← Chapters

မြေကမ္ဘာ အင်မော်တယ် အဆင့်ကို အလစ် တိုက်ခိုက်ခြင်း

Vol. 27 Ch. 361

မြေကမ္ဘာ အင်မော်တယ် အဆင့်ကို အလစ် တိုက်ခိုက်ခြင်း

Vol. 27 Ch. 361

လောကခန်း အပြင်ဘက် နေရာလွတ်တွင် ဖြူဖွေးနေသော ရေခဲပြင်ကြီးသာ ရှိနေလေသည်။ ဤအမြောက်ကို မိုဝူကျီက ပစ်ခဲ့ဖူးသော်လည်း သူက လွန်ကဲသော အအေးဓာတ်ကို ခံစားမိနေဆဲ ဖြစ်သည်။ နေရာတွင် ရှိနေသော သားရဲအုပ်ကြီးနှင့် ကူနို့တပ်များမှာ ရေခဲစများ ဖြစ်ကုန်ကြပြီ ဖြစ်သည်။

လောကခန်းမှ ဤနေရာအထိ လမ်းတစ်လျှောက်တွင် ရှင်သန်နေသည့် အသက်ဓာတ် အရိပ်အယောင် မရှိတော့ချေ။

နေရာတွင် စုစည်းဖို့ရာ လောကခန်းမမှ ပြေးထွက် လာကြသည့် တချို့မှာ အအေးဓာတ်ကြောင့် တုန်လှုပ် သွားကြသည်။ သို့သော်လည်း မိုဝူကျီက သူတို့ကို အခွင့်အရေး မပေးဘဲ အဆုံးမဲ့ လျှပ်စီးမိုး ရွာသွန်း ပေးလိုက်သည်။

ခေါင်းဆောင်ဆစ်၏ စွမ်းအားမှာ အင်မတန် အံ့အားသင့်ဖို့ ကောင်းလှပေသည်။ ချန်စယ်က အမိန့်ကို ကြေညာပြီးသည်နှင့် လောကခန်းမရှိ ကျင့်ကြံသူ အားလုံးနီးပါးက နေရာလွတ်သို့ ပြေးထွက် လာကြသည်။

ပြဿနာတစ်ခုမှာ လောကခန်းမ အတွင်းပိုင်းမှ လူများက နေရာလွတ်သို့ အချိန်မီ ရောက်မလာနိုင်ကြပေ။ ထို့ကြောင့် မိုဝူကျီ ရေခဲအမြောက် ပစ်လွှတ်လိုက်သည့်အခါ အနှေးဆုံး ကျင့်ကြံသူများက လောကခန်းမ ပထမအလွှာ ထွက်ပေါက်နားပင် ရှိသေးဆဲ ဖြစ်၏။

မိုဝူကျီက ထိုနယ်ခြား အင်အားစုကို အသက် ချမ်းသာပေးဖို့ရန် ရည်ရွယ်ချက် မရှိပေ။ သူက ရမှတ်များလည်း လိုအပ်နေသည့် အတွက် လျှပ်စီးမိုးများသာ ထုတ်လွှင့် လိုက်တော့သည်။

အမွှေးတိုင် တစ်ဝက်စာ အချိန်အတွင်း ကျန်းရှင်းဆီသို့ အစီအရင်ဖြင့် ထွက်သွားကြသော ကျင့်ကြံသူများမှ လွဲ၍ ကျန်လူများမှာ မိုဝူကျီ၏ တစ်ကိုယ်တော် သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။

ထိုစဉ် ချန်စယ်၊ အထီးကျန်ကြိုးနီနှင့် ကျန်လူများက ထွက်လာကြသည်။ သူတို့က လောကခန်းမ အပေါက်ဝတွင် ရပ်နေကြရင်း အေးခဲနေသည့် နေရာ၌ မည်းတူးနေသော အလောင်းများကို တွေ့လိုက်ရသည်။ သူတို့အားလုံး တိတ်ဆိတ် သွားကြသည်။ ထိုသို့ နည်းလမ်းမျိုးနှင့် ရင်ဆိုင်ရသည့်အခါ အမှန်ပင် ကူကယ်ရာမဲ့ ပေလိမ့်မည်။ သူတို့က မိုဝူကျီနှင့် တစ်ဖက်တည်း ဖြစ်သော်လည်း အကြောက်တရားကို မခံစားမိဘဲ  မနေနိုင်ကြချေ။

အားလုံးက တွေးနေကြသည်မှာ သူတို့သာ ထိုရေခဲ အမြောက်ဖြင့် တိုက်ခိုက် ခံလိုက်ရပါက ဤရေခဲပြင်၌ ရေခဲစလေး ပိုတိုးလာရုံ ရှိမှာမလား ဟူ၍ ဖြစ်သည်။

ချန်စယ်က ထိုသို့သော မြင်ကွင်းကို ဒုတိယ အကြိမ်မြောက် မြင်ရခြင်း ဖြစ်သော်လည်း စိတ်ထဲ၌ တုန်လှုပ်နေမိဆဲ ဖြစ်သည်။ သူ့သခင်မှာ ဤသို့သော အမြောက်မျိုးကို ပိုင်ဆိုင် ထားသည့်အတွက်  အမှန်ပင် ကြောက်ဖို့ ကောင်းလှသည်။

မိုဝူကျီက သူ့ဧရာမ အမြောက်ကြီးကို မသိမ်းဆည်းသေးဘဲ စိတ်စွမ်းအား ဖြန့်ကြက်၍ နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

ဤနေရာတွင် သူ့ထက် အားကောင်းသော ကျင့်ကြံသူများစွာ ရှိသည့်အတွက် အမှန်ပင် ဂရုစိုက် သင့်ပေသည်။ ဤနေရာတွင်  မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ ရှိနေသည်ဟု ချန်စယ် ပြောတာ ကြားဖူးသောကြောင့် သူက တစ်စက်လေးမျှ သတိလက်လွတ် နေ၍ မဖြစ်ပေ။

မိုဝူကျီက နေရာကွက်လပ်မှ ကူးပြောင်း အစီအရင်အပေါ် အာရုံ စိုက်ထားလိုက်သည်။ သူ အမြောက်ဖြင့် ပစ်စဉ်က ဤအစီအရင်ကို ဖျက်ဆီးမိမည်ကို စိုးရိမ်၍ ထိုနေရာကို ရှောင်ရှားခဲ့သည်။ သူက ဤနေရာမှ လူများအားလုံးကို ရှင်းပြီးသည့်အချိန် ကျန်းရှင်းကို သွားဖို့ရာ ဤအစီအရင်ကို အသုံးပြုဖို့ရာ လိုအပ် နေသေးသည်။ အကယ်၍ ဖျက်ဆီးမိပါက သူက ကျန်းရှင်းကို သွားနိုင်မည့် နောက်ထပ် အစီအရင် တစ်ခုကို ပြင်ဆင်နိုင်မည် မဟုတ်ပေ။

သို့သော် ရေခဲအမြောက်မှာ ဖျက်ဆီးနိုင်စွမ်း ကြီးလှသည့် အတွက် သူက ထိုအစီအရင် မဖျက်ဆီးမိကြောင်း အာမတော့ မခံနိုင်ပေ။

လောကခန်းမရှေ့ နေရာလွတ် တစ်ခုလုံး ရေခဲများဖြင့် ပြည့်နေလေ၏။ ပေါက်ကွဲမှုနှင့် အဝေး တစ်နေရာတွင် ကိုယ်လက် အင်္ဂါစုံသော အလောင်းများ ရှိနေဆဲ ဖြစ်သည်။

မိုဝူကျီက စိတ်စွမ်းအားဖြင့် တစ်ချက် စစ်ဆေး ကြည့်လိုက်ပြီးနောက် ထိုအလောင်းများမှာ အပိုင်းပိုင်း အစစ ကွဲကြေကာ ပျောက်ပျက် သွားတော့သည်။

ကူးပြောင်း အစီအရင်၏ အခြေခံအုတ်မြစ်က ဤနေရာတွင် ရှိနေဆဲ ဖြစ်၍ အစီအရင်အလံ အချို့သာ မိုဝူကျီ၏ အမြောက် ပစ်ခတ်မှုအောက် အမှုန့်ဖြစ်သွားခြင်း ဖြစ်သည်။

မိုဝူကျီက သက်ပြင်းချကာ အစီအရင် အုတ်မြစ် ရှိနေသေးသည့် အတွက် သူက ကျန်းရှင်းကို ဝင်ရန် ဖြစ်နိုင်သေးသည်။

မိုဝူကျီက ထိပ်သီး ရေခဲအမြောက်ကို သိမ်းဆည်းကာ ကွင်းပြင်သို့ လျှောက်လှမ်း လာလိုက်သည်။

ချန်စယ်ကို ထိုအရာကို မြင်ကာ မြန်မြန် ရောက်လာလေ၏။ အထီးကျန် ကြိုးနီနှင့် သူ့အပေါင်းအပါ များလည်း လိုက်လာကြသည်။

သူတို့က ရောက်လာသည့် အခါ တချို့က သူတို့မျက်စိရှေ့တွင် ရှိနေသော အရာကြောင့် ကြောင်အမ်း ကုန်ကြသည်။ လွန်ကဲနေသည့်  အအေးဓာတ်က မပျောက်ဆုံး သေးသောကြောင့်  စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၆ ဖြစ်သည့် အထီးကျန် ကြိုးနီပင် ကြက်သီး ထသွားလေ၏။ နယ်ခြား အင်အားစုများမှာ ဗလာနတ္ထိအဖြစ် ပြောင်းလဲ သွားကြတော့သည်။ အစွန်းပိုင်းတွင် ဖွာလန်ကြဲ နေသည့် ရေခဲအစ အပုံလိုက် ရှိနေလေ၏။

“ အစ်ကိုမို ဒီအမြောက်က  .... ” အထီးကျန်ကြိုးနီ ဘေးတွင် ရပ်နေသည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူ ဖြစ်သည့် ဟုန်ဟွာက တုန်တုန်ယင်ယင် ရေရွတ် လိုက်သည်။

မိုဝူကျီက ထိုအမြောက်ဖြင့် ကျန်းရှင်းကို ချိန်ရွယ်ပါက လူတစ်ယောက်တည်းဖြင့် ကျန်းရှင်းမှ ကျင့်ကြံသူအားလုံးကို ဖျက်ဆီး ပစ်နိုင်ကြောင်း ဟုန်ဟွာ တွေးမိလိုက်သည်။

“ ခဏ ... ” မိုဝူကျီ မျက်နှာမှာ လေးနက်လာပြီး ဟုန်ဟွာ ဆက်ပြောနေသည်ကို လက်ကာပြကာ တားဆီးလိုက်ပြီး  သူက ကူးပြောင်း အစီအရင်ကို စိုက်ကြည့်လိုက်သည်။

ကူးပြောင်း အစီအရင်မှာ လုံးဝ မပျက်စီး သေးသော်လည်း အစီအရင် အလံများမှာ သူ့အမြောက်ကြောင့် ပျက်စီး သွားပြီ ဖြစ်၏။ ထို့ကြောင့် အသုံးမပြုခင် ပြန်လည် ပြင်ဆင်ဖို့ရာ လိုအပ်ပေသည်။

သို့သော်လည်း ယခု ဖြစ်လာသည်က အစီအရင်မှ အဖြူရောင် အလင်းများ ထွက်ပေါ်လာပြီး တစ်ခုခု ကူးပြောင်း ပေးလိုက်ဟန် ပေါ်၏။

“ တစ်ယောက်ယောက် လာနေပြီ .. သေချာပေါက် ဂန်စီ ဖြစ်ရမယ် ... ” ချန်စယ်က တုန်တုန်ယင်ယင် ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း သူ့အသံနှင့် အတူတူ အဆက်မပြတ်  တုန်ခါ နေလေသည်။ သူ့စိတ်ထဲတွင် အကြောက်တရာများ ပြည့်နေသည်မှာ သိသာလှသည်။

မိုဝူကျီက လက်ကို ဝေ့လိုက်သည့် အခါ တျန်းဂျီတုတ်က လက်ထဲ ရောက်လာလေ၏။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်သည်  “ ဂန်စီက ဘယ်သူလဲ သေချာပြော ... ”

ချန်စယ်က မိုဝူကျီသည် သူ့သခင် အစစ်အမှန် ဖြစ်ကြောင်း သတိရသွားဟန် ပေါ်ကာ အကယ်၍ မိုဝူကျီသာ အလိုရှိပါက သူ့ဝိညာဉ်ကို အချိန်မရွေး ဖျောက်ဖျက်ပစ်နိုင်ပြီး ခန္ဓာကိုယ်ကို ဖျက်ဆီး ပစ်နိုင်လေသည်။ ထိုသို့ဆိုမှတော့ ဂန်စီကို ကြောက်ရွံ့နေဖို့ရာ အခွင့်အရေးပင် ရှိမည် မဟုတ်တော့ချေ။ ထို့ကြောင့် သူက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး

“ သခင်လေး  ... ဂန်စီက မြေကမ္ဘာ အင်မော်တယ် အဆင့် ၁ ရောက်နေပါပြီ။ ပြီးတော့ သူက ထိပ်တန်း အစီအရင် သခင် တစ်ယောက်ဆိုတော့ ကူးပြောင်း အစီအရင်နားက အစီအရင် အလံတွေက ပျက်စီး သွားပြီ ဆိုပေမဲ့ သူက သေချာပေါက် ရောက်အောင် လာနိုင်လိမ့်မယ်။ သူ ချက်ချင်း ပေါ်မလာတဲ့ အကြောင်းအရင်းက သူက သဘာဝ စွမ်းအားတွေကို သုံးပြီး အစီအရင် အလံတွေ လုပ်နေလို့ပဲ ... ”

မိုဝူကျီက အစီအရင် တစ်ဝက်၌ ဖျော့တော့တော့ သဘာဝ စွမ်းအားကို ခံစားမိလိုက်သည်။ သူက အစီအရင် တာအိုကို ကျွမ်းကျင် နှံ့စပ်သဖြင့် ချန်စယ်က လိမ်ညာနေခြင်း မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။

“ အစ်ကိုမို  ... ကြယ်တာရာသခင် ချီထုံကို သတ်သွားတာ အဲဒီဂန်စီပဲ။ ကြယ်တာရာ သခင်ချီထုံသာ အသက်ရှင်နေရင် လောကခန်းမက သေချာပေါက် ကျဆုံးသွားမှာ မဟုတ်ဘူး ”

ကျန်းတျန်းချန်က လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောလိုက်သည်။ သူက ကြယ်တာရာ သခင်ချီထုံ၏ သစ္စာရှိ နောက်လိုက် တစ်ယောက် ဖြစ်ကြောင်း သိနိုင်လေသည်။ ဂန်စီ ရောက်လာမည့် ဆိုသည့် အကြောင်းကို ကြားသောအခါ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

“ သခင်လေး မြန်မြန် အစီအရင် အလံတွေကို ဖျက်ဆီးပစ်လိုက်ပါ ... မဟုတ်ရင် ဂန်စီက မကြာခင် ဒီအစီအရင်ကနေ ထွက်လာလိမ့်မယ် ” မိုဝူကျီက ဘာမျှ မလုပ်သည်ကို မြင်၍ ချန်စယ်က အင်မတန် ပူပင် လာလေသည်။

မိုဝူကျီက နှာခေါင်းရှံ့ကာ “ ဘာလို့ ဖျက်ဆီးပစ်ရမှာလဲ .. သူ့ကို ကြိုဆိုဖို့ ကျုပ် ဒီမှာ ရှိနေတယ်လေ ... ”

ချန်စယ်က ပို၍ ပူပန်လာကာ ပြောလိုက်သည် “ သူ့ကို တိုက်ဖို့ နည်းလမ်း မရှိဘူးနော်။ ဂန်စီက အာကာသ တာအို အကြောင်းကို ကောင်းကောင်း သိတယ်။ သူက အဲလိုဆိုရင် ဒီနေရာမှာ တစ်ခုခု မှားနေတယ်ဆိုတာ တန်းသိမှာပဲ။ အလစ်တိုက်လို့ ရမှာ မဟုတ်ဘူး ”

“ အားလုံး ဘေးမှာ ပုန်းနေကြ။ ကျုပ် အလစ်တိုက်တာ အောင်မြင်တဲ့ အထိ စောင့် ... ပြီးတော့ ချက်ချင်း ဝင်တိုက်ကြ  ” မိုဝူကျီက ချန်စယ် စကားများကို အာရုံထဲ မထားဘဲ ညွှန်ကြားလိုက်သည်။ သူက တျန်းဂျီတုတ်ကို ယူကာ အစီအရင် ထောင့်တစ်နေရာတွင် ပုန်းနေ လိုက်သည်။

ဘေးအကင်းဆုံး နည်းလမ်းမှာ ရေခဲအမြောက်ကို ချက်ချင်း တပ်ဆင်ကာ ဂန်စီ ပေါ်လာသည်နှင့် တစ်ချက် အမြည်း ကျွေးလိုက်ဖို့ ဖြစ်သည်။

သို့သော် ထိုအကြံကို မိုဝူကျီက ချက်ချင်း ငြင်းပယ် လိုက်သည်။ ပထမ တစ်ချက် အနေနှင့်  ရေခဲအမြောက်ကို တပ်ဆင်ဖို့ရာ အချိန်လိုအပ်ပြီး သူ ပြီးစီးသည့် အချိန်တွင် ဂန်စီက ထွက်လာ လောက်လေပြီ။ ဒုတိယ တစ်ချက်မှာ သူက ဂန်စီထွက်မလာခင် ရေခဲအမြောက်ကို တပ်ဆင်ပြီးခဲ့လျှင်ပင် ဂန်စီကို သေချာပေါက် ထိမည်ဟု အာမ မခံပေ။

ဂန်စီက ဤနေရာတွင် ကြိုတင် မှန်းဆ၍ မရသည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်ကို သိ၏။ သူ ထွက်လာသည်နှင့် သူက လွတ်မြောက်ရေး နည်းစနစ် အသုံးပြုမည် ဖြစ်ကာ အရူး တစ်ယောက်လို ရပ်နေရင်း အပစ်ခံမည် မဟုတ်ပေ။

အစီအရင်အလံများကို ဖျက်ဆီး ပစ်ရမည့် ချန်စယ်အတွေးမှာ ပို၍ ရူးမိုက် လွန်းပေသည်။ သူက လောကခန်းမကို အချိန်တို အတွင်း ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ အကယ်၍ သူက ကျန်းရှင်း၏ အထောက်အပံ့ မပါရှိဘဲ အချိန် အတော်ကြာ ရှိနေရလျှင် နယ်ခြား အင်အားစုများက တပ်အကူများ ထပ်ပို့ဆောင်သည့် အခါ ဤအဖွဲ့လေးဖြင့် သေချာပေါက် ထိန်းထားနိုင်မည် မဟုတ်ပေ။ အမြောက်ယမ်းစာ အတွက် တစ်ချက်စာ အတွက် တစ်ခု အသုံးပြုရလေသည်။ ထိုအရာများမှာ သူထိန်းသိမ်း ထားဖို့ရန် လိုအပ်နေသေး၏။

သူက ဂန်စီ၏ အစီအရင် အလံများကို မဖျက်ဆီးရုံသာမက သူက ကူးပြောင်း အစီအရင် တစ်ခုလုံးကို ဘာမှ မလုပ်ပေ။

ဤအန္တရာယ် အကင်းဆုံး အကြံမှာ မိုဝူကျီ မျက်လုံးထဲ၌ လုံးဝ ဘေးကင်းမနေပေ။ ဂန်စီသာ အစီအရင်ထဲမှ ပြေးထွက်လာသရွေ့ သူတို့ အဆုံးသတ်သွားမည် ဖြစ်၏။ သူက လောက အင်မော်တယ် အဆင့်ကို တိုက်ခိုက်ဖူးသော်လည်း သူက မြေကမ္ဘာ အင်မော်တယ်နှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ထို့ကြောင့် မိုဝူကျီက အလစ်တိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ချန်စယ်၏ သဘောတရား အရ ဂန်စယ်ကို အလစ်တိုက်ဖို့ရာ မဖြစ်နိုင်သလောက် ဖြစ်၏။ သို့သော် မိုဝူကျီက အခြား လူများကဲ့သို့ မဟုတ်ဘဲ နံပါတ်တစ် အလစ် တိုက်နိုင်သည့်  လျှို့ဝှက် တုတ်တံဆင့်ကဲ ရိုက်ချက် တိုက်ကွက် ရှိလေသည်။

ဂန်စီက မည်သည့်နေရာ ပြေးပြေး မိုဝူကျီ၏ တုတ်တံက ရောက်နေမည် ဖြစ်သည်။ ပို၍ အရေးကြီးသည်က မိုဝူကျီက အစီအရင်များကို နားလည်သည့် အတွက် ဂန်စီ ပေါ်လာသည့် အချိန်ကို မှန်းဆ ဆုံးဖြတ်နိုင်သည်။

“ အစ်ကိုမို ... တကယ်ကြီး အလစ်တိုက်မှာလား ” အထီးကျန် ကြိုးနီက နည်းနည်း စိုးရိမ်မိ၏။ မြေကမ္ဘာ အင်မော်တယ် အဆင့်မှာ လောက အင်မော်တယ် အဆင့်နှင့် လုံးဝကို ခြားနားသော အဆင့် တစ်ခု ဖြစ်ရာ အလစ်တိုက်ဖို့ ရန်က ကွာခြားလှမည်။

မိုဝူကျီက ခေါင်းညိတ် ပြလိုက်ရင်း  “ အဲလူ လာတော့မယ်။ အဲဒီ လူက ကျန်းရှင်းကို အများကြီး အကျိုးပြုခဲ့တဲ့  ချီထုံကို အလစ် တိုက်ခိုက်ခဲ့တာ ဆိုတော့ ကျုပ်က ချီထုံအစား လက်စား ချေတာလေ ...  ”

အထီးကျန် ကြိုးနီက ခေါင်းညိတ် ပြလိုက်ပြီး ဘာမျှ ဆက်မပြော တော့ပေ။  မိုဝူကျီသည်  ဆုံးဖြတ်ချက် ခိုင်မာသည့် သူမှန်း သိ၍ သူ ဘာပြောပြော အသုံးမဝင်မှန်း သိသည်။ ထို့ကြောင့် မိုဝူကျီကို အချိန်မရွေး ဝင်ကူညီနိုင်ရန် နေရာ တစ်ခုကိုသာ ရွေးချယ်လိုက်သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်း တောက်ပနေသည့် အဖြူရောင် အလင်းက ပိုတောက်ပ လာပြီး ပုံရိပ်မည်း တစ်ခု ပေါ်လာလေ၏။

အထီးကျန်ကြိုးနီနှင့် အခြားလူများမှာ  နှလုံးခုန် မြန်လွန်းလာ၍  လည်ချောင်းကနေ ထွက်ကျ လာမတတ် ဖြစ်နေသည်။ သူတို့ အစိုးရိမ်ဆုံးမှာ မိုဝူကျီက ဘာတိုက်ကွက်မှ မထုတ်ရသေးခြင်း ဖြစ်သည်။ မိုဝူကျီက အခြားလူများကို သူ တိုက်ပြီးမှ ဝင်တိုက်ရန် ညွှန်ကြား ထားသော်လည်း ကျန်းတျန်းချန်က မနေနိုင်တော့ဘဲ ရွှေရောင် ထိပ်ပြား လှံရှည်ကို ထုတ်လိုက်သည်။

တစ်ချိန်တည်းတွင် မိုဝူကျီက တိုက်ခိုက်လိုက်သည်။

တစ်ခုတည်းသော ခြားနားချက်မှာ မိုဝူကျီ၏ တိုက်ခိုက်မှုက အစီအရင် အုတ်မြစ်ကို ချိန်ရွယ်ထားပြီး ကျန်းတျန်းချန်၏ တိုက်ခိုက်မှုမှာ မီတာအနည်းငယ် ကွာဝေးသည့် နေရာကို ဖြစ်သည်။ တစ်ယောက်တော့ အမှား လုပ်မိကြောင်း သေချာသွားလေပြီ။

ထိုစဉ် အားလုံးက သူတို့အကုန်လုံးကို ဖိနှိပ်နေသော အားပြင်းတစ်ခုကို ခံစားမိလိုက်ကြပြီး နေရာတစ်ခုလုံး ရုတ်တရက် သေးငယ်သွားကာ အစိုင်အခဲသဖွယ် ဖြစ်လာသလို ဖြစ်နေသည်။

“ အား ...” ကျယ်လောင်စွာ ထွက်ပေါ်လိုက်သော ခပ်ဩဩ အသံတစ်ခုကို ကြားလိုက်ရသည်။ ယခု ကျန်းတျန်းချန် ရပ်နေခဲ့သည့် နေရာတွင် သွေးမြူများသာ ကျန်ရှိနေတော့၏။

***

All Chapters