← Chapters

လူပုံသဏ္ဌာန် ဝိညာဉ်သန္ဓေသား

Vol. 2 Ch. 20

လူပုံသဏ္ဌာန် ဝိညာဉ်သန္ဓေသား

Vol. 2 Ch. 20

ရွာလူကြီးက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြုံးလိုက်၏။ “ဝိညာဉ်သန္ဓေသား မနိုးထခင်တုန်းကတောင် သူ့ချီစွမ်းအင်က တခြား ဝိညာဉ်သန္ဓေသားအဆင့် သိုင်းသမားတွေထက် သာတယ်... ငါ သူ့အဆင့်မှာတုန်းကထက် ပိုသိပ်သည်းတယ်... အခု ဝိညာဉ်သန္ဓေသား နိုးထလာတော့ ပိုစွမ်းအား ကြီးလာတာပေါ့... ဒီနှစ်တွေမှာ သူ အစွမ်းကုန် ကြိုးစား လေ့ကျင့်ခဲ့တာနဲ့ မင်းတို့ တိုက်ခဲ့တဲ့ ဝိညာဉ်သားရဲလေးကောင်ရဲ့ သွေးတွေ ပေါင်းလိုက်ရင် ဒီလိုမျိုး ဖြစ်လာတာ ဖြစ်သင့်ပါတယ်...”

ဆေးဆရာက အတော်လေး အံ့ဩတုန်လှုပ်လျက် ရှိ‌နေသေးပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ “ဒါပေမဲ့... ခင်ဗျားထက် ပိုသိပ်သည်းရအောင်... ခင်ဗျားက...”

“ငါက ဒုက္ခိတ အဘိုးအို တစ်ယောက်ထက် မပိုပါဘူး...”

ရွာလူကြီးက စကားစ ဖြတ်၍ ပြုံးလိုက်၏။ “ဒီကနေ့ လူငယ်တွေကို ငါနဲ့ နှိုင်းပြီး တိုင်းတာနေလို့ ဘယ်ဖြစ်မလဲ... အခု ငါ စိတ်ပူတာက မူအာရဲ့ ချီစွမ်းအင်မှာ ဘာဓာတ်သတ္တိမှ မရှိတော့ သူ့သိုင်းစွမ်းအားကို ဘယ်လို အပြည့်အဝ ထုတ်ဖော်ရမလဲ ဆိုတာပဲ... သွားကြစို့၊ သူတို့ စောင့်နေရတာ ကြာလောက်ပြီ...”

ဆေးဆရာ၏ ရင်ထဲတွင် လှုပ်ခါသွားသည်။ ချီစွမ်းအင်ဖြင့် သိုင်းစွမ်းအား အပြည့်အဝ ထုတ်ဖော်နိုင်သည်မှာ ဓာတ်သတ္တိတစ်ခုခု ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်၏။ ချင်မူ၏ ချီစွမ်းအင်တွင် မည်သည့် ဓာတ်သတ္တိမျှ ပိုင်ဆိုင်ထားခြင်း မရှိသဖြင့် သူ့အနေဖြင့် သိုင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

သူ့ဝိညာဉ်သန္ဓေသား နိုးထခဲ့ပြီး၍ သာမန်လူများထက် များစွာ သိပ်သည်းသော ကျင့်စဉ်စွမ်းအင် ရှိသည်ဟု ဆိုလျှင်ပင် သိုင်းစွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်ပါက အလကားသာ ဖြစ်၏။

သူတို့နှစ်ယောက် မီးပုံပွဲအနီးသို့ ရောက်လာသည့်အချိန်တွင် နားကန်းက သူ၏ သံနားရွက်များကို ဖြုတ်၍ အရက်ဖြင့် ဆေးကြောကာ နားပေါက်ထဲသို့ ပြန်တပ်နေသည်။ ဆေးပြီးသည့် အရက်များကို မီးပုံထဲသို့ ပက်လိုက်သဖြင့် မီးတောက်များက တစ်မုဟုတ်ချင်း ဟုန်းခနဲ ထတောက်လာ၏။ နားကန်းက ပြုံး၍ မေးလိုက်သည်။ “ရွာလူကြီး၊ ကျုပ်တို့ အခုလေးတင် စမ်းကြည့်တာ ချင်မူက သူ့ဝိညာဉ်သန္ဓေသား နိုးထပြီးပေမဲ့ လောကသခင်ခန္ဓာ ချီစွမ်းအင်ရဲ့ သိုင်းစွမ်းအားအပြည့်အဝကို မဖော်ထုတ်နိုင်သေးဘူး... ခင်ဗျားရဲ့ ကျယ်ပြန့်တဲ့ အသိပညာ ဗဟုသုတနဲ့ဆို သူ့လောကသခင်ခန္ဓာ ချီစွမ်းအင်ရဲ့ သိုင်းစွမ်းအားကို ဘယ်လို ထုတ်ဖော်ရမလဲ သိမှာပေါ့... ဟုတ်တယ်မဟုတ်လား...”

ထိုအခိုက်၌ ဆေးဆရာမှာ သူ့ဘေးမှ အဘိုးကြီး၏ ဦးခေါင်းက သုံးဆခန့် ပိုကြီးသွားသည်ဟု ခံစားလိုက်မိ၏။

ရွာလူကြီးက ခေါင်းမော့၍ သူ့ဘေးမှ ဆေးဆရာကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ဆေးဆရာက တစ်ဘက်လှည့်၍ အဘိုးကြီးမာနှင့် ခွက်ချင်းတိုက်လိုက်၏။

“အင်း... မူအာရဲ့ လောကသခင်ခန္ဓာကိုယ်က ခွန်အား မကြီးဘူးလား...” ရွာလူကြီးက မေးလိုက်သည်။

နားကန်းက သူ ဆိုလိုသည်ကို သဘောပေါက်၍ ချီးကျူးစကား ဆိုလိုက်၏။ “ခွန်အားကြီးတာပေါ့... သူ့ချီစွမ်းအင်က သိပ်ကို ခွန်အားကြီးပြီး မာကြောသန်မာတယ်... ဖျက်ဆီးဖို့တောင် ခက်တယ်...”

အခြားသူများကလည်း ထိုသို့သာ ခံစားရ၍ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။ ချင်မူ လီမြစ်တပည့်သား ငါးယောက်မှ အစ်ကိုကြီးချွီနှင့် တိုက်ခိုက်စဉ်က သူ့ချီစွမ်းအင်၏ ထူးကဲသည့် အချက်များကို သူတို့ မြင်တွေ့ခဲ့ကြပြီး ဖြစ်၏။ တုတ်တိုလေးထဲမှ သူ့ချီစွမ်းအင်နှင့် အစ်ကိုကြီးချွီ၏ ရတနာဓားကို မပြတ်မတောက် ခုခံနိုင်ခဲ့သည်။ ဤသည်ကိုကြည့်လျှင် ချင်မူ၏ ချီစွမ်းအင်က အလွန်တရာ မာကြောသန်မာသည်ဟု ဆိုနိုင်သည် မဟုတ်လား။

ရွာလူကြီးက ထပ်မေးလိုက်ပြန်သည်။ “သူ့ချီစွမ်းအင်က မသိပ်သည်းဘူးလား...”

နားကန်းက ပြန်ဖြေလိုက်၏။ “ကြောက်စရာ ကောင်းလောက်အောင်ကို သိပ်သည်းတယ်... ကျုပ် သူ့အဆင့်မှာတုန်းကဆို ကျုပ်ရဲ့ ချီစွမ်းအင်က သူ့အနားတောင် မသီနိုင်မှာ မဟုတ်ဘူး...”

သူ့စကားအဆုံးတွင် ကျန်သူများ အားလုံးလည်း ထိုနည်းတူ ခံစားလိုက်ရသည်။ ချင်မူ၏ ချီစွမ်းအင်က မယုံနိုင်လောက်အောင် သိပ်သည်းလွန်းလှ၏။ သူ့ဝိညာဉ်သန္ဓေသားက ယခုမှ နိုးထခါစ ရှိသေးသော်လည်း နှစ်ပေါင်း ဒါဇင်ချီအောင် လေ့ကျင့်ထားသူကဲ့သို့ ဖြစ်နေသည်။

ရွာလူကြီးက စကားလမ်းကြောင်းကို တဖြည်းဖြည်း စိတ်ရှည်လက်ရှည် ဆွဲခေါ်လာရင်း မေးလိုက်၏။ “သူ့ချီစွမ်းအင်က သိပ်ကို သန်မာအားကောင်းတယ်ဆိုရင်... ဘာလို့ စွမ်းအားအပြည့်အဝ မထုတ်ဖော်နိုင်ရတာလဲ...”

ဤတစ်ကြိမ်တွင်တော့ နားကန်းက ရှေ့ဆက် မျှောမလိုက်တော့ဘဲ သူ့ပေါင်သူ ဖြန်းခနဲ ပုတ်၍ ရေရွတ်လိုက်သည်။ “ဟုတ်သားပဲ... ဘာလို့ အဲလိုဖြစ်ရတာလဲ... ဟင်... ရွာလူကြီး...”

ရွာလူကြီးမှာ နားကန်း၏ အဖြေစကားကြောင့် လဲသေမတတ် နင်ခနဲ ဖြစ်သွား၏။ နားကန်းက သူ့ရင်ဝကို ဓားဖြင့် နှစ်ချက်ဆက် တွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကံကောင်းထောက်မ၍ သူ့ဘေးမှ ရွှေအက ဝမ်းသာအားရ ထကပြီး ခြေဟန်လက်ဟန်ဖြင့် တအအ ပြောဆိုလာ၏။

“ရွှေအ ပြောတာ မှန်တယ်...”

နောက်ဆုံးတွင်တော့ နားကန်း လိုချင်သည့် အဖြေရသွားသည်။ “မူအာရဲ့ ချီစွမ်းအင်က သိပ်ကို သန်မာအားကောင်းပြီး သိပ်သည်းပေမဲ့ သိုင်းစွမ်းအားကို အပြည့်အဝ မဟုတ်ဖော်နိုင်သေးဘူး... ဒီအချက်ကို ကြည့်ရင် ပြဿနာက သူ့ရဲ့ လောကသခင်ခန္ဓာကိုယ်မှာ မဟုတ်ဘူး... ကျုပ်တို့ရဲ့ သိုင်းကျင့်စဉ်တွေက သူနဲ့ မကိုက်ညီတာပဲ... အဲဒါကြောင့် သူ့သိုင်းစွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်တာ... ပြဿနာက ကျုပ်တို့ဆီမှာပဲ...”

ရွာလူကြီးမှာ ပုခုံးပေါ်မှ ကျောက်တုံးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားရပြီး သက်ပြင်းမှုတ်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် နားကန်း ထပ်မေးလာသည်ကို ကြားလိုက်ရ၏။ “ဒီနေရာမှာ နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြီ... သူ့လောကသခင်ခန္ဓာရဲ့ စွမ်းအားကို ထုတ်ဖော်ဖို့ ဘယ်လိုလုပ်ကြမလဲ... ကျုပ်တို့ကတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး... ခင်ဗျားရဲ့ ကျယ်ပြန့်တဲ့ အသိဉာဏ်ပညာ ဗဟုသုတနဲ့ဆိုရင် ဘယ်လိုမျိုး အကြံရှိလဲ... လုပ်ပါဦး ရွာလူကြီး...”

ရွာလူကြီးမှာ သူ့လက်နှစ်ဖက် ပြန်ပေါက်လာပြီး နားကန်းကို လည်ပင်းညှစ် သတ်ချင်စိတ်များ ပေါ်လာသည်။ သို့သော်လည်း ချင်မူ့ချီစွမ်းအင် စွမ်းအားအပြည့်အဝ မထုတ်ဖော်နိုင်ရသည့် အကြောင်းအရင်း အချို့ကို သူ သိထား၏။

ဝိညာဉ်ခန္ဓာ လေးခု၏ ချီစွမ်းအင်များက သီးခြား ဓာတ်ဂုဏ်သတ္တိကိုယ်စီ ရှိကြသည်။ ဥပမာအားဖြင့် ကျားဖြူချီတွင် ရွှေဓာတ်ရှိပြီး လက်နက်များကို ချွန်ထက်အားကောင်းအောင်၊ ခိုင်ခန့်မာကြောအောင် ပြောင်းလဲနိုင်စွမ်းရှိ၏။ ကျားဖြူချီက ချွန်ထက်သည့် လက်သည်းများအဖြစ် အသွင်ပြောင်း၍ ရန်သူကို ကုပ်ဆွဲတိုက်ခိုက်နိုင်သကဲ့သို့ ဒိုင်းကာတစ်ခုအသွင် ပြောင်း၍ ရန်သူ၏ တိုက်ခိုက်မှုမှလည်း ခုခံကာကွယ်နိုင်သည်။

နဂါးစိမ်းချီတွင် လျှပ်စီးဓာတ် ရှိပြီး လျှပ်စီးတန်းများ ထိန်းချုပ်ခြင်း၊ အနာကျက်ခြင်း စသည့် စွမ်းရည်များ ပိုင်ဆိုင်ထား၏။

မီးငှက်ချီတွင်တော့ လွှမ်းမိုးပြင်းထန်သည့် မီးဓာတ်စွမ်းအင် ရှိသည်။ ဆေးဆရာနှင့် ပန်းပဲဆရာ ရွှေအက ထိုသို့သော ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထား၏။ ဆေးဆရာ၏ ဆေးဖော်စပ်ခြင်းနှင့် ပန်းပဲဆရာ၏ မီးဖိုက သူတို့ချီစွမ်းအင်၏ ဓာတ်သတ္တိပေါ် မှီတည်နေခြင်း ဖြစ်သည်။

ခုခံကာကွယ်မှုနှင့် ရေဓာတ်ထိန်းချုပ်မှုကို အထူးပြုသည့် လိပ်နက်ချီစွမ်းအင်လည်း ရှိသေး၏။ ထိုချီစွမ်းအင်ကို ထုတ်ဖော်သည့်အခါ ရေဓာတ်စွမ်းအားများ ပါဝင်လာပေလိမ့်မည်။

သို့သော်လည်း ချင်မူ၏ ချီစွမ်းအင်က ထိုဓာတ်သတ္တိများ မရှိချေ။ ထို့ကြောင့် သူ၏ သိုင်းစွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ခြင်း ဖြစ်၏။ သူ၏ ကျင့်စဉ်စွမ်းအင်က အားကောင်းသော်လည်း သိုင်းစွမ်းအား တိုးတက်လာအောင် များစွာ အထောက်အကူမပြုနိုင် ဖြစ်နေသည်။

သို့သော်လည်း အကြောင်းရင်းကို သိခြင်းက မည်သို့ ဖြေရှင်းရမည်ကို သိခြင်း မဟုတ်ပေ။

“မူအာ... မင်းရဲ့ ဝိညာဉ်သန္ဓေသားက ဘယ်လိုပုံစံ ရှိလဲ...” ရွာလူကြီးက ချင်မူ့ကို မေးမြန်းလိုက်သည်။

ချင်မူက သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ထူးဆန်းသော ဝိညာဉ်သန္ဓေသား အကြောင်းကို ပြောပြလိုက်၏။ မီးပုံပတ်လည်မှ အားလုံးသောသူများမှာ လူသားပုံ ဝိညာဉ်သန္ဓေသားအကြောင်း ကြားပြီး တအံ့တဩနှင့် မှင်တက်မိသွားကြသည်။

လူသားပုံ ဝိညာဉ်သန္ဓေသား ရှိသည် ဆိုခြင်းကို သူတို့ ပထမဆုံး ကြားဖူးခြင်း ဖြစ်၏။

ချင်မူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ “ဘွားဘွား၊ ဘိုးဘိုးမာ... ဘွားဘွားတို့ ဝိညာဉ်သန္ဓေသားတွေက ဘွားဘွားတို့ ငယ်ငယ်တုန်းက ပုံလေးတွေနဲ့ မတူဘူးလား...”

အဘွားစစ်က ခေါင်းခါယမ်း၍ သက်ပြင်းချလိုက်၏။ “မတူဘူးကွဲ့... မင်းက လောကသခင်ခန္ဓာ ဖြစ်နေမှတော့ အံ့ဩစရာ မရှိတော့ပါဘူး... မင်းရဲ့ ဝိညာဉ်သန္ဓေသားကတောင် ငါတို့နဲ့ မတူဘူး... ဘယ်လောက်တောင် မနာလိုစရာ ကောင်းလိုက်သလဲ... ဘွားဘွားရဲ့ ဝိညာဉ်သန္ဓေသားက ကျားဖြူ ဝိညာဉ်သန္ဓေသားကွဲ့... ကျားဖြူပေါက်စလေး...”

“ငါ့ဝိညာဉ်သန္ဓေသားက နဂါးစိမ်း...” အဘိုးကြီးမာက ပြောလိုက်သည်။

နားကန်းကလည်း ဝင်ပြော၏။ “ငါ့ဝိညာဉ်သန္ဓေသားက လိပ်နက်...”

ရွှေအက ခြေဟန်လက်ဟန်များဖြင့် သူ၏ ဝိညာဉ်သန္ဓေသားမှာ မီးငှက်ဖြစ်ကြောင်း ပြောပြသည်။

ရွာလူကြီးက မျက်လုံးမှိတ်၍ စဉ်းစားခန်းဝင်သွား၏။ ဝိညာဉ်ခန္ဓာလေးခု၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာများမှာ မွေးရာပါ ပွင့်လျက်သား ဖြစ်ပြီး သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် သူတို့၏ ဝိညာဉ်သန္ဓေသား နိုးထလာစေရန်သာ လိုအပ်သည်။ ဝိညာဉ်သန္ဓေသား ခန္ဓာကိုယ်များတွင် ကွဲပြားခြားနားသော ဝိညာဉ်သန္ဓေသားများ ရှိနေနိုင်သော်လည်း အဓိက ဝိညာဉ်သန္ဓေသားလေးကောင်မှ များစွာ သွေဖည်သွားခြင်း မရှိပေ။

အချို့ဝိညာဉ်သန္ဓေသားများမှာ ကျားဖြူလည်း မဟုတ်၊ နဂါးစိမ်း၊ မီးငှက်နှင့် လိပ်နက်လည်း မဟုတ်သော်လည်း ထိုဝိညာဉ်သားရဲလေးကောင် အမျိုးအစားထဲတွင်သာ ပါဝင်၏။

သို့အတွက်ကြောင့် ဝိညာဉ်ခန္ဓာတွင် ဓာတ်သတ္တိလေးမျိုးသာ ရှိနေခြင်း ဖြစ်သည်။

ချင်မူ၏ ဝိညာဉ်သန္ဓေသားမှာ လူသားပုံ ရှိပြီး မည်သည့် ဓာတ်ဂုဏ်သတ္တိမျှ မရှိချေ။ ထို့ကြောင့် ဝိညာဉ်သန္ဓေသား နိုးထရန် ပိုမိုခဲယဉ်းပြီး သူ့ချီစွမ်းအင်၏ စွမ်းအား အပြည့်အဝကိုပင် ထုတ်ဖော်ရန် ခက်ခဲနေခြင်း ဖြစ်၏။

ရွာလူကြီးက လောကသခင်ခန္ဓာ ချီစွမ်းအင်၏ စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်မည့် နည်းလမ်းကို ကြိုးစားရှာဖွေရင်း အတွေးနက်နေသည်။ သို့သော်လည်း သူ၏ ပြည့်စုံကြွယ်ဝသည့် အသိပညာ ဗဟုသုတနှင့်ပင် စဉ်းစားတွေးတောနိုင်ခြင်း မရှိပေ။

သူ့အမူအရာကို ကြည့်၍ အဘွားစစ်က ရုတ်တရက် သဘောပေါက်သွားပြီး ရယ်မောလိုက်၏။ “ရွာလူကြီးက ချင်မူ့မှာ လောကသခင်ခန္ဓာ ရှိမှန်း သိပေမဲ့ လောကသခင်ခန္ဓာရဲ့ ကျင့်စဉ်နည်းလမ်းကို မသိဘူး ထင်တယ်... ဟုတ်တယ်မလား...”

ရွာလူကြီး၏ မျက်နှာက အနည်းငယ် ရဲခနဲ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။

ရွာသူရွာသူအားလုံးမှာ စိတ်ပျက်လက်ပျက် အမူအရာ ဖြစ်သွားပြီး မျက်ကန်းက တွတ်တွတ် တွတ်တွတ် ရေရွတ်လိုက်၏။ “ခင်ဗျားက ကျုပ်တို့ထဲမှာ ဉာဏ်ပညာ အကြီးဆုံး၊ ဗဟုသုတ အများဆုံးလေ... ခင်ဗျားတောင် လောကသခင်ခန္ဓာအတွက် ကျင့်စဉ်နည်းလမ်း မသိမှတော့ မူအာရဲ့ လောကသခင်ခန္ဓာက အလကားဖြစ်သွားပြီ မဟုတ်ဘူးလား...”

မီးပုံပတ်လည်မှ အားလုံးသောသူများ တိတ်ကျသွားသည်။

သားသတ်သမားက ရုတ်တရက် ထပြောလိုက်၏။ “လောကသခင်ခန္ဓာ ကျင့်စဉ်သိုင်းကွက်က လူတွေကပဲ ဖန်တီးတာ... ဟုတ်တယ်မလား...”

အားလုံးက သူ့ကို ဇဝေဇဝါ ကြည့်လိုက်ကြသည်။

သားသတ်သမားက ဟက်ခနဲ ရယ်လိုက်၏။ “လောကသခင်ခန္ဓာ ကျင့်စဉ်သိုင်းကွက်က လူတွေပဲ ဖန်တီးတာဆိုရင် ငါတို့ဖာသာ ဘာလို့ မဖန်တီးနိုင်ရမှာလဲ... ငါတို့ မဖန်တီးနိုင်ရင်တောင် ချင်မူ သူ့ဖာသာ တီထွင်ဖန်တီးနိုင်လိမ့်မယ်... ငါဆိုရင် ဘယ်သူ့ကိုမှ ဒူးမထောက်၊ ဦးမညွှတ်ဘဲ ငါ့ရဲ့ ဝက်ခုတ်ဓားသိုင်းကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့တယ်... မင်းတို့အားလုံးက အခက်အခဲစိန်ခေါ်မှု ကြုံတာနဲ့ ကြောက်လန့်သွားရင် မင်းတို့ အကုန်လုံးကို ငါ အထင်သေးရလိမ့်မယ်... မူအာ၊ မင်းကို ငါ အထင်မသေးမိစေနဲ့...”

ချင်မူက ခေါင်းကို အလေးအနက် ညိတ်လိုက်သည်။ သူ့ရင်ထဲတွင် တရှိန်ရှိန် စိတ်အားတက်ကြွလာပြီး အော်ဟစ်လိုက်၏။ “မစိုးရိမ်ပါနဲ့ ဘိုးဘိုးသားသတ်သမား၊ ဘိုးဘိုးတို့... ကျွန်တော့်ကို စိတ်မပျက်စေရပါဘူး...”

သားသတ်သမားက တဟားဟား ရယ်မောပြီး ချင်မူ၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်၏။ ကျန်သူများမှာလည်း တဟားဟား လိုက်ရယ်လိုက်ကြသည်။ အစောက တင်းကျပ်နေသည့် အနေအထားမှာ တစ်စမကျန် ပျောက်ကွယ်သွား၏။

ဤမြင်ကွင်းကို ကြည့်၍ ရွာလူကြီး၏ ရင်ထဲတွင် တအုံနွေးနွေး ဖြစ်နေခဲ့ရသော အကျိတ်အခဲမှာလည်း အလိုလို ပြေပျောက်သွားပြီး တဟားဟား အော်ဟစ်ရယ်မောလိုက်မိသည်။

“သူတို့ ရှေ့ဆက် အသက်ရှင်စိတ် ရှိအောင်လို့ မူအာ့မှာ လောကသခင်ခန္ဓာရှိတယ် ဆိုပြီး လိမ်ခဲ့ရတာ... အလိမ်မပေါ်အောင် လိုက်ဖုံးရင်း အုတ်နံရံကို ခေါင်းနဲ့ လိုက်ဝင်ဆောင့်နေရသလိုပဲ... သူတို့မှာ ရှင်သန်လိုစိတ်တွေ၊ မျှော်လင့်ချက်တွေ ရှိနှင့်ပြီးသား ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး... ငါ့မှာတော့ ခေါင်းပေါက်မတတ် စဉ်းစားလိုက်ရတာ...”

သူ၏ စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားပြီ ဖြစ်၍ စိတ်လက်ပေါ့ပါးသွားသည်။ ချင်မူ ရောက်ရှိလာခြင်းက ဒုက္ခိတဘိုးဘွားကျေးရွာမှ ရွာသူရွာသားများကို ရှေ့ဆက် ရှင်သန်အောင် တွန်းအားပေးနိုင်ခဲ့သကဲ့သို့ သူ့ကိုလည်း ကြိုးစား ရုန်းကန်ချင်စိတ်ပေါက်အောင် တွန်းအားပေးနိုင်ခဲ့၏။

သူ့ကို လှမ်းကြည့်၍ ဆေးဆရာ၏ မျက်နှာတွင် အပြုံးတစ်ခု ထင်ဟပ်သွားသည်။ ရွာလူကြီး ဤသို့ ပြုံးပျော်နေသည်ကို မမြင်ရသည်မှာ အတော်ကြာခဲ့ချေပြီ။

“လောကသခင်ခန္ဓာရဲ့ စွမ်းအားအပြည့်အဝထွက်အောင် တွန်းအားပေးဖို့ လိုလာပြီလို့ ငါ ထင်တယ်...”

မီးပုံ၏ အလင်းရောင်အောက်တွင် သားသတ်သမား၏ မျက်နှာက ယခင်ထက် အဆပေါင်းများစွာ မကောင်းဆိုးဝါးဆန်လာ၏။ “တစ်ခါမှ မရူးသွပ်ဖူးတဲ့သူက ရှင်သန်နိုင်မှာ မဟုတ်ဘူး... လောကသခင်ခန္ဓာက ငါတို့ ဝိညာဉ်ခန္ဓာတွေထက် ပိုစွမ်းအားကြီးတယ်... သူ့ချီစွမ်းအင်ကလည်း သေချာပေါက် ငါတို့ထက် ပိုစွမ်းအားကြီးမှာပဲ... သူ့သိုင်းစွမ်းအားကို ထုတ်ဖော်နိုင်မဲ့ အခြေအနေကလည်း ပိုခက်ခဲမှာ အသေအချာပဲ... အဲဒီတော့ သူ့စွမ်းအားကို ညှစ်ထုတ်ဖို့၊ အဆုံးစွန်ထိ ရောက်ဖို့ လိုတယ်...”

ထော့ကျိုးက ခေါင်းညိတ်လိုက်၏။ “မူအာရဲ့ ဖိနပ်တွေက ပိုထူဖို့ လိုလာပြီ... သူ ပိုညှစ်ထုတ်ပြီး မြန်မြန်ပြေးနိုင်အောင် အလေးတိုးမှ ရမယ်...”

မျက်ကန်းကလည်း သူ့ဝါးတောင်ဝှေးကို တတောက်တောက် ထောက်၍ ပြောလိုက်၏။ “အရင်တုန်းက သူ့လေ့ကျင့်ခန်းတွေက အတော်လေး ပေါ့ပါးလွန်းတယ်... သူ့ရဲ့ အစွမ်းအစကို အကုန် ညှစ်ထုတ်နိုင်ဖို့ ငါတို့ ဒီနေ့ကစပြီး အရှိန်မြှင့်မှ ရမယ်...”

အဘိုးကြီးမာက တုံ့ပြန်ပြောဆိုလိုက်၏။ “မှန်တယ်... သူ့ အစွမ်းအစ အကုန်ထွက်လာအောင် ညှစ်ထုတ်နိုင်ဖို့ ပိုပြီး ပင်ပင်ပန်းပန်း လေ့ကျင့်ရမယ်...”

ရွှေအကလည်း လက်ဟန်ခြေဟန် အချို့ သုံး၍ ဆူဆူ ဆူဆူ လုပ်လိုက်၏။

ချင်မူ၏ ရင်ထဲတွင် ကြည်နူးပီတိ ဖြစ်သွားမိသကဲ့သို့ တစ်ချိန်တည်းမှာပင် မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။ ဤအဘိုးအဘွားများက သူ့အတွက် စိတ်အားထက်သန်နေကြသည်ကို ကြည့်၍ ကြည်နူးကျေနပ်မိသော်လည်း သူတို့ ပြောသမျှ စကားတိုင်းတွင် အဘယ်ကြောင့် ညှစ်ထုတ်မည်ဟူသော စကားက ပါလာရသနည်း။

ဆေးဆရာက မျက်လုံးများ မှေးစင်း၍ စကားဝိုင်းထဲ ဝင်လာ၏။ “အားဖြည့်ဖို့... ငါတို့ သူ့ကို ဆက်ပြီး အားဖြည့်ပေးရမယ်၊ သူ့ချီစွမ်းအင်ကို စွမ်းအားအပြည့် ထုတ်နိုင်တဲ့အထိ အားဖြည့်ပေးရမယ်... ငါတို့မဟာမြို့ပျက်မှာ ရှားပါးထူးခြားတဲ့ ဆေးပင်တွေ၊ သားရဲတွေ အများကြီး ရှိတယ်... အဲဒါတွေနဲ့ စွမ်းအင်ဆေးလုံးတွေ ဖော်စပ်မယ်... ရွာပြင်ဘက်က ငါ့ဆေးပင်ခြံထဲမှာ  ဆေးပင်တွေ အများကြီး ရှိတယ်... သူ့အရေပြားကို ဆွဲညှစ်ရင်တောင် စွမ်းအင်ဆေးရည်တွေ စိမ့်ထွက်လာစေရမယ်...”

“ဆေးဆရာ၊ ဒီတစ်ခါတော့ ခင်ဗျား အကြီးကြီး ကုန်တော့မှာပဲ...” အားလုံး ရယ်မောလိုက်ကြသည်။

All Chapters