ဆေးစွမ်းပကား
Vol. 2 Ch. 21
ရွာအပြင်ဘက်မှ ဆေးပင်ခြံမှာ အတော်လေး ကြီးမားပြီး ဆေးဆရာ မဟာမြို့ပျက်အတွင်း ရှာဖွေထားသည့် ဝိညာဉ်ဆေးပင်များ စိုက်ထားခြင်း ဖြစ်၏။ ထိုဆေးပင်များကို မျက်စိကျနေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း ဆေးဆရာက ဆေးပင်ခြံထဲတွင် အဆိပ်ပိုးကောင် များစွာ မွေးမြူထားသဖြင့် မည်သူမျှ မဝင်ရဲကြပေ။
မဟာမြို့ပျက်တွင် လူနေကြဲပါးသည့်အတွက် အဖိုးတန် ဝိညာဉ်ဆေးပင်များ ပေါကြွယ်ဝလှသည်။ ဤနှစ်များအတွင်း၌ ဆေးဆရာက မရေမတွက်နိုင်သည့် ထူးခြားရှားပါးသော ဆေးပင်များ ရှာဖွေနုတ်ယူပြီး သူ၏ ဆေးပင်ခြံထဲတွင် ပြောင်းရွှေ့စိုက်ပျိုးခဲ့၏။ ထိုဆေးပင်များကို တစ်ခါမျှ အသုံးပြုခဲ့ခြင်း မရှိဘဲ ယခုမှ ချင်မူ့အတွက် အကုန်လုံး သုံးပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဆေးဆရာ၏ အဆင့်စံ သတ်မှတ်မှုက မြင့်မားသည့်အတွက် သူ စုဆောင်းထားသည့် ဝိညာဉ်ဆေးပင် အားလုံးမှာ လွန်စွာ အဖိုးတန်လှ၏။ အပြင်ဘက်လောကတွင် ဤဆေးပင်တစ်ပင်မျှ ထုတ်ရောင်းလိုက်ရုံဖြင့် အုတ်အော်သောင်းတင်း ဖြစ်သွားနိုင်သည်။ ဆေးဆရာ အကုန်ပုံအော၍ လောင်းကြေး ထပ်လိုက်ခြင်း ဖြစ်၏။
မီးပုံက တဖြည်းဖြည်း ငြိမ်းသွားပြီ ဖြစ်ပြီး ရွာသူရွာသားများမှာလည်း အနားယူရန်အတွက် ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ ချင်မူလည်း သူ့အခန်းသူ ပြန်၍ မကြာမီ အိပ်မောကျသွား၏။ အဘွားစစ်က သူ့ကိုယ်ပေါ် စောင်တစ်ထည် ခြုံပေးရင်း အိပ်မောကျနေသော လူငယ်လေး၏ မျက်နှာကို ချစ်မြတ်နိုးစွာ ကြည့်၍ ပြုံးလိုက်သည်။
“ငါ့ရဲ့ မူအာလေး... မင်းမှာ လောကသခင်ခန္ဓာ ရှိရှိ၊ မရှိရှိ... မင်းက အမြဲတမ်းအတွက် ငါကောက်ယူ မွေးမြူခဲ့တဲ့ ကလေးလေးပါပဲ... ဘယ်သူကမှ၊ ဘယ်အရာကမှ မင်းကို ထိခိုက်နာကျင်အောင် မလုပ်စေရဘူး...”
အဘွားစစ်က ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည့်အတွက် မီးပုံပွဲ၌ ရွာလူကြီးနှင့် ဆေးဆရာတို့၏ အမူအရာကို ကြည့်၍ အတော်များများ ရိပ်စားမိခဲ့သည်။ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သည်သာ ရှိ၏။
ထို့နောက် သူ့အခန်းသို့ ပြန်လည် အိပ်စက်ရန်အတွက် ခြေထောက် သေးသေးလေးများနှင့် ဖွနင်း၍ ပြန်လာခဲ့လိုက်သည်။
နောက်တစ်နေ့တွင် မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ဆွဲယူ၍ အိမ်ထဲသို့ အော်ကြီးဟစ်ကျယ်နှင့် ဝမ်းသာအားရ ပြေးဝင်လာ၏။ “မူအာ... မြန်မြန်ထ... မနက် ရောက်နေပြီ... ဆေးဆရာက...”
“ငါတောင် အိပ်ရာထဲက မထရသေးဘူး... ဝင်လာပြီး ချောင်းကြည့်ရဲတယ်ပေါ့...”
ဘုန်းခနဲ အသံကြီး ကြားရ၍ ချင်မူ အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ အဘွားစစ်၏ အခန်းထဲမှ မျက်ကန်း လွင့်ပျံထွက်သွားသည်ကို မြင်လိုက်ရ၏။ မျက်ကန်းက လေထဲတွင် ဝဲပျံ၍ ရွာပြင်ဘက်သို့ ပြုတ်ကျသွားသည်။
“ဘိုးဘိုးမျက်ကန်းက သိပ်မိုက်တာပဲ...”
ချင်မူ လေးစားအားကျစွာ ရေရွတ်လိုက်၏။ မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို အကိုင်မပျက်၊ တင်ပျဉ်ခွေ ထိုင်လျက်သား အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ကောင်းကင်ယံတွင် ပျံဝဲသွားသည်ကို မြင်လိုက်ရသည် မဟုတ်လား။
ချင်မူ အိပ်ရာမှ ထ၍ မျက်နှာသစ်ကာ အဘွားစစ်နှင့်အတူ မနက်စာစားလိုက်သည်။ စားပြီးသား ပန်းကန်ခွက်ယောက်များ ဆေးပြီးသည့် အချိန်တွင် မျက်ကန်းက ရွာအပြင်ဘက်မှ တကြော်ကြော် အော်ဟစ်၍ ဝမ်းသာအားရ ပြေးဝင်လာ၏။ “သောက်အဘွားကြီး... မဆင်မခြင် ကန်ထည့်လိုက်တာ... ငါ့မှာ လမ်းတွေကို ပျောက်လို့... မူအာ... မြန်မြန်လာ... ဆေးဆရာက မင်းအတွက် ဆေးဖော်ထားတယ်...”
အဘွားစစ်က အန္တရာယ်ပြုမည့် မျက်နှာထိမျက်နှာထားနှင့် မျက်ကန်းကို တစ်ချက် စိုက်ကြည့်ပြီး ယိုင်ထိုးယိုင်ထိုးနှင့် ထွက်သွားသည်။ “ကျုပ် နယ်စပ်နဂါးမြို့ကို သွားပြီး ရောင်းစရာရှိတာရောင်း၊ ဝယ်စရာရှိတာဝယ် လုပ်လိုက်ဦးမယ်... မျက်ကန်း၊ ဒီရက်ပိုင်း မူအာ့ကို တော့်ဆီ အပ်ခဲ့ပြီနော်... ကျုပ် ပြန်လာလို့ သူ့ဆံပင်တစ်မွေး ကျွတ်တာနဲ့... တော် ကျုပ်အကြောင်း သိမယ်... အဘိုးကြီးမာ၊ အဘိုးကြီးမာ... နွားလှည်း အဆင်သင့် ဖြစ်ပြီလား... ထော့ကျိုး၊ ကပ်ခြံ တွဲချည်ပြီးပြီလား...”
ချင်မူ မျက်ကန်းနောက်မှ ကမန်းကတန်း လိုက်၍ ဆေးဆရာ၏ နေရာသို့ ရောက်သောအခါ အထဲမဝင်မီ၌ပင် ဆေးနံ့ပြင်းပြင်းကို ရလိုက်သည်။ ဆေးကျိုအိုးကြီးတစ်လုံးက လေထဲတွင် ဝဲပျံနေပြီး ၎င်း၏ ပတ်ပတ်လည်တွင် မီးငှက်လေးများ ဝဲလည်လှည့်နေသည်ကို သူ မြင်လိုက်ရ၏။ ထိုငှက်ကလေးများ၏ အမွေးအတောင်တွင် မီးတောက်မီးလျှံများ အရှိန်ပြင်းပြင်း လောင်ကျွမ်းလျက်ရှိပြီး ဆေးကျိုအိုးကို ရဲတောက်အောင် အပူပေးနေသည်။ အိုးထဲမှ တပွက်ပွက် အသံများကိုလည်း ကြားနေရ၏။
“မူအာ၊ ဒါ မင်းအတွက် ဆေးပဲ...”
ချင်မူ ရောက်လာသည်ကို မြင်သောအခါ ဆေးဆရာက နောက်ဆုံး ထည့်ရမည့် ဆေးပင်ဖြစ်သည့် သစ်ရွက်စိမ်းတစ်ရွက်ကို ဆေးကျိုအိုးထဲသို့ ပစ်ထည့်လိုက်၏။ ထိုသစ်ရွက် ကျသွားသည်နှင့် တပွက်ပွက် ဆူနေသော အရည်များမှာ တစ်မုဟုတ်ချင်း စေးပျစ်လာ၏။
ထိုအချိန်၌ ဆေးဆရာက လက်ဝါးဖြင့် တစ်ချက် တွန်းထုတ်လိုက်ရာ ဆေးကျိုအိုးကြီးမှာ တဝှီးဝှီး လည်ပတ်ပြီး ဂလောက်ဂလောက် အသံများ ထွက်ပေါ်လာသည်။ ဆေးရည်အပြည့် ရှိနေခဲ့သော ဆေးကျိုအိုးထဲတွင် အဖြူရောင်ဆေးလုံးများ အိုးတစ်ဝက်ခန့် ဖြစ်သွား၏။ ဆေးကျိုအိုးက ဆက်လက်လည်ပတ်နေသဖြင့် ဆေးလုံးများ အချင်းချင်း ပွတ်တိုက်ထိတွေ့ပြီး သတ္တုသံများ ထွက်ပေါ်လာသည်။
ဆေးဆရာက သူ့လက်များကို ဝှေ့ယမ်းလိုက်သောအခါ မီးငှက်လေးများ ပြတင်းပေါက်မှ ပျံသန်းထွက်ခွာ၍ ပျောက်ကွယ်သွား၏။
ဆေးကျိုအိုး ကြမ်းပြင်ပေါ်သို့ ပြန်ကျလာသောအခါ ချင်မူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ “ဘိုးဘိုးဆေးဆရာ၊ ကျွန်တော် ဒီနေ့ ဒီလောက်များတဲ့ ဆေးလုံးတွေ စားရမှာလား...”
“အကုန်လုံးစားရင် မင်း သေသွားမှာပေါ့...”
ဆေးဆရာက လေသံအနိမ့်အမြင့်မရှိ ပြောလိုက်၏။ “ငါ့ရဲ့ ဒီဆေးအိုးက အကောင်းဆုံး အရည်အသွေးရှိတဲ့ ဆေးပင်တွေနဲ့ ဖော်စပ်ထားတာ... အဆင့်နိမ့် စွမ်းအင်ဆေး ဆိုပေမဲ့ ဒီဆေးတစ်လုံးက တခြားဆေးဆရာတွေရဲ့ ဆေးအလုံးတစ်ရာထက် ပိုသာတယ်... မင်းအတွက် တစ်ခါစား တစ်လုံးကနေ နှစ်လုံးထိပဲ စားရမယ်... အဲထက် ပိုမစားရဘူး...”
ချင်မူ မယုံနိုင်သလို ဖြစ်သွားသည်။ အရင်ကလည်း ဆေးဆရာ သူ့ကို ထူးထွေဆန်းပြားသော ဆေးများ တိုက်ကျွေးခဲ့ဖူး၏။ သို့သော်လည်း အကြိမ်တိုင်းလိုလို ခွက်ကြီးနှင့်တစ်ခွက် အပြည့်သောက်ခဲ့ရသည်။ ယခုတော့ ဆေးတစ်လုံးသာ စားရမည်ဟု ဆို၏။ ဤဆေးလုံးထဲမှ ဆေးစွမ်းအာနိသင်က ထိုမျှ ပြင်းထန်သည်လား။
မျက်ကန်းကလည်း မယုံမကြည် မေးလိုက်၏။ “အပြင်ဘက်က လူလိမ်တွေလည်း သူတို့ဆေးတစ်လုံးက တခြားသူတွေရဲ့ ဆေးအလုံးတစ်ရာထက် သာတယ်လို့ ပြောကြတာပဲလေ... မင့်ဆေးက အဲလောက် ပြင်းလို့လား... ဒါပေမဲ့ ဒီဆေးတွေက တော်တော်လေး မွှေးတာတော့ အမှန်ပဲ...”
ဆေးဆရာက စဉ်းလဲစွာ ရယ်မောလိုက်သည်။ “အဲဒါဆို ဒီဆေးတစ်အိုးလုံး မင်း စားကြည့်လိုက်လေ...”
“မူအာ၊ မင်း လက်တစ်ဆုပ်လောက် စားကြည့်ပါလား...” မျက်ကန်းက ချင်မူ့ကို ဖျားယောင်း သွေးဆောင်၏။
သို့သော်လည်း ချင်မူက မျက်ကန်း၏ ဖျားယောင်း သွေးဆောင်မှုကို နားယောင်ခြင်း မရှိဘဲ ဆေးလုံးတစ်လုံးသာ ယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ထိုစွမ်းအင်ဆေးလုံး သူ့ဗိုက်ထဲ ရောက်သွားသည်နှင့် တစ်စုံတစ်ခု မှားနေပြီ ဖြစ်ကြောင်း တစ်မုဟုတ်ချင်း ရိပ်စားလိုက်မိ၏။ ထောင်ချီသော မီးနဂါး၊ ရေနဂါး၊ ရွှေနဂါး၊ သစ်သားနဂါးများ မြစ်ပြင်ပင်လယ်ပြင်တစ်ကြောကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နေသကဲ့သို့ သူ့ဗိုက်ထဲတွင် ခံစားရပြီး သူ့ခန္ဓာကိုယ်မှာလည်း ရှည်သွားလိုက်၊ ပုသွားလိုက်၊ ဝသွားလိုက်၊ ပိန်သွားလိုက် ဖြစ်နေသည်ဟု ခံစားမိသည်။ တစ်ခါတစ်ခါတွင် သူ့တစ်ကိုယ်လုံး ရေခဲလွှာတစ်ထပ် ဖုံးလွှမ်းနေသကဲ့သို့ အေးစိမ့်လာပြီး တစ်ခါတစ်ခါတွင် သူ့တစ်ကိုယ်လုံးမှ အငွေ့တထောင်းထောင်း ထအောင် ပူလောင်လာသည်ဟု ခံစားရ၏။ တစ်ခါတစ်ခါတွင် သူ့အဝတ်အစားများမှ အပင်များ ပေါက်လာပြီး သားရဲအရေခွံအင်္ကျီမှလည်း အမွေးများ ရှည်ထွက်လာသည်။ တစ်ခါတစ်ခါတွင်တော့ သူ့အဝတ်အစားများက သတ္ထုရောင် လက်လာပြီး သူ့အသားအရေပင် မာကျော၍ တစ်ကိုယ်လုံး သတ္ထုနှင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်လာ၏။
ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ထိုလက္ခဏာရပ်များ တစ်ချိန်တည်း ပေါ်လာသည့်အခါတွင် ဝေဒနာ အပြင်းအထန် ခံစားရခြင်း ဖြစ်သည်။
ချင်မူ အံကြိတ်ညည်းညူပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို တစ်မုဟုတ်ချင်း လှည့်လည်၍ ဆေးစွမ်းအာနိသင်ကို ချီစွမ်းအင်ဖြင့် ချေဖျက်ရန် ကြိုးစားလိုက်၏။
မျက်ကန်း၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “ဆေးဆရာ၊ မင်းရဲ့ စွမ်းအင်ဆေးလုံးက ရိုးရိုး စွမ်းအင်ဆေးလုံးတွေနဲ့ မတူဘူးထင်တယ်...”
“ဟုတ်တယ်... ရိုးရိုး စွမ်းအင်ဆေးလုံးတွေက မီးဓာတ် စွမ်းအင်ဆေးလုံး၊ ရေဓာတ် စွမ်းအင်ဆေးလုံး၊ ရွှေဓာတ် စွမ်းအင်ဆေးလုံးနဲ့ သစ်သားဓာတ် စွမ်းအင်ဆေးလုံးဆိုပြီး ရှိတယ်...”
ဆေးဆရာက မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ပြုံးလိုက်၏။ “အဲဒီစွမ်းအင်ဆေးလုံး လေးမျိုးက မတူညီတဲ့ ဝိညာဉ်ခန္ဓာချီစွမ်းအင်တွေကို အားဖြည့်ပေးဖို့ ခွဲခြားဖော်စပ်ထားတာ... ဒါပေမဲ့ ချင်မူရဲ့ လောကသခင်ခန္ဓာက ဓာတ်သတ္တိ မရှိတဲ့အတွက် အဲဒီဓာတ်လေးပါးရှိတဲ့ ဆေးပင်တွေကို သမမျှတအောင် ပေါင်းစည်းပြီး ဓာတ်လေးပါးပါတဲ့ စွမ်းအင်ဆေးလုံး ဖော်စပ်ထားတာ... ဒီဆေးလုံးက လောကသခင်ခန္ဓာ ချီစွမ်းအင်ကို နှိုးဆွနိုင်ကောင်း နှိုးဆွနိုင်လိမ့်မယ်... ချင်မူရဲ့ လောကသခင်ခန္ဓာကိုယ်ပဲ ဒီလိုစွမ်းအင်ဆေးလုံးရဲ့ ဆေးစွမ်းအာနိသင်ကို စုပ်ယူနိုင်မှာ... မင်းသာ အစောက ဒီစွမ်းဆေးလုံး တစ်အိုးလုံး စားလိုက်ရင်... ဟီး... ဟီး...”
မျက်ကန်း၏ တစ်ကိုယ်လုံး ထိန်းမရသိမ်းမရ တုန်ခါသွားသည်။ သူသာ ထိုဆေးလုံးများကို စားလိုက်မိလျှင် ဓာတ်လေးမျိုး ဆန့်ကျင် ပဋိပက္ခဖြစ်မှုကြောင့် သူ့စွမ်းအားများ နှစ်ဆယ်မှ သုံးဆယ်ရာခိုင်နှုန်းထိ ဆုံးရှုံးသွားနိုင်၏။ ဤသည်က ထိုဆေးတစ်အိုးလုံး စားလိုက်မှ ဖြစ်သည်။ ဆေးတစ်လုံးမျှ စားမိရုံနှင့်တော့ သူ့ကို ထိခိုက်လိမ့်မည် မဟုတ်။
“ဆေးဆရာ... မင်းဖော်တာ... ဆေးလား၊ အဆိပ်လား...” မျက်ကန်းက တတွတ်တွတ် ရေရွတ်လိုက်၏။
ရုတ်တရက် ချင်မူက အသံနက်ကြီးနှင့် အော်ဟစ်၍ ခြေကုန်သုတ် ပြေးသွားရာ မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
မျက်ကန်းမှာ စိုးရိမ်သွားမိ၏။ “ဓာတ်လေးမျိုးက တစ်ခုနဲ့တစ်ခု ဆန့်ကျင်တိုက်ခိုက်နေပြီ ထင်တယ်... ချင်မူ အဆင်ပြေပါ့မလား...”
“စိုးရိမ်စရာ မရှိပါဘူး... သူက ဆေးစွမ်းအာနိသင်ကို ချေဖျက်စုပ်ယူနေတာပါ...”
ထိုစကား ပြောလိုက်သော်လည်း အမှန်တကယ်အားဖြင့် ဆေးဆရာ၏ ရင်ထဲတွင် မသက်မသာ ဖြစ်နေမိသည်။ သူ့အနေဖြင့် ထိုစွမ်းအင်ဆေးလုံးမျိုးကို ယခုမှ စတင်၍ အဆင့်မြှင့် ဖော်စပ်ဖူးခြင်း ဖြစ်၏။ ချင်မူက ပထမဆုံး စမ်းသပ်မှီဝဲသူ ဖြစ်သည့်အလျောက် ထိုဆေး၏ ဆေးစွမ်းအာနိသင် ပမာဏ မည်မျှရှိသည်ကို သူ သေချာမသိသကဲ့သို့ ဘေးထွက်ဆိုးကျိုး ရှိ မရှိ၊ ထိုဆေးကို စားမိလျှင် သေနိုင် မသေနိုင်လည်း သေချာမသိချေ။
ဤအကြောင်းများကိုတော့ သူ ထုတ်ဖော်ပြော၍ မဖြစ်။ မဟုတ်လျှင် အဘွားစစ်က သူ့အသက်ကို နုတ်ယူရန် ရောက်လာမည် မဟုတ်လား။
ခပ်ဝေးဝေး တောအုပ်ထဲတွင် ချင်မူ၏ အာခေါင်ခြစ် အော်ဟစ်သံများ ဆူညံနေပြီး သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင် ပြိုလဲကာ တဝုန်းဝုန်း တဝေါဝေါ ဖြစ်နေ၏။
ဆေးဆရာ၏ မျက်ဝန်းထောင့်စွန်း၌ တွန့်ခနဲ ဖြစ်သွားသည်။ “အဆင်ပြေမှာပါ... စိတ်မပူပါနဲ့... နားထောင်ကြည့်... ဟိုမှာ အားပြည့်အင်ပြည့်နဲ့ သောင်းကျန်းနေတာ...”
မျက်ကန်းက သက်ပြင်းချလိုက်၏။ “လူငယ်တွေကတော့ တကယ့်ကို ခွန်အားအပြည့် ဖြစ်နေကြတာပဲ...”
တောအုပ်ထဲတွင်တော့ ချင်မူက သစ်ပင်များအကြား ပြေးလွှားနေသည်။ သူ၏ ခြေလက်များက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှား၍ အမျိုးမျိုးသော သစ်ပင်ကြီးများကို ထိုးခုတ် ကန်ကျောက်သွား၏။ လူနှစ်ဖက်စာခန့် ရှိသော သစ်ပင်ကြီးများမှာ သူ၏ လက်သီး သုံးချက်၊ ခြေကန်ချက် သုံးချက်မျှနှင့် ထက်ပိုင်းကျိုးကုန်သည်။
မခံနိုင်...။
တကယ့်ကို မခံနိုင်လောက်အောင် ဖြစ်၏။
ဆေးဆရာ ဖော်စပ်ထားသည့် စွမ်းအင်ဆေးလုံး၏ အာနိသင်က ပြင်းထန်လွန်းလှသည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ပြေးလွှားရင်း လေ့ကျင့်သော်လည်း ဆေးစွမ်းအာနိသင်ကို ချေဖျက်နိုင်ခြင်း မရှိသေးဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ခံစားနေရ၏။ လျှံတက်လာသော ဆေးစွမ်းအာနိသင်များကို ဖောက်ခွဲထုတ်ရန်အတွက် ထော့ကျိုးနှင့် အဘိုးကြီးမာတို့ သင်ပေးထားသည့် သိုင်းကွက်များကို ထုတ်ဖော်ကစားပြီး ထိုးခုတ် ကန်ကျောက်နေရုံသာ တတ်နိုင်တော့သည်။
သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင်လည်း လူသေးသေးလေးပုံ ရှိသည့် ဝိညာဉ်သန္ဓေသားမှာ တရဟော ဝင်လာသည့် ချီစွမ်းအင်များကို စုပ်ယူသန့်စင်ရန်အတွက် ရှူသွင်း၊ ရှူထုတ် တရစပ် လုပ်နေရ၏။ ဤချင်မူအသေးစားလေးမှာလည်း ပင်ပန်းနွမ်းနယ်၍ အသက်ကို လုရှူနေရချေပြီ။
“သေ... ကောင်လေး...”
ရုတ်တရက် တောအုပ်တစ်ခုလုံး လှုပ်ခါသွားပြီး ဒေါသထွက်နေသည့် မိစ္ဆာမျောက်ဝံကြီး ဟိန်းဟောက် ထွက်ပေါ်လာသည်။ တောင်ပူစာတစ်လုံးခန့်ရှိသည့် လက်သီးဆုပ်ကြီးများက သစ်တောတစ်ခုလုံးကို ဖျက်ဆီးနေသည့် ချင်မူ့ထံ အညှာအတာ ကင်းမဲ့စွာ ပြေးဝင်သွား၏။
စွမ်းအင်ဆေးလုံးမှ ဆေးစွမ်းအာနိသင်က ချင်မူ၏ ခေါင်းထဲထိ ဆောင့်တိုးနေသဖြင့် သတိမမူမိလိုက်ဘဲ မိစ္ဆာမျောက်ဝံ၏ ပိုင်နက်ထဲသို့ ထပ်မံ ကျူးကျော်သွားမိခြင်း ဖြစ်သည်။ မိစ္ဆာမျောက်ဝံမှာ သူ့ပိုက်နက်ထဲသို့ နောက်တစ်ကြိမ် ထပ်၍ ကျူးကျော်လာသည်ကို မြင်ရသဖြင့် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွားပြီး အမေးအမြန်းမရှိ တိုက်ခိုက်လိုက်၏။
ချင်မူ ခေါင်းမော့လာသည့် အချိန်တွင် သူ့မျက်လုံးများက သွေးနီရောင် ရဲတောက်နေသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဆေးစွမ်းအာနိသင်က ဆူဝေထနေပြီး ချီစွမ်းအင်များ တစ်ကိုယ်လုံး ပြည့်လျှံတက်လာ၏။ ထို့နောက် ရှေ့သို့ ခုန်ထွက်၍ မိစ္ဆာမျောက်ဝံ၏ လက်သီးဆုပ်ကို ထိပ်တိုက် ယှဉ်ထိုးထည့်လိုက်သည်။
ဘုန်း...။
နားကွဲလောက်သည့် အသံကြီး အုန်းခနဲ ထွက်ပေါ်လာပြီး ချင်မူ နောက်သို့ လွင့်ထွက်သွားကာ လမ်းတစ်လျှောက် သစ်ပင်ကြီးများ ကျိုးပဲ့သွား၏။ မိစ္ဆာမျောက်ဝံက နောက်မှ ခုန်လိုက်လာပြီး မြေပြင်ပေါ်သို့ ခြေပြန်ကျစ ရှိသေးသည့် သူ့ကို ဝိုက်၍ ကန်ထည့်လိုက်သည်။ ကြီးမားတုတ်ခိုင်သည့် ခြေထောက်ကြီးက မဟူရာတိုင်လုံးကြီး တစ်လုံးပမာ ချင်မူ့ထံသို့ တိုးဝင်လာ၏။
ထိုတစ်ခဏ၌ ချင်မူက မာန်သွင်းအော်ဟစ်လိုက်ပြီး မိစ္ဆာမျောက်ဝံ၏ တုတ်ခိုင်သော ခြေထောက်ကြီးမှ ကြွက်သားများနှင့်အရွတ် ချိတ်ဆက်နေသည့် နေရာများကို ရွေး၍ အဆက်မပြတ် ကန်ကျောက်လိုက်သည်။ မိစ္ဆာမျောက်ဝံမှာ သူ့ခြေထောက်မှ အားအင်များ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် လက်သီးချက်တစ်ချက် အလျင်အမြန် အုပ်မိုးထိုးချလိုက်၏။
ချင်မူ သူ့လက်ဖျံကို မြှောက်၍ ကာပြီး နောက်တစ်ကြိမ် ထပ်ဆုတ်သွားရပြန်သည်။
ချင်မူ့ကို အနီးကပ် လိုက်လံတိုက်ခိုက်နေသည့် မိစ္ဆာမျောက်ဝံ၏ လက်သီးချက်၊ ခြေကန်ချက်များက လေတိုးသံ တဝှီးဝှီး မြည်ဟည်းနေ၏။ ချင်မူမှာလည်း ရူးသွပ်သွားသူတစ်ယောက်နှယ် ဤဆန်းကြယ်သားရဲကြီးနှင့် လက်ဗလာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသည်။ သူ့ဘက်မှ အရေးနိမ့်နေသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ တုန်လှုပ်သည့်ဟန် မပြ။
မိစ္ဆာမျောက်ဝံမှာလည်း ပို၍ ဒေါသထွက်လာပြီး စိတ်လွတ်သွားသကဲ့သို့ ဖြစ်လာ၏။ ချင်မူ့ထံသို့ ပစ်သွင်း တိုက်ခိုက်လာသည့် လက်သီးချက်၊ ခြေကန်ချက်တိုင်းမှာ ပို၍ ပို၍ ပြင်းထန်လာသည်။
လူသားတစ်ယောက်နှင့် မျောက်ဝံတစ်ကောင်...။ အကောင်ကြီးကြီး တစ်ကောင်နှင့် အကောင်သေးသေး တစ်ယောက်...။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း သစ်ပင်များ ပြိုလဲ၍ ကျောက်တုံးများ လွင့်ပျံ ကျန်ခဲ့၏။
ရုတ်တရက် ချင်မူက အတောင်ပံပါသည့်နှယ် လေပေါ်ခုန်ပျံ၍ မိစ္ဆာမျောက်ဝံ၏ လက်ပေါ်သို့ ပြေးတက်ပြီး တစ်ခဏအတွင်း ၎င်း၏ မျက်နှာအနီးသို့ ရောက်ရှိသွားသည်။
လက်တစ်ထောင်ဗုဒ္ဓသိုင်း...။
သူ့လက်နှစ်ဖက်က လက်ပေါင်းထောင်ချီ ပွားလာသည့်နှယ် လက်သီးလက်ဝါးရိပ်များ ထွက်ပေါ်၍ မိစ္ဆာမျောက်ဝံ၏ နှာနုရိုးပေါ် အဆက်မပြတ် ကျရောက်သွား၏။
မိစ္ဆာမျောက်ဝံမှာ နာကျင်စွာ အော်ဟစ်၍ နောက်ပြန်လဲကျသွားသည်။ ထိုသို့ လဲကျသွားခိုက်တွင် သူ၏ ကြီးမားသော လက်ဝါးကြီးဖြင့် ချင်မူကို အညှာအတာ ကင်းမဲ့စွာ ရိုက်ထုတ်ပစ်လိုက်၏။
ထို့နောက် သူ့ခန္ဓာကိုယ်ကို လှိမ့်၍ လေးဖက်ထောက် ထလာပြီး နှာခေါင်းမှ သွေးများ စီးကျနေရင်းနှင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ချင်မူမှာ သူ၏ ရိုက်ချက်ကြောင့် တောင်စောင်းတွင် တစ်ကိုယ်လုံး နစ်ဝင်နေသည်ကို တွေ့သောအခါမှ ကျေနပ်အားရ ဖြစ်သွား၏။ “ကောင်လေး... သေ...”
ရုတ်တရက်...။ တောင်စောင်းနံရံတွင် နစ်ဝင်နေသော ကောင်လေးမှာ လူးလွန့်လာပြီး လက်နှစ်ဖက်ကို အရင်ဆန့်၍ သူ့ကိုယ်သူ ဆွဲထုတ်ယူကာ မိစ္ဆာမျောက်ဝံထံ ရူးရူးမိုက်မိုက် ပြေးဝင်လာပြန်သည်။
မိစ္ဆာမျောက်ဝံမှာ အံ့ဩတုန်လှုပ်စွာ ထခုန်လိုက်ပြီး သူ့ရင်ဘတ်သူ လက်သီးဆုပ် နှစ်ဖက်ဖြင့် ထု၍ ချင်မူ့ထံ ဟိန်းဟောက် ပြေးဝင်သွား၏။ “သေ... ကောင်လေး...”