← Chapters

ဒုတိယအကြိမ် နိုးထခြင်း

Vol. 2 Ch. 25

ဒုတိယအကြိမ် နိုးထခြင်း

Vol. 2 Ch. 25

လူသား တစ်ယောက်နှင့် မျောက်ဝံ တစ်ကောင်...။ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြ၏။ ချင်မူ၏ လက်နှစ်ဖက်စလုံး ထုံကျင် ကိုက်ခဲလာပြီး မိစ္ဆာမျောက်ဝံ၏ တိုက်ခိုက်မှုကို ခုခံရန် ခဲယဉ်းလာကြောင်း ရိပ်စားမိလိုက်သည်။

များစွာ မကြာလိုက်ဘဲ သူ့မျက်နှာတစ်ပြင်လုံး ညိုမည်း ရောင်ကိုင်းသွား၏။ သို့သော်လည်း မိစ္ဆာမျောက်ဝံက အသေသတ်ရန် စိတ်ကူးမရှိဘဲ ၎င်း၏ ခွန်အားကို ထိန်းချုပ်၍ ဆက်လက် တိုက်ခိုက်နေသည်။

“စား... သန်မာ...”

မိစ္ဆာမျောက်ဝံက နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်ဖော် တိုက်ခိုက်လိုက်ရာ အားလှိုင်းကိုးဆင့် ပါဝင်သော လေအဟုန် ထွက်ပေါ်လာ၏။ ထိုသိုင်းကွက်မှာ မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ တတိယသိုင်းကွက် ဖြစ်သည့် နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက် ဖြစ်သည်။ မိစ္ဆာမျောက်ဝံက အဆက်မပြတ် တိုက်ခိုက်ရင်းနှင့် ချင်မူ့ကို သူ့လို သန်မာစေရန် ပိုစားဖို့ တိုက်တွန်းနေသေး၏။

“ကောင်းကင်မျက်လုံး၊ နိုးထ...”

ချင်မူ၏ ချီစွမ်းအင်များက သူ့မျက်လုံးဆီသို့ တစ်ဟုန်ထိုး စီးဆင်းသွားပြီး ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်၏ ပထမကောင်းကင်၊ ခုနစ်စင်ကြယ်ဝင်္ကပါ အမှတ်အသားကို တည်ဆောက်လိုက်သည်။ တစ်မုဟုတ်ချင်းပင် သူ့မျက်လုံး အတွင်း၌ နောက်ထပ် သူငယ်အိမ်တစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွား၏။

ကောင်းကင်မျက်လုံး ဖွင့်ပြီးသည်နှင့် တစ်လောကလုံးရှိ အရာရာတိုင်းမှာ အလွန်တရာ ကြည်လင်လေးနက်၍ အစီအစဉ်တကျ ဖြစ်လာသကဲ့သို့ ချင်မူ ခံစားလိုက်မိသည်။ သူ့ထံသို့ တိုးဝင်လာသည့် မိစ္ဆာမျောက်ဝံ၏ လက်သီးချက်ပင် သူ့မျက်လုံးထဲ၌ အဆန်းတကြယ် ဖြစ်လာ၏။

မိစ္ဆာမျောက်ဝံ၏ လက်သီးပေါ်မှ အမွေးအမှင် တစ်ပင်ချင်းစီ လေဆန်၍ ယိမ်းနွဲ့နေသည်ကို မြင်ရရုံသာမက အရေပြားအောက်မှ ကြွက်သားများ၊ အရွတ်အကြောများ၏ လှုပ်ရှားမှုနှင့် အားလမ်းကြောင်းကိုပါ မြင်နေရသည်။

မျက်ကန်း သူ့ကို သင်ပေးခဲ့သည့် ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်က သူ မြင်တွေ့ရသည့် အရာများ၏ အစစ်အမှန်တရားကို ပြသပေး၏။ ရန်သူနှင့် သူ၏ ခွန်အားခြားနားချက်ကို သိရုံသာမက ခွန်အားထိန်းချုပ်မှု လမ်းကြောင်းကိုပါ တစ်ခါမျှ မတွေးဖူးသည့် အဆင့်ထိ သိမြင်လာသည်။

ချင်မူ၏ လက်သီးက မိစ္ဆာမျောက်ဝံ၏ လက်သီးနှင့် ထိတွေ့လိုက်သည့် တစ်ခဏတွင် သူ၏ လက်ငါးချောင်းက ရုတ်တရက် ဆန့်ထွက်ပြီး လေထုကို ထိုးခွဲ၍ လေးညှို့ကြိုးကို လွှတ်လိုက်သည့်နှယ် ဝှစ်ခနဲ မြည်သံတစ်သံ စူးစူးရှရှ ထွက်ပေါ်လာ၏။

မိုးကြိုးရှစ်ချက် လက်သီးသိုင်း၊ ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း သိုင်းကွက်...။ (ဖီဖာ - တရုတ် ကြိုးတပ်တူရိယာ တစ်မျိုး)

အဘိုးကြီးမာ၏ လက်သီးသိုင်းတွင် လက်သီးသိုင်းချည်း မဟုတ်၊ လက်ချောင်းသိုင်းလည်း ပါဝင်၏။ ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း သိုင်းကွက်က ထိပ်တန်းလက်ချောင်းသိုင်းတစ်ခု ဖြစ်သည်။ ချင်မူ၏ ပထမလက်ချောင်းက မိစ္ဆာမျောက်ဝံ၏ ကြီးမားသော လက်သီးကြီးအပေါ် ကျရောက်သွားပြီး ၎င်း၏ လက်သီးမှ အားအင်များ အကုန်လုံး ကွယ်ပျောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ချင်မူ၏ ဒုတိယလက်ချောင်း ကျရောက်လာသောအခါ မိစ္ဆာမျောက်ဝံ၏ လက်မောင်းရှိ အကွေးအဆန့် အရွတ်မှာ တဆတ်ဆတ် တုန်ခါသွားသည်။

ချင်မူ တတိယလက်ချောင်းကို တောက်ထုတ်လိုက်သည်တွင် မိစ္ဆာမျောက်ဝံ၏ လက်မောင်း ကြွက်သားများ အားလုံး ပြင်းထန်စွာ တုန်ခါ၍ တုန်လှုပ် ချောက်ချားသွား၏။

ချင်မူ၏ စတုတ္ထလက်ချောင်း ဆန့်ထွက်လာသည့်အခါ မိစ္ဆာမျောက်ဝံမှာ သူ့လက်ကို ထိန်းချုပ်၍ မရတော့ဘဲ အထက်သို့ မြောက်တက်၍ ရင်ဘတ်တစ်ခုလုံး ဟင်းလင်းပွင့်သွားသည်။

နောက်ဆုံးတွင်တော့ ချင်မူက ပဉ္စမမြောက်လက်ချောင်းကို ဤသတ္တဝါကြီး၏ ရင်ဘတ်ပေါ်သို့ တောက်ချလိုက်၏။ မိစ္ဆာမျောက်ဝံမှာ သူ့ရင်ဘတ်ကို မဟာမြို့ပျက်မှ ကျွဲရိုင်း အကောင်တစ်ရာခန့် ဝင်ဆောင့်သကဲ့သို့ ခံစားလိုက်ရပြီး နောက်ဘက်သို့ ခြေကားယား လက်ကားယား လွင့်ထွက်သွားသည်။

ချင်မူ ကြောင်ငေးငေး စိုက်ကြည့်နေမိ၏။ မျက်ကန်း သူ့ကို သင်ပေးလိုက်သည့် ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်က လွန်လွန်ကဲကဲ အစွမ်းထက်နေသည် မဟုတ်လား။

အစွမ်းထက်သည်က သူ့သိုင်းကွက်များ မဟုတ်၊ မျက်လုံးများသာ ဖြစ်၏။ ကောင်းကင် မျက်လုံးကို အသုံးပြုလိုက်သောအခါ မိစ္ဆာမျောက်ဝံ၏ အားလမ်းကြောင်းနှင့် အလှည့်အပြောင်းများကို အလွယ်တကူပင် ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ သို့ဖြစ်၍ မိစ္ဆာမျောက်ဝံ၏ လက်သီးချက်မှ ဟာကွက်ကို တွေ့ရှိခဲ့ပြီး ထိုဟာကွက် နေရာသို့ ပထမလက်ချောင်းဖြင့် တောက်ထုတ်ကာ အရှိန်အဟုန် ပြင်းပြင်း ဝင်လာသည့် လက်သီးချက်ကို ချေဖျက်နိုင်ခဲ့ခြင်း ဖြစ်၏။

ဝုန်း...။

ချင်မူ အတွေးထဲ နစ်မျောသွားသခိုက် မိစ္ဆာမျောက်ဝံက လူးလဲထလာပြီး သူ့ကို လွင့်ထွက်သွားအောင် ထိုးထည့်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်၍ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ချင်မူ့ကို အညှာအတာ ကင်းမဲ့စွာ ထိုးချတော့၏။ ချင်မူ ပြုတ်ကျရာ မြေပြင်တစ်ခုလုံး တုန်ခါပြီး တွင်းချိုင့်ကြီးတစ်ခု ဖြစ်အောင် နစ်ဝင်သွားသည်။

မိစ္ဆာမျောက်ဝံက မြေကြီးပေါ်သို့ ဘုန်းခနဲ ပြန်ကျလာပြီး တွင်းချိုင့်ထဲသို့ နောက်ထပ် လက်သီး တစ်ချက် ထိုးချလိုက်၏။ ၎င်း၏ လက်သီးချက် တွင်းချိုင့်ထဲ မရောက်မီပင် ချင်မူက သူ၏ လက်ချောင်းများဖြင့် ထပ်တောက်လိုက်သည်။

မိစ္ဆာမျောက်ဝံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ လွင့်ထွက်သွား၏။ ချင်မူက တွင်းထဲမှ ခုန်ထွက်၍ မိစ္ဆာမျောက်ဝံ မြေပေါ်ပြန်မကျမီ နောက်မှ ကပ်လိုက်သွားသည်။

​နဂါးကိုးကောင် မုန်တိုင်း...။

ဘုန်း... ဘုန်း... ဘုန်း...။ အားလှိုင်း ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မိစ္ဆာမျောက်ဝံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ကြယ်ကြွေတစ်စင်းကဲ့သို့ တရှိန်ထိုး ပြုတ်ကျ၍ လမ်းတစ်လျှောက် သစ်ပင်ကြီးများ အမြစ်မှ ကျွတ်အောင် တိုက်ချသွားသည်။

အတန်ကြာအောင် တိုက်ခိုက်ပြီးနောက် ချင်မူနှင့် မိစ္ဆာမျောက်ဝံမှာ တောင်စောင်းတွင် လဲလျောင်း၍ အသက်ကို လုရှူနေကြရ၏။ သူတို့တွင် ဆက်လက်တိုက်ခိုက်ရန် အင်အားတစ်စက်မျှ မရှိကြတော့။

ကောင်းကင်မျက်လုံးက လွန်စွာ အစွမ်းထက်သော်လည်း ချီစွမ်းအင် ကုန်ဆုံးနှုန်းက မြင့်မားလှသဖြင့် ချင်မူ၏ သိပ်သည်းများပြားသော ကျင့်စဉ်စွမ်းအင်ပင် မခံနိုင်ချေ။

အနားယူ ပြီးသွားသောအခါ မိစ္ဆာမျောက်ဝံက ထထိုင်၍ လက်မဖြင့် သူ့ကိုယ်သူ ညွှန်ပြကာ ပြောလိုက်သည်။ “ငါ... အကြီး...”

ချင်မူကလည်း ထထိုင်၍ ခေါင်းယမ်းလိုက်၏။ “ငါ... အကြီး...၊ မင်း... အငယ်...”

မိစ္ဆာမျောက်ဝံက ဒေါပွသွားပြီး လက်မောင်းကြွက်သားများကို ကွေးညှစ်လိုက်သည်။ “ငါ... သန်မာ...”

ချင်မူက ၎င်း၏ လက်ချောင်းတစ်ချောင်းကို ဆုပ်ကိုင်၍ မြေပြင်ပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ကိုင်ပေါက်ချလိုက်၏။ “ငါ... ပိုသန်မာ...”

မိစ္ဆာမျောက်ဝံက ပြန်ခုန်ထလာပြီး သူတို့နှစ်ယောက်သား ထပ်၍ တိုက်ခိုက်ကြတော့သည်။ မကြာမီပင် အားအင်ကုန်ခန်းသွားပြီး လဲလျောင်း၍ အသက်လု ရှူနေကြရပြန်၏။

ချင်မူက အားအနည်းငယ် ပြန်ပြည့်လာသောအခါ ထရပ်လိုက်သည်။ မိစ္ဆာမျောက်ဝံမှာလည်း ထရပ်၍ တောင်စောင်းထိပ်၌ ချင်မူ မိုးကြိုးရှစ်ချက် လက်သီးသိုင်း ကစားပြသည်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။

ယမန်နေ့က ချင်မူ သူ့ကို တစ်ကြိမ်တည်းသာ ကစားပြခဲ့သော်လည်း အခြေခံအကွက်များကို တတ်မြောက်သွားပြီး သိုင်းကွက်ဖြစ်အောင် ထုတ်ဖော်တိုက်ခိုက်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ချင်မူက မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို အသေးစိတ် ကစားပြပြီး စွမ်းအားအပြည့်အဝ ထုတ်ဖော်ရန် လိုအပ်သည့် လျှို့ဝှက်ချက်များကို တစ်ကွက်ချင်း ရှင်းပြလိုက်၏။

မိစ္ဆာမျောက်ဝံက သင်လွယ်တတ်လွယ်လှပြီး နာရီပေါင်းများစွာ ကြာပြီးသည့်နောက်တွင် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားသည်။ ချင်မူ ခေါင်းကျိန်းသွား၏။ သူ ယခုအတိုင်း ဆက်သင်ပေးနေလျှင် ဤသတ္တဝါကြီးကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါဦးတော့မည်လား။

“ဒီကောင်ကြီးက သိုင်းပါရမီရှင်ပဲ... ဆန်းကြယ်သားရဲတွေကပဲ ဉာဏ်ကောင်းလွန်းတာများလား... သူ့ကို စွမ်းအင်ကျင့်စဉ် သင်ပေးရင်လည်း လေ့ကျင့်နိုင်မယ်ထင်တယ်...”

ချင်မူ တစ်ခဏမျှ စဉ်းစား၍ ဖင်ထိုင်ချလိုက်ပြီး မိစ္ဆာမျောက်ဝံကို အသက်ရှူလေ့ကျင့်နည်း ပြောပြကာ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို သင်ကြားပေးလိုက်သည်။

မိစ္ဆာမျောက်ဝံက သူ့ကို အတုခိုး၍ အသက်ရှူလေ့ကျင့်ခန်း လေ့ကျင့်လိုက်၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှာ အမှန်တကယ်အားဖြင့် အရိုးရှင်းဆုံး တောက်ယင်ကျင့်စဉ်သာ ဖြစ်၍ ကျင့်စဉ်နည်းလမ်းက အလွန်တရာ ရိုးရှင်း လွယ်ကူလှသည်။ ချီစွမ်းအင်ကို လမ်းကြောင်း လှည့်လည်စေရုံသာ လို၏။

များစွာမကြာလိုက်ဘဲ မိစ္ဆာမျောက်ဝံမှာ တောက်ယင်ကျင့်စဉ်၏ အခြေခံကို ပိုင်နိုင်သွားပြီး အသက်ရှူနှုန်း စည်းချက်မှန်လာသည်။ ဤသည်က သူ၏ သဘာဝစိတ် အခြေအနေနှင့်လည်း တစ်စိတ်တစ်ပိုင်း သက်ဆိုင်၏။ သူက အသီးအရွက်စားသတ္တဝါသာ ဖြစ်သည့်အတွက် တည်ငြိမ်သော စိတ်အခြေအနေနှင့် သန့်စင်သောစိတ်ထား ရှိသည်။ သို့ဖြစ်သောကြောင့် တောက်ယင်ကျင့်စဉ်ကို ထိုမျှ အချိန်တိုအတွင်း ကျွမ်းကျင် ပိုင်နိုင်ခဲ့ခြင်း ဖြစ်၏။

“ဒီကောင်ကြီးက တကယ့်ကို သိုင်းပါရမီရှင်ပဲ...”

မိစ္ဆာမျောက်ဝံက တောက်ယင်ကျင့်စဉ် လျင်မြန်စွာ ကျွမ်းကျင် ပိုင်နိုင်သွားသည်ကို မြင်သောအခါ ချင်မူ လေးစားအားကျစွာ ရေရွတ်လိုက်မိ၏။ “ကောင်းကောင်း လေ့ကျင့်ထား... ဟေ့ကောင်ကြီး... မနက်ဖြန် ထပ်ချဖို့ လာခဲ့မယ်...” သူ့စကား ဆုံးသည်နှင့် တောင်စောင်းမှ ခုန်ချကာ ရွာဘက်သို့ ပြန်ပြေးသွားတော့သည်။

မိစ္ဆာမျောက်ဝံက သူထွက်သွားသည်ကို ငေးမောကြည့်ရှုရင်း ပြန်ထိုင်ချကာ တီးတိုး ရေရွတ်လိုက်၏။ “ကောင်လေး...”

နောက်ရက်များစွာတွင် ချင်မူက မိစ္ဆာမျောက်ဝံနှင့် နေ့တိုင်း လာရောက် လေ့ကျင့်တိုက်ခိုက်သည်။ တိုက်ခိုက်ပြီးသည့်အခါတိုင်း မိစ္ဆာမျောက်ဝံက သူ့ကို သစ်သီးများဖြင့် ဧည့်ခံ၏။ ချင်မူကလည်း ၎င်းကို စွမ်းအင်ကျင့်စဉ် မည်သို့ လေ့ကျင့်ရမည် သင်ပေးသကဲ့သို့ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကိုပင် သင်ကြားပေးခဲ့သည်။

မိစ္ဆာမျောက်ဝံမှာ မူလက လက်သီးသိုင်းတွင် ကျွမ်းကျင်သော်လည်း ခြေကွက် လှုပ်ရှားမှု၌ အားနည်း၏။ သို့သော်လည်း ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို သင်ယူပြီးသောအခါ ၎င်း၏ ခြေကွက်များက လွန်စွာ သွက်လက်ဆန်းကြယ်လာပြီး ချင်မူပင် သတိလက်လွတ် နေမိလျှင် အရေးနိမ့်သွားရသည်။

ချင်မူ၏ ခွန်အားက လျင်မြန်စွာ တိုးတက်လာ၏။ မိစ္ဆာမျောက်ဝံ၏ တိုးတက်မှုမှာလည်း ကြောက်စရာ ကောင်းလောက်အောင် မြန်လှသည်။ များစွာမကြာလိုက်ဘဲ ချီစွမ်းအင် လေ့ကျင့်မှု၌ အသေးစား အောင်မြင်မှု ရလာ၏။ ချင်မူ သူ၏ ကောင်းကင်မျက်လုံးကို အသုံးမပြုလျှင် အသာစီး မရနိုင်တော့ဘဲ အောက်စည်းမှပင် ရောက်ရောက်သွားသည်။

ချင်မူမှာ မိစ္ဆာမျောက်ဝံနှင့် တိုက်ခိုက်ပြီးနောက် ညနေပိုင်း၌ ပန်းပဲဆရာ ရွှေအ၏ အလုပ်ရုံသို့ သွား၍ ကူညီလုပ်ကိုင်ပေးကာ ရွှေအ သင်ပေးထားသည့်အတိုင်း မီးကသိုဏ်း ရှု၏။

သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ချီစွမ်းအင်က မီးလျှံများသဖွယ် တဟဲဟဲ ထနေသည်။ အရာအားလုံးက ဖြစ်ရိုးဖြစ်စဉ်အတိုင်း ရှိနေသည့်ဟန် ပေါ်သော်လည်း ရုတ်တရက် ရွှေရောင် အလင်းတန်းများက ဝိညာဉ်သန္ဓေသားထံသို့ စီးဝင်လာ၏။ သူ၏ ဝိညာဉ်သန္ဓေသားက ကောင်းကင်ရတနာအတွင်းရှိ ရွှေရောင်အလင်းပင်လယ်မှ အလင်းတန်းများကို အငမ်းမရ စုပ်ယူနေသည်။

ချင်မူမှာ မည်သို့ဖြစ်နေသည်မှန်း မသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွား၏။

ရွှေအက ချင်မူ၏ ဝိညာဉ်သန္ဓေသားအတွင်း ဖြစ်ပျက်နေသည်များကို မြင်တွေ့နိုင်ခြင်း မရှိသဖြင့် သူ့ကိုယ်တွင်းမှ အဆန်းတကြယ် ဖြစ်ရပ်ကို ရိပ်စားမိခြင်း မရှိချေ။

ချင်မူ၏ ဝိညာဉ်သန္ဓေသားက ရွှေရောင်အလင်းတန်းများကို ပို၍ ပို၍ စုပ်ယူနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ရှူသွင်းရှူထုတ်လုပ်နေခြင်းပင် ရပ်တန့်၍ ငြိမ်ကျသွား၏။

ချင်မူက သူ့ဝိညာဉ်သန္ဓေသားကို လှုပ်နှိုးရန် ကြိုးစားသော်လည်း ၎င်းမှာ မလှုပ်မယှက်သာ ရှိနေသည်။

“ငါ့ဝိညာဉ်သန္ဓေသားက သေများ သွားတာလား...”

ချင်မူ၏ ရင်ထဲ၌ မသက်မသာ ခံစားလိုက်မိ၏။ အတန်ကြာပြီးသောအခါ သူ၏ ဝိညာဉ်သန္ဓေသားက တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်၍ နိုးထလာသည်။

ချင်မူ သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး မီးကသိုဏ်းရှုခြင်း အမှုကို ပြန်လုပ်လိုက်၏။ ထိုအခိုက်၌ သူ၏ ချီစွမ်းအင်က ခြစ်ခြစ်တောက် ပူလောင်လာကြောင်း ခံစားလိုက်မိသည်။ သူ့ဝိညာဉ်သန္ဓေသား အသက်ပြန်ရှူထုတ်လိုက်သည့်အခါ ချီစွမ်းအင်မှ မီးထတောက်လာပြီး ပြန်၍ ငြိမ်းသေခြင်း မရှိဘဲ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာတစ်လျှောက် စီးဆင်းသွား၏။

ချင်မူ အလန့်တကြား ထခုန်မိပြီး မီးကသိုဏ်းရှုခြင်းကို ကမန်းကတန်း ရပ်တန့်လိုက်သည်။ သို့သော်လည်း နောက်ကျသွားပြီ ဖြစ်၏။ သူ၏ အဝတ်အစားများက အလိုအလျောက် မီးစွဲလောင်လာသည်။

ချင်မူ့ဘေးတွင် ရှိနေသော ရွှေအက ရေပုံးကို မ၍ ခေါင်းမှ လောင်းချကာ မီးငြှိမ်းသတ်ပေးလိုက်ရ၏။

ချင်မူမှာ ရေမွန်းနေသည့် ကြွတ်စုတ် တစ်ကောင်ကဲ့သို့ ရွှဲရွှဲစိုသွားသည်။

ရွှေအလည်း မှင်တက်မိနေပြီး ချင်မူ၏ အဝတ်အစားမှ မီးလောင်ရာများကို စစ်ဆေးကြည့်ရှုလိုက်၏။ ထို့နောက် ထုလက်စ သံတုံးနှင့် သံတူကို ချကာ ရွာလူကြီးထံ ပြေးသွားပြီး လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။

ရွာလူကြီးမှာ အံ့အားသင့်သွားပြီး သူ့ကို ထမ်းစင်ဖြင့် ခေါ်သွားရန် နားကန်းနှင့် ရွှေအကို စေခိုင်းလိုက်၏။ “မူအာ... နောက်တစ်ခေါက် မီးကသိုဏ်း ရှုကြည့်ပါဦး...”

ချင်မူမှာ ရွာလူကြီးက အဘယ်ကြောင့် ထိုမျှ အလေးအနက် ထားနေသည်မှန်း မသိသော်လည်း ထပ်မံ၍ မီးကသိုဏ်း ရှုလိုက်သည်။ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ ဝိညာဉ်သန္ဓေသား၏ ပတ်ပတ်လည်တွင် ချီစွမ်းအင်များ မီးစွဲလောင်၍ မီးဖိုကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။

ထို့နောက်တွင်တော့ အပူလှိုင်းတစ်ခု တရှိန်ရှိန် ထိုးတက်လာပြီး သူ့တစ်ကိုယ်လုံး တစ်မုဟုတ်ချင်း ခြစ်ခြစ်တောက် ပူလောင်သွား၏။

ရွာလူကြီး၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်လာပြီး ချင်မူ့ကို စေခိုင်းလိုက်သည်။ “မူအာ၊ မင်းရဲ့ စိတ်အာရုံကို စုစည်းထား... မယိမ်းယိုင်သွားစေနဲ့... မင်းရဲ့ လက်ဝါးကို ဓားမတစ်ချောင်းလို သဘောထားပြီး ခုတ်ချလိုက်...”

ချင်မူ၏ ခေါင်းထဲတွင် အခြားအတွေးများ မရှိဘဲ ရှေ့တူရူရှိ မီးဖိုထဲမှ မီးလျှံများကိုသာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ ထို့နောက် သူ့လက်ကို ဓားမတစ်ချောင်းသဖွယ် သဘောထား၍ ခုတ်ချလိုက်သောအခါ ချီစွမ်းအင်များ ဟုန်းခနဲ ထွက်ပေါ်လာသည်။

ဝှီး...။

သူ၏ လက်ဖဝါးက မီးလျှံဓားတစ်ချောင်း ခုတ်ပိုင်းချလာသကဲ့သို့ မီးများ စွဲလောင်လာ၏။

All Chapters