အပြည့်အဝ ရှင်းထုတ်ခြင်း
Vol. 27 Ch. 363
“ အဲဒီလူသစ်လေးက လောက အဆင့်ဇယားရဲ့ အဆင့် တစ်ကို လိုချင်နေလောက်တယ်။ ဒါပေမဲ့ သူ့အမှတ်တွေ နှစ်ဆ ဖြစ်လာရင်တောင် အဲဒီနေရာ မရနိုင်ဘူးဆိုတာ သိရင်တော့ အတော်လေး တုန်လှုပ်သွားမှာပဲ ... ဟားဟား ...” နောက်ထပ် အသံတစ်သံ ထွက်ပေါ် လာပြန်သည်။
မုယင်ချောင်ဟု အမည်ရှိသည့် မုတ်ဆိတ်ရှည် အမျိုးသားက သူ့ခံစားချက်များကို စုစည်းကာ ဟားတိုက် ရယ်မောလိုက်ပြီး
“ သူက အရင်တုန်းက ကျုပ်နဲ့ အတူတူ ဖြစ်နေမှာပဲ။ ကျုပ်လည်း လောက အဆင့်ဇယားရဲ့ အဆင့်တစ်ကို ရဖို့ ကြိုးစား အားထုတ်ခဲ့တာ။ ဒါပေမဲ့ အမှတ်တွေ ဘယ်လောက် တိုးလာလာ ထိပ်ဆုံး အဆင့်တစ်ကို မရောက်နိုင်ဘူး။ အဲဒီမှာ ကျုပ်က တစ်ခုခုတော့ မဟုတ်တော့ဘူး ဆိုတာ ချက်ချင်း သိလိုက်တယ် ...
ပြန့်ရွမ်းပိနဲ့ တွေ့မှ အဆင့်တစ်နေရာက ကျုပ်နဲ့ လုံးဝ မသက်ဆိုင်မှန်း သိလိုက်ရတာ။ ဒါပေမဲ့ ဒီလူသစ်လေးက ကျုပ်ကိုကျော်ပြီး အဆင့် နှစ်ကို ရသွားတာကိုက အတော်လေး အံ့အားသင့်ဖို့ ကောင်းနေပါပြီ။ အာကာသထဲ တိုက်ပွဲ ဖြစ်နေတာလား ဒါမှမဟုတ် တစ်နေရာရာမှာ လခြမ်းကွေး အင်မော်တယ် နန်းတော် ထပ်ပေါ် လာပြန်တာလား တစ်ခုခုတော့ တစ်ခုခုပဲ .... ”
“ကျုပ်ကို ကျော်သွားပါစေလို့ပဲ မျှော်လင့်မိတယ်။ သူသာ ကျုပ်ကို ကျော်သွားနိုင်သရွေ့ ဒီနေရာကို သေချာပေါက် ရှာနိုင်လိမ့်မယ် ... ” မုယင်ချောင်ထက် အနည်းငယ် မြင့်သည့် နေရာတွင် ထိုင်နေသော အမျိုးသားက ဆက်ပြောလိုက်သည်။
သူတို့က ဤနေရာတွင် ပိတ်မိနေသည်က အချိန်ကြာမြင့်လှပြီ ဖြစ်၍ ကျင့်ကြံသူ အများစုမှာ အချိန်၏ တိုက်စားမှုကြောင့် အသက်ရွယ် ရလာကြဟန် ပေါ်သည်။ သို့သော်လည်း ဤအမျိုးသားမှာ ထိုသို့ဟုတ်ဟန် မပေါ်ပေ။ သူ့တွင် မျက်ခုံးတန်းတန်းနှင့် အတူ ကြယ်များကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည့် မျက်ဝန်းများ ရှိနေ၍ လောကဓံ တရားကို ကြံကြံခံနိုင်သူ ပုံ ပေါ်နေသည်။ သူက လူငယ်လေး အလား ဖြစ်၏။
ဤနေရာရှိ အားလုံးမှာ ထိုသူက ရုပ်ရည်အရ ကျန်းရှင်းတွင် နံပါတ်တစ် ဖြစ်ရုံသာမက လောကအဆင့် ဇယားတွင်လည်း မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်ဖြင့် အဆင့်တစ် ချိတ်ဆွဲထားသော ပြန့်ရွမ်းပိ ဖြစ်ကြောင်း သိကြသည်။
“ အစ်ကိုပြန့် ... တကယ်လို့ သူလာရင်တောင် နောက်ထပ် ဝမ်းနည်း ပူဆွေးနေတဲ့ ဝိညာဉ် တစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။ ကျုပ်တို့နဲ့ ကျန်းရှင်းအတွက် အသုံးဝင်မှာ မဟုတ်ဘူး ” မုယင်ချောင်က ပြောလိုက်သည်။
“အဲလိုတော့ မဟုတ်လောက်ပါဘူး ” ပြန့်ရွမ်းပိက ညင်ညင်သာသာ ပြောလိုက်သည်။
“ တကယ်လို့ အဲဒီ လူသစ်လေးက လောက အဆင့်ဇယားမှာ ကျုပ်ကို ကျော်နိုင်တယ် ဆိုရင် ကျုပ်ထက် အားကောင်း နေတာပဲလေ ... ကျုပ်က ဒီနေရာမှာ ပိတ်မိနေတာ နှစ်တွေ ရာချီနေပြီ အခုထိ မထွက် နိုင်သေးဘူး။ ဒါပေမဲ့ သူ ရောက်လာရင်တောင် ထွက်သွားနိုင်မဲ့ နည်းလမ်း ရှာတွေ့နိုင်တယ် .. ”
လူအုပ်ကြီးက တိတ်ဆိတ် သွားလေ၏။ သူတို့က ပြန့်ရွမ်းပိ စကားများ၏ ဖြစ်လာနိုင်ခြေမှာ မဖြစ်နိုင်သလောက် ဖြစ်နေမှန်း သိကြသော်လည်း မျှော်လင့်ချက်လေး ဆုပ်ကိုင်ထားမိဆဲ ဖြစ်၏။ ဤနေရာတွင် ဆွေးမြည့်သည့် အထိ သေဆုံးရမည့် ခံစားချက်ကို အားလုံးက အတော်လေး ငြီးငွေ့နေပြီ ဖြစ်၏။
***
စူးရှလေမြို့ အပြင်ဘက်
ပေါင်လေ့ အမူအရာက ပို၍ပင် စိုးရိမ်သောက ရောက်လာလေ၏။ ပုံမှန်ဆိုလျှင် ဂန်စီက လောကခန်းမကို သွားရောက် စစ်ဆေးဖို့ရာ အမွှေးတိုင် တစ်ဝက်ခန့်သာ အချိန်ကြာမြင့် လိမ့်မည်။ သို့သော်လည်း နာရီဝက် ကုန်ဆုံးသွားသော်လည်း ဂန်စီဆီမှ သတင်း ရောက်မလာသေးပေ။
လောကခန်းမမှ နယ်ခြား တပ်ကူများလည်း ရောက်မလာသည့် အပြင် မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူဆီမှလည်း ဘာသတင်းမှ ရောက်မလာသောကြောင့် စုရွမ်က လောကခန်းမတွင် ကြိုတင် မျှော်မှန်းမထားသည့် အဖြစ်အပျက်မျိုး ဖြစ်နေပြီ ဖြစ်ကြောင်း မှန်းဆမိသည်။ သူမက ရုတ်တရက် အော်ကာ “ ငါတို့ ကျန်းရှင်းရဲ့ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူက ပြန်ရောက်လာလို့ လောကခန်းမကို အပိုင်သိမ်းပြီးပြီနေမှာ ... ငါတို့တွေ ဒီနယ်ခြား အင်အားစု တစ်ယောက်မျှ အလွတ်မပေးကြနဲ့ ... ”
ကျင့်ကြံသူ တပ်ထဲ ဝင်၍ စူးရှလေမြို့ကို ကာကွယ် ထားနိုင်သည့် အတွက် ဤနေရာရှိ လူများတွင် အားနည်းသည့်သူများ မပါပေ။ စုရွမ်က မပြောလျှင်ပင် သူတို့လည်း တစ်ခုခု မှားယွင်း နေကြောင်း ခံစားမိကြသည်။ ယခု စုရွမ်က မြေကမ္ဘာ အင်မော်တယ် တစ်ယောက် ပြန်လာသည်ဟု ပြောလိုက်သောအခါ အားလုံးက အားရပါးရ ဟစ်ကြွေး လိုက်ကြသည်။
ဂန်စီ ထွက်သွားသည်နှင့် ကျန်းရှင်းကျင့်ကြံသူများက နယ်ခြား အင်အားစုကို စတင် ဖိနှိပ် လာနိုင်ကြသည်။ ယခု သူတို့ဖိနှိပ်မှုက ပို၍ အားကောင်းလာလေသည်။
ပေါင်လေ့က အဆင့် ၈ ထိပ်ဆုံး သားရဲ ဖြစ်သော်လည်း စုရွမ်နှင့် အခြားသော လောက အင်မော်တယ် အဆင့် ကျင့်ကြံသူများ ဝန်းရံမှုအောက်တွင် သူက ကျန်တိုက်ပွဲကို ဆက်မခုခံနိုင်တော့ပေ။
“ အားလုံး နောက်ဆုတ်ကြ .. ” ပေါင်လေ့က လက်ရှိ အနေအထားကို သိ၍ နောက်ဆုတ်ဖို့သာ အမိန့်ပေး လိုက်တော့သည်။
လောကခန်းမနှင့် ကျန်းရှင်းကြား စူးရှလေမြို့နှင့် စူးရှလေမြို့ တဝှက်ရှိ နေရာ အပိုင်းလေးသာ ရှိ၏။ ထို့ပြင် ထိုနေရာကို ထောင်ချောက် အစီအရင်များ တပ်ဆင် ထားသောကြောင့် ပေါင်လေ့က နောက်ဆုတ်ဖို့ရာ အမိန့်ပေးလိုက်သော်လည်း ကျန်းရှင်းတပ်များမှ ယာယီသာ နောက်ဆုတ် နိုင်လေသည်။
မူလက စူးရှလေမြို့သို့ ရောက်ရှိလာကြသော သောင်းဂဏန်း အရေအတွက်မှာ အချိန်တိုလေး အတွင်း ထောင်ဂဏန်း အထိ လျော့ကျ သွားလေ၏။
“ လောကခန်းမကို ငါတို့ ကျန်းရှင်းရဲ့ အဆင်မြင့် ကျင့်ကြံသူက ထိန်းချုပ်လိုက်ပြီ။ ကျန်းရှင်းက အားလုံး ငါ့အမိန့်ကို နာခံကြ ... ဒီနယ်ခြား အင်အားစုကို အမြစ်ဖြတ် သုတ်သင်ပစ်ကြ ... ငါတို့ ကျန်းရှင်းထဲကို အဲဒီတိရစ္ဆာန်တွေ နောက်ထပ် ခြေချခွင့် မပေးကြနဲ့ ... ” စုရွမ်က ကျုးကျော် ဝင်ရောက် လာသူနောက် တန်းမလိုက်ဘဲ ပေါင်လေ့ နောက်ဆုတ်မှုကို အခွင့်ကောင်းယူကာ စိတ်ဓာတ် မြှင့်တင် ပေးလိုက်သည်။
ကူးပြောင်း အစီအရင်က တပ်ကူ မပို့ဆောင်ပေးနိုင်လျှင် ပေါင်လေ့နှင့် သူ့လူများမှာ သူတို့ကို ပြန်တိုက်ခိုက်ရန် မလုံလောက်တော့ပေ။
“ ခန်းမသခင်စု၊ ခန်းမသခင်ယန် .. လောကခန်းမမှာ ဘာဖြစ်သွားတယ် ဆိုတာ မပြောနဲ့ဦး။
ကျုပ်တို့ကို ယာယီ နောက်ဆုတ်ခွင့် ပေးမယ်လို့ မျှော်လင့်တယ်။ အခု ကျန်းရှင်းက အရေးသာနေပြီပဲ ကျုပ်တို့ကို သတ်လိုက်တော့ရော ဘာထူးမှာလဲ။ ကျုပ်တို့ရဲ့ ရန်ငြိုး ပိုနက်ရှိုင်းသွားတာပဲ အဖတ်တင်လာမှာမလား ... ”
ပေါင်လေ့က ထိုလေသံဖြင့် ပြောပြီးနောက် သူ့ကိုယ်သူ ထူးဆန်းသည်ဟုပင် ထင်မိသည်။
သို့သော်လည်း ပေါင်လေ့က သူ့တွင် အခြား ရွေးချယ်စရာ မရှိမှန်း သိလေ၏။ အကယ်၍ သူသာ ကျန်းရှင်းတပ်ကို ရပ်ဖို့ရာ မဖြောင့်ဖြနိုင်ပါက သူ့တပ်တစ်ခုလုံး ပျက်စီး သွားပေလိမ့်မည်။
“ ခန်းမသခင်စု ... ကျုပ်တို့တွေ လောကခန်းမကို ဘယ်လို သိမ်းခဲ့တယ်ဆိုတာ ခင်ဗျားတို့ သိသင့်တယ်။ အာကာသ ဝံပုလွေ ဘုရင်ကြီးကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဘယ်တော့မှ ဝင်လာနိုင်မှာ မဟုတ်ဘူး။
ဝံပုလွေဘုရင်ကြီး ဒီမှာ ရှိမနေတာက သူ မရှိနေနိုင်လို့ မဟုတ်ဘူး။ သူက အားနည်းတဲ့ သူတွေကို အနိုင်မကျင့်ချင်လို့ ... တွေးကြည့်ပါဦး ...
တကယ်လို့ ဝံပုလွေဘုရင်ကြီးသာ ဒီရောက်လာရင် စူးရှလေမြို့က ကျုပ်တို့ကို ထိန်းထားနိုင်ပါ့မလား။ အခု ကျုပ်ကို သတ်လိုက်ရင် ဒီနေရာက အားလုံးကို သတ်လိုက်ရင် ဝံပုလွေဘုရင်ကြီးက ကျန်းရှင်း တစ်ခုလုံးကို သတ်ပစ်လိမ့်မယ်။ ပုရွတ်ဆိတ်လေးတောင် အလွတ်ပေးမှာ မဟုတ်ဘူး ”
ပေါင်လေ့က သူ့စကားအဆုံးတွင် စုရွမ်နှင့် ကျန်လူများကို မတုန်မလှုပ် ကြည့်လိုက်သည်။ သူက သူ့စကားများကို ယုံကြည့်ချက် ရှိနေသည်က ဝံပုလွေဘုရင်ကြီးမှာ သေချာပေါက် ထိုသို့ လုပ်မည် သေချာ နေသောကြောင့် ဖြစ်၏။
စုရွမ်က ခဏတာ တုန်လှုပ် မိသွားသည်။ သူမက ချီထုံသည် ယခင်တစ်ခါ ပေါင်လေ့နှင့်် နားလည်မှု ယူနေခြင်းမှာ ဝံပုလွေဘုရင်ကြီးကို ဒေါသ ထွက်စေမိမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်၏။ ယခုအခါ ပေါင်လေ့က ဝံပုလွေ ဘုရင်ကြီး နာမည်ကို အသုံးပြု၍ သူမကို ခြိမ်းခြောက် နေလေသည်။
သူ့ကို သတ်ပစ်ရမလား .. မသတ်ဘဲ ထားရမလား ..
“ ဟားဟား ပေါင်လေ့ ခင်ဗျား တော်တော် အရှက်မဲ့တာပဲ။ ခင်ဗျားကြီးကို ပြောပြ လိုက်ဦးမယ်။ လောကခန်းမကို ကြယ်တာရာ သခင်မိုက ပြန်သိမ်းပြီးသွားပြီ ...
လောကခန်းမက နယ်ခြား အင်အားစု သန်းချီနေတဲ့ အရေအတွက်လဲ ကြယ်တာရာ သခင်မိုရဲ့ လက်အောက်မှာ အငြိုးကြီးတဲ့ ဝိညာဉ် အဖြစ် ပြောင်းသွားကြရောပေါ့ .... ” လေထုထဲမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ် လာလေသည်။ ထို့နောက် စူးရှလေမြို့ အပြင်ဘက်ရှိ ကူးပြောင်း အစီအရင်မှ ရှီလု ထွက်လာလေသည်။
ကြယ်တာရာသခင်မို ....
စုရွမ်နှင့် ယန်ကျဲသာ မဟုတ် ... ကျန်းရှင်းမှ ကျင့်ကြံသူတိုင်းက ရှီလုက နားမလည်စွာ ကြည့်လိုက်ကြသည်။ ဤနေရာတွင် ရှိသော လူတော်တော် များများက ရှီလုကို ကျန်းရှင်းမှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူမှန်း မှတ်မိကြသော်လည်း သူ့စကားများကား မယုံကြည်နိုင်ဖွယ် ဖြစ်နေသည်။
ကြယ်တာရာသခင်မိုက ဘယ်သူကြီးလဲ ... သူက လောကခန်းမထဲ နယ်ခြား အင်အားစု သန်းချီနေတာကို ဖျက်ဆီး ပစ်ခဲ့တာလား .. သူ့ကိုယ်သူ ဘယ်သူ ထင်နေလို့လဲ
ထိုသူက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့် ရောက်နေလျှင်ပင် ထိုသို့ လုပ်ဆောင်ဖို့တော့ မဖြစ်နိုင်ဘူးမလား ...
“ အစီအရင်ကနေ နယ်ခြား အင်အားစုတွေ ဘာလို့ ထွက်မလာတော့တာလဲ သိချင်နေတာမလား။
ဘာလို့လဲဆိုတော့ သူတို့အားလုံးက ကြယ်တာရာ သခင်မို လက်ချက်နဲ့ သေသွားကြပြီလေ ... ပြီးတော့ ခင်ဗျားက မြေကမ္ဘာ အင်မော်တယ် အဆင့် ဂန်စီအကြောင်း သိချင်နေသေးတယ် မလား ...
သူ့ကိုလဲ ကြယ်တာရာသခင်မိုက သတ်ပစ်လိုက်ပြီ ...” ရှီလု ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းက ပေါင်လေ့ စိတ်နှလုံးကို အေးခဲ လာစေသည်။
ဂန်စီ နာမည်ကို ခေါင်းဆောင် တချို့နှင့် သူကလွဲပြီး မည်သူမျှ မသိကြပေ။ ယခုအခါ ဤကျန်းရှင်း ကျင့်ကြံသူက ဂန်စီ နာမည်ကို ထုတ်ပြောသည့် အပြင် ဂန်စီမှာ ကြယ်တာရာ သခင်မို လက်ချက်ဖြင့် သေသွားပြီဟု ဆိုသည်က တကယ်များ ဖြစ်နေမလား ....
ဂန်စီက အမှန်ပင် မိုဝူကျီ၏ အလစ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ သို့သော်လည်း သူက မသေသေးပေ။ သူ့ဦးနှောက်မှာ ပျက်စီး သွားကာ လောကခန်းမမှ အာကာသထဲ ထွက်သွားတာ ဖြစ်သည်။
“ အဲဒီလူက စစ်မှန်ခြင်းနတ်ဘုရား အလယ်အလတ် အဆင့် ကျင့်ကြံသူ ရှီလုပဲ။ သူက ကြယ်တာရာ တိုက်ပွဲအတွက် နယ်လှည့် ကျင့်ကြံသူ အဖြစ် စာရင်းသွင်းထားတာ၊ သူက ကျန်းရှင်းက လူ ဟုတ်တယ်။ ပြီးတော့ သူက ကျန်းရှင်းကို သစ္စာဖောက်ပြီးတော့ နယ်ခြား အင်အားစုနဲ့ မပူးပေါင်းဘူး ဆိုတာလည်း သေချာတယ် ” စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်က စုရွမ်နား ကပ်ကာ ရှင်းပြလိုက်သည်။
စုရွမ်က ခေါင်းညိတ် လိုက်ပြီးနောက် ရှင်းရှင်းလင်းလင်း မေးလိုက်သည် “ မင်းက တာအိုရောင်းရင်း ရှီလုလား .. ”
စုရွမ်က ရှီလုကို မမှတ်မိသော်လည်း ရှီလုက ယန်ကျဲနှင့် စုရွမ်တို့ကို မှတ်မိလေသည်။ သူက လျှောက်လာကာ လက်နှစ်ဖက် ဆုပ်ထားပြီး
“ ရှီလုက ခန်းမသခင်စုနဲ့ ခန်းမသခင်ယန် တို့ကို နှုတ်ဆက်ပါတယ် ... ”
“ တာအိုရောင်းရင်းရှီ ... ကြယ်တာရာ သခင်မို ဆိုတာ ဘာများလဲ။ ပြီးတော့ လောကခန်းမမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ” စုရွမ်က ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
ရှီလုက မြန်မြန် ပြောလိုက်သည်
“ ကြယ်တာရာသခင်မို ဆိုတာ အရင် ကြယ်တာရာသခင် ချီထုံ သူ မသေခင် အရိုက်အရာ ပေးခဲ့တဲ့ မိုဝူကျီပါ။ ကြယ်တာရာ သခင်မိုက အာကာသထဲကနေ ပြန်ရောက် လာပြီးတော့ လောက အင်မော်တယ် အဆင့် ရောက်နေပါပြီ၊
သူက သူ့ထိပ်တန်း စွမ်းအားတွေနဲ့ နယ်ခြား အင်အားစုတွေ အကုန်လုံးကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ မြေကမ္ဘာ အင်မော်တယ် ဂန်စီကိုလဲ ကူးပြောင်း အစီအရင်မှာ အလစ်တိုက်ပြီး သတ်ပစ်ခဲ့တာ ... ”
“ မိုဝူကျီလား ” စုရွမ်က တအံ့တဩ မေးလိုက်သည်။ သူမက မိုဝူကျီကို ယခင်က မြင်တွေ့ဖူး၏။ မိုဝူကျီကို လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ တွေ့စဉ်က သူသည် စစ်မှန်ခြင်း နတ်ဘုရား အခြေခံ အဆင့်သာ ရှိနေသေး၏။
နှစ်ဘယ်လောက် ကြာသွားလို့ လဲ ...
လောကအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်တယ် ဆိုတော့ ကျန်းရှင်း တစ်ခုလုံးမှာ သူ့ထက် အရည်အချင်း ရှိတဲ့သူ ရှိမှာ မဟုတ်တော့ဘူး ...
သို့သော်လည်း သူမက မိုဝူကျီသည် လောက အင်မော်တယ် အဆင့်နှင့် အလှမ်းကွာနေဆဲ ဖြစ်သည့် အကြောင်းကိုတော့ မသိပေ။ မိုဝူကျီက ရှီလုရှေ့တွင် အားအလွန် ကောင်းသည့် ပုံပေါ်နေသောကြောင့် ရှီလုက မိုဝူကျီသည် လောအင်မော်တယ် အဆင့် ရောက်ပြီဟု ထင်မိခြင်း ဖြစ်သည်။
“ တကယ်ကို သူပဲ ” ရှီလုက ပြတ်ပြတ်သားသား ပြောလိုက်လေ၏။
စုရွမ်က လေအေးများ မှုတ်ထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ပြောလိုက်သည် “ တာအိုရောင်းရင်းရှီ ... အဖြစ်အပျက်ကို အသေးစိတ် ရှင်းပြပေးပါဦး။ တာအို ရောင်းရင်းမိုက လောကအင်မော်တယ် အဆင့် ရောက်သွားရင်တောင် သန်းချီနေတဲ့ နယ်ခြား ကျင့်ကြံသူတွေကို သတ်ဖို့က မဖြစ်နိုင်သေးဘူး မလား ... ”
သူမက မိုဝူကျီသည် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူကို အောင်အောင်မြင်မြင် အလစ် တိုက်နိုင်ခဲ့သည့် အကြောင်းကို ယုံကြည်လျှင်ပင် သန်းချီနေသည့် နယ်ခြား အင်အားစုကို သတ်ပစ် လိုက်နိုင်သည်ကိုတော့ မယုံကြည်နိုင်ပေ။
သူ့အမြန်ဆုံးနှုန်းဖြင့် ရှီလုက မိုဝူကျီသည် အမြောက်ကြီးကို သုံး၍ နယ်ခြား အင်အားစုများကို အမြစ် ဖြတ်ချေမှုန်းခဲ့သည့် အကြောင်းကို ပြန်ပြော ပြလိုက်သည်။
“ ဧရာမ အမြောက်ကြီးနဲ့ကိုး .. အံ့ဩစရာတော့ မရှိတော့ပါဘူး ”
စုရွမ်က သူမဘာသာ ရေရွတ် လိုက်ပြီးနောက် ထပ်ပြောလိုက်သည် “ အဲဆို ဒီနယ်ခြား အင်အားစုကို သတ်ပြီးသွားရင် လောကခန်းကို တစ်ချက် သွားကြည့် ကြတာပေါ့။ တာအို ရောင်းရင်းမိုက လောကခန်းမကို ပြန်သိမ်း နိုင်ခဲ့တယ် ဆိုမှတော့ သူက ကျမတို့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင် ဖြစ်နေပြီးသားပဲ ... ”
စုရွမ်က စိတ်ကို ခိုင်ခိုင် ထားလိုက်သည်။ ဝံပုလွေဘုရင်ကြီးက သူမတို့ မည်မျှပင် ကြောက်လန့် နေစေကာမူ ရောက်လာဦးမည် ဖြစ်သည်။ ကြယ်တာရာ သခင်ချီထုံ ဖြစ်ရပ်သည် သူမတို့ မှတ်သားသင့်သည့် သင်ခန်းစာ တစ်ခု ဖြစ်ပေသည်။
ထိုသို့ဆိုမှတော့ သူတို့ ပျော်ပျော်ရွှင်ရွှင် သတ်ပစ်ကြတာပေါ့ ....
“ သတ်ကြစမ်း ” စုရွမ် အမိန့်အောက်တွင် ကျန်းရှင်း ကျင့်ကြံသူများ၏ ဟစ်ကြွေးသံများက ကောင်းကင်တစ်ခွင် ဟိန်းထွက်လာပြီး သူတို့ စိတ်ဓာတ်လည်း ပြန်လည် မြင့်တက် လာလေသည်။
ကျန်ရှိနေသော နယ်ခြား အင်အားစုမှာ ကြောက်လန့် နေကြသည်။ အားလုံးက သူတို့ အသက်အတွက် ထွက်ပြေး လိုကြသည်။
“ ပေါင်လေ့ ထွက်ပြေးသွားပြီ ” ရုတ်တရက် တစ်ယောက်ယောက် အော်ပြောလိုက်သည်။
အားလုံးက ပေါင်လေ့သည် ကူးပြောင်း အစီအရင်ဆီ ပြေးသွားသည်ကို မြင်လိုက်ကြ၍ လောကခန်းမဆီ ထွက်ပြေးမှန်း သိလိုက်ကြသည်။
ပေါင်လေ့ သွားပြီ ဖြစ်၍ ကျန်ရှိနေသော နယ်ခြား အင်အားစုများမှာ ကြောက်လန့် ကုန်ကြသည်။ ခဏလေးအတွင်း သူတို့က ကျန်းရှင်း ကျင့်ကြံသူများ လက်ချက်ဖြင့် အသတ်ခံ လိုက်ရတော့သည်။
မိုဝူကျီက ကူးပြောင်း အစီအရင်ပေါ်တွင် အစီအရင်အလံများ ထပ်တပ်ဆင် ထားပြီး အစီအရင်ကို ထိန်းချုပ်ဖို့ရာ သူ့နည်းလမ်းများကိုတော့ မသုံးရသေးချေ။ ရုတ်တရက် ဆိုသလို အစီအရင်မှ အဖြူရောင် အလင်းများ ထွက်ပေါ်လာလေ၏။
ရောက်လာသည့် သူမှာ မိတ်ဆွေလား၊ ရန်သူလား မသည်းကွဲသဖြင့် မိုဝူကျီက လျှပ်စီးဓားကို ထုတ်လိုက်သည်။ မိတ်ဆွေဆိုပါက ကုသဆေးလုံး တချို့ ပေးလိုက်မည် ဖြစ်ပြီး ရန်သူဆိုပါက သတ်ပစ် လိုက်ရုံသာ ဖြစ်၏။
“ ဖူး ” သွေးမြူများ ထွက်ပေါ် လာလေ၏။ ပေါင်လေ့၏ ပုံသဏ္ဌာန် ပေါ်လာသည်။ မိုဝူကျီက တိုက်ခိုက်ဖို့ရာ ပြင်ဆင်ထားသည့် အတွက် ကံကောင်းသွားမှန်း သိလိုက်သည်။ ထိုလူမှာ အဆင့် ၈ ထိပ်ဆုံးသားရဲ ဖြစ်၍ သူ့အင်အားမှာ ဂန်စီထက် အနည်းငယ် လျော့နည်းရုံလေး ဖြစ်သည်။
“ မင်းပဲကိုး .. သေစမ်း .... ” ပေါင်လေ့က မိုဝူကျီကို မြင်သည့်အခါ သူ့သတ်ဖြတ်ချင်စိတ်က နေရာအနှံ့ ပြန့်သွားပြီး ခုန်ဝင်လာသည်။
မိုဝူကျီက လောကအင်မော်တယ် အဆင့် ရောက်သွားလျှင်ပင် သူ .. ပေါင်လေ့က မျက်လုံးဖြူ ဝံပုလွေ မင်းသားလောက်ပင် မကောင်းသည့် လူကို မကြောက်ပေ။
***