← Chapters

နတ်ဘုရားများကို အရိုအသေမဲ့ပြုခြင်း

Vol. 2 Ch. 23

နတ်ဘုရားများကို အရိုအသေမဲ့ပြုခြင်း

Vol. 2 Ch. 23

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ “ကျောက်ရုပ်တုကို ထမ်းပိုးတာက နတ်ဘုရားတစ်ပါးကို ထမ်းပိုးထားတာနဲ့ အတူတူပဲ... ဟုတ်လား...”

မျက်ကန်းက ခပ်အေးအေး ပြောလိုက်သည်။ “လမ်းလျှောက်ရင်းနဲ့ နတ်ဘုရားတစ်ပါးကို ထမ်းပိုးထားရတာက သိပ်ကို လေးလံတဲ့ ကိစ္စပဲ... အဘွားစစ်တို့ မင်းကို ကောက်ယူခဲ့တုန်းကဆိုရင်... အဘိုးကြီးမာက ကျောက်ရုပ်တုတစ်ခုကို သယ်ပြီး အဘွားစစ်နဲ့ မြစ်ကမ်းဘေးထိ လိုက်ခဲ့တာ... ခရီးက သိပ်မဝေးပေမဲ့ အဘိုးကြီးမာရဲ့ ခွန်အားနဲ့တောင် အမောဆို့ပြီး လဲကျမလို ဖြစ်ခဲ့သေးတယ်...”

ချင်မူ ခေါင်းကျိန်းသွား၏။ ရွာထဲမှ ကျောက်ရုပ်တုများက ထိုမျှ လေးလံသည်တဲ့လား။

ဤကျောက်ရုပ်တုများကို ထွင်းထုခဲ့သူမှာ မည်သူ ဖြစ်‌လေသနည်း။

ကျောက်ရုပ်တုများတွင် ထွင်းထုထားသည့် နတ်ဘုရားများက မည်သည့် နတ်ဘုရားများ ဖြစ်လေသနည်း။ ဤရုပ်သွင်များအဖြစ် ထွင်းထုလိုက်ရုံနှင့် အဘယ်ကြောင့် ထိုမျှ လေးလံသွားရသနည်း။

သူ ငယ်စဉ်က ထိုရုပ်တုများအပေါ် အပေါ့အလေး စွန့်ခဲ့သည့်အတွက် နတ်ဘုရားများ၏ အမျက်ရှခြင်းကို ခံရမည်လား။

“စိတ်ပူစရာ မလိုပါဘူး... ဒီရုပ်တုတွေကို ထွင်းထုခဲ့တဲ့ နတ်ဘုရားက သေဆုံးသွားခဲ့တာ ကြာပြီ... မူအာ၊ ငါ မင်းကို ဒီရုပ်တုတွေ ကြည့်ခိုင်းတာက မင်းရဲ့ မျက်လုံးကို လေ့ကျင့်ပေးဖို့ပဲ... မင်းကို မြင်စေချင်တာက သာမန်ကျောက်ရုပ်တုတစ်ခုကို မဟုတ်ဘူး... နတ်ဘုရားတစ်ပါးက နတ်ဘုရားတွေအတွက် ထုလုပ်ခဲ့တဲ့ ပုံရိပ်ကိုပဲ...”

မျက်ကန်း၏ အသံက နားကန်းပင် ကြားလောက်အောင် ကျယ်လောင်လှသည့်အတွက် ချင်မူ၏ နားစည်တစ်ခုလုံး အူထွက်သွားသည်။ မျက်ကန်းက ကျောက်ရုပ်တုဘေးမှ ဝါးခြင်းတောင်းတစ်တောင်းကို မျက်နှာမူ၍ အော်ပြောလိုက်၏။ “မူအာ... ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်က ဖွင့်ပေးမှာ မင်းရဲ့ နတ်ဘုရားမျက်လုံးတွေပဲ... နတ်ဘုရားမျက်လုံးလို့ ခေါ်တဲ့အတွက် နတ်ဘုရားကို မြင်ရလိမ့်မယ်... မင်းရဲ့ မျက်လုံးနဲ့ နတ်ဘုရားကို မြင်အောင်ကြည့်... နတ်ဘုရားရဲ့ စွမ်းအား၊ နတ်ဘုရားရဲ့ ဂုဏ်သရေ၊ နတ်ဘုရားရဲ့ အရှိန်အဝါ၊ နတ်ဘုရားရဲ့ ရုပ်သွင်နဲ့ နတ်ဘုရားရဲ့ ဝိညာဉ်ကို မြင်အောင်ကြည့်...”

ချင်မူ၏ စိတ်အလျဉ်နှင့် ရင်ထဲတွင် တုန်လှုပ်သွားသည်။ “နတ်ဘုရားကို ကြည့်ဖို့၊ ကျောက်ရုပ်တုထဲက နတ်ဘုရားကို ကြည့်ဖို့တဲ့လား...”

“မင်းရဲ့ ချီစွမ်းအင်ကို မျက်လုံးဆီ ပို့ပြီး ပထမ ကောင်းကင် မျက်လုံးကို ဖွင့်လိုက်...”

မျက်ကန်း၏ ဝါးတောင်ဝှေးက ချင်မူ၏ ရင်ဝကို ခပ်သာသာ တို့ထိလိုက်၏။ ဤတစ်ကြိမ်တွင်တော့ ထူးဆန်းစွာပင် အလွဲအလွဲ အချော်ချော် မဖြစ်တော့။ ချင်မူမှာ သူ၏ ချီစွမ်းအင်များ အဆက်မပြတ် လှည့်လည်လာပြီး မျက်လုံးဆီသို့ တဟုန်ထိုး တိုးဝင်သွားကြောင်း ခံစားလိုက်မိသည်။

မျက်လုံးကို လေ့ကျင့်ခြင်းက အလွန်တရာ အန္တရာယ်များသော ကိစ္စ ဖြစ်၏။ ချင်မူ၏ ချီစွမ်းအင်က သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများနှင့် အဆီပိုများကို ဖယ်ရှား သန့်စင်နိုင်ခဲ့သော်လည်း မျက်လုံးများကတော့ လေ့ကျင့်ရန် အခက်ဆုံး အပိုင်းအဖြစ် ရှိနေသေးသည်။ အနည်းငယ်မျှ အတိမ်းအစောင်း ရှိသည်နှင့် မျက်စိကွယ်သွားနိုင်သဖြင့် လေ့ကျင့်ခြင်း မပြုရန် တားမြစ်နေရာ တစ်ခုအဖြစ်ပင် သတ်မှတ်ထားကြ၏။

တစ်ခါက ချင်မူ သူ့မျက်လုံးကို မည်သို့ လေ့ကျင့်ရမည်နည်းဟု ရွာလူကြီးကို မေးဖူးသော်လည်း ရွာလူကြီးက များစွာ မပြောဘဲ မျက်လုံးကို မဆင်မခြင် မလေ့ကျင့်ရန်သာ ပြောခဲ့သည်။

သို့သော်လည်း မျက်ကန်းကတော့ အများအမြင်နှင့် ဆန့်ကျင်စွာပင် ချင်မူ၏ ချီစွမ်းအင်များကို သူ့မျက်လုံးဆီသို့ ကြမ်းတမ်း ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် တွန်းပို့နေ၏။

ချင်မူ သူ့မျက်လုံးဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ချီစွမ်းအင်များက မျက်လုံးဆီသို့ အလုံးလိုက်အရင်းလိုက် တိုးဝင်လာ၏။ သူ့ချီစွမ်းအင်က သိပ်သည်းများပြားသော်လည်း မျက်ကန်းက သူ၏ ကြောက်မက်ဖွယ်ရာ ကျင့်စဉ်စွမ်းအင်ဖြင့် သေးမျှင်အောင် ဖိနှိပ်ထားသည်။

မျက်လုံးများက မည်မျှ ကြီးနိုင်ပါမည်နည်း။

သို့သော်လည်း ဤအခိုက်အတန့်တွင်တော့ ချင်မူမှာ သူ့မျက်လုံးများက ကောင်းကင်ကြီးကဲ့သို့ ကြီးမားလာသည်ဟု ခံစားမိ၏။

ကောင်းကင်သဖွယ် ကျယ်ပြန့်နေသည့် သူ့မျက်လုံးထဲသို့ ချီစွမ်းအင်များက ကြီးမား ရှည်လျားသည့် နဂါးကြီးတစ်ကောင်ပမာ ဝင်ရောက်လာသည်။ ထို့နောက် ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပန်းထွက်လာပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထောက်ကန်ထားသည့် တိုင်လုံးကြီးများသဖွယ် ဖြစ်သွား၏။ ထိုပန်းထွက်လာသော ချီစွမ်းအင်များက ကောင်းကင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ထူးဆန်းသော အမှတ်အသားများအဖြစ် ဖွဲ့တည်ကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ကွန်ရက်တစ်ခုသဖွယ် ဖြစ်သွားသည်။ ကောင်းကင်ဘုံထက်မှ ကွန်ရက်တစ်ခုက မိုးကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်ထားသည့်အလား ရှိနေ၏။

အစောက နာကျင်မှုမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး အလွန်တရာ သက်တောင့်သက်သာ ရှိသည့် ခံစားချက်တစ်ခုက အစားထိုး ဝင်ရောက်လာသည်။

“မူအာ... ကောင်းကင်ထဲက ပုံရိပ်တွေကို မှတ်ထား... ဒါက ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်ရဲ့ ပထမကောင်းကင်၊ ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားပဲ...” မျက်ကန်း၏ အသံက ကောင်းကင်အထက် တစ်နေရာမှ လွင့်ပျံ့လာ၏။

ချင်မူ ထိုပုံရိပ်ကို အလွတ်ကျက်မှတ်ရန် တစ်မုဟုတ်ချင်း ကြိုးစားလိုက်သည်။ မျက်ကန်းက သူ၏ ချီစွမ်းအင်ကို လမ်းကြောင်း၍ သူ့မျက်လုံးထဲတွင် ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားကို ရေးဆွဲခဲ့သည်ဖြစ်၍ ထိုဝင်္ကပါအမှတ်အသား၏ လမ်းကြောင်း၊ တည်ဆောက်ပုံ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရ၏။ သို့သော်လည်း ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားက လွန်စွာ ရှုပ်ထွေးလှသဖြင့် အလွတ်ကျက်မှတ်ရန် အချိန်အတော်ယူလိုက်ရသည်။

မျက်ကန်းက ချင်မူ၏ ချီစွမ်းအင် ကုန်ဆုံးလု ဖြစ်သည်အထိ လမ်းကြောင်းပို့လွှတ်ပေးခဲ့၏။ ထို့နောက် သူ၏ တောင်ဝှေးကို ချင်မူ၏ ရင်ဝမှ ဖယ်ရှားလိုက်သည်။

“ဘယ်လောက် မှတ်မိလိုက်လဲ...” မျက်ကန်းက မေးလိုက်၏။

“ခြောက်ဆယ်၊ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်ပဲ မှတ်မိပါတယ်... ဘိုးဘိုး...”

မျက်ကန်း၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည်။ “ဒီလောက်အချိန်တိုနဲ့ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် မှတ်မိဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး... အခု မင်းရဲ့ ချီစွမ်းအင် ပြန်ပြည့်အောင် လေ့ကျင့်လိုက်ဦး...”

ချင်မူက စတင်ပြေးလွှား၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ပြီး သူ၏ ချီစွမ်းအင် မြန်မြန် ပြည့်တင်းလာအောင် လုပ်လိုက်၏။

သူ့ချီစွမ်းအင် ပြန်ပြည့်လာသောအခါ မျက်ကန်းက ဆက်လက် သင်ကြားလိုက်သည်။ “ငါ မင်းကို သင်ပေးထားတဲ့ ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားကို ထုတ်ဖော်ပြီးတော့ ဟောဟို ကျောက်ရုပ်တုကို ထပ်ကြည့်လိုက်... အရင်နဲ့ တူသေးလားလို့...”

ချင်မူက သူ့မျက်လုံးဆီသို့ တစ်မုဟုတ်ချင်း ချီစွမ်းအင်ပို့လွှတ်၍ ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားများကို တည်ဆောက်လိုက်သည်။ ထိုဝင်္ကပါအမှတ်အသား၏ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းသာ မှတ်မိသေးသော်လည်း မျက်လုံးအနှံ့ သူ့ချီစွမ်းအင်များ ပျံ့နှံ့သွားသည်နှင့် အရာအားလုံးကို ထိုးထွင်းတွေ့မြင်ရသကဲ့သို့ သက်တောင့်သက်သာ ခံစားချက်က ထပ်၍ ပေါ်ထွက်လာ၏။

သူ့ခေါင်းကို မော့၍ နဂါးခေါင်းအကြီးအကဲရုပ်တုကို ကြည့်လိုက်ရာ သူ့စိတ်အလျဉ်တစ်ခုလုံး တုန်ခါသွားသည်။ သူ့ရှေ့မှ သာမန်ဟုသာ မြင်ခဲ့ဖူးသည့် ကျောက်ရုပ်တုမှာ အရောင်အသွေး စုံလင်စွာဖြင့် လင်းတောက်နေ၏။

ထိုကျောက်ရုပ်တုက အသက်ရှိနေသော ပြိုင်ဘက်ကင်းနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်လာသည်။

ကျောက်ရုပ်တုထံမှ ဖြာထွက်နေသည့် အလင်းမျှင်လေးများကိုပင် အသေးစိတ် မြင်တွေ့နေရ၏။ ထိုအလင်းတန်း တစ်ခုချင်းစီက ကျောက်ရုပ်တု၏ ထည်ဝါသည့် နတ်ဘုရားအသွင်ကို ဖော်ကျူးနေသည်။

သူ့စိတ်ဝိညာဉ်မှာ ထိုကျောက်ရုပ်တု၏ ဖိအားကို တမုဟုတ်ချင်း ခံစားလိုက်ရ၏။

သူ့မျက်လုံးထဲတွင် ထိုကျောက်ရုပ်တုက ကျောက်ရုပ်တု မဟုတ်တော့၊ အသက်ဝင်နေသည့် နတ်ဘုရားတစ်ပါး ဖြစ်လာသည်။

နတ်ဘုရား၏ ဝိညာဉ်၊ ရုပ်သွင်၊ အရှိန်အဝါနှင့် စွမ်းအားက သူ့စိတ်ဝိညာဉ်အပေါ် ဖိချနင်းချေလာ၏။ ကြီးစွာသော ဖိအားတစ်ရပ်က သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ဒူးထောက်ချလိုက်လိုစိတ်များ တွန်းလှန်၍ မရအောင် ဖြစ်ပေါ်လာသည်။

“ဆက်ကြည့်နေ၊ မင့်မျက်လုံးကို မမှိတ်နဲ့... ဒူးလည်း မထောက်နဲ့...”

မျက်ကန်းက အေးစက်စက် ဆက်ပြောလိုက်၏။ “မင်း ငယ်ငယ်တုန်းက ဒီကျောက်ရုပ်တုပေါ်မှာ အပေါ့အလေး သွားခဲ့တာ မှတ်မိလား... ငယ်ငယ်တုန်းကတောင် လုပ်ရဲသေးရင် ကြီးလာတော့မှ ဘာလို့ ဒူးထောက်ရမှာလဲ... မူအာ၊ ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်က မင်းရဲ့ မျက်လုံးတင် မကဘူး၊ စိတ်ဝိညာဉ်ကိုပါ လေ့ကျင့်ပေးတာ... နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ အားလုံးရဲ့ရှေ့မှာ မင်း... မားမားမတ်မတ် ရပ်နေနိုင်ရမယ်...”

“သိုင်းသမားတစ်ယောက် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ သူ့ရဲ့ သိုင်းစွမ်းအင်သက်သက်ပေါ်တင် မူတည်တာ မဟုတ်ဘူး... သူ့စိတ်ဝိညာဉ်က ဘယ်လောက် သန်မာသလဲဆိုတာပါ အရေးကြီးတယ်... မင်းရဲ့ စိတ်ဝိညာဉ်က ကျောက်ကျိုးပုံ တစ်ခုကိုတောင် ရှုံးနိမ့်ရရင် မင်းဖာသာ ဘယ်လောက် စွမ်းအားကြီးလာလာ၊ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး...”

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို မြေပေါ်သို့ ဆောင့်ချ၍ အော်ဟစ်လိုက်၏။ “ဒီကျောက်ရုပ်တုကို ဆန့်ကျင်ပြီး သူ့ရဲ့ ဖိအားကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ရင် မင်းရဲ့ စိတ်ဝိညာဉ် သန်မာလာလိမ့်မယ်... ကြီးမားတဲ့ စွမ်းအားကို လိုချင်ရင် အရင်ဆုံး မင်းရဲ့ စိတ်ဝိညာဉ်ကို သန်မာအောင် လုပ်ရမယ်... မင်းရဲ့ နတ်ဘုရားက မင်းပဲ ဖြစ်ရမယ်... ဘာကိုမှ ကြောက်ရွံ့နေစရာ မလိုဘူး...”

ချင်မူ၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ကျဆင်း၍ ဒူးထောက်လိုသော စိတ်ကို အံတု ဆန့်ကျင်နေရသည်။ သူ့အပေါ် ပိကျနေသည့် ကျောက်ရုပ်တု၏ ဖိအားက ကြီးမားလွန်းလှပြီး ခုခံတွန်းလှန်ရန် မဖြစ်နိုင်ချေ။

မျက်ကန်းက မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမရှိဟု ပြောသော်လည်း သူ့အတွက် ထိုသို့ မလုပ်နိုင် ဖြစ်နေ၏။

သူ့မျက်လုံးများ နိုးထလာပြီးသည့်နောက်တွင် အရာအားလုံးက ကွဲပြားခြားနားသွားသည်။

သူ့ကောင်းကင်မျက်လုံး မပွင့်မီက ဤကျောက်ရုပ်တုများမှာ သာမန် ကျောက်ရုပ်တုများသာ ဖြစ်သဖြင့် ၎င်းတို့အပေါ် အပေါ့အလေးသွားရန် ကြောက်ရွံ့နေစရာ မရှိချေ။ သို့သော်လည်း ယခု ကောင်းကင်မျက်လုံး ပွင့်လာသောအခါ ထိုကျောက်ရုပ်တုက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာပြီး မျက်စိဖြင့် မော်ကြည့်မိခြင်းကပင် အရိုအသေမဲ့ စော်ကားမိသလို ဖြစ်သွား၏။

မျက်ကန်းက ပြောလိုက်သည်။ “ကျောင်းဆောင်ထဲက နတ်ဘုရားကို ဖျက်ဆီးဖို့ လွယ်တယ်... ရင်ထဲက နတ်ဘုရားကိုတော့ ဖျက်ဆီးဖို့ မလွယ်ဘူး... ဒီစကားကို ဘယ်သူ ပြောခဲ့တာလဲ မင်း သိလား...”

ချင်မူ၏ စိတ်ဝိညာဉ်မှာ ကျောက်ရုပ်တု၏ ဖိအားဒဏ်ခံနေရသဖြင့် ပြန်မဖြေနိုင်ချေ။

“အဲဒီလို တော်လှန်တဲ့ စကားမျိုး ပြောခဲ့တာက နတ်ဘုရားတွေရဲ့ အောက်က နံပါတ်တစ်လူသားလို့ ခေါ်ကြတဲ့၊ ထာဝရငြိမ်းချမ်းရေး အင်ပါယာရဲ့ လက်ရှိ ဧကရာဇ်အတိုင်ပင်ခံပဲ...”

ခန့်ညားထည်ဝါသည့် သွင်ပြင်ဖြင့် မျက်ကန်းက အော်ဟစ်လိုက်၏။ “မူအာ... မင့်ရင်ထဲက နတ်ဘုရားတွေက အကုန်လုံး ထူးဆန်းတဲ့ နတ်ဘုရားနဲ့ နတ်ဘုရားအတုတွေပဲ... အဲဒီနတ်ဘုရားတွေကို ဖျက်ဆီးပစ်မှ မင်းရဲ့ ကိုယ်ပိုင် နတ်ဘုရားရုပ်တုကို ထူမတ်နိုင်မယ်... တကယ့် နတ်ဘုရားတစ်ပါး မင်းရှေ့ ရောက်လာရင်တောင် ဒူးထောက်စရာမလိုဘူး... ကျောက်ရုပ်တုလောက်ကတော့ ပြောမနေနဲ့...”

မျက်ကန်းက သူ့ဝါးတောင်ဝှေးကို ဘေးနားတင် ထိုးစိုက်၍ ခါးဝတ်ဘောင်းဘီကို ဖြေလျှော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဒူးမထောက်ရုံတင် မဟုတ်ဘူး၊ သေးနဲ့ပါ ပန်းရမှာ...”

“သေးနဲ့ ပန်းမယ်...”

ချင်မူ ကြောင်ငေးငေး စိုက်ကြည့်လိုက်၏။ “နတ်ဘုရားကို သေးနဲ့ပန်းမယ်... ဟုတ်လား...”

မျက်ကန်းက ကျောက်ရုပ်တုကို သေးနှင့် ပန်း၍ တဟားဟား ရယ်မောလိုက်သည်။ “ဟုတ်တယ်... သေးနဲ့ ပန်းလိုက်... မင်းငယ်ငယ်တုန်းက အဲဒီအပေါ် သေးနဲ့ ပန်းခဲ့တာ အခါတစ်ရာတောင် မကဘူး... အခုမှ ဘာလို့ ကြောက်နေရတာလဲ...”

ချင်မူက အံတင်းတင်းကြိတ်၍ သူ့ဘောင်းဘီကို ဖြေလျှော့လိုက်၏။ ပူနွေးသော ခံစားချက်က ကျောက်ရုပ်တုပေါ်သို့ စီးဆင်းသွားသည်။

ဤတစ်ခေါက် ကျင်ငယ်စွန့်ခြင်းက ပေါ့သေးသေး မဟုတ်ချေ။ ချင်မူ၏ မျက်လုံးထဲ၌ နတ်ဘုရားရုပ်တုက မြင့်မြတ်ထည်ဝါပြီး ဖိအားအပြည့် ရှိနေသေးသော်လည်း သူ့ဝိညာဉ်ကို ဒူးထောက်ကျအောင် ဖိအားပေးနေသည့် ခံစားချက်ကတော့ မြူတစ်မှုန် မကျန်အောင် ပျောက်ကွယ်သွား၏။

အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်...။ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ရွှင်မြူးစွာ ရယ်မောလိုက်ကြသည်။

ရွာအဝင်ဝတွင် နေဆာလှုံနေသော ရွာလူကြီးမှာ သူတို့၏ ရယ်သံကြားသဖြင့် လှည့်ကြည့်ပြီး ခေါင်းခါယမ်းလိုက်၏။ “မျက်ကန်းက တကယ့်ကို ပေါက်ကရ ပါရမီရှင်ပဲ... ချင်မူ့ရင်ထဲက နတ်ဘုရားကို ဖျက်ဆီးဖို့အတွက် ဒီလို နည်းလမ်းမျိုး သုံးခဲ့တယ်... တခြားသူသာဆို ဒီလို ထူးဆန်းတဲ့ နည်းလမ်းမျိုး စဉ်းစားမိမှာ မဟုတ်ဘူး... မူအာကလည်း အတော့်ကို ရဲတင်းတာပဲ၊ သူနဲ့အတူ သေးလိုက်ပေါက်ရဲတယ်... မူအာ့ကို ကျောက်ရုပ်တုပေါ် သေးပေါက်ခိုင်းတာက မူအာ့ရင်ထဲက နတ်ဘုရားကို ဖျက်ဆီးပစ်သလို... သူ့ရင်ထဲက နတ်ဘုရား၊ သူ့မျက်လုံးကို ယူသွားခဲ့တဲ့ နတ်ဘုရားကိုလည်း ဖျက်ဆီးပစ်တာပဲ... နောက်ဆုံးတော့ လှံနတ်ဘုရား ပြန်လာပြီပေါ့...”

မျက်ကန်း အဘယ်ကြောင့် ဤသို့ လုပ်ခဲ့ကြောင်း သူ သိသည်။

ဝါးတောင်ဝှေးက မျက်ကန်း၏ လက်ထဲတွင် တောင်ဝှေးတစ်ချောင်းမဟုတ်၊ လှံတစ်ချောင်းသာ ဖြစ်၏။

မျက်ကန်း ဒုက္ခိတဘိုးဘွားကျေးရွာသို့ ရောက်လာစဉ်အခါက သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ဖုံးလွှမ်းပြီး ညစ်ပတ်ပေရေနေသည့် သူတောင်းစားတစ်ယောက်ပမာ စုတ်ပြတ်သတ်နေသည်။

သို့သော်လည်း မျက်ကန်း၏ ခြေလှမ်းများနှင့် သူ့လက်ထဲမှ ဝါးတောင်ဝှေးကတော့ ယိမ်းယိုင်ခြင်းမရှိဘဲ လွန်စွာ တည်ငြိမ်လှ၏။

သူ ရွာထဲသို့ လျှောက်ဝင်လာစဉ်က ဒေါသနဂါးများ အရပ်မျက်နှာအနှံ့မှ လူးလာရိုက်ခတ်နေသကဲ့သို့ ရွာလူကြီး ခံစားခဲ့ရသည်။ ရွာလူကြီး၏ မျက်လုံးထဲတွင်တော့ မျက်ကန်း၏ အသွင်က ကောင်းကင်ယံကို ထောက်မတ်ထားသည့် တိုင်လုံးကြီး တစ်လုံးကဲ့သို့ ရှိနေ၏။

တစ်လောကလုံးတွင် ထိုသို့သော လှံသိုင်းစွမ်းရည်နှင့် စိတ်ဝိညာဉ်ရှိသူမှာ လှံနတ်ဘုရားသာ ဖြစ်သည်။

သို့သော်လည်း လှံနတ်ဘုရား၏ စွမ်းအားအကြီးမားဆုံးအရာမှာ သူ၏ လှံမဟုတ်၊ မျက်လုံးများသာ ဖြစ်၏။ သူ့တွင် နတ်ဘုရားမျက်လုံးတစ်စုံ ရှိပြီး တိုက်ကွက်တိုင်း၏ ဟာကွက်များကို ထွင်းဖောက်မြင်နိုင်သည်။

ယခု... မျက်ကန်းက ထိုနတ်ဘုရားမျက်လုံးကို ချင်မူ့အား အမွေပေးနေချေပြီ။

လှံသိုင်းကို မလေ့ကျင့်မီ မျက်လုံးကို အရင် လေ့ကျင့်ရမည်။ မျက်လုံးကို မလေ့ကျင့်မီ စိတ်နှလုံးကို လေ့ကျင့်ရမည်။

မျက်ကန်း၏ မျက်လုံးများက နတ်ဘုရားမျက်လုံးများ ဖြစ်၏။ မျက်လုံးများ ပိုသန်မာလာလေလေ အစစ်အမှန်တရားကို ပိုမြင်တွေ့နိုင်လာလေလေ ဖြစ်ပြီး ထိုအရာများက မည်မျှ ကြောက်ဖို့ကောင်းကြောင်း ပိုသိလာလေလေ ဖြစ်ချေလိမ့်မည်။

All Chapters