← Chapters

ဝိညာဉ်သန္ဓေသားကျင့်စဉ်

Vol. 2 Ch. 27

ဝိညာဉ်သန္ဓေသားကျင့်စဉ်

Vol. 2 Ch. 27

​ဝုန်း...။

ဒုက္ခိတဘိုးဘွားကျေးရွာ၏ အပြင်ဘက် တောအုပ်ထဲ၌...။ ချင်မူက လက်ဝါးရိုက်ချက် တစ်ချက်ကို ရိုက်ထုတ်လိုက်ရာ သူ့လက်မှ ချီစွမ်းအင်များ တစ်ရှိန်ထိုး ထွက်ပေါ်လာပြီး မီးနဂါးတစ်ကောင်ကဲ့သို့ ရစ်ခွေသွားသည်။ ရှေ့တူရူမှ လေထုမှာ မီးစွဲလောင်သည့်နှယ် တစ်မုဟုတ်ချင်း သွေ့ခြောက်သွား၏။

​သူ့ခြေလှမ်းများက လျင်မြန်စွာ ရွေ့လျားနေပြီး အဆက်မပြတ် ထိုးနှက် တိုက်ခိုက်လိုက်သည်။ လေထုက ပို၍ ပို၍ သွေ့ခြောက်ပူပြင်းလာပြီး အဝါရောင် သဲကန္တာရ ပြင်ကျယ်ကြီးထဲ၌ ခြစ်ခြစ်တောက် ပူပြင်းသည့် နေဆယ်စင်း ထွက်လာသကဲ့သို့ ရှိ၏။

သူအသုံးပြုလိုက်သည်က အဘိုးကြီးမာ၏ လက်သီးသိုင်းဖြစ်သည့် မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စတုတ္ထသိုင်းကွက်၊ ခွားဖူ နေမင်းလိုက် သိုင်းကွက် ဖြစ်၏။ (ခွားဖူဆိုတာ တရုတ် ဒဏ္ဍာရီမှာ နေမင်းကြီးနောက် ပြေးလိုက်ရင်း သေဆုံးခဲ့တဲ့ ဘီလူးကြီးရဲ့ နာမည်ပါ)

ရုတ်တရက် ချင်မူ၏ ခြေလှမ်းများက ဒယိမ်းဒယိုင်နှင့် ပြောင်းလဲ၍ သူ့သိုင်းကွက်ကလည်း ပြောင်းသွားသည်။ သူ၏ လှုပ်ရှားမှုများက ပင်လယ်အတွင်းသို့ အရှိန်အဟုန်ပြင်းပြင်း စီးဝင်နေသည့် မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်လာ၏။ သူ၏ ချီစွမ်းအင်က မီးဓာတ်မှ ရေဓာတ်သို့ ပြောင်းသွားသည်။ သူ့လက်တွင် ရေငွေ့များဖြင့် ဖွဲ့တည်လာသည့် ရေနဂါးတစ်ကောင် ရစ်ပတ်နေပြီး သူ၏ လှုပ်ရှားမှုကလည်း ပင်လယ်လှိုင်းများ စီးမျောနေသည့်နှယ် ရေလှိုင်းခတ်သံများ ထွက်ပေါ်လာ၏။

သူ့လှုပ်ရှားမှုက ထပ်၍ ပြောင်းလဲသွားပြီး လက်နှစ်ဖက်ဖြင့် လေထုအတွင်းသို့ ဆုပ်ကိုင်လိုက်သည်တွင် ပင်လယ်နှင့် မြစ်ပြင်ကို မှောက်ခုံလုပ်ပစ်မည့် နဂါးတစ်ကောင်ကဲ့သို့ ရေငွေ့လှံတံတစ်ချောင်း ပေါ်ထွက်လာ၏။

ဤရက်များအတွင်း၌ ရွာထဲတွင်သာနေ၍ ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်ခြင်းကို လေ့ကျင့်ပြီး သူ့ချီစွမ်းအင် တိုးတက်လာအောင် အာရုံစိုက်ခဲ့သည်။ သို့သော်လည်း သူ့ချီစွမ်းအင်ကို မီးဓာတ် ရစေရန် အရင်ဆုံး မီးကသိုဏ်း ရှုပြီးမှသာ ဓားပျံထိန်းချုပ်မှုကို လေ့ကျင့်ရ၏။

လေ့ကျင့်ရင်း လေ့ကျင့်ရင်းနှင့် မီးကသိုဏ်း ရှုရန် လိုအပ်သည့် ကြာချိန်မှာ တိုသည်ထက် တိုလာသည်။ ယခုအခါတွင် သူ့အနေဖြင့် မီးဖိုသို့ သွား၍ မီးကသိုဏ်းရှုရန် မလိုတော့ဘဲ စိတ်ကူးအာရုံထဲ၌ မီးဖိုမှ မီးတောက်မီးလျှံများကို မြင်ယောင်လိုက်သည်နှင့် သူ့ချီစွမ်းအင်မှာ အလိုလို ပူလောင်လာ၏။

သို့သော်လည်း သားသတ်သမား၏ ဝက်ခုတ်ဓားသိုင်းက သိုင်းကွက်အသားပေးပညာရပ် ဖြစ်သည့်အတွက် ချင်မူ့အနေဖြင့် ဝက်ခုတ်ဓားသိုင်းကို အသုံးပြု၍ ဓားပျံထိန်းချုပ်မှုကို လေ့ကျင့်ရာတွင် များစွာ အောင်မြင်မှု မရခဲ့ချေ။

အခြားတစ်ဘက်တွင်တော့ အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်းနှင့် မျက်ကန်း၏ လှံသိုင်းတို့က အကြီးအကျယ် အကျိုးဖြစ်ထွန်းပြီး တိုးတက်မှုများစွာ ရခဲ့သည်။

ယနေ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စတုတ္ထသိုင်းကွက် ဖြစ်သည့် ခွားဖူနေမင်းလိုက် သိုင်းကွက်ကို ထုတ်သုံးလိုက်သောအခါ သူက တစ်ဟုန်ထိုး ပြေးလွှားနေသည့် ဘီလူးကြီး တစ်ကောင်သဖွယ် ဖြစ်လာပြီး သူ့လက်ဖဝါးမှ တုန်ခါမှုကြောင့် လေထုတစ်ခုလုံး တဝုန်းဝုန်း ပေါက်ကွဲနေ၏။ ဤသည်က သူ့ချီစွမ်းအင်၏ စွမ်းပကား ဖြစ်သည်။

ဟုတ်၏။ မီးငှက်ချီ၏ မီးဓာတ်က အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိ။ အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်းအတွက် အသင့်လျော်ဆုံးမှာ နဂါးစိမ်းချီစွမ်းအင်သာ ဖြစ်သည်။

၎င်းနှင့် ယှဉ်လျှင် လိပ်နက်ချီ၏ ရေဓာတ်က မျက်ကန်း၏ လှံသိုင်းကို အဆီးအတားမရှိ ထုတ်ဖော်နိုင်၏။

အတန်ကြာပြီးသောအခါ ချင်မူ သိုင်းကစားနေခြင်းကို ရပ်တန့်ပြီး စွမ်းအင်ဆေးလုံး နှစ်လုံးကို မျိုချ၍ ကုန်ဆုံးသွားသော ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။ ထို့နောက် သူ၏ ချီစွမ်းအင်ကို အသုံးပြုရာ၌ လိုအပ်ချက်များကို ဆင်ခြင်သုံးသပ်ကြည့်လိုက်၏။

အစက စွမ်းအင်ဆေးလုံး တစ်လုံးနှင့်ပင် ချီစွမ်းအင်များ လျှံတက်လာမှုကြောင့် သူ စိတ်ဖောက်ပြန်မလို ဖြစ်ခဲ့ရသည်။ သို့သော်လည်း ဝိညာဉ်သန္ဓေသား နိုးထလာပြီးသည့်အခါ စွမ်းအင်ဆေးလုံး နှစ်လုံး စားလျှင်ပင် မခံမရပ်နိုင် ဖြစ်ရသည်မှအပ များစွာ အခက်ကြုံရခြင်း မရှိတော့ချေ။

“မိစ္ဆာမျောက်ဝံရော ဒီလို စွမ်းအင်ဆေးလုံးတွေ စားလို့ရလား မသိဘူး... ဒီဆေးကတော့ စားလို့ ရမှာ မဟုတ်ဘူး... ဘိုးဘိုးဆေးဆရာ ပြောတာ ဒီစွမ်းအင်ဆေးလုံးက ဓာတ်စွမ်းအင် လေးမျိုးပါတယ်... လောကသခင်ခန္ဓာ မဟုတ်ရင် စားမိတဲ့သူ အဆိပ်ဖြစ်မှာတဲ့... တစ်ရက်ရက်မှ မိစ္ဆာမျောက်ဝံအတွက် စွမ်းအင်ဆေး တစ်အိုးလောက် ဖော်ပေးဦးမယ်...”

ချင်မူမှာ သူနှင့် ယှဉ်ပြိုင်သတ်ပုတ်ဖက် ဖြစ်သည့် သတ္တဝါကြီးကို သတိရသွားပြီး ရင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဤရက်များအတွင်း မိစ္ဆာမျောက်ဝံထံ မရောက်ဖြစ်သဖြင့် ထိုဆန်းကြယ်သားရဲကြီးက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို မည်မျှအဆင့်ထိ လေ့ကျင့်နိုင်ပြီ မသိချေ။

သူ ထရပ်ပြီး မိစ္ဆာမျောက်ဝံနေသည့် တောဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်၏။ သူက ဆယ်ကျော်သက်ကလေး တစ်ယောက်သာ ဖြစ်ပြီး ရွာထဲမှ လူကြီးများမှ လွဲ၍ ပေါင်းဖော်စရာမရှိသူတစ်ယောက် မဟုတ်ပါလား။ သူနှင့် မိစ္ဆာမျောက်ဝံက မတည့်အတူနေများ ဖြစ်ပြီး မမြင်ရသည်မှာ ကြာပြီ ဖြစ်၍ သတိရမိ၏။

များစွာမကြာလိုက်ဘဲ မိစ္ဆာမျောက်ဝံ နေထိုင်သည့် တောင်ကြားချိုင့်ဝှမ်း၏ အစပ်သို့ ချင်မူ ရောက်လာသည်။ ရုတ်တရက် တောင်ပူစာတစ်လုံးကဲ့သို့ ခန္ဓာကိုယ်ကြီးတစ်ခု တောထဲမှ ထွက်ပေါ်လာ၏။ ၎င်းက မိစ္ဆာမျောက်ဝံမှ လွဲ၍ မည်သူများ ဖြစ်နိုင်ပါဦးမည်နည်း။

ရက်အနည်းငယ် မတွေ့ရသည့် အတောအတွင်း၌ မိစ္ဆာမျောက်ဝံက ပို၍ ခန့်ညား ထည်ဝါလာသည်။ ၎င်းက ချင်မူ့ကို တွေ့လိုက်ရသည်တွင် ဝမ်းသာရွှင်မြူးသွားပြီး သူ့ရင်ဘတ်သူ ထု၍ ချင်မူ့ကို သူ့ပုခုံးပေါ် တက်ရန် အချက်ပြလိုက်၏။

ချင်မူ သူ့ပုခုံးပေါ်သို့ ခုန်တက်လိုက်ရာ မိစ္ဆာမျောက်ဝံက လျင်မြန်စွာ ပြေးလွှား၍ တောင်ကြားချိုင့်ဝှမ်း အတွင်းပိုင်းသို့ ခေါ်ဆောင်သွားသည်။

ဤသည်မှာ ချင်မူအနေဖြင့် မိစ္ဆာမျောက်ဝံ၏ အသိုက်အမြုံအတွင်းသို့ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်၏။ နေရာအနှံ့၌ တောသမင်လေးများ၊ မြင်းရိုင်းများကို တွေ့ရသည်။ ချောင်ကျကျ နေရာ၌ ပြိုပျက်ကျနေသော စည်းရိုး၊ နံရံများနှင့် ရှေးဟောင်းအဆောက်အဦပျက်တစ်ခု ရှိနေ၏။

မိစ္ဆာမျောက်ဝံ နေထိုင်သည့် နေရာက နန်းတော်ပျက်ကြီး တစ်ခု ဖြစ်သည်။ ထိုနေရာ၏ ရှေ့တွင်တော့ လူတစ်ပိုင်း၊ သားရဲတစ်ပိုင်း ကျောက်ရုပ်တု အပျက်အစီးတစ်ခု ရှိနေ၏။ ချင်မူ သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ကြီးမားသည့် ဖိအားတစ်ခု လွှမ်းခြုံပိကျလာသည်။

ထိုကျောက်ရုပ်တုက ဒုက္ခိတဘိုးဘွားကျေးရွာမှ ကျောက်ရုပ်တုများကဲ့သို့ပင် ဖြစ်၏။ ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သောအခါ ၎င်း၏ အသွင်သဏ္ဌာန်က ကောင်းကင်ယံထက်သို့ အလျှံတညီးညီး တောက်လောင်နေသော မီးတောက်မီးလျှံများ လွှမ်းခြုံနေသည့် မကောင်းဆိုးဝါး သားရဲနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသည်။

သို့ဆိုလျှင် ဤကျောက်ရုပ်တုက ညအခါကာလ အမှောင်ထု ကျရောက်လာသည့် အချိန်တွင် မိစ္ဆာမျောက်ဝံ အားကိုးအားထား ပြုရာ ဖြစ်ချေပေလိမ့်မည်။

“ဒီလို ထူးကဲတဲ့ အသွင်သဏ္ဌာန်နဲ့ ကျောက်ရုပ်တုကလည်း နတ်ဘုရားတွေအတွက် နတ်ဘုရားတွေက ထုလုပ်ခဲ့တာလား...”

ချင်မူက မိစ္ဆာမျောက်ဝံ၏ ပခုံးပေါ်မှ ခုန်ဆင်းလိုက်သည်။ ရဲတင်းသည့် ဒရယ်ပေါက်လေး တစ်ကောင်က တရှုံ့ရှုံနှင့် သူ့အနား ကပ်လာရင်း အင်္ကျီအနားစကို ကိုက်ဆွဲ၍ ဝါးလိုက်၏။

မိစ္ဆာမျောက်ဝံက ထိုဒရယ်ပေါက်လေးကို ဆွဲမ၍ ဘေးဘက်တွင် အသာအယာ ချပေးလိုက်သည်။ ထို့နောက် ချင်မူ့ကို လက်ယပ်ခေါ်လိုက်၏။

၎င်းက ဤတိရစ္ဆာန်လေးများကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ဤတောင်ကြားချိုင့်ဝှမ်း၏ အရှင်သခင် ဖြစ်ပြီး ကျူးကျော် ဝင်ရောက်လာသူများ အပေါ်တွင်သာ ရန်လို ကြမ်းတမ်းသူ ဖြစ်သည်။

ချင်မူက မိစ္ဆာမျောက်ဝံ၏ နောက်မှ လိုက်၍ ပြိုကျပျက်စီးနေသော နန်းတော်ရာထဲသို့ ရောက်လာပြီး မျက်မှောင်ကြုတ်လိုက်၏။ ဤနေရာ၌ သားရိုင်းတိစ္ဆာန်နံ့များ လှိုင်နေသည်။ ညစဉ်ညတိုင်း အမှောင်ထုရန်မှ အကာအကွယ်ယူရန် လာရောက်ကြသည့် သားရိုင်းတိရစ္ဆာန်များကြောင့် ထိုအနံ့များ ရနေခြင်း ဖြစ်မည်။

“ကြည့်... ကောင်လေး...” မိစ္ဆာမျောက်ဝံက နံရံတစ်ခုကို ညွှန်ပြလိုက်၏။

ချင်မူ ခေါင်းမော့ကြည့်သောအခါ နန်းတော်နံရံတစ်ခုမှ ပျက်စီးယိုယွင်းနေသည့် နံရံဆေးရေး ပန်းချီများကို တွေ့လိုက်ရသည်။ ထိုနံရံဆေးရေး ပန်းချီများက အညှိများ တက်နေပြီး တချို့နေရာတွင် ဆေးသားများ ကွာကျနေ၏။ အချို့နေရာတွင်တော့ ဆေးရောင်များ မှိန်ဖျော့ မှုန်ဝါးလျက် ရှိပြီး အနည်းငယ်မျှသာ အကောင်းအတိုင်း ရှိတော့သည်။

ထိုပန်းချီကားများ သရုပ်ဖော်ထားသည်မှာ ချီစွမ်းအင် လေ့ကျင့်နေသည့် လူတစ်ယောက်ပုံ ဖြစ်၏။ ခန္ဓာကိုယ်တွင်းမှ မြားများမှာ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းကို ကိုယ်စားပြု ဖော်ပြနေသည်။

တစ်ခဏမျှ ကြည့်ပြီးနောက် ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွား၏။ ထိုစွမ်းအင်စီးဆင်းရာ လမ်းကြောင်းများက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ချီစွမ်းအင် စီးဆင်းရာ လမ်းကြောင်းများ ဖြစ်သည်။

မိစ္ဆာမျောက်ဝံက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်ပြီး နံရံဆေးရေး ပန်းချီမှ ပုံများနှင့် ဆင်တူနေသဖြင့် သူ့ကို ဤနေရာသို့ ခေါ်လာ၍ ပြသခြင်း ဖြစ်မည်။

သို့သော်လည်း မတူညီသည့် အချက်များကို ချင်မူ တွေ့လိုက်သည်။ နံရံဆေးရေး ပန်းချီမှ ပထမပုံမှာ အမှန်တကယ်ပင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ လမ်းညွှန် သရုပ်ပြပုံ ဖြစ်၏။ သို့သော်လည်း ဒုတိယပုံရှိ တချို့နေရာများတွင် ကွဲပြားခြားနားနေသည်။ ၎င်းက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းအတိုင်း ဖြစ်သော်လည်း အနည်းငယ် ပို ရှုပ်ထွေး၏။

ဒုတိယပုံမှ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းမှာ မျက်ခုံးနှစ်ခုအလယ်မှ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ အတွင်းသို့ ဝင်ရောက်သွားသည်။

ချီစွမ်းအင်က ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားပြီးနောက် တတိယပုံသို့ ကူးပြောင်းသွား၏။ သို့သော်လည်း တတိယပုံမှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ချီစွမ်းအင်လမ်းကြောင်းကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ဝိညာဉ်သန္ဓေသားဖြင့် တိုက်ရိုက်ရှူသွင်း၊ ရှူထုတ် လုပ်ရမည့်အစား ချီစွမ်းအင်များက ဝိညာဉ်သန္ဓေသား၏ ခြေဖဝါးအောက်တွင် ဆန်းကြယ်သော အစီအရင်အမှတ်အသားအဖြစ် ဖွဲ့တည်သွား၏။

ထိုအစီအရင်အမှတ်အသားက အလွန်တရာ ရှုပ်ထွေးလှသည်။ မျက်ကန်း သင်ပေးထားသည့် ကောင်းကင်ခုနစ်စဉ်ကြယ် အစီအရင်အမှတ်အသားထက်ပင် ပိုရှုပ်ထွေးသေး၏။ ချင်မူ အနီးကပ် ကြည့်ရှုပြီးနောက် ဝိညာဉ်သန္ဓေသား၏ ခြေဖဝါးအောက်သို့ သူ၏ ချီစွမ်းအင် ပို့လွှတ်၍ ထိုပုံစံနှင့် တစ်ထေရာတည်း တူညီသော အစီအရင်အမှတ်အသားများ ဖွဲ့စည်းကာ စွဲနေအောင် မှတ်သားလိုက်သည်။

ဝိညာဉ်သန္ဓေသား အစီအရင်အမှတ်အသားများ တည်ဆောက်ပြီးစီးသွားသည့် အခိုက်တွင် သူ့ခန္ဓာကိုယ်က ထိန်းမရသိမ်းရ လှုပ်ခါလာပြီး သူနှင့် သူ့ဝိညာဉ်သန္ဓေသားကြားတွင် ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ရှိလာကြောင်း ရုတ်ခြည်း ခံစားလိုက်မိ၏။

သူ အသက်ရှူသောအခါ ဝိညာဉ်သန္ဓေသားက လိုက်၍ အသက်ရှူ၏။ သူ လှုပ်ရှားမှု ပြုလုပ်သောအခါ ဝိညာဉ်သန္ဓေသားက ထပ်တူ လိုက်၍ လှုပ်ရှားမှု ပြု၏။ သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ကျင့်သောအခါတွင်လည်း ဝိညာဉ်သန္ဓေသားက လိုက်ကျင့်၏။

ချင်မူ မှင်တက်မိပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ “ဒါဆို နှစ်ဆ လေ့ကျင့်သလို ဖြစ်မသွားဘူးလား...”

သို့သော်လည်း များစွာ မကြာလိုက်ချေ၊ သူ့ဝိညာဉ်သန္ဓေသားဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်သည်မှာ သူ၏ ချီစွမ်းအင်ကို နှစ်ဆ ပိုမတိုးတက်စေဘဲ ချီစွမ်းအင်၏ အရည်အသွေးကိုသာ တိုးတက်လာစေကြောင်း တွေ့ရှိသွား၏။

သူ၏ ချီစွမ်းအင်က ဝိညာဉ်သန္ဓေသား၏ ခြေဖဝါးအောက်မှ ဝင်္ကပါတွင် လူးလာစီးဆင်း၍ ရွှေရောင်အလင်းပင်လယ်အတွင်းရှိ အလင်းတန်းများကို စုပ်ယူပြီးနောက် ဝိညာဉ်သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် ပြန်ရှူထုတ်လိုက်သောအခါ ချီစွမ်းအင်များက ရွှေရောင်အလင်းတန်းများနှင့် ပေါင်းစည်းသွားပြီး ပိုမို သန့်စင်၍ အားကောင်းသန်မာလာ၏။

သူ့ဝိညာဉ်သန္ဓေသားမှာ ယခင်ကတည်းက ရွှေရောင်အလင်းတန်းများကို အနည်းအကျဉ်း စုပ်ယူသော်လည်း ယခု တတိယပုံတွင် ညွှန်ပြထားသည့် အစီအရင်လမ်းကြောင်းအတိုင်း ဖြတ်သန်းစုပ်ယူသကဲ့သို့ မမြန်ဆန်ချေ။

“ဒါက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အတွက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်စဉ်များလား...”

ချင်မူ၏ ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်လာသည်။ ရွာလူကြီးက လောကသခင်ခန္ဓာအတွက် ကျင့်စဉ်ကို သူ မသိဟု ပြောခဲ့၏။ ယခု ဝိညာဉ်သန္ဓေသားအဆင့်အတွက် လောကသခင်ခန္ဓာ ကျင့်စဉ်ကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။

စတုတ္ထရုပ်ပုံကို ဆက်ကြည့်လိုက်ရာ သူ မျက်မှောင်ကြုတ်မိသွား၏။ စတုတ္ထရုပ်ပုံက ဆေးသားများ ကွာကျနေပြီး တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သည်။ ဤပုံ၌ ရေးဆွဲ မှတ်တမ်းတင်ထားသည်မှာ ဓာတ်ကြီးငါးပါးအဆင့်အတွက် ကျင့်စဉ် ဖြစ်ချေလိမ့်မည်။

ထိုရုပ်ပုံပေါ်၌ တိရစ္ဆာန်များ၏ လက်သည်းရာ၊ ကုတ်ခြစ်ရာများဖြင့် ပြည့်နေပြီး ဤနေရာတွင် နေထိုင်သော သားရဲတိရစ္ဆာန်များ၏ လက်ချက် ဖြစ်နိုင်၏။

ပဉ္စမရုပ်ပုံမှာလည်း အတော်လေး ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ဆဋ္ဌမမြောက်ရုပ်ပုံကတော့ တစ်ဝက်ကျော်ခန့် အကောင်းပကတိ ရှိသေးသည်။ ကျန်သည့် ရုပ်ပုံများမှာ ထို့ထက် များစွာ ဆိုးရွားနေပြီး သဲသဲကွဲကွဲပင် မမြင်ရတော့ချေ။

“နန်းတော်ရာက ဒီလောက် ပျက်စီးနေမှတော့ အထဲက နံရံဆေးရေး ပန်းချီတွေကလည်း ဘယ်လောက်ကြာအောင် တောင့်ခံလာခဲ့ရလဲမှ မသိတာ...”

ချင်မူ သက်ပြင်းချလိုက်၏။ ဤနံရံဆေးရေးပန်းချီများအနေဖြင့် ယခုမျှ အကောင်းကျန်ရန်ပင် မလွယ်ကူခဲ့ကြောင်း သူ သိသည်။ ဒုတိယပုံနှင့် တတိယပုံကိုသာ စွဲနေအောင် မှတ်သား၍ တိတ်တဆိတ် ပြန်စဉ်းစား ပုံဖော်ကြည့်ပြီးမှ စိတ်ချလက်ချ လှည့်ထွက်လာခဲ့၏။

ဤနန်းတော်အတွင်းမှ နံရံဆေးရေးပန်းချီများက အလုံးစုံနီးပါး ပျက်စီး ယိုယွင်းနေသော်လည်း သူ့အနေဖြင့် လောကသခင်ခန္ဓာကို နောက်တစ်ဆင့် တက်လှမ်းရန် ကျင့်စဉ် ရရှိခဲ့သည်။

နန်းတော်ရာ နံရံများ၌ ဆေးရေးပန်းချီများ များစွာ ကျန်ရစ်ခြင်း မရှိတော့ချေ။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အပြင် အကောင်းအတိုင်း ရှိနေသေးသည့် အခြား နံရံဆေးရေး ပန်းချီတစ်ချပ် ရှိနေ၏။

၎င်းက မြေပုံတစ်ခု ဖြစ်သည်။ အနီးကပ် ကြည့်ကြည့်သောအခါ ချင်မူ သူပြေးလွှား ဆော့ကစားခဲ့သည့် မာန်ဟုန်မြစ်၏ တည်နေရာကို တွေ့လိုက်၏။ သူ့ရင်ထဲတွင် တဒုတ်ဒုတ် ခုန်လာသည်။ “ဒါက မဟာမြို့ပျက်ရဲ့ မြေပုံလား...”

မာန်ဟုန်မြစ်ကြောင်းအတိုင်း တရွေ့ရွေ့ ဆက်တိုး ကြည့်ရှုလိုက်သောအခါ မြစ်ကွေ့တစ်ခု၌ ဒုက္ခိတဘိုးဘွားကျေးရွာ၏ တည်နေရာကို တွေ့၏။

“အာ... ဒီနေရာမှာ ဘာလို့ နဂါး တစ်ကောင်ပုံ ဆွဲထားတာလဲ...”

ဒုက္ခိတဘိုးဘွားကျေးရွာမှ မြစ်ညာဘက် မိုင်ပေါင်းဒါဇင်ချီခန့်တွင် နဂါးတစ်ကောင်ပုံ ရေးဆွဲထားသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။

“မာန်ဟုန်မြစ် နဂါးမင်း...”

ချင်မူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ မာန်ဟုန်မြစ် နဂါးမင်းဆိုသည့် စာလုံးများက မည်သည်ကို ဆိုလိုမှန်း သူ မသိချေ။

မြေပုံထဲ၌ ထိုသို့ ထူးဆန်းသည့် နေရာများက တစ်နေရာတည်း မဟုတ်ပေ။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အရှေ့ဘက် ဆယ်မိုင်ခန့် အကွာတွင် ရေတွင်းကဲ့သို့ ရေးဆွဲထားသော ထူးဆန်းသည့် နေရာများ ရှိနေ၏။ ထိုရေတွင်း၏ ဘေးတွင်လည်း ကောင်းကင်ရေတွင်း နဂါးမင်း ဟူ၍ စာလုံးများ ရေးထားသည်။

သမုဒ္ဒရာမျက်လုံး နဂါးမင်းဟု ရေးထားသော အခြား ရေတွင်းတစ်တွင်းလည်း ရှိသေး၏။

မဟာမြို့ပျက် မြေပုံ၏ ခပ်လှမ်းလှမ်း တစ်နေရာတွင်တော့ သင်္ဘောတစ်စီးပုံ ရေးဆွဲထားပြီး ၎င်း၏ အပေါ်တွင် နေလုံးပုံ ရေးဆွဲထားသည်။ ဘေးတွင်တော့ နေသင်္ဘောဟု ရေးထိုးထား၏။ နေသင်္ဘောမှ မလှမ်းမကမ်းတွင် နေရေတွင်းဟု ခေါ်သော နေရာတစ်ခု ရှိသည်။ နေသင်္ဘောနှင့် အလှမ်းတော်တော် ကွာသော နေရာတွင် လသင်္ဘော ရှိနေ၏။ လသင်္ဘော၏ ဘေးနားတွင်လည်း လရေတွင်းဟု ခေါ်သည့် ထူးဆန်းသော နေရာတစ်ခု ရှိသည်။

ချင်မူ မြေပုံထဲတွင် ဝေ့ဝဲ ရှာဖွေလိုက်သော်လည်း မြစ်လယ်မှ မိန်းမကြီးဝူကို ချုပ်နှောင်ထားသည့် ရှေးဟောင်း ဘုရားကျောင်းကို ရှာမတွေ့ချေ။ ထို့ပြင် မြစ်အောက်ဘက် မိုင်ရာချီမှ နယ်စပ်နဂါး မြို့တော်ကိုလည်း မတွေ့ရချေ။

“ဒီမြေပုံက... မဟာမြို့ပျက် ကပ်ဆိုးကြီး မကျခင်က မြေပုံများလား...”

တစ်ခဏမျှ ဆက်လက် ရှာဖွေရင်းနှင့် သူ အမှောင်ထုမှ ပုန်းခိုခဲ့ဖူးသော ရှေးဟောင်း မြို့ပျက်နေရာ အရောက်တွင် သူ့ရင်ထဲ၌ ဒိုင်းခနဲ ဖြစ်သွား၏။ မြေပုံထဲ၌ ထိုနေရာကို ရှေးဟောင်းမြို့ပျက်ဟု ရေးထိုးမထားပေ။ နတ်သမီးဝင်ပေါက်ဟုသာ ရေးထိုးထား၏။

“ဒါက မဟာမြို့ပျက် ကပ်ဆိုးကြီး မကျခင်က မြေပုံ တကယ် ဖြစ်နေတာပဲ...”

All Chapters