ပေါင်လေ့နှင့် ရင်ဆိုင်တွေ့သည့် တိုက်ပွဲ
Vol. 27 Ch. 364
ပေါင်လေ့က ပြေးဝင်လာလေသည်။ မိုဝူကျီက လက်ကို မြှောက်လိုက်သည့် အခါ လျှပ်စီး ဓားများစွာ ပေါ်လာလေ၏။ ထို့နောက် သူက တျန်းဂျီတုတ်ကို ဝှေ့ယမ်း လိုက်သည်။
“ ဘမ်း ”
သဘာဝ စွမ်းအားများက ပေါက်ကွဲသွားပြီး ထိုပေါက်ကွဲမှုများကြားတွင် လျှပ်စီးဓားများမှ လျှပ်စီးများက ပျောက်ကွယ် သွားသည်။ ပေါင်လေ့၏ မှော်ရတနာက မိုဝူကျီ၏ လျှပ်စီးဓားများကို အပိုင်းပိုင်း အစစ ချေမွလိုက်ပြီး မိုဝူကျီရှေ့တွင် ရပ်တန့် သွားသည်။ ထို့နောက် မှော်ရတနာမှာ လွှင့်သွားတော့သည်။
မည်းနက်နေသော စွမ်းအားများက နေရာတစ်ခုလုံး၌ ပြည့်နှက် သွားသည်။ အဝေးမှ အထီးကျန် ကြိုးနီနှင့် ကျန်လူများက ပေါင်လေ့၏ မှော်ရတနာမှာ စိတ်ဝိညာဉ် အလံ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သားရဲများအတွက် စိတ်ဝိညာဉ်အလံ သုံးသည်က အလွန် ရှားလှပေသည်။ သားရဲများကို မဆိုထားနှင့် ကျန်းမိုနယ်မြေမှ ကျင့်ကြံသူကြားတွင် အမှောင်နတ်ဆိုး လမ်းစဉ် ကျင့်သုံးကြသော ကျင့်ကြံသူများမှ လွဲ၍ အနည်းငယ်သာ စိတ်ဝိညာဉ် အလံကို အသုံးပြုကြသည်။
စိတ်ဝိညာဉ် အလံများက အသုံးမဝင်၍ မဟုတ်ဘဲ ထိုစိတ်ဝိညာဉ် အလံကို အသုံး ပြုသူများကို ဘုံရန်သူအဖြစ် သတ်မှတ်ကြ၍ ဖြစ်သည်။ ထိုစိတ်ဝိညာဉ် အလံများ၏ အကြီးမားဆုံး အရာမှာ ထွက်ပေါ်လာမည့် စွမ်းရည် ဖြစ်၏။ စွမ်းအား အရင်းအမြစ်မှာ စိတ်ဝိညာဉ်များ၏ သဘာဝ စွမ်းအားများနှင့် ဆက်စပ်နေလေ၏။ ကျင့်ကြံသူများ ပိုမို အသတ်ခံ ရလေလေ ထိုစိတ်ဝိညာဉ် အလံက စိတ်ဝိညာဉ် များလေလေ ဖြစ်သည်။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ် အလံက အဆင့်မြင့်သွားပြီး ပိုအားကောင်း လာပေလိမ့်မည်။
ပေါင်လေ့ စိတ်ဝိညာဉ်အလံမှာ နေရာတစ်ခုလုံးကို အမှောင်ဖုံးလွှမ်း သွားစေသဖြင့် သန့်စင် ထားသည့် ဝိညာဉ်များမှာ သန်းချီနေပြီ ဖြစ်၏။
ပေါင်လေ့ စိတ်ဝိညာဉ် အလံ နယ်ပယ် အောက်တွင် မိုဝူကျီ၏ စိတ်စွမ်းအားနှင့် အမြင်တို့မှာ မှောင်မိုက် လာသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသော်လည်း သူ့စိတ် အခြေအနေမှာ မတည်မငြိမ် ဖြစ်လာပြီး အချိန်မရွေး ပျောက်ကွယ် သွားတော့မည်ဟု ခံစားနေရသည်။
ထိုအရာမှာ စိတ်ဝိညာဉ် အလံ ဖြစ်၏။ မိုဝူကျီက အတော်လေး တွေ့ကြုံဖူးသည့် အတွက် ထိုစိတ်ဝိညာဉ်အလံကို ကြားဖူးလေသည်။
စွမ်းအားအရ ပြောရလျှင် ထိုစိတ်ဝိညာဉ် အလံမှာ သူ့လျှို့ဝှက်တုတ်တံ ဆင့်ကဲရိုက်ချက် တိုက်ကွက်ထက်ပင် ကြောက်ဖို့ ကောင်းနေသေး၏။ သူ့ရှေ့တွင် အမှောင်ထုကြီးသာ ရှိနေသော်လည်း လက်တွေ့၌ ထိုမြူထဲ၌ ပေါင်လေ့ ပုန်းအောင်း နေလေသည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် ပျောက်ကွယ် သွားသည့်အခါ သို့မဟုတ် ယိုယွင်းလာသည့် အခါ ပေါင်လေ့က အေးစက်စက် အမှောင်ထုမှ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်လိမ့်မည်။
မိုဝူကျီက နိဗာနတုတ်အရိပ်မှာ သူ့စွမ်းအားများနှင့် စိတ်ဝိညာဉ်မှ စွမ်းအားများ ထိပ်တိုက် တွေ့မှုကြောင့် ပေါက်ကွဲသံများကို ဆက်တိုက် ထုတ်လွှင့် နေလေသည်။ မိုဝူကျီက သူ့နိဗာနတုတ် အရိပ်သည် အလွန်အားကောင်းပြီး သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသော်လည်း သူက စိတ်ဝိညာဉ် အလံအောက်တွင် ကြာရှည်ခံနိုင်တော့မည် မဟုတ်ပေ။
ထိုအရာက မိုဝူကျီကို တုန်လှုပ် လာစေသည်။ ထိုအရာများမှာ သူက ပေါင်လေ့ကို ချောင်းမြောင်း တိုက်ခိုက်ပြီးမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ သူသာ မတိုက်ခိုက်မိပါက တိုက်ပွဲမှာ အခုထက် များစွာ ခက်ခဲပေလိမ့်မည်။
ယင်စွမ်းအားများက စိတ်ဝိညာဉ်အလံ တစ်ခုလုံးမှ စိမ့်ထွက် လာလေသည်။ ထိုစဉ် ချန်စယ်ပင် ဝင်ပြီး မကူညီရဲပေ။ အစပိုင်းတွင် သူတို့က ပေါင်လေ့ကို မြင်သော်လည်း ယခုတွင်မူ နေရာတစ်ခုလုံးမှာ စိတ်ဝိညာဉ်အလံမှ လွှမ်းခြုံထားသည့် အေးစက်စက် ယင်စွမ်းအား ကမ္ဘာ ဖြစ်နေလေသည်။ တစ်ယောက်ယောက်သာ သွား၍ ကူညီပါက သူတို့သည်လည်း ထိုနယ်ပယ် အထဲ ရောက်ရှိ သွားလိမ့်မည်။
အကယ်၍ မိုဝူကျီသာ သူ့စိတ်ဝိညာဉ် မျက်လုံးကို အသက် မသွင်းနိုင်ပါက သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုနယ်ပယ်ကို အားသုံး၍ ဖြိုခွင်းဖို့သာ ရှိသည်။
ဝိညာဉ် စွမ်းအားများက မိုဝူကျီ နဖူးထက်တွင် စုစည်း သွားပြီးနောက် စိတ်ဝိညာဉ် မျက်လုံး ဖြစ်တည်လာသည်။ သူ့စိတ်စွမ်းအားက ထိုယင်ကမ္ဘာ နယ်ပယ်၏ အကျယ်အဝန်းကို မမြင်နိုင်သော်လည်း ယခုအခါ ရုတ်တရက် အလင်း တောက်တောက် ပေါ်လာသည့် အလား ဖြစ်၏။ ထိုစဉ် မိုဝူကျီက စိတ်ဝိညာဉ်အလံ နယ်ပယ်ထောင့် တစ်နေရာ၌ ပုန်းလျိုး ကွယ်လျိုး နေနေသည့် ပေါင်လေ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ပေါင်လေ့၏ လက်နှစ်ဖက်မှာ အတော်အတန် ရှည်လျားသည့် သံမဏိ လက်သည်းများ အဖြစ် ပြောင်းလဲနေပြီး သူက မိုဝူကျီကို မမှိတ်မသုန် ကြည့်နေသည်။ ပေါင်လေ့ မျက်လုံးထဲ၌ မိုဝူကျီ၏ ကမ္ဘာဦး စိတ်ဝိညာဉ် အဘယ်ကြောင့် မပျောက်ဆုံး သေးကြောင်း သံသယ ဖြစ်နေမိသည်။
မိုဝူကျီ၏ လူသတ်ငွေ့က မြင့်တက်လာပြီး သူ့နိဗာနတုတ် အရိပ်မှာ ရုတ်တရက် ပျောက်ကွယ် သွားလေ၏။ ထို့နောက် သူ့တျန်းဂျီ တုတ်မှာ အစအနမရှိ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ တျန်းဂျီတုတ် ပျောက်ကွယ် သွားသည်နှင့် ပေါင်လေ့ ပုံရိပ်မှာ လှုပ်ရှားသွားပြီး သူ့လက်သည်းများက မိုဝူကျီ၏ နှလုံးကို ချိန်ရွယ် ထားလေ၏။ ပေါင်လေ့၏ နှင်းဆီနီ လျှာဖျားလေးက ကွဲအက်အက် နှုတ်ခမ်းကို သပ်လိုက်သည်။ မိုဝူကျီ၏ စိတ်နန်းတော်ကို ဖျက်ဆီး ပစ်သည်က ပို၍ ရိုးရှင်းသော်လည်း သူက နှလုံးသားကိုသာ ထုတ်ယူ ချင်နေသည်။ သူက နှလုံးသားမှ သွေးတစ်စက်စက် ကျနေသည့် အသံကို နှစ်သက်သည်။ ထိုအရာက သူ့အတွက် ဝံပုလွေ ဘုရင်တောင်မှ ဝိညာဉ်စွမ်းအားများ သိပ်သည်း နေသည်ထက် ပိုအရသာ ရှိ၏။
သူက တစ်ဖက်လူ၏ မျက်လုံးထဲမှ မျှော်လင့်ချက် ကင်းမဲ့သွားသော အမူအရာကို ကြည့်ရသည်ကို သဘောကျမိသည်။ သူ့အတွက် အောင်မြင်မှု တစ်ခုအလား ဖြစ်၏။
နောက်ထပ် အရိပ်တစ်ခု ပေါ်မလာခင် မိုဝူကျီက မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
“ ဖူး ”
သွေးမြူများ ဖြစ်ပေါ်လာပြီး ပေါင်လေ့ ဦးခေါင်းခွံ နောက်မှာ တျန်းဂျီတုတ်ကြောင့် အရည်စိုင် ဘဝသို့ ကူးပြောင်း သွားလေ၏။
ပေါင်လေ့၏ ဦးခေါင်းခွံ တစ်ခုလုံးမှာ ကြေမွ သွားသော်လည်း ချက်ချင်း မသေသေးပေ။ ထို့အစား သူက လှည့်ကာ ထွက်ပြေး သွားလေ၏။ သူ့စိတ်ထဲတွင် အကြောက်တရားတို့သာ ကြီးစိုး နေလေသည်။ အကယ်၍ သူသာ လောကတိုင်မှ အချိန်တိုအတွင်း ထွက်ပြေးနိုင်လျှင် အသက်ရှင်ဖို့ရာ မျှော်လင့်ချက်လေး ရှိသေး၏။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ထိုနေရာတွင် ရှိနေသေးသည့် အတွက် ကျယ်ပြန့်လွန်းလှသည့် စကြဝဠာကြီးထဲ ခန္ဓာကိုယ် ဖြစ်တည်ဖို့ ရတနာ တချို့ ရှာနိုင်လိမ့်မည်။
ထိုစဉ် သူက မိုဝူကျီသည် မည်သို့ ထိုမျှ အားကောင်း လာကြောင်း မမေးနိုင်ဘဲ စိတ်ဝိညာဉ် အလံ နယ်ပယ် အောက်တွင် သူ့ကို မိုဝူကျီက မည်သို့ သိသွားတာလဲဟုသာ မေးချင်မိသည်။ ထို့အပြင် တုတ်က သူ့ကို လာရိုက်မိသေး၏။ ထိုအရာ အားလုံးမှာ သာမည ဖြစ်၏။
ကံဆိုးလှစွာ မိုဝူကျီက ပေါင်လေ့ကို အလွတ်ပေးဖို့ရာ စိတ်ကူးမရှိပေ။ ပေါင်လေ့က ဒဏ်ရာ အပြင်းအထန် ရနေသည့် အပြင် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ရှိနေကြောင်းကို ထည့်ပြောစရာ မလိုတော့ပေ။ ပေါင်လေ့က ဒဏ်ရာမရရှိဘဲ အဆင်ပြေနေလျှင်ပင် မိုဝူကျီက သူ့ကို ကြောက်နေမည် မဟုတ်ပေ။
လျှပ်စီးဓားက ဖြတ်ခဲနဲ ထွက်သွားလေ၏။ ကမ္ဘာဦး စိတ်ဝိညာဉ်များမှာ လျှပ်စီးကို အင်မတန် အာရုံခံစားနိုင်ကြ၍ မိုဝူကျိက လျှပ်စီးဓားကို ပစ်လွှတ်လိုက်သည့် အခိုက်အတန့်၌ ပေါင်လေ့က ကိစ္စအကြီးကြီး ဖြစ်တော့မည်ကို ချက်ချင်း ခံစားမိသည်။
“ မိုဝူကျီ ... မင်း ငါ့ကို သတ်လို့ မရဘူး။ ငါ့ကို သတ်ရင် ဝံပုလွေဘုရင်ကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ” ပေါင်လေ့၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ဒေါသတကြီး အော်ဟစ် လိုက်သည်။
ဘေးမှာ ရပ်နေသည့် အထီးကျန်ကြိုးနီပင် ပေါင်လေ့၏ အသံကို ကြားနိုင်သေး၏။ မိုဝူကျီ မျက်လုံးဖြူ ဝံပုလွေ မင်းသားလေးကိုပင် သတ်ပစ်ခဲ့သူ ဖြစ်ရာ သူက ပေါင်လေ့ကို အဘယ်ကြောင့် လွတ်ပေးရမည်နည်း။
မိုဝူကျီက နှာခေါင်းရှုံ့ကာ
“ အဆင့် ၉ သားရဲလေးကများ သူ့ကိုယ်သူ အာကာသ ဝံပုလွေ ဘုရင်ကြီးလို့ ခေါ်ရဲတယ်ပေါ့ ... ဖီ ... မင်းတို့ အဲလို ခြောက်လန့်တာကို ချီထုံအပေါ်ပဲ သုံးလို့ရမယ်။ ငါ မိုဝူကျီက မျက်လုံးဖြူ ဝံပုလွေ မင်းသားကိုတောင် သတ်ပစ်ခဲ့တာ မင်းလိုမျိုး အဆင့် ၈ သားရဲလေးကို မသတ်ရဲဘဲ နေပါ့မလား .... ”
“ ရွမ်း ”
လျှပ်စီးဓားချက်က ကမ္ဘာဦး စိတ်ဝိညာဉ်ကို ထိုးဖောက်သွားပြီး ပေါင်လေ့ ဝိညာဉ်ကို ဗလာနတ္ထိ အဖြစ် ပြောင်းပေးလိုက်သည်။
“ အရမ်းအားကောင်းလိုက်တာ ”
မိုဝူကျီက ပေါင်လေ့ကို သတ်လိုက်သည့် အခိုက်အတန့် စုရွမ်နှင့် ယန်ကျဲတို့က ကူးပြောင်း အစီအရင်မှ ထွက်ပေါ် လာသည်။ နှစ်ယောက်သား မိုဝူကျီက ပေါင်လေ့ကို သတ်လိုက်ပုံကို မျက်မြင် ကိုယ်တွေ့ မြင်ခဲ့ကြပြီး မိုဝူကျီ၏ ဝံပုလွေဘုရင်ကြီး အပေါ် ကြုံးဝါးမှုကိုပါ ကြားလိုက်ကြသည်။
မိုဝူကျိက လက်ကို ဝေ့လိုက်သည့် အခါ ပေါင်လေ့ လက်စွပ်နှင့် အလောင်းမှာ သူ့သိုလှောင် လက်စွပ် အတွင်း ရောက်ရှိသွား၏။ ထိုသို့ လုပ်ဆောင်ပြီးနောက် စုရွမ်နှင့် ယန်ကျဲတို့ကို မျက်နှာချင်း ဆိုင်ရန် လှည့်လိုက်သည်။
ထိုနှစ်ယောက်မှာ ကျန်းရှင်းမှ ကျင့်ကြံသူများ ဖြစ်ရမည်။ ထိုသူများမှာ မျိုးနွယ်စုကြီး သုံးခုမှ ဖြစ်နေလျှင် မိုဝူကျီက သူတို့ကို ကျန်းရှင်း ပြန်ပို့ဆောင်ဖို့ရန် တွေဝေနေမည် မဟုတ်ပေ။
“ ကြယ်တာရာသခင်မိုဝူကျီလား ” စုရွမ်က မိုဝူကျီ၏ သေစေ နိုင်လောက်သည့် အကြည့်ကို မြင်သောအခါ စိုးရိမ်မိသွားသည်။ သူမက မိုဝူကျီသည် ပေါင်လေ့ သတ်ဖြတ် လိုက်ပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ထားရာ ပေါင်လေ့နှင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ပါက သူမ ဖြစ်စေ၊ ကြယ်တာရာ တိုက်ပွဲခန်းမသခင် ရှားတန်တောက် ဖြစ်စေ သူတို့အနေနှင့် အသတ်မခံရအောင် ရှောင်ရှားနိုင်ရုံမျှ ဖြစ်လိမ့်မည်။
သို့သော်လည်း သူမရှေ့တွင် ရှိနေသော မိုဝူကျီက အမှန်တကယ် ပေါင်လေ့ကို သတ်ခဲ့လေ၏။ ထိုသည်က အမှန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။ အကယ်၍ သူမသာ ရှီလု စကားများကို သံသယ ဝင်မိခဲ့ပါက သူတို့အနေနှင့် ပြီးဆုံး သွားလိမ့်မည်။
မိုဝူကျီက စုရွမ်တွင် မကောင်းသည့် ရည်ရွယ်ချက် မရှိသည်ကို ခံစားမိပြီး လက်အဝှေ့ဖြင့် တျန်းဂျီတုတ်ကို သိုလှောင် လက်စွပ်ထဲ ပြန်သိမ်းလိုက်တော့သည်။ ထို့နောက် သူက ပြောလိုက်သည်
“ ကျုပ်က မိုဝူကျီပါ ... ဒါပေမဲ့ ကြယ်တာရာသခင်တော့ မဟုတ်ပါဘူး ”
ယန်ကျဲက ပါးစပ်ဟောင်းလောင်း အံ့ဩနေရာမှ အသိပြန်ဝင်လာသည်။ သူက မိုဝူကျီသည် ပေါင်လေ့ကို သတ်လိုက်သည်ကို ကိုယ်တိုင် မြင်လိုက်ရုံသာမက ရေခဲစများကိုလည်း တွေ့၏။ နယ်ခြား အင်အားစုများမှာ အင်မတန် လွန်ကဲသော အအေးဓာတ် အောက်တွင် အသတ်ခံထားရခြင်း ဖြစ်ရာ ထိုရေခဲစများ အဖြစ် တိုက်ရိုက် ကွဲကြေသွားလေသည်။
“ ကြယ်တာရာ သခင်မိုကို ကြယ်တာရာ သခင်ချီထုံက ချမှတ်ပေးခဲ့တာပါ။ ခန်းမသခင်စုနဲ့ ကျုပ်တို့ နှစ်ယောက်လုံး အဲဒီအချက်ကို အသိမှတ်ပြုကြပါတယ် ” အသိပြန်ဝင်လာသည့် ယန်ကျဲက အမြန်အဆန် ဝင်ပြောလိုက်သည်။
“ ခင်ဗျားတို့ နှစ်ယောက်က ကြယ်တာရာ ဘုရင်တောင်က မျိုးနွယ်စုကြီး သုံးခုနဲ့ ဆက်စပ်နေလား ” မိုဝူကျီက အလောတကြီး ဖြတ်မေးလိုက်သည်။
ဟုန်ဟွာက မိုဝူကျီဘေး ရောက်လာကာ တီးတိုးပြောလိုက်သည်
“ အစ်ကိုမို ... စုရွမ်က ကြယ်တာရာ ပင်လယ် ခန်းမသခင်ပါ။ ယန်ကျဲက ကြယ်တာရာ ကမ်းပါးခန်းမက ခန်းမသခင် ..သူတို့ နှစ်ယောက်လုံးက ခန်းမသခင်တွေ ဆိုပေမဲ့ ကြယ်တာရာ သခင်ချီထုံလိုမျိုး ကျန်းရှင်းကို စိတ်ရောကိုယ်ပါ နှစ်ပြီး ကာကွယ်ပေးခဲ့ကြတာ။ သူတို့က မျိုးနွယ်စုကြီး သုံးခုနဲ့ ဆက်စပ်မှု မရှိပါဘူ .. ”
ဟုန်ဟွာ၏ ရှင်းပြချက်ကို ကြားပြီး မိုဝူကျီက ခေါင်းညိတ်ပြကာ သူ့အမူအရာများက နွေးထွေးလာလေ၏ “ ကြယ်တာရာ ပင်လယ်ခန်းမမှာ ရှုရွမ်ယုလို့ ခေါ်တဲ့ ခေါင်းဆောင် တစ်ယောက် ရှိတယ်။ ခန်းမသခင်စုများ သူမကို သိလား ... ”
ရှုရွမ်ယုက သူ့ကို ကြယ်တာရာ ပင်လယ်ခန်းမဆီ ခေါ်သွားချင်ခဲ့သောကြောင့် သူမနှင့် ပတ်သက်သော မှတ်ဉာဏ်များက ရှင်းလင်းနေဆဲ ဖြစ်သည်။
စုရွမ်က အမြန်အဆန် ဝင်ပြောလိုက်သည် “ ရွမ်ယုက ကျမတို့ ကြယ်တာရာ ပင်လယ်တပ်ရဲ့ ကြယ်လေးလုံး အဆင့် ခေါင်းဆောင်ပါ။ အခု သူမက စူးရှလေမြို့ အပြင်ဘက်မှာ ကြယ်တာရာ ပင်လယ်တပ်ကို ဦးဆောင်နေတာ ... စူးရှလေမြို့ကို ရှားတန်တောက်က သူ့ကိုယ် သူ ကြယ်တာရာ သခင်ဆိုပြီး အတင်းအဓမ္မကြေညာပြီး သိမ်းထားတယ်။ ရှုချီဟောင်က အဲဒီအချက်ကို လက်မခံတော့ သူက ကာကွယ်သူရှုကို သတ်ပစ်လိုက်တယ် ... ”
မိုဝူကျီက ရှုချီဟောင်နှင့် များများ မဆက်ဆံဖူးသော်လည်း ရှုချီဟောင်သည် ဖြောင့်မတ်သူမှန်း သိ၏။ လခြမ်းကွေး အင်မော်တယ်နန်းတော် ပေါ်လာစဉ်က ရှုချီဟောင်က သူ့ကို ကာကွယ်ဖို့ရန် ပေါင်လေ့နှင့် တိုက်ခိုက်ဖို့အထိ ဆန္ဒရှိခဲ့သည်။ မိုဝူကျီအတွက် ရှုချီဟောင်သည် ချီထုံထက်ပင် ပို၍ စိတ်ထားကောင်းသေး၏။
“ ကာကွယ်သူရှုကို ရှားတန်တောက်က သတ်ပစ် လိုက်တယ်လို့ ပြောတာလား။ ဘာတွေ ဖြစ်ခဲ့တာလဲ ” မိုဝူကျီ အသံတွင် သတ်ဖြတ်ချင်စိတ်များ ရောပြွန်းနေသည်။
သူက နဂိုကတည်းမှ ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့ကို အမြစ်ဖြတ် သုတ်သင်ရန် ရည်ရွယ် ထားလေသည်။ ယခုအခါ ရှားမျိုးနွယ်စုက ရှုချီဟောင်ကို သတ်လိုက်သည့် အတွက် ကျန်းရှင်းသို့ သွားပြီး ရှားတန်တောက်၏ ဦးနှောက်ကို အသားရည် လုပ်ပစ်လိုက်ချင်သည်။
ယန်ကျဲက ရှုချီဟောင် မည်သို့ အသတ်ခံရပုံကို ဇာတ်ကြောင်း ပြန်နေလေ၏။ နားထောင် နေကြသည့် ဟုန်ဟွာနှင့် ကျန်လူများက ဒေါသများ ထွက်လာကြသည်။
မိုဝူကျီက ရှားတန်တောက်သည် ထိုမျှ အရှက်မဲ့လိမ့်မည်ဟု မထင်မှတ်မိပေ။ သူက စူးရှလေမြို့ကို ကာကွယ်ရာ၌ မကူညီရာက လုံလောက်နေပြီ ဖြစ်သော်လည်း သူက တခြား သူများကိုပါ တားဆီးခဲ့သေး၏။ ထို့အပြင် သူက ရှုချီဟောင်ကိုလည်း သတ်ဖြတ်ခဲ့သည်။ သူက ထိုခွေးကောင်ကို မသတ်ရသရွေ့ မိုဝူကျီ စိတ်ထဲမှ နာကျည်းချက်များက ပြေလျော့ သွားမည် မဟုတ်ပေ။
“ ခန်းမသခင်စု ... ခင်ဗျားရဲ့ တပ်ကို ခေါ်ပြီးတော့ လောကခန်းမကို ကာကွယ် ခိုင်းထားလိုက်။ ကျုပ်က စူးရှလေမြို့ဆီ သွားပြီးတော့ ရှားတန်တောက်နဲ့ သွားတွေ့လိုက်ဦးမယ် ” မိုဝူကျီက တည့်တိုးသာ ပြောလိုက်လေ၏။
“ ဟုတ်ကဲ့ ကြယ်တာရာသခင် ” စုရွမ်က နာခံစွာ ပြန်ဖြေလိုက်သည်။
မိုဝူကျီက လက်ခါပြလိုက်ရင်း
“ ကျုပ်က ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာသခင် မဟုတ်ပါဘူး။ ကျုပ်မှာ ရှားမျိုးနွယ်စုတို့ ယန်မျိုးနွယ်စုတို့နဲ့ ရန်ငြိုးရှိတယ်။ ဘယ်လိုဖြစ်ဖြစ် ကျုပ်က လက်စားချေမှာ။ ကျုပ် ပြီးသွားရင်တော့ ခင်ဗျားတို့ ဘာသာ ဘယ်သူ့ကို ကြယ်တာရာသခင် ရွေးရွေး ကျုပ်နဲ့ မဆိုင်တော့ဘူး ..... ”
စုရွမ်က တစ်ခုခု ပြောချင်သော်လည်း ယန်ကျဲက ဘေးကို ဆွဲကာ
“ ခန်းမသခင်စု .. ကျုပ်တို့ စူးရှလေမြို့ကို ပြန်သိမ်းနိုင်တဲ့အထိ စောင့်ပါဦး။ အဲဒီနောက်မှ ဆက်ဆွေးနွေး ကြတာပေါ့ ... ”
ယန်ကျဲ စကားများနောက်တွင် နားလည်နိုင်သည့် အဓိပ္ပာယ် ရှိနေ၍ စုရွမ်က ခေါင်းညိတ် ပြလိုက်ကာ မိုဝူကျီကို ကြယ်တာရာ သခင် ဖြစ်ရန် ဆက်မဖြောင့်ဖြတော့ပေ။
စူးရှလေမြို့ အပြင်ဘက်တွင် မိုဝူကျီက စုရွမ်တို့၊ ယန်ကျဲတို့နှင့် အတူ မတ်တတ် ရပ်နေကြသည်။ သူတို့နှင့်အတူ ကျန်းရှင်းမှ တပ်သား ၅၀၀၀ လည်း ပါရှိသည်။
ရှုရွမ်ယု ဦးခေါင်းမှု အောက်တွင် အခြားသော လောက အင်မော်တယ် ကျင့်ကြံသူများနှင့် တပ်သားများက လောကခန်းမကို စောင့်ကြပ် ထားကြသည်။ လောကခန်းမကို ပြန်သိမ်းယူ ပြီးသော်လည်း ပြန်လည် တည်ဆောက်ရမည့် အရာများစွာ ရှိနေသေးသည်။ မိုဝူကျီက ထိုသို့အရာမျိုး မလုပ်တတ်သည့် အတွက် စုရွမ်နှင့် သူမ လက်အောက်မှ လူများကို လွှဲထားလိုက်သည်။
“ စူးရှလေမြို့ အတွင်းက ကျန်းရှင်းကျင့်ကြံသူ အားလုံးနားထောင်ကြ ... ကျွန်မတို့တွေက နယ်ခြားအင်အားစုကို သတ်ပြီးတော့ လောကခန်းမကို ပြန်လည် သိမ်းပြီးသွားပြီ။ စူးရှလေမြို့ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖွင့်ပြီးတော့ ဝင်ခွင့်ပေးပါ ...
လောကခန်းမကို ဘယ်လို ပြန်လည် တည်ဆောက်ကြမယ် ဆိုတာ ဆက်ဆွေးနွေး ကြတာပေါ့ ” စုရွမ်က စူးရှလေမြို့ အပြင်ဘက်မှ ကျယ်လောင်စွာ အော်ပြော လိုက်သည်။ သူမက သဘာဝ စွမ်းအားကို အသုံးပြုထား၍ သူမအသံမှာ စူးရှလေမြို့ တစ်မြို့လုံး ပျံ့နှံ့သွားလေ၏။
စူးရှလေမြို့အတွင်း ရှားတန်တောက်၏ အမူအရာမှာ ပုံဆိုးပန်းဆိုး ဖြစ်နေလေရှာ၏။ သူက စုရွမ်နှင့် ကျန်လူများ အသတ်မခံရဘဲဖြင့် ပြန်ရောက်လာကာ လောကခန်းမကိုပါ ပြန်လည် သိမ်းယူခဲ့သည့် အကြောင်း ပြောနေသည်ကို နားမလည်နိုင်ပေ။ သူက စူးရှလေမြို့ကို အပြည့်အဝ မထိန်းချုပ်ရသေးပေ။
သူတို့ ပြန်ရောက်လာသည်က မြန်ဆန်လွန်း မနေဘူးလား .... သူက စုရွမ်နှင့် ကျန်လူများ အားလုံးကို မြို့အတွင်းသို့ ဝင်ခွင့် မပေးနိုင်ပေ။
***