← Chapters

လက်မောင်းလုံးအထူ

Vol. 2 Ch. 26

လက်မောင်းလုံးအထူ

Vol. 2 Ch. 26

ပန်းပဲရုံအတွင်းရှိ အားလုံးသောသူများ ကြက်သေသေသွားကြသည်။

ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်၌ ဓာတ်သတ္တိ တစ်မျိုး ထွက်ပေါ်လာ၏။ ထိုဓာတ်သတ္တိက မီးဓာတ်စွမ်းအင် ဖြစ်ပြီး မီးငှက်ချီစွမ်းအင် ဖြစ်ကြောင်း ထင်ရှားသည်။

နားကန်းက ဝမ်းသာအားရ အော်ဟစ်ရန် ပြင်လိုက်သော်လည်း ရွာလူကြီးက လက်ပြ ဟန့်တားလိုက်သည်။ “နေဦး နားကန်း... မူအာ၊ အခု မင်းရဲ့ စိတ်အာရုံကို စုစည်းပြီး ရေကသိုဏ်း ရှုကြည့်စမ်း... တခြား ဘာကိုမှ မတွေးနဲ့...”

ချင်မူက ရွာလူကြီး ပြောသည့်အတိုင်း ရေကသိုဏ်း ရှုလိုက်၏။ သူ၏ ချီစွမ်းအင်များက ရေစီးကြောင်းငယ်လေး တစ်ခုအဖြစ် ပြောင်းလဲ၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ စီးဝင်လာသည်။ များစွာမကြာလိုက်ချေ။ ပန်းပဲရုံ ကျဉ်းကျဉ်းကျုတ်ကျုတ်လေးတွင် သတင်းကြား၍ ပြေးလာကြသော ရွာသူရွာသားများနှင့် ပြည့်ညှပ်သိပ်သွား၏။ အဘိုးကြီးမာ၊ ထော့ကျိုး၊ သားသတ်သမားနှင့် မျက်ကန်းတို့က ရေကသိုဏ်း ရှုနေသော ချင်မူကို အတင်း တိုးဝှေ့ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ အသက်ပင် ပြင်းပြင်းပင် မရှူရဲကြပေ။

ရွာလူကြီး၏ အသံ ထွက်ပေါ်လာ၏။ “မျက်ကန်း သင်ပေးထားတဲ့ လှံသိုင်းကို မှတ်မိလား... မင့်လက်ထဲမှာ လှံတစ်ချောင်း ကိုင်ထားတယ်လို့ မြင်ယောင်ပြီး ရှေ့ကို လှမ်းထိုးလိုက်...”

ချင်မူက သူ၏ လက်များကို ပင့်မြှောက်၍ လှံသွားကို ဝှေ့ယမ်းကာ ရှေ့သို့ လှမ်းထိုးသကဲ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုသို့ လက်ဗလာနှင့် လှံသိုင်း ကစားလိုက်သည်တွင် သူ၏ ချီစွမ်းအင်များက နှင်းခဲကဲ့သို့ ဖွေးဖွေးဖြူသည့် အငွေ့များအဖြစ် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး လှံတစ်ချောင်း ပုံသဏ္ဌာန် ဖြစ်တည်သွား၏။ တစ်ချိန်တည်းမှာပင် လှံဖျား လှုပ်ယမ်းကစားသွားသည့် လမ်းကြောင်းအတိုင်း ရေနဂါးတစ်ကောင်နှင့် တူသည့် ရေခိုးရေငွေ့များ တသွင်သွင် စီးဆင်း ထွက်ပေါ်လာသည်။

“အောင်ပြီ... အောင်ပြီ...”

အဘိုးကြီးမာက ဝမ်းသာမျက်ရည်များဖြင့် ငိုကြွေးလိုက်၏။ “နောက်ဆုံးတော့ သူ အောင်မြင်သွားပြီ... ငါတို့ ကြိုးစား အားထုတ်ခဲ့ရတာတွေက အလကား မဟုတ်တော့ဘူး... မူအာ၊ မင်း အရွယ်ရောက်ပြီ...”

သူ့ခေါင်းကို ဘေးသို့ လွှဲ၍ တစ်ဖက်တည်းသော လက်မောင်းဖြင့် မျက်ရည်များ သုတ်လိုက်သည်။

ထော့ကျိုးက သူ၏ ဖြူစင်ရိုးသားသည့် အပြုံးကို မျက်နှာထက်တွင် ဆင်မြန်း၍ တတွတ်တွတ် ရေရွတ်လိုက်၏။ “ငါတို့ချင်မူ... နောက်ဆုံးတော့ မဟာမြို့ပျက်မှာ ရှင်သန်နိုင်ပြီ... သောက်အဘိုးကြီးမာ၊ မင့်မျက်ရည်တွေ သုတ်တာ မရပ်နိုင်သေးဘူးလား... ငါပါ ငိုချင်လာပြီကွ... အဘွားကြီးစစ် နယ်စပ်နဂါးမြို့ကို ရောက်နေလို့... မဟုတ်ရင် သူ့ငိုသံ အကျယ်ဆုံးနေမှာ...”

“ဘာငိုစရာ ရှိလို့လဲ...”

ဆေးဆရာ၏ မျက်လုံးများက နီရဲနေပြီး ပြုံးလိုက်သည်။ “ငါတို့ ပြုံးသင့်တာလေ... နောင်တစ်ချိန် ငါတို့ သေသွားအခါ ချင်မူ သူ့ဖာသာ အသက်ဆက် ရှင်နိုင်တော့မယ်... ဒါ သိပ်ကောင်းတဲ့ ကိစ္စပဲ... ငါတို့ ဝမ်းသာအားရ ရယ်သင့်တဲ့ ကိစ္စ...”

“ဟုတ်တယ်... မင်း ပြောတာ သိပ်ကို မှန်တယ်...”

နားကန်းက အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။ “ဆေးဆရာ၊ မင်းကို ငါ တစ်ခါမှ အထင်မကြီးခဲ့ဖူးပေမဲ့ ဒီစကား တစ်ခွန်းနဲ့တင် အတော် သဘောကျသွားပြီ...”

ကမ္ဘာမြေတစ်ပြင်လုံး တုန်ဟီးသွားနိုင်လောက်သည့် ရယ်မောသံများက ပန်းပဲရုံသေးသေးလေးမှ ကောင်းကင်ယံထိ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ဝမ်းသာရွှင်မြူးနေသည့် အဘိုးကြီးအိုများကို ကြည့်၍ ချင်မူ့တစ်ကိုယ်လုံး နွေးထွေးသည့် ခံစားချက်တစ်ခု ပျံ့နှံ့ဖုံးလွှမ်းသွား၏။

ဤသူများအားလုံးမှာ ဒုက္ခတဖြစ်ပြီး တစ်နည်းနည်းတစ်ဖုံဖုံ ရုပ်ဆင်းအင်္ဂါ ချို့တဲ့မှုကြောင့် မကောင်းဆိုးဝါးအသွင် ပေါက်နေသော်လည်း သူ၏ မိသားစုဝင်၊ သူ၏ အရင်းနှီးဆုံး ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။

ရုတ်တရက် အဘွားစစ်၏ အသံက အပြင်ဘက်မှ ရယ်ရယ်မောမောနှင့် ထွက်ပေါ်လာ၏။ “နင်တို့ အဘိုးကြီးတွေ အဲထဲမှာ ကျပ်သိပ် တိုးဝှေ့ပြီး ဘာတွေ ရယ်စရာ တွေ့နေတာတုံး...”

ချင်မူ အံ့ဩ ဝမ်းသာသွားသည်။ အဘွားစစ် နယ်စပ်နဂါးမြို့မှ ပြန်ရောက်လာချေပြီ။

ထို့နောက်တွင် ထော့ကျိုးက ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ပြန်ပြောင်း ပြောပြလိုက်သည်။ အဘွားစစ်မှာ အံ့ဩတုန်လှုပ်သွား၏။ သူ၏ မျက်လုံးများ နီရဲလာပြီး ပြုံးလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်... နောက်ဆုံးတော့ မူအာ... အရွယ်ရောက်လာပြီပေါ့... သိပ်ကောင်းတယ်...”

လွန်ခဲ့သည့် ဆယ့်တစ်နှစ်လုံး ပင်ပန်းဆင်းရဲခဲ့ရသည်များကို ပြန်တွေးမိပြီး မျက်ရည်များ ဖြိုင်ဖြိုင်ကျလာ၏။ အဘွားကြီးအိုလေးမှာ နေရာတွင်ပင် ထိုင်ချပြီး မျက်ရည်များ သုတ်လိုက်သည်။ “နောင်တစ်ချိန် ကျုပ်တို့ သေခဲ့ရင်တောင် မူအာ အသက်ဆက်ရှင်နိုင်ပြီ... ကျုပ်ကို မထိနဲ့၊ ဘာမှ မဖြစ်ဘူး... မျက်လုံးထဲ ဖုန်ဝင်သွားတာ...”

ရွာလူကြီးသည်လည်း တိတ်တခိုး သက်ပြင်းချလိုက်မိ၏။ သူ့ခေါင်းပေါ်တွင် အမြဲ အုပ်မိုးနေခဲ့သည့် တိမ်မြူမည်းတို့မှာ ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်၌ ဓာတ်သတ္တိများ ပေါ်ထွက်လာမှုနှင့်အတူ တစ်စမကျန် ပျောက်ကွယ်သွားချေပြီ။ ယခု ချင်မူက သူ့ချီစွမ်းအင်၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်ပြီ ဖြစ်ပြီး လောကသခင်ခန္ဓာ စစ်မှန်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် အရေးကိစ္စကြီးတစ်ခု အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားသည်။

သို့သော်လည်း သူ၏ ထူးချွန်ထက်မြက်သည့် စွမ်းရည်နှင့်ပင် ဝေခွဲမရ ဖြစ်မိ၏။ ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်၌ ဓာတ်သတ္တိများ အဘယ်သို့ ရုတ်တရက် ပေါ်ထွက်လာရသနည်း။

ထို့ပြင် ထူးဆန်းသည်မှာ ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်၌ မီးနှင့်ရေ ဓာတ်သတ္တိနှစ်မျိုး ရှိနေသည်။

ဝိညာဉ်ခန္ဓာကိုယ်များတွင် ဓာတ်သတ္တိ တစ်မျိုးသာ ရှိပြီး နှစ်မျိုး မရှိနိုင်ပေ။

ချင်မူက သာမန်လူတစ်ယောက်သာ ဖြစ်ပြီး ဓာတ်သတ္တိ နှစ်မျိုးကို ပိုင်ဆိုင်ထား၏။ ထို့ပြင် ထိုဓာတ်သတ္တိနှစ်မျိုးက အတူယှဉ်တွဲ ရှိမနေနိုင်သည့် မီးဓာတ်နှင့် ရေဓာတ် ဖြစ်သဖြင့် ထူးဆန်းနေသည်။

“သာမန်လူတစ်ယောက် ဝိညာဉ်သန္ဓေသား နိုးထလာရင် ဝိညာဉ်ခန္ဓာ နှစ်မျိုး ရှိကြတာလား...”

သူ စိတ်ရှုပ်ထွေးသွားမိ၏။ “သူ့ ချီစွမ်းအင်မှာ မီးဓာတ်ရော၊ ရေဓာတ်ပါ ရအောင် ရွှေအက ဘာတွေ သင်ပေးလိုက်တာလဲ... တခြား သာမန်သေမျိုးခန္ဓာနဲ့ လူတွေရော သူ့လို လုပ်နိုင်မှာလား...”

ဤရက်များ၌ ရွာသူရွာသားများအားလုံးက ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်ကို အပြည့်အဝ ထုတ်သုံးနိုင်စေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားနေကြကြောင်း သူ သိသည်။ ဆေးဆရာက ဆေးဝါး အထောက်အပံ့များကို အသုံးပြု၏။ ထော့ကျိုး၊ သားသတ်သမားနှင့် အဘိုးကြီးမာက အားသွန်ခွန်စိုက် လေ့ကျင့်ပေး၏။ မျက်ကန်းက သူ၏ နတ်ဘုရားမျက်လုံး ကျင့်စဉ်ကို သင်ပေးရန် တစ်ချက် မတွန့်ခဲ့။ နားကန်းက ချင်မူ့ကို ပန်းချီနှင့် စာလုံးလှပညာမှတစ်ဆင့် တာအိုဉာဏ်အလင်း ပွင့်စေချင်ခဲ့၏။ သို့သော်လည်း ရွှေအက မည်သည့် နည်းလမ်းကို အသုံးပြုခဲ့မှန်း သူ စဉ်းစားမရချေ။

ချင်မူ့ လောကသခင်ခန္ဓာ ချီစွမ်းအင်၏ စွမ်းအားကို ရွှေအက နှိုးဆွ ထုတ်ဖော်နိုင်မည်ဟု မျှော်လင့်မထားမိခဲ့။

ရွှေအက ချင်မူ့ကို မီးကသိုဏ်း၊ ရေကသိုဏ်း ရှုရန် ညွှန်ကြားခဲ့သည်ကိုသာ သူ သိ၏။ မီးကသိုဏ်း၊ ရေကသိုဏ်း ရှုရုံမျှဖြင့် ချင်မူ၏ ချီစွမ်းအင်တွင် ဓာတ်သတ္တိ ရရှိခဲ့ရသည့် အကြောင်းရင်းမှာ သူ့အတွက် လျှို့ဝှက်ဆန်းကြယ် ဖြစ်နေဆဲပင် ရှိသည်။

ရွှေအက သူ၏ စွမ်းရည်ပါရမီကို တစ်ခါမျှ ထုတ်ပြခဲ့ဖူးခြင်း မရှိသည့် ပန်းပဲသမားတစ်ယောက် ဖြစ်၏။ ပေါ့ပြက်ပြက် ပေါက်ကရ အလုပ်ဆုံးမှာ မျက်ကန်း ဖြစ်သည်။ သားသတ်သမားက ကြမ်းကြမ်းတမ်းတမ်း အနိုင်ဆုံး ဖြစ်ပြီး အကူညီတတ်ဆုံးမှာ အေးစက်စက် မျက်နှာထား ရှိသည့် အဘိုးကြီးမာ ဖြစ်၏။ ထော့ကျိုးက စိတ်အားအထက်သန်ဆုံး ဖြစ်သည့်ပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ပရိယာယ်ဉာဏ်အများဆုံး ဖြစ်သည်။ သာမန်လူနှင့် အတူဆုံးက ဆေးဆရာ ဖြစ်ပြီး လိုအင်ဆန္ဒ မရှိ​ဆုံးမှာ နားကန်းဖြစ်၏။ ခါးကုန်းအဘွားကြီးစစ်ကတော့ သွေးဆူအလွယ်ဆုံး ဖြစ်ပြီး ရွှေအမှာ စကားအနည်းဆုံး ဖြစ်သည်။

ရွှေအနှင့် ပတ်သက်၍ ရွာလူကြီး များစွာသိထားခြင်း မရှိပေ။ ရွှေအက ပန်းပဲအတတ်၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး သူ့လျှာကို တစ်စုံတစ်ယောက်က ဖြတ်ယူသွားခဲ့သည် ဟူ၍သာ သိထား၏။ အနီးအနားရွာများက ရွှေအထံ လာရောက်၍ မီးဖိုချောင်သုံး ဓားများ၊ ထယ်သွားများနှင့် ပေါက်ပြားများ သွန်းလုပ်ခိုင်းလေ့ ရှိကြသည်။

ချင်မူ၏ ချီစွမ်းအင် စွမ်းအားအပြည့်အဝ ထွက်ပေါ်လာအောင် ကူညီလမ်းညွှန်ပေးနိုင်သည်ကို ထောက်ရှုပါက ရွှေအ၏ စွမ်းအင်ကျင့်စဉ်နှင့် ထိုးထွင်းသိမြင်နိုင်စွမ်းမှာ သူကလွဲလျှင် ရွာထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ကြောင်း ထင်ရှား၏။

“မူအာ၊ အခု မင်းရဲ့ ချီစွမ်းအင်ကို ကြိုးမျှင်လို အသွင်ဖွဲ့နိုင်ပြီလား...” အဘွားစစ်က မျှော်လင့်တကြီး မေးလိုက်သည်။

ချင်မူက သူ၏ ချီစွမ်းအင်ကို  ကြိုးမျှင်ကဲ့သို့ ပုံသွင်းရန် ကြိုးစားလိုက်၏။ ထိုတစ်ခဏ၌ သူ၏ ခန္ဓာကိုယ်မှ လက်မောင်းလုံးခန့်ရှိသော ချီစွမ်းအင်က မီးလျှံများ တညီးညီး တောက်လောင်လျက် ထွက်ပေါ်လာသည်။

ကြီးမားတုတ်ခိုင်သော ချီစွမ်းအင်ကြိုးမျှင်က ဝက်ခုတ်ဓားကို ရစ်ပတ်ဆွဲယူပြီး ရှေ့သို့ လှမ်းခုတ်ချလိုက်၏။ ရေဇလုံတစ်လုံးခန့် လုံးပတ်ရှိသော သစ်သားထောက်တိုင်ကြီးမှာ ဗြန်းခနဲ ကွဲထွက်သွားသည်။

အားလုံးသော ရွာသူရွာသားများမှာ လက်မောင်းလုံးခန့် ရှိသော ချီစွမ်းအင်ကြိုးမျှင်ကို ကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ချင်မူ၏ ချီစွမ်းအင်ကြိုးမျှင်က အားကောင်းသည် မှန်သော်လည်း ချီစွမ်းအင်ကို ကြိုးမျှင်ကဲ့သို့ ပုံသွင်းရာတွင် သေးသေးမျှင်မျှင်ဖြစ်အောင် ပုံသွင်းရန် လိုအပ်၏။ သို့မှသာ ဓားပျံ ထိန်းချုပ်ရာ၌ ပိုမို ပျော့ပျောင်းပြီး မှန်းဆရခက်ကာ ပုံမှန်အားဖြင့် ထုတ်မသုံးနိုင်သော သိုင်းကွက်များကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ချင်မူ၏ ချီကြိုးမျှင်က ကြိုးမျှင်အဖြစ် မသတ်မှတ်နိုင်ချေ။ ချီစွမ်းအင်လက်မောင်းဟု ခေါ်လျှင် ပို၍ သင့်လျော်မည် ဖြစ်သည်။

ထိုမျှ တုတ်ခိုင်သော ချီစွမ်းအင်ကြိုးမျှင်မှာ စွမ်းအင်ကုန်ခန်းမှုလည်း အလွန်တရာ မြန်ဆန်ပေလိမ့်မည်။

ထော့ကျိုးက ခေါင်းကုတ်လိုက်၏။ “ချီစွမ်းအင်လက်မောင်း ရှိတာလည်း ဆိုးတော့ မဆိုးပါဘူး... လက်အပိုတစ်ချောင်း ပါတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... တိုက်ပွဲမှာ တော်တော် အသုံးဝင်မှာပါ...”

အားလုံးမှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ အဘွားစစ်က ခေါင်းခါယမ်းလိုက်၏။ “ချီစွမ်းအင်ကြိုးမျှင်က ပိုပြီး ညင်သာပျော့ပျောင်းတာပေါ့... ဒီချီစွမ်းအင်လက်မောင်းက တုတ်ခိုင်လွန်းတယ်... လိုသလို ကွေးညွှတ်နိုင်တာနဲ့ ပေါ့ပါးသွက်လက်တဲ့ အပိုင်းမှာ ချီစွမ်းအင် ကြိုးမျှင်အောက် အများကြီး နိမ့်ကျတယ်... မူအာ၊ ချီစွမ်းအင်ကို ကြိုးမျှင်လို ဖြစ်အောင် တတ်နိုင်သမျှ မြန်မြန် ပုံသွင်းရမယ် ကြားလား...”

ချင်မူ ခေါင်းညိတ်လိုက်သည်။

မီးကသိုဏ်း ရှုသောအခါမှ သူ့ချီစွမ်းအင်တွင် မီးဓာတ်ပေါ်ထွက်၍ မီးငှက်ချီကဲ့သို့ ဖြစ်လာ၏။ မီးကသိုဏ်း မရှုလျှင် သူ၏ ချီစွမ်းအင်က ရိုးရိုး ချီစွမ်းအင်သာ ဖြစ်သည်။

ချီစွမ်းအင်ကို ကြိုးမျှင်ပုံသွင်းရင်း မီးကသိုဏ်း ရှုရန်မှာ သူ့အတွက် ခက်ခဲလှ၏။

ရွာလူကြီးနှင့် ကျန်သူများမှာလည်း တစ်ခုခု လွဲချော်နေသည်ကို ရိပ်စားမိပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။ ချင်မူက မီးကသိုဏ်း၊ ရေကသိုဏ်း ရှုပြီးမှ မီးဓာတ်၊ ရေဓာတ်ကို ထုတ်ဖော် အသုံးပြုနိုင်သည် ဆိုလျှင် တိုက်ပွဲအလယ်၌ အတော်အဆင်မပြေ ဖြစ်ချေလိမ့်မည်။

တိုက်ပွဲတိုက်နေရင်း တန်းလန်းတွင် မည်သည့်ရန်သူကများ တစ်ဘက်လူကို မီးကသိုဏ်း၊ ရေကသိုဏ်းရှုခွင့် ပြုလိမ့်မည်နည်း။

အစတွင် ချင်မူ၏ လောကသခင်ခန္ဓာကိုယ်၌ မီးဓာတ်၊ ရေဓာတ် နှစ်မျိုးစလုံး ရှိနိုင်သည့်အတွက် အလွန်တရာ စွမ်းအားကြီးမားလှသည်ဟု ခံစားမိခဲ့ကြ၏။ ယခုတော့ ထိုအတွေးက မရေရာတော့ချေ။

“အ... အ...”

ရွှေအက တောက်ပစွာ ပြုံး၍ လက်ဟန်ခြေဟန်ဖြင့် ဝင်ပြောလိုက်သည်။

နားကန်းက ဆိုလိုရင်းကို နားလည်ပြီး ပြုံးလိုက်၏။ “ရွှေအပြောတာ မှန်တယ်... မူအာက အခုမှ အခြေခံလောက် သဘောပေါက်ဦးမှာ... လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်း ကျွမ်းကျင်လာမှာပေါ့...”

မီးဓာတ်နှင့် ရေဓာတ် နှစ်မျိုးစလုံး ပိုင်ဆိုင်ထားခြင်းက လိပ်နက်ဝိညာဉ်ခန္ဓာနှင့် မီးငှက်ဝိညာဉ်ခန္ဓာ နှစ်ခုလုံး နိုးထလာသည်နှင့် အတူတူပင် ဖြစ်၏။ ချင်မူ မီးကသိုဏ်း ရှုသောအခါ မီးငှက်ဝိညာဉ်ခန္ဓာ ဖြစ်လာပြီး ရေကသိုဏ်း ရှုသောအခါ လိပ်နက်ဝိညာဉ်ခန္ဓာ ဖြစ်လာသည်။

ရွာအလယ်တွင်တော့ ချင်မူက သူ၏ ချီစွမ်းအင်လက်မောင်းကို ထိန်းချုပ်၍ ဝက်ခုတ်ဓားသိုင်းကို ကစားနေ၏။ ဝက်ခုတ်ဓားမက လေထဲတွင် ဝဲပျံနေပြီး တစ်ခါတစ်ခါတွင် ချင်မူကို နှစ်ခြမ်း ခွဲပစ်တော့မည်ကဲ့သို့ ဖြစ်ဖြစ်သွားသည်။ ထိုသို့ အန္တရာယ်ကြုံသည့် အခါတိုင်း မျက်ကန်းက သူ၏ ဝါးတောင်ဝှေးဖြင့် ဝက်ခုတ်ဓားကို ခတ်ခတ်ထုတ်သဖြင့်သာ ချင်မူမှာ အသက်နှင့်ကိုယ် အိုးစားကွဲမည့် အဖြစ်မှ လွတ်ကင်းနေခြင်း ဖြစ်၏။

ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့၍ ဓားပျံထိန်းချုပ်ရန်မှာ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ရန် လိုသည်။ ချီစွမ်းအင်ကြိုးမျှင်ဖြင့် ဓားပျံထိန်းချုပ်၍ ရန်သူကို သတ်ဖြတ်ရန်မှာ အလွန်တရာ အန္တရာယ်များလှပြီး အပတ်တကုပ် ကြိုးစား အားထုတ်သူတို့သာ အဆင်ပြေ ချောမွေ့စွာ ထိန်းချုပ်နိုင်ကြ၏။

သားသတ်သမား၏ ဝက်ခုတ်ဓားမက သိုင်းကွက်အသားပေးလမ်းစဉ်မှ ဖြစ်သည်။ သားသတ်သမားက ကောင်းကင်နတ်သိုင်းအဆင့် ရောက်ပြီး သူ၏ ဝက်ခုတ်ဓားမကို လက်ဖြင့် မကိုင်ဘဲ ထိန်းချုပ် အသုံးပြုနိုင်သော်လည်း သိုင်းကွက်အသားပေးလမ်းစဉ်နှင့် ဓားပျံလမ်းစဉ်က ကွာခြားချက် ကြီးမားလွန်းလှ၏။ ဝက်ခုတ်ဓားသိုင်းကို အသုံးပြု၍ ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်ခြင်းကို လေ့ကျင့်ရန်မှာ အလွန်တရာ အန္တရာယ် များလှသည်။

အဘိုးကြီးမာ သင်ပေးသည့် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကွက်မှာလည်း သိုင်းကွက်အသားပေးလမ်းစဉ် သက်သက်သာ ဖြစ်ပြီး ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်နိုင်မည့် နည်းလမ်း တစ်စိုးတစ်စိမျှ မပါရှိပေ။

အဘွားစစ် သင်ပေးသည့် ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာမှာ မှော်အစီအရင်အမျိုးအစား ဖြစ်သည်။ ထော့ကျိုး၏ ခြေသိုင်း၊ မျက်ကန်း၏ တောင်ဝှေးသိုင်း၊ နားကန်း၏ ပန်းချီနှင့်စာလုံးလှ၊ ဆေးဆရာ၏ ဆေးဖော်နည်းနှင့် ရွှေအ၏ ပန်းပဲပညာတို့မှာလည်း ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်မှုကို လေ့ကျင့်ရန် မည်သို့မျှ အထောက်အကူ မပြုကြောင်း ထင်ရှား၏။

သို့ဖြစ်ရာ ချင်မူ့အနေဖြင့် အန္တရာယ်များလှသော ဝက်ခုတ်ဓားသိုင်းကိုသာ လေ့ကျင့်ရတော့သည်။

ရွာအဝင်ဝတွင်...။ ရွာလူကြီးက နေဆာလှုံနေ၏။ ဆေးဆရာက သူ့ဘေးတွင် ရပ်၍ ချင်မူ ချီစွမ်းအင်ဖြင့် ဝက်ခုတ်ဓားမကို ထိန်းချုပ်ရန် အသည်းအသန် ကြိုးစားနေသည်ကို လှည့်ကြည့်ရင်း ရုတ်တရက် ပြောလိုက်၏။ “မျက်ကန်းက မူအာ့ကို သူရဲ့ နတ်ဘုရားမျက်လုံး သင်ပေးခဲ့သလို သားသတ်သမားကလည်း သူ့ဝက်ခုတ်ဓားမသိုင်း သင်ပေးတယ်... ထော့ကျိုးက ခြေသိုင်း၊ နားကန်းက လက်ရေးလှနဲ့ပန်းချီ... အခု ခင်ဗျားကရော၊ ရွာလူကြီး...”

ရွာလူကြီးက သူ့ကို လှည့်ကြည့်လိုက်သည်။

ဆေးဆရာ၏ လေသံက ဒေါသသံ စွက်နေ၏။ “ကျုပ်တို့ ကျွမ်းကျင်တာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး... ဒါပေမဲ့ ကျုပ်တို့အားလုံးက ချီစွမ်းအင်နဲ့ ဓားပျံထိန်းချုပ်တဲ့ နေရာမှာ သူငယ်နှပ်စားတွေပဲ... ခင်ဗျားက ကျုပ်တို့ အားလုံးထက် အတွေ့အကြုံလည်း များတယ်၊ စွမ်းရည်လည်း သာတယ်... ဘာလို့ မူအာ့ကို မသင်ပေးချင်ရတာလဲ... ချီစွမ်းအင်နဲ့ ဓားပျံထိန်းချုပ်တဲ့ နေရာမှာ ကျုပ် မေးချင်တာ… ဒီတစ်လောကလုံး ဘယ်သူ့ ဓားသိုင်းကများ ခင်ဗျားထက် သာလို့လဲ...”

ရွာလူကြီး၏ မျက်နှာက ညှို့မှိုင်းသွားပြီး  သူ၏ မရှိတော့သော ခြေလက်များကို ငုံ့ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ သင်ပေးချင်ပါတယ်... ဒါပေမဲ့ နောက်ဆက်တွဲ ကပ်ပါလာမဲ့ တာဝန်ဝတ္တရားက မူအာ့အတွက် ကြီးလွန်းတယ်... ငါ ခြေလက်တွေ ရှိခဲ့တုန်းကတောင် အဲဒီ တာဝန်ဝတ္တရားကို ကောင်းကောင်း မကျေပွန်နိုင်ခဲ့တာ... မဟုတ်ရင် ငါ ဘာလို့ မဟာမြို့ပျက်မှာ ပုန်းအောင်းနေဖို့ လိုမှာလဲ... ငါ့ ခြေလက်တွေ ဘာလို့ ပြတ်ခဲ့ရလဲ မင်း သိလား...”

ဆေးဆရာက ခေါင်းခါယမ်းလိုက်၏။

“ဒါ ဓားဒဏ်ရာတွေပဲ...”

ရွာလူကြီးက ခေါင်းမော့ပြီး ငေးငေးငိုင်ငိုင်ဖြင့် ပြောလိုက်သည်။ “ငါ့ ခြေလက်တွေက ဓားတစ်လက်နဲ့ ခုတ်ဖြတ်ခံခဲ့ရတာ... ငါ့ရဲ့ ဓားပညာကို အမွေဆက်ခံတဲ့သူ၊ ဘယ်သူမဆို ငါ မထမ်းဆောင်နိုင်ခဲ့တဲ့ တာဝန်ဝတ္တရားကို ဆက်ခံရလိမ့်မယ်... ငါတောင် မထမ်းဆောင်နိုင်ခဲ့တာ၊ လက်ရှိ သူ့အနေအထားနဲ့ ပြောစရာ မရှိဘူး...”

All Chapters