← Chapters

ရင်ထဲမှ နတ်ဘုရားကို ဖျက်ဆီးခြင်း

Vol. 2 Ch. 24

ရင်ထဲမှ နတ်ဘုရားကို ဖျက်ဆီးခြင်း

Vol. 2 Ch. 24

ဤလောကကြီးရှိ သက်ရှိသတ္တဝါ အားလုံးမှာ အပေါ်ယံ မြင်တွေ့ရသလောက် ရိုးရှင်းခြင်း မရှိပေ။ သာမန်လူများ ရိုးရိုးမျက်လုံးဖြင့် မြင်တွေ့ရသည်နှင့် ပညာရှင်များ ကောင်းကင်မျက်လုံးဖြင့် မြင်တွေ့ရသည်က လုံးဝ ခြားနားသော လောကနှစ်ခု ဖြစ်၏။

ရွာထဲရှိ ကျောက်ရုပ်တုများက သာမန်ဟုသာ ထင်ရသော်လည်း ကောင်းကင်မျက်လုံး ဖွင့်လှစ်ပြီးသော ပညာရှင်များအနေဖြင့် ထိုကျောက်ရုပ်တုများမှ နတ်ဘုရားများကို မြင်တွေ့နိုင်ပေသည်။ ထိုပညာရှင်များက နေရာအနှံ့ ကြွင်းကျန်ရစ်သော အပျက်အစီးများမှလည်း နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးများကို မြင်တွေ့နိုင်စွမ်း ရှိကြ၏။ ဘုရားကျောင်းအတွင်းမှ ဗုဒ္ဓကို သာမန်လူများက ဗုဒ္ဓဆင်းတုတစ်ခုအဖြစ်သာ မြင်တွေ့နိုင်မည် ဖြစ်သော်လည်း ကောင်းကင်မျက်လုံး ပွင့်ပြီးသူများမှာ အနှိုင်းမဲ့ မဟာဗုဒ္ဓဘုရားရှင်ကို မြင်တွေ့ရပြီး သူတို့၏ စိတ်ဝိညာဉ်အပေါ် အုပ်မိုးကြီးစိုးလာသည့် အရှိန်အဝါအငွေ့အသက် ဖိအားကို ခံစားရပေလိမ့်မည်။

ထိုသူများအနေဖြင့် ကြံ့ခိုင်သော စိတ်ဝိညာဉ် မရှိလျှင် သူတို့ မြင်တွေ့ရသည့် အရာများကြောင့် အနှေးနှင့်အမြန် လန့်သေကုန်ကြမည် ဖြစ်သည်။

သို့အတွက်ကြောင့် မျက်ကန်းက ချင်မူ့ကို မျက်လုံးကျင့်စဉ် မသင်ပေးမီ သူ၏ စိတ်ဝိညာဉ်ကို အရင် လေ့ကျင့်ပေးခြင်း ဖြစ်၏။ သူ့ရင်ထဲမှ နတ်ဘုရားပုံရိပ်ကို ဖျက်ဆီးပစ်ခဲ့သဖြင့် ထပ်မံ၍ ကြောက်ရွံ့ခြင်း မရှိနိုင်တော့ချေ။

ဗုဒ္ဓဘာသာမှ ဆိုရိုးတစ်ခုအရ ရင်ထဲတွင် ဗုဒ္ဓရှိနေလျှင် ကိုယ်တိုင်ဗုဒ္ဓဖြစ်လာရန် ခက်လိမ့်မည် မဟုတ်လား။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်အတိုင်ပင်ခံကလည်း ထိုနည်းနှင်နှင် ပြောခဲ့ဖူးသည်။ ကျောင်းဆောင်ထဲမှ နတ်ဘုရားကို ဖျက်ဆီးရလွယ်၏။ ရင်ထဲမှ နတ်ဘုရားကို ဖျက်ဆီးရန် မလွယ်။ ထိုဆိုရိုးစကားနှစ်ခုက မျက်ကန်း ကျောက်တုံးရုပ်တုအပေါ် သေးပန်းခဲ့သည်နှင့် သဘောတရား အတူတူပင် ဖြစ်၏။

ပထမနည်းလမ်းနှစ်ခုမှာ ရင်ထဲမှ နတ်ဘုရားနှင့် ဗုဒ္ဓကို ဖျက်ဆီးရန် စိတ်ဝိညာဉ်ကို တစ်ဆင့်ချင်း ပြုစုပျိုးထောင်ရန် လိုအပ်၏။ မျက်ကန်း၏ နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်း၊ လွန်ကဲသော်လည်း ထိရောက်သည်။

ရွာလူကြီး မျက်ကန်းကို ပထမဆုံး မြင်ဖူးစဉ်က သူ့အနီးတစ်ဝိုက်မှ လေထုမှာ ဒေါသနဂါးများ အရပ်မျက်နှာအနှံ့သို့ လူးလွန့်လှုပ်ရှားနေသကဲ့သို့ အလွန်တရာ အားကောင်းသန်မာလှ၏။ သို့သော်လည်း မျက်လုံး နှစ်ဖက်စလုံး မရှိတော့သည် ဖြစ်၍ နောက်ပိုင်းတွင် မျက်ကန်း၏ စိတ်ဓာတ်များ ပြိုကွဲသွားခဲ့သည်။

ယခုတော့ လှံနတ်ဘုရား ပြန်လာချေပြီ။

ဤအရာအားလုံးက ချင်မူကြောင့် ဖြစ်၏။ ရွာကလေးတွင် ဤကလေးငယ် ရောက်လာသည်မှ စ၍ သူတို့၏ မကျေမချမ်းစိတ်များ တဖြည်းဖြည်း ပြယ်လွင့် ပျောက်ကွယ်သွားခဲ့သည်။ ချင်မူ့ကို ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ် သင်ကြားပေးရန်အတွက် မျက်ကန်းအနေဖြင့် သူ၏ နတ်ဘုရားမျက်လုံးကို အရင်ဆုံး အသက်သွင်းရ၏။ သို့သော်လည်း သူ့နတ်ဘုရား မျက်လုံးများက ထုတ်ပယ်ခြင်း ခံထားရသဖြင့် စိတ်မျက်လုံးများသာ ကျန်တော့သည်။

မျက်ကန်း ချင်မူ့ကို သင်ကြားပေးစဉ်၌ သူ၏ နတ်ဘုရားမျက်လုံး နိုးထလာသည်ကို ရွာလူကြီး အာရုံခံမိခဲ့၏။ ထိုနတ်ဘုရားမျက်လုံးမှာ အမှန်တကယ်တမ်းတွင် နတ်ဘုရားစိတ်မျက်လုံးများသာ ဖြစ်သည်။

မျက်လုံး မရှိတော့သည် ဖြစ်၍ သူ၏ စိတ်အာရုံကို အစားထိုး အသုံးပြုခဲ့ခြင်း ဖြစ်၏။

ရွာလူကြီးက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်၍ နေရောင်အောက်တွင် အေးအေးလူလူ လဲလျောင်းရင်း တွေးတောလိုက်သည်။ “နတ်ဘုရားစိတ်မျက်လုံးက နတ်ဘုရားမျက်လုံးထက် သာလွန်လိမ့်မယ်... လှံနတ်ဘုရားကလည်း အရင်လှံနတ်ဘုရားထက် သာလွန်လာလိမ့်မယ်... တစ်နေ့ မဟာမြို့ပျက်အပြင် ထွက်တဲ့အခါ... မျက်ကန်း၊ မင်းရဲ့ ရန်သူတွေ ကြောက်ဒူးတဆတ်ဆတ် တုန်နေကြလိမ့်မယ်...”

ချင်မူ အပေါ့စွန့်ပြီးသွားသောအခါ သူ့ကျောရိုးတစ်လျှောက် တုန်ခါတက်သွား၏။ သူ့စိတ်နှင့် ကိုယ်မှာ စိုးရိမ်ပူပန်မှု မြူတစ်မှုန်မျှ မရှိတော့ကြောင်း ခံစားလိုက်မိသည်။

ကျောက်ရုပ်တုက သူ့စိတ်ဝိညာဉ်အပေါ် ဖိအားသက်ရောက်မှု မရှိတော့ချေ။ ထိုကျောက်ရုပ်တုကို ပြန်ကြည့်လိုက်သောအခါ အစောက သူ မမြင်ခဲ့မိသည့် အရာများကို မြင်လာ၏။ ယခင်က သူ့မျက်လုံးကို ဇာပဝါတစ်ထပ် ဖုံးအုပ်ထားသကဲ့သို့ ရှိပြီး အရာရာကို ဝါးတားတားသာ မြင်ခဲ့ရသည်။ ယခုတော့ ထိုဇာပဝါကို ဆွဲလှန်လိုက်ပြီ ဖြစ်၍ လောကကြီး၏ အစစ်အမှန် အရောင်အဆင်းများ ပေါ်ထွက်လာ၏။

ပတ်ပတ်လည်မှ ထိုအရောင်အဆင်းများကို သူ လောဘတကြီး ကြည့်လိုက်မိသည်။ ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သည့် အလှတရားများကြောင့် အော်ဟစ်ပစ်လိုက်ချင်သည်အထိ မြူးထူး စိတ်လှုပ်ရှားသွား၏။

ရွာထဲရှိ အခြားကျောက်ရုပ်တုများထံ ချဉ်းကပ်သွားသောအခါတွင်လည်း သူ့စိတ်ဝိညာဉ်အပေါ် ဖိအားများ ပိကျလာပြန်သည်။ ထိုကျောက်ရုပ်တုများကလည်း နဂါးခေါင်းအဘိုးအို ကျောက်ရုပ်တုကဲ့သို့ပင် တောက်ပသည့် ကောင်းကင်အလင်းတန်းများ ဖြာထွက်၍ ထူးကဲဆန်းကြယ်ကာ မြင့်မြတ်သည့် အရှိန်အဝါ အငွေ့အသက်များ ပိုင်ဆိုင်ထားကြ၏။

သို့သော်လည်း ယခုအခါတွင် ထိုကျောက်ရုပ်တုများက သူ့စိတ်ဝိညာဉ်အပေါ် သက်ရောက်မှု မရှိတော့ဘဲ သာမန်အတိုင်း ကြည့်ရှုနိုင်လာသည်။

ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်...။ ပထမကောင်းကင်ကိုသာ လေ့ကျင့်ရသေးသည်၊ သူ ထိန်းမရအောင် မြူးထူးပျော်ရွှင်ခဲ့ရ၏။ နောက်ထပ် ကောင်းကင်မျက်လုံးများသာ ဖွင့်လှစ်နိုင်ခဲ့လျှင် မည်မျှ လှပသည့် မြင်ကွင်းများ မြင်ရလိမ့်မည်နည်း။

ချင်မူ ကြေးမုံမှန်တစ်ချပ် ထုတ်ယူ၍ သူ့ပုံသူ ပြန်ကြည့်လိုက်သည်။ မှန်ထဲတွင် သူ၏ မျက်လုံးများက မြင်နေကျနှင့် ခြားနားပြီး သူငယ်အိမ်ထဲတွင် အကွင်းတစ်ကွင်း ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ထိုအကွင်းက လျှပ်စီးတန်းများ ယှက်နွှယ်နေသကဲ့သို့ ထူးဆန်းသော အမှတ်အသားများဖြင့် ဖွဲ့စည်းထားသည်။

ထို့နောက် တဖြည်းဖြည်း မှိန်ဖျော့ပြီး ပျောက်ကွယ်သွား၏။

ချင်မူ သူ့မျက်လုံးများကို မှိတ်ပြီး ချီစွမ်းအင် ပို့လွှတ်၍ ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသားကို ဂရုတစိုက် တည်ဆောက်လိုက်၏။ ထို့နောက် သူ့မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သည်။ မျက်လုံးထဲတွင် အစောကအကွင်း ပြန်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထိုအကွင်းက ကောင်းကင်၏ ကိုယ်စားပြုပုံရိပ် ဖြစ်သည်။

“ငါ ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်ကို အကုန် လေ့ကျင့်နိုင်ခဲ့ရင် သူငယ်အိမ်ဆယ်ခု ထပ်ထားသလို ကောင်းကင်ကွင်းကိုးကွင်း တစ်ခုနဲ့တစ်ခု ထပ်ရက် ပေါ်လာမှာလား...” ချင်မူ စိတ်ထဲမှ တွေးကြည့်လိုက်မိ၏။

မျက်ကန်းက ကောင်းကင်ခုနစ်စဉ်ကြယ် ဝင်္ကပါအမှတ်အသား တည်ဆောက်ပုံ အပြည့်အစုံကို ဆက်လက် သင်ပြပေးပြီး အတန်ကြာသောအခါ ချင်မူ ကောင်းကင်ခုနစ်စင်ကြယ် ဝင်္ကပါအမှတ်အသား တစ်ခုလုံး ပြီးပြည့်စုံအောင် တတ်မြောက်သွားသည်။

“မူအာ... မင်း နားလို့ ပြီးပြီလား...”

သားသတ်သမားက ဆေးကြိတ်ကျောက်ဆုံပေါ်မှ ခုန်ချလာပြီး သူ၏ ဝက်ခုတ်ဓားမနှစ်ချောင်းကို ဆုပ်ကိုင်လိုက်၏။ “နားလို့ပြီးရင် ဓားမသိုင်း လေ့ကျင့်ကြမယ်...”

ချင်မူက ခေါင်းညိတ်၍ သူ၏ ဝက်ခုတ်ဓားကို ယူကာ သားသတ်သမားထံ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။

များမကြာမီ၌ အဘိုးကြီးမာနှင့် ထော့ကျိုးတို့ အမဲလိုက်ရာမှ ပြန်ရောက်လာပြီး သားသတ်သမားထံမှ ချင်မူ့ကို လက်လွှဲ ခေါ်ဆောင်သွားကြ၏။ ချင်မူ မလှုပ်နိုင်အောင် ပုံကျသွားသောအခါမှ နားခွင့်ပေးလိုက်ကြသည်။

ညနေပိုင်းတွင် ပန်းပဲဆရာ ရွှေအထံမှ ပန်းပဲအတတ်သင်ရန် ချင်မူ ထွက်လာခဲ့၏။ ရွှေအက လက်ဟန်ခြေဟန် ပြ၍ တအအ ပြောလိုက်ရာ ချင်မူ အတွေးနက်သွားသည်။

ရွှေအ ရှင်းပြနေသည်က စွမ်းအင်ကျင့်စဉ် နည်းလမ်းများ ဖြစ်၏။ သူ ပြောသည်မှာ စွမ်းအင်ကျင့်ကြံခြင်းက ပန်းပဲထုသကဲ့သို့ ဖြစ်သည်။ မီးတောက်ကြီးနှင့် မီးတောက်သေးတို့၏ ကွဲပြားခြားနားသော လုပ်ဆောင်မှုများကို အာရုံစူးစိုက် မှတ်သားရမည်။ ထို့အပြင် သတ္ထုများကို မည်သို့ အအေးခံရမည် ဆိုသည်ကိုလည်း သိသင့်၏။ သတ္ထုပူပူကို မာကျောစေရန်အတွက် ရေအေးထဲ နှစ်ပေးရမည်။

ဉာဏ်ပညာနှင့်ခွန်အား၊ မာကျောခြင်းနှင့်ပျော့ပျောင်းခြင်း၊ နဂါးနှင့်ကျား ထိုဆန့်ကျင်ဘက် အင်အားစုများက တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်ဆည်းပေးနေကြသည်။

ချင်မူ စဉ်းစားလေလေ ယုတ္တိကျသည်ဟု ပိုခံစားရလာလေလေ ဖြစ်၏။ ရွှေအကို ပို၍ လေးစားလာမိသည်။ သူ၏ လမ်းညွှန်ထောက်ပြမှုဖြင့် လမ်းမှားရောက်နိုင်ချေ အတော်များများကို ရှောင်လွှဲနိုင်ပေလိမ့်မည်။

ရွှေအက ပန်းပဲထုရင်းနှင့် မီးကသိုဏ်းရှုရန် သင်ပေး၏။ မီးဖိုထဲမှ မီးကို စူးစိုက်ကြည့်ရှုကာ လှုပ်ရှားမှုအချို့ လုပ်ပြလိုက်သည်။

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ရွှေအ သင်ပေးသည့်အတိုင်း မီးကသိုဏ်းရှုရင်း ချီစွမ်းအင်များ လှည့်လည်လိုက်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်လိုက်သောအခါ ချီစွမ်းအင် လှည့်ပတ်မှုမှာ သူ၏ ရင်ဝဆီမှ မီးဖိုငယ်လေးတစ်လုံးက အပူစွမ်းအင်များကို တစ်ကိုယ်လုံးသို့ ဖြန့်ဝေပေးနေသကဲ့သို့ ဖြစ်လာသည်။

ချီစွမ်းအင်များက တရှိန်ရှိန် လောင်ကျွမ်းလာပြီး နှစ်လိုဖွယ်ရာ ခံစားမှုတစ်ခုကို ရလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲ၌ ဝိညာဉ်သန္ဓေသားက အလင်းပင်လယ်ထဲမှ စွမ်းအင်များကို အသက်ရှူ လေ့ကျင့်ခန်း လုပ်သကဲ့သို့ ရှူသွင်းရှူထုတ် လုပ်နေသည်။ သူ၏ ဝိညာဉ်သန္ဓေသားမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာ၏။ ရှူထုတ်လိုက်သော ချီစွမ်းအင်များမှာ မီးလျှံအဖြစ် လောင်ကျွမ်း၍ တစ်ကိုယ်လုံး မီးဖိုထဲ ရောက်နေသကဲ့သို့ ဖြစ်လာသည်။

သူ၏ ဝိညာဉ်သန္ဓေသားမှာလည်း ခန္ဓာကိုယ်သန့်စင်ခြင်း စတင်လာသည့်အတွက် ချင်မူ အံ့အားသင့်သွား၏။ မီးဖိုမီးကို ကသိုဏ်းရှုရုံမျှနှင့် ဝိညာဉ်သန္ဓေသားက ထိုမျှ ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

ရွှေအမှာလည်း အံ့အားသင့်သွားပြီး ချင်မူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ နေ့လယ် တစ်ဝက်ကျိုးသောအခါ ချင်မူ သူ့ဝိညာဉ်သန္ဓေသား၏ ခံနိုင်ရည် အကန့်အသတ်ကို ရောက်လာကြောင်း ခံစားမိသဖြင့် မီးကသိုဏ်း ရှုနေခြင်းကို ကမန်းကတန်း ရပ်တန့်လိုက်၏။

“အ... အ...”

ရွှေအက လက်ဟန်ခြေဟန် ပြရင်း ရဲရဲနီနေသော သံတုံးကို ရေထဲသို့ နှစ်လိုက်သည်။ တဖျစ်ဖျစ် မြည်သံနှင့်အတူ မီးခိုးငွေ့ဖြူဖြူများ ထောင်းခနဲ ထလာပြီး ရွှေအက လက်ဟန်ခြေဟန် ထပ်ပြလိုက်၏။

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ရေခွက်ထဲသို့ ကသိုဏ်းရှုလိုက်သည်။

တဖြည်းဖြည်းနှင့် သူ့ရင်ဝမှ ရေစီးသံ တသွင်သွင် ထွက်ပေါ်လာ၏။ ချီစွမ်းအင်များက ဝိညာဉ်သန္ဓေသား ရှိရာသို့ စီးဆင်းလာပြီး ရေစီးကြောင်း တစ်ခုသဖွယ် ဖြစ်လာသည်။ ထိုရေစီးကြောင်းက ဝိညာဉ်သန္ဓေသားနှင့် ထိတွေ့လိုက်သောအခါ ဆန်းကြယ်သောအရာ ဖြစ်သွား၏။ သူ့ချီစွမ်းအင်က ဝိညာဉ်သန္ဓေသားကို မာကျော သန်စွမ်းအောင် စတင် ပြုပြင်စီရင်လာတော့သည်။

သူ့ဝိညာဉ်သန္ဓေသားက မီးနှင့် ရေ၏ ပြုပြင်စီရင်မှုကြောင့် မာကျော သန်စွမ်းလာသည်ကို ကြည့်၍ ရွှင်မြူးလာမိ၏။

နောက်တစ်နေ့ မနက်တွင် ချင်မူ လန်းဆန်းတက်ကြွစွာ နိုးထလာသည်။ ရွှေအ သင်ပေးထားသည့် နည်းလမ်းအတိုင်း အင်တိုက်အားတိုက် လေ့ကျင့်လိုက်၏။ ထိုနည်းက ယခင်ကထက် တိုးတက်မှုနှုန်း နှစ်ဆ မြန်သည် မဟုတ်လား။

“မိစ္ဆာမျောက်ဝံကို ထပ်သွားရှာရမယ်...”

ချင်မူက စိတ်အားတက်ကြွစွာဖြင့် စွမ်းအင်ဆေးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်၍ ဆေးစွမ်းအာနိသင်များကို ချေဖျက်ရန် ရွာထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ထိုအခိုက်၌ မိစ္ဆာမျောက်ဝံကလည်း တောင်စောင်းအောက်တွင် စောင့်နေသည်မှာ အတော်ကြာပြီ ဖြစ်၏။

“လဲ... ကောင်လေး...”

မိစ္ဆာမျောက်ဝံက ချင်မူ သင်ကြားပေးခဲ့သော မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို လေ့ကျင့်ထားသဖြင့် ခွန်အားအရာတွင် သိသိသာသာ တိုးတက်လာသည်။  ချင်မူ သူ့ထံ ပြေးဝင်လာသည်ကို မြင်သောအခါ ပါးစပ်ထဲမှ သစ်ကိုင်းကို လွှင့်ပစ်၍ တိုက်ခိုက်ရန် အသင့်ပြင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “လဲကျ...”

ချင်မူက ရှေ့တူရူသို့ တစ်ဟုန်ထိုး ပြေးဝင်လာသကဲ့သို့ မိစ္ဆာမျောက်ဝံကလည်း တောင်ကြီးတစ်လုံး ရွေ့လာသကဲ့သို့ သူ့ထံ ပြေးဝင် တိုးတိုက်လိုက်သည်။ ၎င်းက ချင်မူနှင့် မျက်နှာချင်းဆိုင်မိသည်နှင့် အထီးကျန် အရှေ့ပင်လယ်မှ နွေဦးမိုးကြိုး သိုင်းကွက်ကို ရုတ်တရက် ထုတ်ဖော် တိုက်ခိုက်လိုက်၏။ လေတိုးသံ တဝှီးဝှီးက ကျယ်သည်ထက် ကျယ်လာပြီး အနီးအနားရှိ သစ်ပင်များအားလုံး လေအရှိန်ကြောင့် ကျိုးပြတ် လွင့်ထွက်သွားသည်။

ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ကျယ်လောင်စွာ မာန်သွင်းအော်ဟစ်လိုက်၏။ သူကလည်း အထီးကျန် အရှေ့ပင်လယ်မှ နွေဦးမိုးကြိုး သိုင်းကွက်ကို ထုတ်ဖော်၍ မိစ္ဆာမျောက်ဝံနှင့် ရင်ဆိုင်လိုက်သည်။

ဘုန်း...။

ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်စလုံး ကိုယ့်အားနှင့်ကိုယ် ပြန်ကန်ထွက်သွားကြ၏။ မိစ္ဆာမျောက်ဝံက မြေပေါ်သို့ ပြန်ကျသည်နှင့် ချက်ချင်း ထရပ်၍ ပြန်ပြေးဝင်လာပြီး ကြီးမားသည့် လက်သီးဆုပ်ကြီးများဖြင့် လေခွင်းသံ တဝှီးဝှီး ထွက်ပေါ်အောင် ထိုးနှက် တိုက်ခိုက်လိုက်သည်။ ၎င်း၏ လက်သီးချက်များကြောင့် လေထုပင် စတင် တုန်ခါလာ၏။

ချင်မူ အံ့အားသင့်သွားသည်။ မိစ္ဆာမျောက်ဝံက လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်ကိုပါ တတ်မြောက်ပြီးသွားချေပြီ။

မိစ္ဆာမျောက်ဝံမှာ လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်ကို လေ့ကျင့်မှု အားနည်းသေးသဖြင့် အသေးစိတ် အပြောင်းအလဲများကို ပိုင်နိုင်ခြင်း မရှိသေးသော်လည်း သိုင်းကွက်၏ အနှစ်သာရကိုတော့ ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။ သူ၏ ထူးကဲသော ခွန်အားနှင့် ပေါင်းစည်းလိုက်သောအခါ သူ ထုတ်ဖော် တိုက်ခိုက်လိုက်သည့် လက်တစ်ထောင်ဗုဒ္ဓသိုင်းမှာ ချင်မူ့ထက်ပင် ပို၍ စွမ်းအားကြီးသယောင် ထင်ရ၏။

မိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် သန်မာလှသည်။ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို လေ့ကျင့်ပြီးသောအခါ ၎င်း၏ ခန္ဓာကိုယ်က ပို၍ သန်မာလာ၏။ လက်သီးချက်တိုင်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ချင်မူမှာ ယမန်နေ့က သူ၏ စွမ်းအင်ကျင့်စဉ်နှင့် ခန္ဓာကိုယ်ခွန်အား သိသိသာသာ တိုးတက်လာသဖြင့် မိစ္ဆာမျောက်ဝံကို မထနိုင်အောင် ထိုးနှက် တိုက်ခိုက်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့၏။ သူ့အနေဖြင့် အသာစီး မရသည့်အပြင် ဖိအားပါ အပေးခံရသည့် အဖြစ်သို့ ဆိုက်ရောက်သွားမည်ဟု ထင်မှတ်မထားမိခဲ့ပေ။

All Chapters