချိုးဖျက်နိုင်လား...”

“သာမန်သေမျိုးခန္ဓာနဲ့ အတားအဆီးနံရံ ချိုးဖျက်တာလား... ငါတော့ တစ်ခါမှ မကြားဖူးဘူး... ချင်မူက ပထမဆုံး ဖြစ်လိမ့်မယ်...”

ရွာလူကြီးက ရုတ်တရက် ပြုံးလိုက်၏။ “ဆေးဆရာ၊ ချင်မူက တကယ် လောကသခင်ခန္ဓာ ဖြစ်လာပြီး သူများနဲ့ မတူတဲ့လမ်းစဉ်ကို လျှောက်လှမ်းချင် လျှောက်လှမ်းလိမ့်မယ်... ငါတို့ ရည်ရွယ်ထားတာလည်း ဒီလိုမျိုး မဟုတ်ဘူးလား...”

ဆေးဆရာကလည်း ပြုံးလိုက်သည်။ “သာမန် သေမျိုးခန္ဓာကနေ လောကသခင်ခန္ဓာကိုပေါ့... မူအာက သေမျိုးခန္ဓာကနေ နိုးထပြီး သူ့ရဲ့ လောကသခင်ခန္ဓာ လမ်းစဉ်ကို အစပြုသွားပြီ... ကျုပ်တော့ မူအာ နဂါးတစ်ကောင်ကို လက်သီးတစ်ချက်နဲ့ ထိုးသတ်နိုင်တာ မြင်ယောင်လာသလိုပဲ...”

ရွာလူကြီးက ခေါင်းညိတ်၍ ပြုံးလိုက်၏။ “အသေအချာပဲ... တိတိပပ မပြောနိုင်ပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ဆိုရင် ငါတို့ ရောက်ခဲ့တာထက်တောင် ရှေ့ပိုရောက်ချင် ရောက်နိုင်လိမ့်မယ်...”

မြေခွေးအိုကြီးနှစ်ယောက် တစ်ပြိုင်နက် ရယ်မောလိုက်ပြီး အခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။

ရွာလူကြီးက ချောင်းတစ်ချက် ဟန့်၍ ချင်မူ့ကို ခေါ်ကာ သူ၏ ဝိညာဉ်သန္ဓေသားကို မည်သို့မည်ပုံ နိုးထစေခဲ့ကြောင်း မေးမြန်းလိုက်၏။ ချင်မူက နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံတို့ ထိပ်တိုက်တွေ့ခိုက် အခွင့်ကောင်းယူပြီး သူ၏ ချီစွမ်းအင်ဖြင့် ဝိညာဉ်သန္ဓေသားနံရံကို တွန်းတိုက် ဖြိုဖျက်ခဲ့သည့်အကြောင်း ရွာလူကြီးကို ပြောပြလိုက်သည်။

ရွာလူကြီးက ကြောင်ငေးငေး မျက်ဝန်းများဖြင့် တတွတ်တွတ် ရေရွတ်လိုက်မိ၏။ “အဲလို နည်းလမ်းမျိုး ရှိတာလား...”

သူ သက်ပြင်းချလိုက်မိသည်။ ချင်မူ၏ အခွင့်အရေးမျိုးက အခြားသူများ တုပ၍ ရနိုင်သောအရာ မဟုတ်ပေ။ မိစ္ဆာနတ်ဆိုး ဘာသာစကားကို မိုက်ရူးရဲဆန်စွာ လေ့ကျက်၍ နတ်ဘုရားသံကို မိစ္ဆာသံနှင့် ထိပ်တိုက်တွန်းလှန်ရာမှ နတ်ဘုရားသံ၊ မိစ္ဆာသံ၊ ဗုဒ္ဓသံတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ကို အခွင့်ကောင်းယူပြီး ဤသို့သော အခွင့်အရေးမျိုး တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့ခြင်း ဖြစ်၏။

ဤသို့သော အပြုအမူမျိုးက သေသည်ဟုသော စကားလုံးကို မည်သို့ ရေးရမှန်း မသိသည့်သူ တစ်ယောက်ပမာ အဆင်အခြင်မဲ့ရာ ကျလွန်းပေသည်။

အခြားသူများအနေဖြင့် ဤသို့သော အခွင့်အရေးမျိုး ရခဲ့လျှင်ပင် သူတို့၏ ဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်နိုင်ခြင်း မရှိမီ နတ်ဘုရားသံ၊ မိစ္ဆာသံ၊ ဗုဒ္ဓသံတို့၏ စွမ်းအားကြောင့် သေဆုံးသွားနိုင်၏။

ဤဖြစ်ရပ်၏ နောက်ကွယ်မှ အန္တရာယ်ကို အခြားသူများ မသိသော်လည်း ရွာလူကြီးအနေဖြင့် ကောင်းကောင်းသိသည်။ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ စွမ်းအားက သာမန်သေမျိုး လူတစ်ယောက် မျှော်မှန်းတမ်းတနိုင်သည့် အရာ မဟုတ်။ သာမန်သေမျိုး လူတစ်ယောက်အနေဖြင့် နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ စွမ်းအားကို မျှော်မှန်းတမ်းတလျှင် သေရုံမှတစ်ပါး အခြားမရှိချေ။

သို့သော်လည်း ချင်မူက ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် တိတိပပ အောင်မြင်နိုင်ခဲ့သဖြင့် သူ အနည်းနှင့်အများ ဝေခွဲမရ ဖြစ်သွားရသည်။

သို့သော်လည်း သူ မသိလိုက်သည်မှာ ချင်မူက နတ်ဘုရားသံနှင့် မိစ္ဆာသံတို့၏ တိုက်ပွဲကြောင့် သေမလို ဖြစ်ခဲ့ရသေး၏။ ကံကောင်းထောက်မပြီး သူ့ရင်ဘတ်တွင် ဆွဲထားသော ကျောက်စိမ်းလည်ဆွဲကြောင့်သာ အသက်ချမ်းသာရာရခဲ့ခြင်း ဖြစ်သည်။

ရွာလူကြီးက ချင်မူ၏ ကျင့်စဉ်စွမ်းအား တိုးတက်မှုကို အသေးစိတ် စစ်ဆေးကြည့်ရှုပြီး အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာကာ အလျင်အမြန် ဖုံးကွယ်၍ အားပေးစကား ဆိုလိုက်၏။ “မူအာ၊ အစွမ်းကုန် လေ့ကျင့်... ငါတို့ စိတ်မပျက်ရစေနဲ့... အခု မင်းက လောကသခင်ခန္ဓာ နိုးထလာပြီဆိုတော့ သိုင်းသမား တစ်ယောက် ဖြစ်သွားပြီ... ကလေးပေါက်စ မဟုတ်တော့ဘူး...”

ချင်မူ အလေးအနက် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ ကောင်းကင်ယံက မှောင်မည်းနေပြီ ဖြစ်ပြီး ရွာထဲမှ မီးပုံကလည်း ထိန်ထိန်ညီးနေချေပြီ။ အဘိုးကြီးမာနှင့် ကျန်သူများက သူတို့ ဖမ်းလာသည့် သားရဲများကို မီးကင်၍ ချင်မူ့အတွက် ဂုဏ်ပြုပွဲ ကျင်းပရန် ပြင်ဆင်နေကြ၏။ အဘွားစစ်က ခပ်သွက်သွက် ပြေးလာပြီး ချင်မူ့ကို ဆွဲခေါ်ရင်း ပြောလိုက်သည်။ “ရွာလူကြီး၊ ဆေးဆရာ... လာကြတော့.. ညစာစားကြစို့...”

“နင်တို့ နှစ်ယောက် အရင်သွားနှင့်... ငါနဲ့ ဆေးဆရာ နောက်က လိုက်လာမယ်...”

အဘွားစစ်နှင့် ချင်မူတို့ ထွက်သွားသောအခါ ရွာလူကြီးက ခပ်တိုးတိုး ပြောလိုက်၏။ “ဆေးဆရာ... မူအာရဲ့ ချီစွမ်းအင်က အတော့်ကို သိပ်သည်းတယ်... ငါ မြင်ဖူးသမျှ ဝိညာဉ်သန္ဓေသားအဆင့် သိုင်းသမားတွေထဲမှာ သူ့ချီစွမ်းအင်က အသိပ်သည်းဆုံးပဲ...”

ဆေးဆရာက မီးပုံဘေးတွင် အောင်ပွဲခံနေကြသော လူများကို လှမ်းကြည့်၍ ခပ်တိုးတိုး မေးလိုက်သည်။ “ဘယ်လောက်တောင် သိပ်သည်းတာလဲ...”

“ငါ ဝိညာဉ်သန္ဓေသား အဆင့်တုန်းကဆိုရင် သူနဲ့ တန်းတူ၊ ဒါမှမဟုတ် သူ့ထက်တောင် နိမ့်နိုင်သေးတယ်...”

ရွာလူကြီးက ခပ်အေးအေး ပြောလိုက်၏။ “ငါပြောတာက ငါ ဝိညာဉ်သန္ဓေသားအဆင့် အထွတ်အထိပ်တုန်းက ကျင့်စဉ်စွမ်းအင်ကို ပြောတာ... သူက အခုမှ ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ခါစ ရှိသေးတယ်... ဆက်ပြီး ပွားများလာဦးမှာ...”

ဆေးဆရာ၏ ခန္ဓာကိုယ်က သိသိသာသာ တုန်ခါသွားပြီး ရွာလူကြီးကို မယုံနိုင်သလို ကြည့်ကာ လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “ခင်ဗျား ဝိညာဉ်သန္ဓေသားအဆင့်တုန်းကနဲ့ တန်းတူ ဟုတ်လား... ခင်ဗျားက ဘယ်လိုလူမျိုးလဲ... သူက ဘယ်လိုလုပ်...”

“ဒါပေမဲ့ သူ လုပ်နိုင်ခဲ့တယ်...”

All Chapters