← Chapters

တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရဲ့ နတ်ဆိုးအလောင်းကောင်လေး!

Vol. 11 Ch. 157

တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရဲ့ နတ်ဆိုးအလောင်းကောင်လေး!

Vol. 11 Ch. 157

*အခု မင်းကို ငါသတ်လို့ရပြီလား*

ထိုစကားကို ကြားလိုက်ရသည်နှင့် ဧည့်သည်တိုင်း အကြီးအကျယ် တုန်လှုန်ကာ နောက်ဆုတ်ပြေးချင်လာကြသည်။

ကျန်းရှီမြို့ သမိုင်းကြောင်းတွင် အင်အားအကြီးဆုံး တိုက်ပွဲ မကြာခင် ဖြစ်ပေါ်လာမည်တော့မည်ကို သူတို့ ရိပ်မိနေကြသည်။

ကြယ်သုံးလုံးအဆင့် ထိပ်သီး လူ ဆယ့်ငါးယောက်နှင့် လော့ကလန်၏ အင်အားအကြီးဆုံး သခင်လေး။

မကြံစဖူး ထူးကဲလှသည့် တိုက်ပွဲလှပါတကား။

ဧည့်သည်တိုင်း ကြားညပ်သွားမည်ကို ကြောက်လန့်နေကြသည်။ ထို့ကြောင့် သူတို့အားလုံး ခပ်ဝေးဝေးသို့ သွေဖယ်သွားကြသည်။

ထိုအချိန်တွင် လော့စစ်သည် မျက်ခွံတလှုပ်လှုပ်ဖြစ်နေကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလို့နေသည်။

သူကိုယ်တိုင်က အင်အားကြီးသော်လည်း လော့စစ်သည် ရင်လေးသလို ခံစားနေရသည်။ လော့စစ်၏ အနောက်၌ ရှိနေသော အနက်ရောင်ဝတ်စုံနှင့် နောက်ဆုံးသော သူသည် မျက်နှာက ဖြူရော်နေကာ ကတုန်ကယင် ဖြစ်နေသည်။

"လေး…လေးယောက်မြောက် သခင်လေး...ကျွန်တော်…ကျွန်တော် တောင်းပန်ပါတယ်"

အနက်ရောင် ဝတ်စုံနှင့်လူက ပျာပန်းခတ်နေသော အမူအရာနှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်။ ထို့နောက် သူသည် ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးသွား လေတော့သည်။

မြန်မြန်! မြန်မြန်! မြန်မြန်!

သူ့မှာသာ ခြေထောက်တွေ အများကြီးရှိလျင် ဒီ့ထက်မြန်မြန်ပြေးနိုင်လိမ့်မည်ဟု သူ ထင်နေမိသည်။

လျှပ်စီးကဲ့သို့ မကြာခင်မှာပင် သူသည် လေး၊ငါးမီတာ အဝေးသို့ ရောက်လို့သွားလေ၏။ ထိုစဉ် သူ့နောက်ကျောဘက်မှ အေးတိအေးစက် လေတစ်ချက် တိုက်ခတ်လာသည်ကို သူ ခံစားလိုက်မိသည်။

"ရပ်စမ်း"

တင်းမာခက်ထန်သော လေသံကို ကြားလိုက်ရသဖြင့် သူ ချက်ချင်း နောက်လှည့် ကြည့်လိုက်သောအခါ သူ့လက်မောင်းတစ်ဘက်ကို ဖေးချမ်က ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်လက်တစ်ဘက်ကို ဝံပုလွေရိုင်းက ဖမ်းကိုင်ထားသည်။

အနက်ရောင်ဝတ်စုံနှင့် လူ၏ အနောက်တည့်တည့်တွင် ဖျက်ခနဲ အလင်းတစ်ချက် နှင့်အတူ သွေးစွန်းတစ္ဆေ ပေါ်လာကာ သူ့လည်ပင်းကို ညှစ်ထားလိုက်သည်။

"သေပေတော့"

ဖေးချမ် ၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့က ထိုစကားလုံးကို ပြိုင်တူ ပြောလိုက် ကြသည်။

သုံးယောက်လုံး တစ်ချိန်တည်း အားကုန်သုံး၍ ဆွဲညှစ်လိုက်ကြသည်။

"မဖြစ်ရဘူး"

အနက်ရောင်ဝတ်စုံနှင့်သူ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားသည်။

ဂျွတ်!

ဂျိုးဂျိုးဂျွတ်ဂျွတ် အသံနှင့်အတူ သူ၏ လက်မောင်းနှစ်ဘက်နှင့် ဦးခေါင်းတို့ ပြုတ်ထွက်သွားကာ သွေးများက နေရာအနှံ့ လွင့်စဉ်သွားလေ၏။

ဘုတ်ခနဲ အသံနှင့်အတူ ကိုယ်လက်အင်္ဂါ မစုံလင်သော အလောင်းက လဲကျ သွားလေတော့သည်။

ခြံဝန်းတစ်ခုလုံး အပ်ကျသံကိုတောင် ကြားရလောက်သည်အထိ တိတ်ဆိတ်လို့ သွားသည်။

*သူသေသွားပြီ*

*ကြယ်သုံးလုံး အဆင့် ထိပ်သီးတစ်ယောက်က ကြက်ကလေးလို အရှင်လတ်လတ် တစ်စစီ ဆွဲဖြုတ်ခံလိုက်ရတယ်*

*ရက်စက်လွန်းတယ်*

*ကြမ်းတမ်းလွန်းတယ်*

*သူတို့က နတ်ဆိုးတွေလိုပဲ ဆိုးယုတ်လွန်းလိုက်တာ*

လော့စစ်တောင်မှ မှင်တက်သွားရသည်။

မနေ့ညက သူ၏ သက်တော်စောင့် လေးယောက်က ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့အား အပြတ်အသတ် ဆော်နိုင်ခဲ့သည်။

သို့သော် ယခုတော့ သူတို့က သူ၏ သက်တော်စောင့်လေးယောက်ကို အသာလေး ပြန်သတ်သွားသည်။

အလွန်ကွာခြားလှသော အင်အားကြောင့် လော့စစ်တစ်ယောက် ရေခဲတောင်ကို တက်နေရသကဲ့သို့ အေးစိမ့်လာသလို ခံစားမိသည်။

ထိုစဉ် ညီညာသော ခြေသံများနှင့်အတူ ကြယ်သုံးလုံးအဆင့် ထိပ်သီး ဆယ့်ငါးယောက်က ရှေ့သို့ တက်လာကာ အံ့အားသင့်နေသော လော့စစ်ကို ဝိုင်းထားလိုက်သည်။

သူတို့ထံမှ အလွန်ကြမ်းတမ်းသော ချီဓာတ်များ ပျံ့လွင့်နေသည်။

သူတို့ကို ကြည့်ပြီး လော့စစ်၏ မျက်နှာက အင်မတန် အေးစက်လာကာ ပြောလိုက်သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်းက ငါ့ကို သတ်ချင်တာလား? မင်းတို့ အရည်အချင်း မှီလား၊ မမှီလား ကြည့်ရသေးတာပေါ့"

လော့စစ် လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည့် အချိန်တွင် သူ့လက်ထဲသို့ ရွှေအိုရောင် ဓားမြှောင်တစ်ချောင်း ချက်ချင်း ပေါ်လာသည်။

*အဲ့ဒါ မှော်ဝင်ပစ္စည်းပဲ*

ရွှေအိုရောင် ဓားမြှောင်ကို မြင်သည့် ကြယ်သုံးလုံးအဆင့် ထိပ်သီး ဆယ့်ငါးယောက်လုံး ချက်ချင်း ထိတ်လန့်သွားသည်။

သခင်လေး လေးယောက်ထဲမှာမှ လော့စစ်က ဘာကြောင့် အင်အားအကြီးဆုံးသူဟု ခေါ်ဆိုကြသည်ကို သူတို့ ယခုမှ သဘောပေါက်သွားသည်။

သူ့တွင် ထိပ်တန်း ပါရမီ ရှိသည့်အပြင် အလွန်အမင်း ထက်ရှသည့် မှော်ဝင်ပစ္စည်းလည်း ရှိနေသေးသည်။ သူနှင့် အဆင့်တူသည့် သူများကို သူ အသာလေး အနိုင်တိုက်နိုင်ပေသည်။

သို့သော် ဤမျှနှင့် မလုံလောက်သေး။

ကြယ်သုံးလုံးအဆင့် ထိပ်သီး ဆယ့်ငါးယောက်လုံးက သူတို့၏ သန်မာသော ချီဓာတ်များကို အကာအကွယ် ယူ၍ လော့စစ်ထံသို့ ပြေးဝင်လာကြသည်။

"လော့စစ်...သွားသေလိုက်တော့"

…

တိုက်ပွဲက စတင်လာချေပြီ။ လူအုပ်ကြီးက တိုက်ပွဲအား မယုံနိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။

မြေကြီးနှင့် ကျောက်တုံးများက နေရာအနံ့ လွင့်ပျံနေကာ နံရံများက တစ်စစီ ဖြစ်သွားကြသည်။

သူတို့က ရက်စက်သော မကောင်းဆိုးဝါးများကဲ့သို့ ဝရုန်းသုန်းကားနှင့် အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။

ကုန်းအိမ်တော်တွင်တော့ ကမ္ဘာပျက်သည့်နေပင်။

လေတိုက်သံများနှင့်အတူ အေးစက်စက် ရွှေအိုရောင်ဓားမြှောင်က ဖေးချမ်၏ လည်ပင်းထံသို့ လျှပ်စီးထက် မြန်သော အလျင်နှင့် တိုးဝင်သွားသည်။

ဤကဲ့သို့ ဖြစ်မည်ကို အစောကတည်းက ခန့်မှန်းမိသကဲ့သို့ ဖေးချမ်က ချက်ချင်း ငုံ့ရှောင်လိုက်သဖြင့် ဓားမြှောင်က သူ့မျက်နှာနားမှ ဖြတ်သွားကာ သစ်ပင်အိုကြီးသို့ သွားစိုက်လေသည်။

ဘန်း!

ထိုသစ်ပင်အိုကြီးသည် ချက်ချင်း တစ်စစီ ဖြစ်ကာ သစ်သားစများက နေရာအနှံ့ လွင့်စဉ်သွားလေသည်။

တစ်ချိန်တည်းမှာပင် မိုရိုသွေးစွန်းတစ္ဆေနှင့် သံလက် ဝံပုလွေရိုင်းတို့က လော့စစ်ထံသို့ အရူးအမူး ပြေးဝင်လာကြသည်။

အရှင်သခင်သုံးယောက်ကလည်း ဝင်ရောက်ပူးပေါင်းကာ လော့စစ်ထံသို့ သေစေနိုင်သော တိုက်ကွက်များ ထုတ်သုံးလေတော့သည်။

ကြယ်သုံးလုံးအဆင့် ကြေးစားဘုရင် ကိုးယောက်ကလည်း သူ၏ နံပါးမှ ဝင်ရောက်တိုက်ခိုက်လေသည်။

တိုက်ပွဲကား အလွန်ပြင်းထန်လှ၏။ သူတို့ ပိုတိုက်ခိုက်လေ ပို၍  ကြမ်းတမ်းလာလေပင်၊ သူတို့ပုံစံသည် ဝံပုလွေအုပ်က ကျားကို ဝင်ဆွဲနေကြသလိုပင်။

ဝှစ်!

လော့စစ်က ဖေးချမ်၏ ပခုံးသားကို ပေါက်ပြဲအောင် လုပ်လိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။

ထိုစဉ် သွေးစွန်းတစ္ဆေက လော့စစ်၏ နောက်ကျောကို ဝင်တိုက်လိုက်သဖြင့် လော့စစ် သွေးအန်သွားလေ၏။

ပွဲကား ယခုမှ စချေပြီ။

ဝံပုလွေရိုင်းကလည်း သူ၏ သံမဏိလက်သည်းများဖြင့် လော့စစ်၏ ပေါင်မှအသားကို နွှာလွှတ်လိုက်သည်။

ကျားငမန်း၏ သုံးမြှောင်ဓားချွန်ကြောင့် လော့စစ်၏ မျက်နှာပေါ်တွင် ဒဏ်ရာ အကြီးအကျယ် ရသွားလေသည်။

လော့စစ်သည် သန်မာသော်လည်း သူ မျှော်လင့်ချက် မဲ့စွာ တိုက်ခိုက်နေရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ ပို၍ပို၍ ဒဏ်ရာရလာသည်။ ထို့နောက် သူ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်လာတော့သည်။

သူ့တစ်ကိုယ်လုံးမှ သွေးများ စီးကျလာကာ လော့စစ်၏ ပုံစံက တစ်ကိုယ်လုံး ရဲရဲနီလို့လာသည်။

"အား...အား…အား"

လော့စစ် ရူးမတတ် ဒေါသထွက်လာချေသည်။ သူ တိုက်ပွဲ အလီလီ နွှဲဖူးသော်လည်း ဤမျှ အန္တရာယ်များသည့် အခြေအနေမျိုးတော့ သူ့တစ်ဘဝလုံး မကြုံခဲ့ဖူးချေ။

"ငါ အရှုံးမပေးချင်ဘူး၊ ငါ မသေနိုင်ဘူး၊ ငါက ဆရာသခင်အဆင့်အောက်မှာ အင်အားအကြီးဆုံး သူပဲကွ"

တလက်လက်တောက်ပနေသော မျက်လုံးများနှင့် လော့စစ်သည် အကျပ်ရိုက်နေသော သားရဲကောင်ကြီးနှင့် သဏ္ဌာန်တူလှပေသည်။

ဖြစ်ပေါ်လာသည့် မြင်ကွင်းတစ်ခုကြောင့် ခြံဝန်းတစ်ခုလုံး မှင်တက်သွားရလေသည်။

ဘန်း! ဂျွတ် …ဘန်း!

ရုတ်တရက် ဘုန်းခနဲ ဒိုင်းခနဲ အသံများနှင့်အတူ လော့စစ်၏ အရိုးများက အသစ်တစ်ဖန် ပြန်ကောင်းလာလေသည်။

ထို့နောက် လော့စစ်သည် အလွန်သန်မာသော ချီဓာတ်ကို ထုတ်လွှတ်လာလေ၏။ သူ၏ အင်အားကား အလွန် လွှမ်းမိုးနိုင်လေ၏။ ကြယ်သုံးလုံးအဆင့် ထိပ်တန်း ဆယ့်ငါးယောက်လုံး တောင်မှ ထိတ်လန့်သွားလေသည်။ သူတို့ ချက်ချင်း နောက်ဆုတ်ကာ ရှောင်ရှားရန် ကြိုးစားလိုက်ကြသည်။

"သေစမ်း… သူ အဆင့်တက်နေပြီ"

ဘုန်း!

သန်မာသော ချီဓာတ်များက စစ်တလင်းတစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ ထိုအချိန်တွင် လော့စစ်၏ ချီဓာတ်က အလွန်အမင်း အားကောင်းလို့လာသည်။

"ဆရာသခင် တစ်ပိုင်းအဆင့်"

ကြယ်သုံးလုံးအဆင့် ဆယ့်ငါးယောက်လုံး မျက်လုံးပြူးကာ လော့စစ်အား ထိတ်လန့်တကြား ကြည့်နေကြသည်။

"ဟဟ … ဆရာသခင် တစ်ပိုင်းအဆင့်ကွ၊ ငါ နောက်ဆုံးတော့ ဆရာသခင် တစ်ပိုင်း အဆင့်ကို ရောက်ခဲ့ပြီကွ"

လော့စစ်သည် အလွန်စိတ်လှုပ်ရှားကာ ဟားတိုက်ရယ်မောလိုက်သည်။ ဆရာသခင်နှင့် အခြားအဆင့်များတွင် အလွန်ကြီးမားသော ကွာခြားချက်ကြီး ရှိသည်။

ဆရာသခင်အဆင့်အောက်မှ သူများက သူတို့၏ ချီဓာတ်များကို သုံး၍ သူတို့၏ အရိုးကို ကာကွယ်ကာ သူတို့၏ ကိုယ်ခန္ဓာများကို သံမဏိကဲ့သို့ မာကျောစေသည်။

သို့သော် ဆရာသခင်အဆင့်က သူများက သူတို့၏ ချီဓာတ်များကို မီတာ တော်တော်ဝေးဝေးထိ ထုတ်လွှင့်နိုင်ကာ ရန်သူများကို အလွယ်တကူ သတ်နိုင်လေသည်။

လော့စစ်က သူ့လက်ဖဝါးမှ ချီဓာတ်များကို ထုတ်လွှင့်၍ ပစ်လွှတ်လိုက်သည်။

"ပုရွတ်ဆိတ်တွေ…သေပေတော့"

လော့စစ်က အလွန် ရက်စက်သည့်ဟန်ဖြင့် ရယ်မောလို့နေသည်။ ဆရာသခင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ တိုက်ပွဲဝင်ခွန်အားက ယခင်ကထက် ပို၍ တိုးပွားလာသည်။

သူက ကြယ်သုံးလုံးအဆင့် ဆယ့်ငါးယောက်လုံးကို သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

"သေလိုက်တော့"

ထိုသို့ ပြောပြီး သူသည် ပို၍ များပြားသော ချီဓာတ်များကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်သည်။

ဘန်း! ဘန်း! ဘန်း!

ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့အားလုံး လော့စစ်ထံ ပြေးဝင်လာ ကြသော်လည်း ရန်သူ၏ ချီက သူတို့ရင်ဘတ်ကို ဖိအားပေးသလို ခံစားလိုက်ရသည်။

ဖွီ!

လေထုထဲ သွေးစများနှင့် လွင့်ပျံလို့သွားလေသည်။ ကြယ်သုံးလုံး အဆင့် ဆယ့်ငါးယောက်လုံး လေထုထဲ ဒုံးကျည်လွှတ်လိုက်သကဲ့သို့ လွင့်ထွက်သွားကြသည်။

လူတိုင်း ဤမြင်ကွင်းကြောင့် မှင်တက်သွားကြသည်။ ဘေးရှိ ဧည့်သည်များ ဤကဲ့သို့ အခြေအနေ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ထင်မထားမိကြ။

လော့စစ်က သမိုင်းတွင် အငယ်ဆုံး ဆရာသခင် တစ်ပိုင်းအဆင့် ဖြစ်လာပေပြီ။

"ဆရာသခင် တစ်ပိုင်းအဆင့်၊ သူက ဆရာသခင်အဆင့်တောင် ရောက်တော့မယ်၊ ဘုရားရေ … ငါ လူတစ်ယောက် ဆရာသခင်အဆင့် တက်တာကို မြင်ခဲ့ဖူးပြီ"

ဧည့်သည်များက အလွန်ထိတ်လန့်သွားကာ ယဲ့ဖန်နှင့် သူ့လူများအား အလွန်သနားသလို ကြည့်လိုက်မိကြသည်။

သူတို့ လော့စစ်ကို သတ်နိုင်သည့်အခွင့်အရေး ရှိခဲ့သော်လည်း ယခုတော့ လက်လွှတ်လိုက်ရချေပြီ။

သို့သော် အခြားသူများနှင့် မတူ ယဲ့ဖန်က အလွန် စိတ်လှုပ်ရှားဟန်ဖြင့် ပြုံးနေသည်။

"နောက်ဆုံးတော့ မင်း ဆရာသခင် တစ်ပိုင်းအဆင့်ကို တက်သွားပြီပဲ"

ယခင်တုန်းက ယဲ့ဖန်က တိုက်ပွဲတွင် ဝင်မပါခဲ့၊ သူက ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ကို လေ့ကျင့်ပေးချင်ခဲ့ သောကြောင့် ဖြစ်သလို လော့စစ် ဆရာသခင် တစ်ပိုင်းအဆင့်သို့ တက်သွားသည်ကို စောင့်နေခြင်းလည်း ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လော့စစ်၏ မျက်လုံးအား သေလူကို ကြည့်နေသကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ငါ့ရဲ့ ... နတ်ဆိုးအလောင်းကောင်လေး"

All Chapters