← Chapters

ကျောက်ရုပ်တုများ၏ လျှို့ဝှက်ချက်

Vol. 2 Ch. 22

ကျောက်ရုပ်တုများ၏ လျှို့ဝှက်ချက်

Vol. 2 Ch. 22

တောင်စောင်းအောက်မှ ချိုင့်ဝှမ်းအတွင်းတွင် တဝုန်းဝုန်း တ‌ဖျောင်းဖျောင်း အသံများ ထွက်ပေါ်နေပြီး သစ်ပင်သစ်ရွက်များ တဆတ်ဆတ် လှုပ်ခါနေ၏။ တောင်ကြားအတွင်းမှ ကျေးငှက်များမှာလည်း အနားတွင် မနေရဲတော့ဘဲ အတောင်ပံ တဖျပ်ဖျပ် ခတ်၍ ပျံသန်းထွက်ခွာသွားကြသည်။

ချိုင့်ဝှမ်းအတွင်းတွင် မိစ္ဆာမျောက်ဝံက ကျောက်တုံးကြီးတစ်တုံးကို ပိုက်၍ လေထဲမှ ချင်မူ့ထံ ခုန်ဝင်ပစ်ပေါက်လိုက်၏။

ချင်မူက သွက်လက် ပေါ့ပါးစွာ ရှောင်ရှားလိုက်သည်။ မိစ္ဆာမျောက်ဝံက သူ ပစ်လိုက်သည့် ကျောက်တုံး လွဲချော်သွားသည်ကို မြင်သောအခါ နောက်ထပ် ကျောက်တုံးတစ်တုံး ကောက်ယူ၍ ပစ်ပေါက်ရန် ပြင်လိုက်၏။ သို့သော်လည်း ချင်မူက ထိုကျောက်တုံးကြီးပေါ်သို့ ခုန်တက်၍ ၎င်း၏ နှာနုရိုးထံ ပြေးဝင်ကာ လက်သီးလက်ဝါးများဖြင့် ထပ်မံ ထိုးနှက်ရိုက်ပုတ်လိုက်သည်။

မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ တတိယသိုင်းကွက်၊ နဂါးကိုးကောင်မုန်တိုင်း...။

ဤလက်ဝါးသိုင်းကွက်၌ အားလှိုင်းကိုးဆင့် ပါဝင်၏။ ပထမအားလှိုင်းက ဒေါသခြောင်းခြောင်းထနေသည့် နဂါးတစ်ကောင်ပမာ လက်ဖဝါးအလယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး မိစ္ဆာမျောက်ဝံကို နောက်ပြန်လန် လဲသွား‌စေသည်။ ချင်မူ၏ ပခုံးနှင့် တင်ပါးများ အတူတကွ လှည့်လည်အားယူ၍ တစ်ကိုယ်လုံးမှ အားအင်များ စုစည်းပြီး ကြွက်သားများကို လက်ဖဝါးအလယ်ဆီသို့ ဦးတည်ဆန့်ထုတ်လိုက်၏။ ဒုတိယအားလှိုင်း ပေါက်ကွဲမှုနှင့်အတူ မိစ္ဆာမျောက်ဝံ၏ ဦးခေါင်းက မြေပြင်နှင့် ဆောင့်မိကာ အောက်ထဲမှ ကျောက်တုံးကျောက်ခဲများ ကွဲအက်သွားသည်။

ချင်မူ၏ ခန္ဓာကိုယ်ကြွက်သားများက ရစ်ခွေတွန့်လိမ်နေသည့် နဂါးတစ်ကောင်နှင့် ဆင်တူလာ၏။ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ တတိယအားလှိုင်း ထပ်၍ ထွက်ပေါ်လာပြီး အစောက အက်ကွဲသွားသည့် ကျောက်တုံးကျောက်ခဲများ အပိုင်းပိုင်းအစစ ဖြစ်ကာ ဖွာခနဲ ဝဲပျံလွင့်ထွက်သွားသည်။

သူ၏ ကြွက်သားများက ပြင်းထန်စွာ ထပ်မံ လှုပ်ရှားသွား၏။ စတုတ္ထအားလှိုင်း ပေါက်ကွဲ ထွက်ပေါ်လာသောအခါ မိစ္ဆာမျောက်ဝံ၏ ဦးခေါင်းတစ်ဝက် မြေကြီးထဲ နစ်ဝင်သွားသည်။

နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ ပဉ္စမအားလှိုင်း ပေါက်ကွဲထွက်ပေါ်လာချိန်တွင်တော့ အုန်းခနဲ အသံနှင့်အတူ မိစ္ဆာမျောက်ဝံ၏ ဦးခေါင်းတစ်ခုလုံး မြေကြီးထဲ နစ်ဝင်သွား၏။

နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ ဆဋ္ဌမအားလှိုင်းက နဂါးခြောက်ကောင်အားနှင့် ထွက်ပေါ်လာပြန်သည်။ သို့သော်လည်း ထိုအားလှိုင်း ထွက်ပေါ်လာသည့် အခိုက်တွင် မိစ္ဆာမျောက်ဝံက ပြန်လည်တုံ့ပြန်လာနိုင်ပြီး တောင်ပူစာတစ်လုံးကဲ့သို့ လက်သီးဆုပ်ကြီးဖြင့် ချင်မူ့ကို ယင်ကောင်တစ်ကောင်သဖွယ် လွင့်ထွက်သွားအောင် ရိုက်ထုတ်ပစ်၏။

ချင်မူ မြေကြီးပေါ်သို့ ဦးစိုက်ဂျွမ်းပြန် ကျသွားသည်။ မိစ္ဆာမျောက်ဝံက မြေကြီးထဲ နစ်ဝင်နေသော ဦးခေါင်းကို ကြိုးစားဆွဲထုတ်ပြီး အမွေးထူထူများပေါ်တွင် ကပ်ငြိနေသည့် ဖုန်မှုန်သဲမှုန့်များကို ခါထုတ်လိုက်၏။

အခြားတစ်ဘက်တွင်တော့ ချင်မူက ဆတ်ခနဲ ခုန်ထပြီး မိစ္ဆာမျောက်ဝံထံ လေအလျဉ်ကဲ့သို့ ပြေးဝင်လာပြန်သည်။ မိစ္ဆာမျောက်ဝံမှာ စိုးရွံ့ထိတ်လန့်လာ၏။ တစ်ခဏမျှ တွေးတောပြီးနောက် တောင်စောင်းပေါ်သို့ ခုန်တက်၍ ဆောင့်ကြောင့်ထိုင်ကာ လက်ခါယမ်းပြလိုက်သည်။ “ကောင်လေး... တော်...”

ချင်မူက သွက်လက်သော ခြေလှမ်းများဖြင့် မတ်စောက်သည့် တောင်စောင်းအတိုင်း ပြေးတက်လာပြီး မိစ္ဆာမျောက်ဝံကို ဆက်လက် တိုက်ခိုက်လိုက်၏။

မိစ္ဆာမျောက်ဝံမှာ ဒေါသခြောင်းခြောင်း ထသွားသည်။ လူသားတစ်ယောက်နှင့် မျောက်ဝံတစ်ကောင်...။ တောင်စောင်းတစ်လျှောက် ဆက်လက် ခုန်ပျံတိုက်ခိုက်နေကြရာ အရပ်မျက်နှာအနှံ့ ကျောက်တုံးကျောက်ခဲများ ဝဲပျံသွား၏။

အချိန်အတော်ကြာသောအခါ ချင်မူ၏ ခန္ဓာကိုယ်ထဲမှ ဆေးစွမ်းအာနိသင်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မိစ္ဆာမျောက်ဝံမှာလည်း ခြေတစ်လှမ်းပင် မသယ်ချင်တော့လောက်အောင် အားအင်ကုန်ခန်းလာ၏။ လူသားနှင့် မျောက်ဝံမှာ ဟောဟဲလိုက်၍ အသက်လုရှူရင်း မလှုပ်မယှက် လဲလျောင်းနေကြတော့သည်။

ခဏအကြာတွင် ချင်မူက အသက်မှန်မှန် ရှူနိုင်လာပြီး အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်၍ ကိုယ့်ကိုယ်ကိုယ် ထိန်းမတ်လိုက်၏။ သူ့ချီစွမ်းအင်များ အချိန်ခဏအတွင်း အကြီးအကျယ် တိုးတက်လာသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ ချီစွမ်းအင်က ပိုမို အားကောင်း သန်စွမ်းပြီး ခန္ဓာကိုယ် နေရာအနှံ့သို့ အဆီးအတားမရှိ သွားနိုင်လာ၏။

သူ့တစ်ကိုယ်လုံးတွင်လည်း အညစ်အကြေးများ ဖုံးလွှမ်းနေသည်။ မိစ္ဆာမျောက်ဝံနှင့် တိုက်ခိုက်ရာမှ ဆေးစွမ်းအာနိသင်များ စိမ့်ဝင်ပြီး ချီစွမ်းအင် အားကောင်းလာသဖြင့် ခန္ဓာကိုယ်မှ အညစ်အကြေးများ ပိုမို စွန့်ထုတ်လာနိုင်ခြင်း ဖြစ်၏။

ချင်မူက ရုတ်တရက် စူးစူးရှရှ အော်ဟစ်လိုက်ရာ သူ့အော်သံက လေဟုန်ခွင်းသည့် မြားတစ်စင်းပမာ ထွက်ပေါ်လာသည်။

မိစ္ဆာမျောက်ဝံမှာ ထိတ်ခနဲ ဖြစ်သွားပြီး ကမန်းကတန်း ထရပ်၍ ခုခံတိုက်ခိုက်ရန် ပြင်လိုက်၏။

ချင်မူက အညောင်းဆန့်ရင်း သူ့ကြွက်သားများဆီမှ နာကျင်မှုကို ခံစားလိုက်မိသည်။ သူ ခေါင်းခါယမ်းလိုက်၏။ “တော်ရအောင်... မတိုက်တော့နဲ့...”

မိစ္ဆာမျောက်ဝံက သူ့စကားကို နားလည်သည့်ပမာ သက်ပြင်းချလိုက်သည်။ ထို့နောက် လက်မောင်းလုံးခန့် ရှိသော သစ်ပင်တစ်ပင်ကို လှမ်း၍ ဆွဲနုတ်လိုက်၏။ သစ်ရွက်များ ခြွေ၍ ပါးစပ်ထဲထည့်ကာ တမြုံ့မြုံ့ဝါးရင်း ချင်မူ့ရှေ့ ချပေးပြီး မပီမသ ပြောလိုက်သည်။ “စား... ကောင်လေး...”

ချင်မူက နီနီရဲရဲ သစ်သီးတစ်လုံးကို ခူးယူ၍ အခွံခွာ စားလိုက်၏။ ချိုမြလတ်ဆတ်သည့် အရသာက သူ့လည်မျိုတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားသည်။

မိစ္ဆာမျောက်ဝံက သူ့ကို သရော်တော်တော် ကြည့်လိုက်ပြီး နည်းနည်းလေးသာ စားသည့်အတွက် မကျေမနပ် ဖြစ်သွား၏။ ထို့နောက် သူ့ရင်ဘတ်သူ ဘုန်းခနဲ ပုတ်လိုက်သည်။ “စား... သန်မာ...”

မိစ္ဆာမျောက်ဝံ၏ ရိုက်ပုတ်ခြင်း ခံထားရသဖြင့် ချင်မူ၏ မျက်နှာမှာ အညိုအမည်းများ ပြည့်နေ၏။ သူ့တစ်ကိုယ်လုံးမှ နာကျင်မှုကို အောင့်ခံ၍ ထရပ်လိုက်ပြီး မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ကစားပြကာ သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။ “လေ့ကျင့်... သန်မာ...”

မိစ္ဆာမျောက်ဝံက စိတ်ပျက်လက်ပျက်ဟန်ဖြင့် မျက်လုံးလှန်လိုက်ပြီး သစ်ရွက်များကို တမြုံ့မြုံ့ ဆက်စားရင်း သရော်တော်တော် တုံ့ပြန်လိုက်၏။ “ယုံ... အရူး...”

ချင်မူ အနားယူပြီးသောအခါ တောင်စောင်းမှ ပြေးဆင်းသွားသည်။ “နက်ဖြန်... ချ...”

မိစ္ဆာမျောက်ဝံက မျက်လုံးများ ပေကလပ် ပေကလပ် လုပ်ရင်း ချင်မူ အဝေးသို့ ရောက်သွားသည်ထိ စောင့်ပြီးမှ ခုန်ထ၍ ချင်မူ၏ အစောက လှုပ်ရှားမှုများအတိုင်း အတုခိုးဆော့ကစားလိုက်၏။ ၎င်း၏ မိုးကြိုးရှစ်ချက်လက်သီးသိုင်းက အကြမ်းပတမ်းနိုင်သော်လည်း ထူးကဲသော ခွန်အားရှိသည့်အတွက် သိုင်းကွက်ဟန်ကို အရအမိ ဖမ်းဆုပ်မိပြီး လျှပ်စီးသံ၊ လေသံများ ထွက်ပေါ်လာသည်။

မိစ္ဆာမျောက်ဝံမှာ မှင်တက်မိသွားပြီး ယစ်မူးကျေနပ်သည့် အမူအရာ ပေါ်လာ၏။ ထို့နောက် တောင်စောင်းချိုင့်ဝှမ်းတစ်ခုလုံး လေတိုးသံတဝှီးဝှီး ဆူညံသွားအောင် ဆက်လက် ထိုးနှက်တိုက်ခိုက်ရင်း အဆက်မပြတ် အော်ဟစ်လိုက်သည်။ “သန်မာ... သန်မာ... သန်မာ...”

ချင်မူ ရွာသို့ ပြန်ရောက်လာသောအခါ ဆေးဆရာက စိုးရိမ်ပူပန်စွာ ရောက်လာပြီး သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရှု၍ မျက်နှာပေါ်မှ ဒဏ်ရာများကို ဆေးလိမ်းပေးလိုက်၏။ “ထူးထူးခြားခြား ဖြစ်သေးလား...”

ချင်မူက ခေါင်းညိတ်လိုက်သဖြင့် ဆေးဆရာ ပို၍ စိတ်လှုပ်ရှားသွားသည်။

“ဘိုးဘိုးဆေးဆရာရဲ့ စွမ်းအင်ဆေးလုံးက တကယ် ထိရောက်တာပဲ... ကျွန်တော့် ချီစွမ်းအင်တွေ ပိုပြီး အားကောင်းလာပြီ...” ချင်မူက တုံ့ပြန်ပြောဆိုလိုက်၏။

ထိုအခါမှ ဆေးဆရာ သက်ပြင်းချနိုင်ပြီး ပြုံးလိုက်သည်။ “ဒီစွမ်းအင်ဆေးတွေက လောကသခင်ခန္ဓာအတွက် တကယ် အကျိုးထိရောက်တာပဲ... ဒါတွေစားလို့ မင်း မသေမှတော့ ငါသွားတဲ့လမ်းကြောင်း မှန်တယ်လို့ ပြောရမယ်... ဒီဆေးအိုးကို ယူထား... နောက်ထပ် ဆေးနည်းတွေ ငါ စဉ်းစားလိုက်ဦးမယ်...” ဆေးဆရာက ပြောပြီးသည်နှင့် ဝမ်းသာအားရ ထွက်ခွာသွား၏။

မျက်ကန်းက ဝါးတောင်ဝှေးကို အားပြု၍ ထရပ်ပြီး ပြုံးလိုက်သည်။ “မောနေပြီလား မူအာ... ငါ မင်းကို ပထမတန်းစား မျက်လုံးကျင့်စဉ် သင်ပေးမယ်...”

​ချင်မူက ချောင်းတစ်ချက် ဟန့်၍ တုံ့ပြန်ပြောဆိုလိုက်၏။ “ဘိုးဘိုးမျက်ကန်း... ကျွန်တော်က ဒီဘက်မှာ... အဲဒါ အိမ်သာကြီး...”

မျက်ကန်းက ပြန်လှည့်လာပြီးနောက် ဆေးကြိတ်ကျောက်ဆုံပေါ်တွင် နေဆာလှုံနေသော သားသတ်သမားဘက်သို့ မျက်နှာမူလိုက်သည်။ “ငါ ဒီကိစ္စကို စဉ်းစားနေတာ ကြာပြီ... မင်းရဲ့ လောကသခင်ခန္ဓာက ဘာဓာတ်သတ္တိမှ မရှိတော့ ငါ့သိုင်းကွက်တွေကို လေ့ကျင့်လို့ မရဘူး... ဒါပေမဲ့ ဒီမျက်လုံးကျင့်စဉ်ကတော့ ဘာဓာတ်သတ္တိမှ ရှိစရာ မလိုဘူး... အဲဒါကြောင့် လောကသခင်ခန္ဓာ ချီစွမ်းအင်နဲ့ လေ့ကျင့်လို့ ရတယ်... ငါ့နောက် လိုက်ခဲ့... အခု မင်းကို သင်ပေးမှာ ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်လို့ ခေါ်တယ်...”

မျက်ကန်းက မည်သည့်အခါမျှ ယုံကြည်ရခြင်း မရှိသည့်အတွက် ချင်မူ ခေါင်းကိုက်သွား၏။ သို့သော်လည်း သူ စိတ်တင်း၍ မျက်ကန်းနောက်မှ လိုက်သွားရသည်။

မျက်ကန်းက ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ် သင်ပေးမည်ဟု ပြောသော်လည်း မျက်လုံးကို မည်သို့ လေ့ကျင့်ရမည် မသင်ပေးဘဲ ရွာထဲမှ ကျောက်ရုပ်တုလေးခုထံ ခေါ်သွား၍ ကြည့်ရှု လေ့လာခိုင်းသောကြောင့် ချင်မူ အတော်လေး နားမလည်နိုင် ဖြစ်သွား၏။

သူတို့နှစ်ယောက်သား ရွာအရှေ့ဘက်ထောင့်မှ ကျောက်ရုပ်တုရှေ့တွင် ထိုင်လျက် ရှိကြသည်။ မျက်ကန်းက မျက်တွင်းဟောက်ပက်နှင့် ဖြစ်သော်လည်း တစ်စုံတစ်ရာကို မြင်ရဟန်ဖြင့် ထိုကျောက်ရုပ်တုများကို ငေးမောကြည့်ရှုနေ၏။

ဤရွာရှိ လူအားလုံးမှာ လွန်စွာ ထူးဆန်းလှကြောင်း ချင်မူ သိသည်။ ရွာ၏ ထောင့်လေးထောင့်မှ ကျောက်ရုပ်တုများပင် အထူးတဆန်း ဖြစ်၏။ ထူးဆန်းလှသည် ဆိုသောသူများပင် ဤဒုက္ခတဘိုးဘွားကျေးရွာသို့ ရောက်လာလျှင် ထူးဆန်းကြတော့မည် မဟုတ်ချေ။

ဤကျောက်ရုပ်တု လေးခုက ကြီးမားခြင်း မရှိသော်လည်း အလွန်တရာ လေးလံလှသည်။ ကြောက်မက်ဖွယ်ရာကောင်းအောင် လေးလံလှသဖြင့် ချင်မူပင် ၎င်းတို့ကို ယိမ်းယိုင်အောင် လှုပ်ခါနိုင်စွမ်း မရှိချေ။

ဝိညာဉ်သားရဲသွေးများ သောက်သုံးထားသည် ဖြစ်၍ သူ၏ လက်ရှိခွန်အားက လွန်စွာကြီးမားလှ၏။ ဤရက်များအတွင်း ချီစွမ်းအင် ခန္ဓာကိုယ်သန့်စင်သည့် ဖြစ်ရပ်ကြောင့် တစ်ကိုယ်လုံးနှင့် ရိုးတွင်းခြင်ဆီများ အညစ်အကြေးကင်းစင်ပြီး ခွန်အားကြီးသည်ထက် ကြီးလာသော်လည်း ဤကျောက်ရုပ်တုများကို တစ်လက်မမျှ တွန်းရွှေ့နိုင်ခြင်း မရှိသေးပေ။

သူ ငယ်စဉ်က ဤကျောက်ရုပ်တုများအပေါ် မကြာခဏ တက်ကစားလေ့ရှိသော်လည်း အဘွားစစ်နှင့် ကျန်သူများက သူ့ကို ဆွဲချ၍ ကျောက်ရုပ်တုများကို မလေးမစား မလုပ်ရန် ဆိုဆုံးမခဲ့ကြ၏။ နှစ်သစ်ကူးနှင့် အခြားပွဲတော်များတွင် အဘွားစစ်နှင့် ကျန်သူများမှာ ကျောက်ရုပ်တုများကို ပွဲထိုး၍ အမွှေးတိုင်များ ထွန်းညှိပူဇော်ပြီး ရွာသူရွာသားများကို စောင့်ရှောက်ရန်နှင့် တစ်ရွာလုံး အေးချမ်းစေကြောင်း ဆုတောင်းကြသည်။ ဤရုပ်တုလေးခုက လူရုပ်တုများ မဟုတ်၊ လူအသွင်ရှိသော သတ္တဝါများသာ ဖြစ်၏။ တောင်ဘက်မှ ကျောက်ရုပ်တုမှာ ငှက်ခေါင်းနှင့် ဖြစ်ပြီး ကျောက်တိုင်လုံးပေါ်တွင် ဆောင့်ကြောင့် ထိုင်နေသည့် သဏ္ဌာန် ထွင်းထုထားသည်။ ၎င်း၏ လက်များက ဒူးပေါ်တွင် ထောက်ထားပြီး နောက်ကျောတွင် တောင်ပံတစ်စုံပါရှိကာ ပျံသန်းရန် အသင့်ဖြစ်နေသကဲ့သို့ ရှိ၏။

ရွာမြောက်ဘက်မှ ကျောက်ရုပ်တုမှာမူ နောက်ကျောတွင် လိပ်ခွံပါသည့် အဘိုးကြီးတစ်ဦး မြင်းမြီးယပ်ကို လက်ထဲတွင် ကိုင်ထားသည့်ဟန် ထွင်းထုထားသည်။ ထိုမြင်းမြီးယပ်၏ လက်ကိုင်ရိုးမှ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် မြွေကြီးတစ်ကောင် ပေါ်ထွက်နေပြီး လိပ်ခွံနှင့် အဘိုးကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ၎င်း၏ ဦးခေါင်းက အဝေးဆီသို့ လှမ်းမျှော် ကြည့်ရှုနေသည့်အသွင် ဖြစ်၏။

ရွာအနောက်ဘက်ခြမ်းတွင်တော့ ငှက်မွေးသရဖူနှင့် အမျိုးသမီးတစ်ဦးပုံ ရုပ်တု ရှိသည်။ သူ့ခြေရင်းတွင် ကျားတစ်ကောင် ဝပ်စင်းနေသည့်ဟန် ထွင်းထုထား၏။

ထိုအမျိုးသမီးရုပ်တုက ထူးဆန်းလှသည်။ ၎င်း၏ မျက်ခုံးနှစ်ခုအလယ်၌ တတိယမျက်လုံးတစ်လုံး ရှိပြီး ထိုမျက်လုံးအတွင်း၌ ငှက်ပေါက်လေး သုံးကောင် ရှိသည့် ငှက်သိုက်တစ်ခု ထွင်းထုထား၏။

သူ့ရှေ့တည့်တည့်မှ ကျောက်ရုပ်တုကတော့ ရွာအရှေ့ဘက်မှ ကျောက်ရုပ်တု ဖြစ်ပြီး နဂါးခေါင်းနှင့် လူတစ်ယောက်ပုံ ဖြစ်သည်။ ၎င်း၏ ကိုယ်ပေါ်တွင် ဆေးပင်ခြင်းတောင်းတစ်ခု ရှိပြီး ထိုထဲတွင် ဆေးပင်အချို့ ရှိနေ၏။

မျက်ကန်းက ကျောက်ရုပ်တုကို သေချာဂရုပြု ကြည့်ရှုရန် ပြောသော်လည်း ချင်မူ့အနေဖြင့် ဤကျောက်ရုပ်တုကို မရေမတွက်နိုင်အောင် မြင်ဖူးပြီး ၎င်းအပေါ်ပင် အတင့်ရဲစွာ တွယ်တက်ခဲ့ဖူးသည်။ ဤရုပ်တုမှ မည်သည်ကို ရှာဖွေရမည်မှန်း သူ မသိချေ။

“မူအာ... ဒီကျောက်တုံးကို မင်း မ,နိုင်လား...” မျက်ကန်းက ချင်မူ ကြောင်စီစီ ဖြစ်နေသည်ကို တွေ့သဖြင့် မေးလိုက်၏။

“မမ,နိုင်ဘူး... ဘိုးဘိုး...”

ချင်မူ ခေါင်းယမ်းလိုက်သည်။ ဤကျောက်ရုပ်တုက လေးလှ၏။ လေးလံလွန်းလှသဖြင့် ကျောက်သားကို ထွင်းထုထားသည်နှင့်ပင် မတူချေ။ လူတစ်ရပ်ခန့်သာ ရှိသော ကျောက်တုံးတစ်တုံးက အလွန်ဆုံး ပေါင်နှစ်ထောင်ခန့်သာ လေးမည်ဖြစ်ပြီး ချင်မူ၏ လက်ရှိခွန်အားဖြင့် ဤကျောက်ရုပ်တု လေးခုကို မ,ရွှေ့ရန်မှာ လွန်စွာ လွယ်ကူသော အလုပ် ဖြစ်သော်လည်း ရွှေ့နိုင်ခြင်း မရှိပေ။

မျက်ကန်းက ထပ်၍ စိတ်ဝင်စားအောင် လုပ်လိုက်သည်။ “ဘာလို့ ဒီကျောက်တုံးတွေက သိပ်လေးတာလဲ သိလား...”

ချင်မူ ခေါင်းထပ်ယမ်းလိုက်၏။ “မသိပါဘူး... ဘိုးဘိုး...”

“တကယ်ဆိုရင် အဲဒီ ကျောက်ရုပ်တုတွေက လုံးဝမလေးဘူး...”

မျက်ကန်း၏ အမူအရာက တည်တည်ငြိမ်ငြိမ် ရှိနေသည်။ “တကယ်လေးတာ ကျောက်တုံးက မဟုတ်ဘူး... အဲဒီကျောက်တုံးကို ထွင်းထုထားတဲ့အရာပဲ...”

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ ကျောက်တုံးကို ထွင်းထုထားမှတော့ ကျောက်တုံးပဲ ဖြစ်သည် မဟုတ်လား။

မျက်ကန်းက ဆက်ပြောလိုက်သည်။ “ဥပမာ ပြောရရင် မင်း နားကန်းဆီက ပန်းချီနဲ့ စာလုံးလှသင်တော့ မင်းရေးတဲ့ ပန်းချီကားတွေ၊ စာလုံးလှတွေက ဘာမှ သုံးစားမရတာတွေပဲ မလား... ဒါပေမဲ့ နားကန်း ရေးတဲ့ ပန်းချီကားနဲ့ စာလုံးလှတွေကျတော့ ရွှေစတစ်သောင်းနဲ့တောင် ဝယ်လို့မရနိုင်ဘူး... နှစ်ခုစလုံးက ဒီစာရွက်နဲ့ ဒီမင်နဲ့ပဲ ရေးထားတာပဲ... ဘာလို့ မျက်ကန်းရေးတဲ့ ပန်းချီကားက ပိုတန်ဖိုးကြီးရတာလဲ...”

ချင်မူမှာ မျက်ကန်းပြောသည်ကို နားလည်သလိုလို ရှိလာ၏။ နားကန်း၏ ပန်းချီကားများက အမှန်တကယ် ထူးကဲသည့် ဆွဲဆောင်မှု ရှိပြီး သူ ရေးဆွဲသည်ထက် အပုံကြီး သာလွန်သည်။

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို မြှောက်၍ ညွှန်ပြလိုက်၏။ “ဒီကျောက်ရုပ်တုတွေကိုသာ သာမန်လူတစ်ယောက်က ထွင်းထုခဲ့ရင် လုံးဝ လေးမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီရုပ်တုတွေကို ထွင်းထုခဲ့တဲ့သူက ထူးကဲတဲ့ နောက်ခံရှိတယ်... ဒီရုပ်တုတွေရဲ့ အကြောင်းအရာနောက်ခံက ပိုလို့တောင် ကြောက်ဖို့ကောင်းသေးတယ်... အဲဒါကြောင့် ဒီကျောက်ရုပ်တုတွေရဲ့ အလေးချိန်ကို သာမန် ယုတ္တိသဘောတရားနဲ့ တိုင်းတာလို့ မရဘူး... ဒီကျောက်တုတစ်ခုကို ထမ်းပိုးတာက....”

မျက်ကန်း၏ အမူအရာက မြင်နေကျနှင့်မတူ ထူးကဲလာပြီး စကားဆက်လိုက်သည်။ “နတ်ဘုရားတစ်ပါးကို ထမ်းပိုးထားတာနဲ့ အတူတူပဲ...”

All Chapters