← Chapters

မင်းတို့ ဝိညာဉ်တွေ ပြန်ရောက်လာဖို့ ငါ အမိန့်ပေးတယ်!

Vol. 11 Ch. 159

မင်းတို့ ဝိညာဉ်တွေ ပြန်ရောက်လာဖို့ ငါ အမိန့်ပေးတယ်!

Vol. 11 Ch. 159

*ဒီလိုဆိုမှတော့ မင်း သေလို့ရပြီ*

သူ၏ စကားအဆုံးတွင် ယဲ့ဖန်သည် ချက်ချင်း ညအမှောင်အတွင်း ပျောက် ကွယ် သွားသည်။ ယဲ့ဖန် ပျောက်ကွယ်သွားသည်ကို မြင်ပြီး လော့စစ် တစ်ယောက် တုန်လှုပ်လာသည်။

ထိုအချိန်တွင် လော့စစ်သည် ရှေးဟောင်းသားရဲတစ်ကောင်၏ ချောင်းမြောင်း စောင့်ကြည့်ခြင်း ခံနေရသည်ဟု ခံစားနေမိသည်။

"ဆရာသခင်တွေထက် မင်းက ပိုသန်မာတယ်ဆိုတာကို ငါ မယုံဘူး၊ ငါ မယုံနိုင်ဘူးကွာ"

လော့စစ်က မထီမဲ့မြင်ပြုံး၍ သူ့ကိုယ်တွင်းမှ ကျန်ရှိနေသော ချီဓာတ်များ အားလုံးကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ချီဓာတ်က အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထို့နောက် သူက အားနှင့် လက်သီးထိုးချလိုက်သည်။

သူ၏ လက်သီးချက်သည် အလွန်သန်မာပြင်းထန်လှသဖြင့် အသံထက်မြန်သော လေထုပေါက်ကွဲမှုကိုပင် ဖြစ်စေလာသည်။

ဘန်း!

ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာသည်။ သူ့လက်သီး ထုံသွားသဖြင့် လော့စစ် နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ယဲ့ဖန် ပြန်ပေါ်လာသည်။

"နောက်တစ်ခေါက်"

ယဲ့ဖန်က အလွန်ပျော်ရွှင်စွာ ပြုံးလို့နေသည်။ သူ ပြန်လည်မွေးဖွားလာပြီးကတည်းက သူနှင့် သင့်တော်သည့် ပြိုင်ဘက်ကို ယခုမှ ပထမဆုံးအကြိမ် ဆုံခြင်းဖြစ်သည်။

ထို့နောက် သူက သူ၏ ခွန်အားအကုန်ထုတ်သုံးကာ လော့စစ်၏ အတွင်းအားချီဓာတ်အား စုပ်ယူလိုက်သည်။

စကားပြောနေရင်း ယဲ့ဖန်က လော့စစ်အား ထပ်ထိုးလိုက်သည်။

ဘန်း! ဘန်း! ဘန်း!

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားလို့နေပြီး တစ်ယောက်နှင့်တစ်ယောက် စစ်နယ်ရှင်များကဲ့သို့ တိုက်စစ်ဆင်နေကြ၏။

သူတို့ တိုက်ခိုက်လေ သူတို့၏ လက်သီးချက်များက ပို၍ အားပြင်းလာလေပင်။

သူတို့ တိုက်ခိုက်လေ သူတို့၏ လက်သီးချက်များက ပို၍ ရက်စက် ကြမ်းကြုတ် လာလေပင်။

သို့သော် လော့စစ်သည် ပို၍ ပို၍ ပျာယာခတ်လာသည်။ တိုက်ပွဲအစတွင် သူ့လက်သီးများက ထုံရုံပဲထုံသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့လက်သီးများက ပွန်းပဲ့ရာများဖြင့် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။

သူ၏ သံမဏိလက်သီးများက ဒဏ်ရာဗလပွနှင့် ဖြစ်လာကာ သွေးများ ထွက်လာသည်။

"သေစမ်း"

လော့စစ် သေမတတ် ထိတ်လန့်လာကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။

လူသားတစ်ယောက်၏ ခန္ဓာကိုယ်က ဤမျှ သန်မာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။

*အံ့ဩဖို့ကောင်းလိုက်တာ*

ကြည့်နေသည့် ဧည့်သည်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

သာမန်လူတစ်ယောက်က ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်၏ တိုက်ကွက်များကို ခုခံနိုင်ပြီး သူတို့၏ တဟုန်ထိုး တိုးပွားလာသော ချီဓာတ်များနှင့်အတူ လက်သီးများက ကျိုးကြေကာ နောက်ပြန်ဆုတ်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။

မယုံနိုင်စရာ ကောင်းလှပေသည်။ သို့သော် ပွဲက မပြီးသေး။

ဘန်း! ဘန်း! ဘန်း!

ယဲ့ဖန်သည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သူ၏ ကြမ်းတမ်းသော တိုက်ကွက်များနှင့် လော့စစ်အား ဖိတိုက်နေသည်။

သူ၏ လက်သီးချက်များက ပို၍ပို၍ ကြမ်းတမ်းလာ၏။

ခွပ်!

လော့စစ်၏ လက်သီးတစ်ဘက် ကျိုးကြေသွားလေသည်။

ဘန်း!

သူ၏ နံရိုးများ ကျိုးသွားလေပြီ။

နောက်ထပ် အသံတစ်ချက်နှင့်အတူ သူ့ရင်ညွန့်ရိုး ကျိုးသွားလေ၏။

လော့စစ်သည် သူ၏ ကိုယ်အောက်ပိုင်းကို ကာကွယ်နေစဉ် သူ့ကိုယ်အပေါ်ပိုင်းကို ကာကွယ်ဖို့ အားနည်းနေခဲ့သည်။ သူ့ဘယ်ဘက်ခြမ်းကို ကာကွယ်နေစဉ် သူ၏ ညာဘက်ခြမ်းကို ကာကွယ်ရန် အားနည်းနေခဲ့သည်။

လျင်မြန်စွာပင် သူသည် ပို၍ ပို၍ သွေးထွက်သံယို ဖြစ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လော့စစ်သည် သွေးများနှင့် ရွှဲနစ်လာကာ ဒါဇင်နှင့်ချီသော သူ့အရိုးများက ကျိုးသွားလေသည်။

ဘန်း!

ယဲ့ဖန်က လော့စစ်၏ ကိုယ်အောက်ပိုင်းကို ထိုးလိုက်ပြီးနောက် လော့စစ်သည် အနောက် ငါး၊ခြောက်မီတာခန့်သို့ အမြောက်ဆန်သဖွယ် လွင့်ထွက်သွားလေတော့သည်။

ထို့နောက် လော့စစ်သည် မြေကြီးပေါ်သို့ မှောက်လျက်သား လဲကျသွားသည်။ ခေါင်းငိုက်စိုက်ကျနေသဖြင့် သူ့မျက်လုံးကို ဆံပင်များက ကာထားသလို ဖြစ်နေသည်။

တောက်! တောက်!

သူ့ပါးစပ်ထောင့်မှ သွေးများက တတောက်တောက်ကျလို့နေ၏။ သူ့မျက်လုံးတွင်လည်း အလွန်ထိတ်လန့်ကာ မျှော်လင့်ချက် မဲ့သွားဟန်များဖြင့် ပြည့်နှက်လို့နေသည်။

"ငါ ရှုံးသွားပြီ…ငါ ရှုံးသွားတယ်"

လော့စစ်သည် သူ ဆရာသခင်တစ်ပိုင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့တာတောင်မှ ယဲ့ဖန်က သူ့ကို အနိုင်ယူသွားခဲ့သည်ကို မယုံနိုင်သလို ဖြစ်နေသည်။

ဤသည်က သူ့ယုံကြည်မှုကို ပျက်စီးသွားစေသည်။ အရာအားလုံးက အိပ်မက်ဖြစ်ပါစေဟုသာ သူ မျှော်လင့်နေမိသည်။

ဘေးမှ ကြည့်နေသည့် ဧည့်သည်များအားလုံးကြားတွင် ပွက်လောရိုက်သွားလေသည်။

အသစ်စက်စက် ဆရာသခင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည့် သူ၏ အချိန်တိုလေးအတွင်း တက်လိုက်၊ ကျလိုက်ဖြစ်သွားသည့် ဘဝအခြေအနေကို သူတို့ ယခုလေးတင် မျက်ဝါးထင်ထင် မြင်လိုက်ရသည်လေ။

….

ဧည့်သည်တိုင်းက ယဲ့ဖန်အား ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေမိကြသည်။

*ဘယ်လိုတောင် သောက်ကျိုးနည်း ထူးဆန်းတဲ့ ငကြောင်ကောင်ပါလိမ့်*

*ဆရာသခင်တစ်ပိုင်းအဆင့်ကို သူ့ရဲ့ ခန္ဓာအားသက်သက်နဲ့ အနိုင်ယူလိုက်တယ်*

လော့စစ်ထံသို့ သူ တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

လော့စစ်က ခေါင်းထောင်ကာ အင်တင်တင်နှင့် မုန်းတီးစိတ်များဖြင့် ပြောလိုက်သည်။

"မင်း နိုင်ပါတယ်…မင်း...ငါ့ကို သတ်ချင်သတ်လို့ ရတယ်"

အနိုင်ရသူက အားလုံး ရယူနိုင်သည်။ ဤအချိန်ခဏလေးတွင် သူ သေချင်စိတ်သာ ပေါက်နေသည်။

သို့သော် ယဲ့ဖန်က ဤမျှဖြင့် ဘယ်ခွင့်လွှတ်ပေးမည်နည်း။ သူ ထပ်ပြောလာသည့် စကားကြောင့် လော့စစ် အကြီးအကျယ် ထိတ်လန့်သွားသည်။

"မင်းကို သတ်ရမှာလား? အိပ်မက်မက်မနေနဲ့"

ယဲ့ဖန်က ပြီတီတီအကြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက လော့စစ်အား တက်နင်းကာ ထပ်ပြောလိုက်သည်။

"မင်း စိတ်ဝိညာဉ်အရ‌တော့ သေသွားလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ ရုပ်ခန္ဓာကတော့ သေမှာမဟုတ်ဘူး"

*ဘာ*

လော့စစ် တစ်ခဏမျှ အံ့အားသင့်နေမိသည်။ ယဲ့ဖန် ပြောတာကို သူ လုံးဝ နားမလည်လိုက်။

သို့သော် ထိုသို့ပြောပြီးနောက်တွင် ယဲ့ဖန်သည် အားလုံး၏ အကြည့်အောက်မှာပင် လေထုထဲတွင် မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။

လေထုထဲ မနှစ်မြို့ဖွယ်ကောင်းသော အနက်ရောင်မှော်စာလုံး တစ်ခု ပေါ်လာသည်။

ထို့နောက် ထိုစာလုံးကို လော့စစ်၏ ခန္ဓာကိုယ်ထဲသို့ သွင်း၍ နောက်ထပ် သင်္ကေတတစ်ခုကို လက်ဖြင့် ရေးဆွဲလိုက်သည်။

တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများ လေထုထဲ ပျံ့နှ့့လာပြီး တစ်စုံတစ်ယောက်၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသလို ဖြစ်လာပြီးနောက် လော့စစ်၏ စူးရှသော အော်သံများ ထွက်ပေါ်လာသည်။

"အား...အား…အား…နာတယ်၊ နာတယ်"

လော့စစ် နာကျင်မှုကြောင့် တုန်ယင်ကာ အကြောဆွဲသလို ဖြစ်နေ၏။ ထို့နောက် ဝိညာဉ်တစ်ခု၏ အရိပ်က လော့စစ်ထံမှ ကွဲထွက်လာသည်။

*သူ့ဝိညာဉ်က သူ့ကိုယ်ထဲကနေ ခွဲထွက်လာတယ်*

အဲ့ဒါ…သူ့ ဝိညာဉ်ပဲ။

ဧည့်သည်တိုင်း လုံးဝမှင်တက်သွားကြသည်။ ဝိညာဉ်တစ်ခုကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် အတင်း အဓမ္မ ဆွဲထုတ်ခံရခြင်းပင် ဖြစ်သည်။

ဝိညာဉ်အရိပ်က လော့စစ်နှင့် အတော်လေးဆင်တူသည်။ ခန္ဓာကိုယ်မှ ခွဲထုတ်ခြင်း ခံထားရသော်လည်း လော့စစ်ကဲ့သို့ပင် အလွန်ကြောက်လန့်ဖွယ် ကောင်းလှပေသည်။

"ယဲ့ဖန်…ရပ်လိုက်…မြန်မြန်…ရပ်လိုက်ပါတော့"

သူ့ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်ခြင်းက သေတာထက်ပင် လွန်စွာ နာကျင်ရလေသည်။ သူ့ဝိညာဉ်ကို ဆုံးရှုံးရပြီးနောက် သူ၏ ခန္ဓာကိုယ်သည်လည်း လဲကျသွားလေတော့သည်။

ထိုစဉ် ယဲ့ဖန်လက်ထဲတွင် နတ်ဆိုးချီများ ပါဝင်သော မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။

အားပါးတရ ပြုံးရင်း ယဲ့ဖန်က လော့စစ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒီငရဲမီးကို စမ်းကြည့်သင့်တယ်လို့ ငါထင်တယ်၊ ငါ့ကိုယုံ ဒါက မင်းကို တစ်သက်လုံး ပြန်လည်မွေးဖွားလို့ မရအောင် တားမြစ်ပေးလိမ့်မယ်"

…

ယဲ့ဖန်၏ စကားကြောင့် အားလုံး ခေါင်းမှ ခြေဖျားအထိ ကြောက်လန့်သွားကြသည်။

ငရဲမီးနှင့် နီးကပ်လာသော လော့စစ်၏ ဝိညာဉ်အား သူတို့ စိုးရိမ်တကြီး ကြည့်နေကြသည်။ ငရဲမီးက သူ့ဝိညာဉ်နား နီးကပ်လာသည်နှင့်အမျှ ဝိညာဉ်က မီးဟက်ကာ တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် လော့စစ်၏ ဝိညာဉ်က နာကျည်းစွာ အော်ဟစ်လို့နေ၏။ လော့စစ် နောင်တတရားများဖြင့် ပြည့်နှက်လို့လာသည်။

ယဲ့ဖန်သာ ဤကဲ့သို့ ဆိုးယုတ်သော လှည့်ကွက်များကို အသုံးပြုနိုင်မှန်း သူ သိခဲ့လျင် ယဲ့ဖန်ကို သူ့အသက်သေလောက်သည်အထိ ရန်စခဲ့မည်မဟုတ်။

သို့သော်လည်း အချိန်နှောင်းသွားချေပြီ။

စိတ်ဓာတ်ကျ၊ ကြောက်ရွံ့နေသော အော်ဟစ်သံများက ခြံဝန်းအတွင်း ပဲ့တင် ထပ်လို့နေ၏။

လော့စစ်၏ ဝိညာဉ်ကို ငရဲမီးက တိုက်စားသွားသည်နှင့် သူ့အော်သံများက တိုးညှင်း လာကာ အားပျော့လာပြီး ပို၍ ဆိုးဝါးဖွယ်ကောင်းလာသည်။

သူ့ဝိညာဉ် လုံးဝ ကွယ်ပျောက်သွားရန် တစ်နာရီမျှ ကြာမြင့်ခဲ့သည်။

*သူသေသွားပြီ*

*ပြီးတော့ သူ တစ်သက်လုံး ပြန်လည်မွေးဖွား မလာနိုင်တော့ဘူး*

ဘေးမှ ကြည့်နေသူတိုင်း အလွန်အမင်း ချမ်းစိမ့်သလို ခံစားရကာ မှင်တက်သွားမိသည်။ သူတို့အားလုံး ယဲ့ဖန်က နတ်ဘုရားလား၊ နတ်ဆိုးလားဟူသော အကြည့်များဖြင့် ကြည့်နေကြသည်။

သို့သော် ယဲ့ဖန်က သူတို့၏ အမူအရာများကို ဂရုမစိုက်ဘဲ ကောင်းကင်ကိုသာ မော့ကြည့်၍ ရေရွတ်လိုက်သည်။

"ဟိုးအဝေးကြီးမှာ ရှိနေတဲ့ ဝိညာဉ်တွေ၊ တမလွန်ဘဝက ငါ့ညီအစ်ကိုတို့"

"မင်းတို့ရဲ့ ဝိညာဉ်က ဘယ်တော့မှ ပျက်သုဉ်းသွားမှာ မဟုတ်ဘူး"

"မင်းတို့ရဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒတွေက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"

"နတ်ဆိုးဧကရာဇ်ရဲ့ အမည်နာမအောက်ကနေ မင်းတို့ရဲ့ ဝိညာဉ်တွေ ပြန်လာဖို့ ငါ အမိန့်ပေးတယ်"

ထို့သို့ပြောပြီး သူက လေထုထဲ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။

"စုစည်းစမ်း"

လေတိုးသံနှင့်အတူ ယဲ့ဖန်၏ လက်ဖဝါးရှေ့တွင် ဟင်းလင်ပြင်တစ်ခု ဖြစ်ပေါ်လာကာ တမလွန်မှ အနက်ရောင်ချီမှ ထွက်ပေါ်လာသည်။

ထိုအနက်ရောင် ချီစုများက အလွန်ဆန်းကြယ်လှကာ လေထုထဲ လူရိပ်သေးသေး လေးများ ဖြစ်ပေါ်လာသည်။

ထိုလူသေးသေး လေးများကို ကြည့်ပြီး ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် ယဲ့ဖန်၏ နောက်လိုက်များ အားလုံး မှင်တက်သွားကြသည်။

"အဘိုးကျိုး...ဝူ…"

"လင်း…အန်ကယ်လ်ကျုံး…"

သူတို့အားလုံး လွန်စွာထိတ်လန့်သွားကြသည်။ လေထုထဲ မျောလွင့်နေသည့် လူသေးသေးလေးများသည် လော့စစ် သတ်တာ ခံလိုက်ရသည့် ဝံပုလွေရိုင်း၏ လက်အောက်ငယ်သားများနှင့် ညအဖွဲ့သားများပင် ဖြစ်လေတော့သည်။

လေထုထဲ လူသေးသေးလေးများ ပို၍ပို၍ စုစည်းလာပြီး ကျန်းပေမြို့တွင် တိုက်ခိုက်ရင်း သေဆုံးသွားကြသည့် လူ ၁၀၉ ယောက်တောင် ပါဝင်လာသည်။

*သေလူတွေရဲ့ဝိညာဉ်တွေ*

ဘေးမှ ကြည့်နေသည့်သူများ အားလုံး သူတို့ မြင်လိုက်ရသည့် အရာကြောင့် အလွန်ထိတ်လန့်သွားကြသည်။

All Chapters