← Chapters

နံရံပေါ်မှအရိပ်

Vol. 2 Ch. 28

နံရံပေါ်မှအရိပ်

Vol. 2 Ch. 28

ချင်မူ သူ့စိတ်သူ ပြန်တည်ငြိမ်အောင် ထိန်းလိုက်သည်။ မဟာမြို့ပျက် ကပ်ဆိုးကြီး မကျရောက်မီက မြေပုံမှာ လူနေအပျက်အစီးများစွာ ညွှန်ပြ ရေးဆွဲထားသဖြင့် အတော်လေး အသုံးဝင်၏။ သူ့အနေဖြင့် အပြင်ထွက် အမဲလိုက်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာသို့ အချိန်မီ ပြန်မလာနိုင်ခဲ့လျှင် မြေပုံပေါ်တွင် ညွှန်ပြထားသည့် ရှေးဟောင်း လူနေမြို့ပျက်များကို ရှာဖွေ၍ အမှောင်ထု၏ ရန်မှ လွတ်အောင် ရှောင်နိုင်ပေလိမ့်မည်။

“ဒီမြေပုံနဲ့ဆိုရင် အန္တရာယ် အတော်များများ ရှောင်လွှဲလို့ ရပြီ...”

သူ မြေပုံကို စွဲနေအောင် မှတ်သားလိုက်၏။ ယခု သူရောက်နေသည့် တောင်ကြားချိုင့်ဝှမ်းကို ရှာကြည့်လိုက်ရာ ကြမ္မာဆိုးနှိမ်နန်းတော်ဟု ရေးထိုးထားကြောင်း တွေ့ရသည်။

“ကြမ္မာဆိုးနှိမ် နန်းတော်... ကြမ္မာဆိုးဆိုတာ သဘာဝဘေးအန္တရာယ်... ဆိုလိုတာက ကပ်ဆိုးပဲ...”

သူက စာသင်သားတစ်ယောက် မဟုတ်သော်လည်း နားကန်းထံမှ ပန်းချီနှင့် စာလုံးလှပညာကို သင်ယူခဲ့သဖြင့် အသိပညာဗဟုသုတအပြည့် ရှိ၏။ “ကြမ္မာဆိုးနှိမ်နန်းတော်က ကပ်ဆိုးကို ဖိနှိမ်ထားတဲ့ နန်းတော်လို့ ဆိုလိုချင်တာဆိုရင် ဘယ်လို ကပ်ဆိုးမျိုးကို ဒီနန်းတော်က ဖိနှိမ်ထားတာလဲ...” ချင်မူ တီးတိုး ရေရွတ်လိုက်သည်။

ဘေးဘီသို့ လှည့်ကြည့်လိုက်သောအခါ မိစ္ဆာမျောက်ဝံမှာ မည်သည့်အချိန်က ထွက်သွားမှန်းမသိ၊ နန်းတော်ထဲတွင် မရှိတော့ချေ။ ကြည့်ရသည်မှာ မိစ္ဆာမျောက်ဝံက သူ့ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ ထွက်သွားခြင်း ဖြစ်ဟန် ရှိ၏။

“ဒီကောင်ကြီးက အမြော်အမြင် တော်တော် ရှိတာပဲ...”

ချင်မူ နန်းတော်အပြင်ဘက်သို့ ထွက်၍ မိစ္ဆာမျောက်ဝံကို လှမ်းခေါ်ကာ မေးလိုက်သည်။ “ဟေ့ကောင်ကြီး၊ ဒီမှာ ထူးဆန်းတဲ့ နေရာတွေ ရှိလား...”

မိစ္ဆာမျောက်ဝံက ခေါင်းကုတ်ပြီး တစ်ခဏမျှ စဉ်းစားကာ ကြမ္မာဆိုးနှိမ်နန်းတော် အတွင်းရှိ အခန်းငယ်လေး တစ်ခန်းထံသို့ ပြေးသွားသည်။ ချင်မူက ၎င်း၏ နောက်မှ အလျင်အမြန် ပြေးလိုက်သွားပြီး ဒရယ်ပေါက်လေးကလည်း သူတို့နောက်မှ လိုက်ပါလာ၏။

မိစ္ဆာမျောက်ဝံက အခန်းငယ်လေးထဲသို့ ဝင်သွားပြီး လက်ညှိုးထိုးပြလိုက်သည်။ သူ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အဖြူရောင်နံရံပေါ်တွင် လက်သည်းခွံခန့်အရွယ်ရှိ လူရိပ်တစ်ခု ရေးဆွဲထားသည်ကို တွေ့ရ၏။

ချင်မူ အနီးသို့ တိုးကပ်၍ ကြည့်လိုက်သော်လည်း ထိုလူရိပ်သေးသေးလေးမှ လွဲ၍ အခြား မည်သည့် အရာကိုမျှ ထူးထူးခြားခြား မတွေ့ရချေ။

သူတို့နှင့် အတူပါလာသော ဒရယ်ပေါက်လေးက ရှေ့သို့ တိုးသွားပြီး နံရံပေါ်မှ လူရိပ်ကို တရှုံ့ရှုံ့ အနံ့ခံလိုက်သည်။ ထို့နောက် နံရံကို လျှာဖြင့် လျက်ရန် ပြင်လိုက်စဉ် ရုတ်တရက် လက်တစ်ဖက် ထွက်ပေါ်လာပြီး ထိုဒရယ်ပေါက်လေးကို နံရံထဲသို့ ဆွဲသွင်းသွား၏။

ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ မိစ္ဆာမျောက်ဝံမှာ သူ့ရင်ဘတ်သူ ထု၍ နံရံကို ဒေါသတကြီး ဟိန်းဟောက် အော်ဟစ်လိုက်သော်လည်း ရှေ့သို့ တိုးမသွားရဲချေ။

နံရံပေါ်ရှိ လူရိပ်သေးသေးလေး၏ ဘေးတွင်တော့ ဒရယ်ပေါက်ကလေး၏ ပုံရိပ် ပီပီပြင်ပြင် ပေါ်ထွက်လာ၏။ ထို့နောက် ထိုလူရိပ်က တဖြည်းဖြည်း စတင်လှုပ်ရှားလာပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။ ပါးစပ်ပေါက်က တဖြည်းဖြည်း ကြီးမားလာပြီး သွားစွယ်ချွန်များ အပြည့် ဖြစ်ကာ သမင်ပေါက်လေးကို ဆွဲယူ ဝါးမျိုသွားတော့၏။

ချင်မူ ကြက်သေသေသွားသည်။ ထိုလူရိပ်က သမင်ပေါက်လေးကို ဝါးမျို စားသောက်ပြီးသောအခါ ရုတ်တရက် ခြေလှမ်းကြဲကြီးများ လှမ်း၍ သူတို့ထံ လျှောက်လာ၏။

၎င်းက နံရံထဲမှ ထွက်၍ လျှောက်လာခြင်း မဟုတ်ဘဲ အရွယ်အစား ကြီးသည်ထက် ကြီး၍ လူတစ်ယောက်အရွယ် ဖြစ်လာခြင်းသာ ဖြစ်ကြောင်း ချင်မူ သတိပြုမိလိုက်သည်။ လူရိပ်က ထိုမျှနှင့် ရပ်မသွားဘဲ ရှေ့သို့ ဆက်၍ လျှောက်လှမ်းလာ၏။

တစ်ခဏအတွင်း၌ ၎င်း၏ အရွယ်အစားက အခန်းငယ်လေး၏ မျက်နှာကြက်ထိ ရောက်ရှိသွားသည်။ မျက်နှာကြက်မှ အရိပ်မှာ လူရိပ်၏ ဦးခေါင်းဖြစ်ပြီး ပါးစပ်ကို ဖြဲဟထား၏။ လက်များကတော့ ဘေးဘက် နံရံနှစ်ချပ်ထံသို့ ဆန့်ထွက်လာသည်။

“ကောင်လေး... ပြေး...” မိစ္ဆာမျောက်ဝံမှာ ချင်မူ့ကို ဆွဲ၍ နံရံပေါ်မှ လူရိပ်၏ ဖမ်းဆီးခြင်း မခံရအောင် အပြင်ဘက်သို့ ခုန်ထွက်လိုက်၏။

ဒေါသတကြီး အော်ဟစ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး နံရံတစ်ခုလုံး တဝုန်းဝုန်း တုန်ခါကာ ဖုန်များ၊ အမှုန်များ လွင့်ပျံသွားသည်။ ထို့နောက် အနက်ရောင် အရိပ်ကြီးက အခန်းငယ်လေး၏ အတွင်းမျက်နှာပြင် တစ်လျှောက် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်ခန်းလုံး အရိပ်မည်းကြီး ဖုံးလွှမ်းသွား၏။

ထိုအရိပ်က အခန်းငယ်လေး၏ နံရံမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း မည်မျှ ကြိုးစား ကြိုးစား ရုန်းထွက်နိုင်ခြင်း မရှိပေ။

“ဒါက... မိစ္ဆာကောင်ကြီးလား...” ချင်မူက ပြေးနေသည့် ခြေလှမ်းများကို ရပ်၍ နောက်ပြန်လှည့်ကာ စမ်းသပ်ကြည့်လိုက်သည်။ “ချီ ခယ့် သို စာ မို ယဲ့၊ ပေါ် ရယ် ပေါ် ရယ် စာ မို ယဲ့၊ ချီ ခယ့် သို ပေါ် ရယ် စာ မို ယဲ့...”

အခန်းငယ်လေးကို ဖုံးအုပ် ခြုံလွှမ်းထားသည့် အရိပ်မည်းကြီးမှာ ရုတ်တရက် ငြိမ်ကျသွား၏။ အခန်းငယ်လေး၏ ပြတင်းပေါက်နှစ်ခုမှာ ပိန်းပိတ်အောင် နက်မှောင်နေသည့် မျက်လုံးကြီး နှစ်လုံးကဲ့သို့ ပွင့်ဟလာသည်။ ချင်မူမှာ ကြောက်မက်ဖွယ်ရာ အကြည့်စူးစူးတစ်ခု သူ့ကိုယ်ပေါ် ကျရောက်လာသကဲ့သို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။

ရုတ်တရက် အခန်းငယ်လေး၏ တံခါးမကြီးမှာ သူ့အလိုလို ပိတ်သွားပြီး ပြန်ပွင့်လာသည်။ ထိုတံခါး ပိတ်လိုက်ဖွင့်လိုက် လုပ်သည်နှင့်အတူ အက်ကွဲကွဲ အသံတစ်သံ ထွက်ပေါ်လာ၏။ “မဟာလွတ်မြောက်မှု အလင်္ကာပါလား... မင်းက ငါ့မျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်လား... ဆိုးရွားလိုက်တာ၊ အစစ်အမှန် အလင်္ကာတောင် ရမထားဘူး... ငါ့ရဲ့ မျိုးနွယ်က ဒီလောက်ထိ နိမ့်ကျသွားပြီလား...”

ချင်မူက သွေးတိုးစမ်း မေးမြန်းလိုက်သည်။။ “အကြီးအကဲက  မဟာလွတ်မြောက်မှု အလင်္ကာ အစစ်အမှန်ကို သိထားတာပါလား...”

“ဒါပေါ့...”

တံခါးချပ်များက ဖွင့်လိုက်ပိတ်လိုက် လုပ်ရင်း ဝင့်ကြွားသည့် လေသံဖြင့် ပြောဆိုလိုက်၏။ “ငါ့မျိုးနွယ်ရဲ့ မဟာလွတ်မြောက်မှု အလင်္ကာမှာ ကြီးမြတ်တဲ့ စွမ်းအား ကိန်းအောင်း ပါဝင်နေတယ်... အဲဒီစွမ်းအားဟာ ဒီလောကကြီးကို တည်ထောင်ခဲ့တဲ့ စွမ်းအား၊ မဟာလွတ်မြောက်မှုရဲ့ စွမ်းအားပဲ... ဒီလို စွမ်းအားအလင်္ကာမျိုးက မင့်လက်ထဲမှာ ဘာလို့ ဒီလောက် စုတ်ပြတ်သတ်သွားရတာလဲ... ဘာအားအင်မှ ပါမလာဘူး... မင့်ဘေးက မျောက်ကြီးကို နောက်ဆုတ်ခိုင်းလိုက်... မင်းကို ငါ အစစ်အမှန်အလင်္ကာ သင်ပေးမယ်...”

ချင်မူက မိစ္ဆာမျောက်ဝံကို ကြည့်လိုက်သည်။ ၎င်းက ခေါင်းခါယမ်း၍ ဗလုံးဗထွေးဖြင့် သတိပေးလိုက်၏။ “ယုံ... အရူး...”

“ဒီအကြီးအကဲက ငါနဲ့ မျိုးနွယ်တူပဲ... ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး... အပြင်ကနေ ခဏစောင့်...” ချင်မူက ဖျောင်းဖျ ပြောဆိုလိုက်သည်။

မိစ္ဆာမျောက်ဝံက စိတ်မအေးနိုင် ဖြစ်ဆဲ ရှိသော်လည်း ချင်မူက သူ့ကို အပြင်ဘက်သို့ တွန်းပို့လိုက်၏။

အခန်းငယ်လေး၏ တံခါးချပ်များက မိစ္ဆာသံဖြင့် ထပ်မံ၍ အဖွင့်အပိတ် လုပ်လိုက်သည်။ “ကျင့်စဉ်အလင်္ကာဆိုတာ လက်တွေ့ပညာရပ်တွေ ထုတ်သုံးနိုင်ဖို့ ရေးဖွဲ့ထားတာ... မင်းက ဒီအလင်္ကာရဲ့ စကားလုံးအသံတွေကိုပဲ သင်ယူ တတ်မြောက်ထားသေးတယ်... တကယ့် အနှစ်သာရကို မရသေးဘူး... ဒီအလင်္ကာရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်မဲ့ နည်းလမ်းကိုလည်း မတတ်သေးဘူး... အဲဒီနည်းလမ်းကို မဟာလွတ်မြောက်မှု မုဒြာလို့ ခေါ်တယ်... ငါတို့မျိုးနွယ်ရဲ့ ထိပ်တန်းပညာရပ် တစ်ခုပဲ... ငါ့စွမ်းအားကို ဒီခန်းမက ချုပ်နှောင်ထားလို့ အကြာကြီး ပြောနိုင်မှာ မဟုတ်ဘူး... သေချာနားထောင်၊ မင်းကို ငါ တစ်ခါပဲ သင်ပေးနိုင်မယ်... ဘယ်လောက် တတ်မြောက်နိုင်မလဲ ဆိုတာက မင့်ရဲ့ အရည်အချင်းပေါ်ပဲ မူတည်တယ်...”

ခန်းမနံရံပေါ်မှ အရိပ်မည်းကြီးက စတင်၍ ကျုံ့ဝင်လာပြီး ချင်မူ့ အရွယ်ခန့် ဖြစ်သွား၏။ ထိုအရိပ်၌ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းများ ပေါ်ထွက်လာသည်။

မိစ္ဆာသံက ရှင်းပြလိုက်၏။ “မဟာလွတ်မြောက်မှု မုဒြာမှာ လက်ဟန်နည်းလမ်း လေးမျိုး ရှိတယ်... မိစ္ဆာနတ်ဘုရားရဲ့ ကြီးမြတ်သောအားအင် မုဒြာ၊ မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာ၊ မဟာဉာဏ်ပညာ မုဒြာနဲ့... နောက်ဆုံး လက်ဟန်မုဒြာက ရှေ့က သုံးမျိုးပေါင်းထားတဲ့ မဟာလွတ်မြောက်မှု မိစ္ဆာနတ်ဆိုးမုဒြာပဲ... ငါ အခု မင်းကို ပထမမုဒြာ ဖြစ်တဲ့ မိစ္ဆာနတ်ဘုရားရဲ့ ကြီးမြတ်သောအားအင် မုဒြာကို ပြမယ်... စွမ်းအားအပြည့်အဝ ထုတ်ဖော်ဖို့အတွက် မင်းရဲ့ အသံမှာ မိစ္ဆာသံ ပါရမယ်... ချီ ခယ့် သို...”

ချင်မူက နံရံထက်မှ အနက်ရောင်ပုံရိပ်ကို မမှိတ်မသုန် စိုက်ကြည့်၍ စွမ်းအင်စီးဆင်းရာ လမ်းကြောင်းကို မှတ်သားလိုက်သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များက ထိုလမ်းကြောင်းအတိုင်း လှည့်ပတ် စီးဆင်းသွား၏။

“ချီ ခယ့် သို...”

မိစ္ဆာသံက ချင်မူ၏ ပါးစပ်ဖျားမှ အုန်းခနဲ ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်တွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု တရှိန်ရှိန် ထိုးတက်လာကြောင်း ခံစားလိုက်မိ၏။ ထိုစွမ်းအားက သူ၏ လက်ချောင်းငါးချောင်းကို ထူးဆန်းသော လက်ဟန်မုဒြာ အသွင်တစ်ခု ဖြစ်ပေါ်သွားစေပြီး အလိုလို ရှေ့သို့ ဆန့်ထုတ် တိုက်ခိုက်လိုက်မိသည်။

ဘုန်း...။

ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာပြီး ချင်မူ၏ လက်ထဲတွင် သူ ကာလကြာရှည်စွာ မျှော်လင့် တောင့်တခဲ့ရသည့် မိုးခြိမ်းသံကို ထုတ်ဖော်မိလျက်သား ဖြစ်သွား၏။

ချင်မူ မယုံနိုင်စွာဖြင့် ကြောင်အမ်းအမ်း ငေးစိုက်ကြည့်နေမိသည်။

နံရံပေါ်မှလူရိပ် သင်ပေးသည့် မိစ္ဆာနတ်ဘုရား၏ ကြီးမြတ်သောအားအင် မုဒြာမှာ အကြွင်းမဲ့ စွမ်းအားကြီးမားလှ၏။ အကွက်အလှည့်အပြောင်းတွင် အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို မယှဉ်နိုင်သော်လည်း အားအင်ပြင်းထန်မှု အရာတွင်တော့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းထက် အတော်လေး သာလွန်သည်။

သို့သော်လည်း မိစ္ဆာနတ်ဘုရား၏ ကြီးမြတ်သောအားအင် မုဒြာ သိုင်းကွက်ကို ထုတ်သုံးရာတွင် သူ၏ ချီစွမ်းအင် အများအပြား ကုန်ခန်းသွားသည်။ မိုးကြိုးရှစ်ချက် လက်သီးသိုင်းအတွက် လိုအပ်သော ချီစွမ်းအင်ထက် အဆများစွာ ပို၏။

နံရံပေါ်မှ လူရိပ်မှာ တစ်စုံတစ်ရာက ဆွဲယူခြင်း ခံရသကဲ့သို့ ယိမ်းထိုး လှုပ်ခါသွားသည်။ ထို့နောက် နံရံထက်သို့ ယိုင်ထိုးယိုင်ထိုး ပြန်ရောက်လာပြီး အသက်ကို လုရှူနေရ၏။ “ဒီခန်းမရဲ့ စွမ်းအားက သိပ်ကို ကြီးလွန်းတယ်၊ ငါ့ကို တစ်ချိန်လုံး ဖိနှိပ်ထားတယ်... အချိန် အများကြီး မရတော့ဘူး... သေချာကြည့်... ဒါက ဒုတိယမုဒြာ၊ မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာပဲ... စာ မို ယဲ့...”

အခန်းငယ်၏ နံရံပေါ်မှ အရိပ်မည်းထဲတွင် ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းများ ပြောင်းလဲသွား၏။ သို့သော်လည်း အခန်းထဲမှ အလင်းရောင်က မှိန်ဖျော့နေသည့်အတွက် ခပ်လှမ်းလှမ်းမှ ဆိုလျှင် သဲသဲကွဲကွဲ မမြင်ရချေ။

ချင်မူ အားမလိုအားမရ ဖြစ်ပြီး အလိုလို ရှေ့သို့ ခြေတစ်လှမ်း တိုးသွားမိသည်။ ထိုအခါမှ ချီစွမ်းအင် လမ်းကြောင်းနှင့် ပြောင်းလဲမှုများကို သဲသဲကွဲကွဲ မြင်ရ၏။

“စာ မို ယဲ့...”

သူ မိစ္ဆာသံအလင်္ကာကို တိတ်တဆိတ် ရွတ်ဆိုပြီး ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ တစ်မုဟုတ်ချင်းပင် နောက်ထပ် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး အခြားကိုယ်ဟန် အနေအထားတစ်ခု အလိုလို ထုတ်သုံးမိသွား၏။

သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး လက်ချောင်းများက ပန်းပွင့် ခူးဆွတ်သည့်ဟန်ဖြင့် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ဤလက်ဟန်မုဒြာ၏ စွမ်းအားက များစွာ ပြင်းထန်လှခြင်း မရှိဘဲ အားအင် မပါသကဲ့သို့ပင် ထင်ရ၏။ သို့သော်လည်း ၎င်း၏ အစွမ်းအာနိသင်က မိုးကြိုးရှစ်ချက် လက်သီးသိုင်းမှ လက်ဟန်မုဒြာ သိုင်းကွက်တစ်ခုနှင့် ဆင်တူကြောင်း ချင်မူ သတိပြုမိလိုက်သည်။

မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ ပဉ္စမမြောက် သိုင်းကွက်၊ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်...။

အဘိုးကြီးမာ သင်ပေးခဲ့သည့် ထိုသိုင်းကွက်မှာ ခန္ဓာကိုယ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း ၎င်း၏ အနှစ်သာရက ကောင်းကင်နတ်သိုင်း ပညာရှင်များ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်၏ လျှို့ဝှက်ချက်က လက်သီးချက်တွင် မူတည်၏။ ကောင်းကင်ယံထက်မှ နေမင်းရောင်ခြည်များ ဖြာကျလာသကဲ့သို့ တိုက်ခိုက်ပြီး နေမင်းနှင့် မိုးကြိုးကို အသုံးပြု၍ တစ်ဘက်လူ၏ ယန်ဝိညာဉ်ကို လက်ဖဝါးထဲသို့ ဆွဲထုတ် ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

နံရံပေါ်မှလူရိပ် သင်ပေးသော မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာမှာလည်း စိတ်ဝိညာဉ်ကို တိုက်ခိုက်သော သိုင်းကွက် ဖြစ်သဖြင့် အားအင်များစွာ ပါသည့်ဟန် မပေါ်ချေ။ ထို့ကြောင့်ပင် အဘိုးကြီးမာ၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်နှင့် ဆင်တူနေခြင်း ဖြစ်၏။

ထိုသိုင်းကွက်နှစ်ခု မတူသည့် အချက်မှာ တစ်ခုတည်းသာ ရှိသည်။ အဘိုးကြီးမာက နေမင်းနှင့် မိုးကြိုးကို အသုံးပြု၍ ရန်သူ၏ ယန်ဝိညာဉ်ကို အားအင်သုံး ဖျက်ဆီးပစ်ခြင်း ဖြစ်ပြီး မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာက လက်ဟန်မုဒြာကို အသုံးပြု၍ ရန်သူ၏ ယန်ဝိညာဉ်ကို လက်ဖဝါး အလယ်တွင် ဖျစ်ညှစ် ဖျက်ဆီးပစ်ခြင်း ဖြစ်၏။ ထိုနည်းလမ်းက တစ်ဘက်လူကို အငိုက်ဖမ်း တိုက်ခိုက်ခြင်း ဖြစ်ပြီး ပို၍ ရက်စက်ကြမ်းကြုတ်လှသည်။

အားအင်သုံး တိုက်ခိုက်လာခြင်းကို ခုခံကာကွယ်နိုင်သော်လည်း  မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာကို ခုခံကာကွယ်ရန် မဖြစ်နိုင်ချေ။

ချင်မူမှာ ဝေခွဲမရ ဖြစ်သွား၏။ နံရံပေါ်မှအရိပ်၏ လက်ဟန်မုဒြာက အဘိုးကြီးမာ၏ လက်သီးသိုင်းနှင့် သဘောတရားခြင်း တူညီသော်လည်း ထိုသဘောတရားကို ထုတ်ဖော် အသုံးချသည့် နည်းလမ်းကတော့ လုံးဝ ဆန့်ကျင်ခြားနားနေသည်။ တစ်ခုက လမ်းမှန်သိုင်းပညာ ဖြစ်၍ တစ်ခုက လမ်းလွဲပညာရပ် ဖြစ်၏။

မည်သည့် ပညာရပ်က သာလွန်သည် ဆိုခြင်းကိုတော့ ချင်မူ မပြောတတ်ချေ။ ထိုပညာရပ် နှစ်ခုစလုံးက သူ့အားသာချက်နှင့်သူ ရှိသည်ဟုသာ ပြောနိုင်၏။

အဘိုးကြီးမာ၏ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကွက်က ရန်သူများကို ထိပ်တိုက် ရင်ဆိုင်၍ အားအင်အပြည့်ပါသော လက်သီးချက်များဖြင့် ချေမှုန်း တိုက်ခိုက်ရာတွင် သင့်လျော်ပြီး မဟာလွတ်မြောက်မှု မုဒြာက တစ်ဘက်ရန်သူကို အငိုက်ဖမ်း တိုက်ခိုက်ရာတွင် ပို၍ သင့်လျော်သည်။

နံရံပေါ်မှလူရိပ်မှာ ကြမ္မာဆိုးနှိမ်နန်းတော်၏ ဖိနှိပ်မှုကို မခံနိုင်သည့်ပမာ ပို၍ ကျုံ့ဝင်သွား၏။ ၎င်းက အသက်လုရှူပြီး ဆက်ပြောလိုက်သည်။ “အာရုံစိုက်ထား... ဒါက တတိယမုဒြာဖြစ်တဲ့ မဟာ ဉာဏ်ပညာ...”

နံရံပေါ်မှအရိပ်က မှုန်ဝါး၍ မသဲမကွဲ ဖြစ်လာသဖြင့် ချင်မူမှာ သူ့ကိုယ်သူ သတိမထားမိဘဲ အလိုလို ရှေ့သို့ ခြေနှစ်လှမ်း တိုးလိုက်မိ၏။ သူ့ခြေလှမ်းများက အခန်းငယ်၏ တံခါးပေါက်ထဲသို့ လှမ်းဝင်တော့မည့် ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ရှေ့ဆက်မတိုးတော့ဘဲ မျက်ကန်း သင်ပေးထားသည့် ကောင်းကင်မျက်လုံးကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ သူ့မျက်လုံးထဲတွင် နောက်ထပ် သူငယ်အိမ် အလွှာတစ်ခု ပေါ်ထွက်လာ၏။ နံရံပေါ်မှ အရိပ်မှာ မှိန်ဖျော့နေသော်လည်း သူမျက်လုံးအတွင်း၌ အလွန်တရာ ကြည်လင်နေသည်။

“အထဲ မဝင်လာဘဲနဲ့ မင်း သေချာ မြင်ရလို့လား...” နံရံပေါ်မှအရိပ်က မေးလိုက်၏။

All Chapters