နတ်ဆိုးအလောင်းကောင် အားစစ်!
Vol. 11 Ch. 160
*သေလူတွေရဲ့ ဝိညာဉ်တွေ*
ခြံဝန်းထဲရှိ ဧည့်သည်အားလုံး သေလူတွေရဲ့ ဝိညာဉ်တွေကို နားဝေတိမ်တောင် အမူအရာတွေဖြင့် ကြည့်နေမိသည်။
သိပ္ပံခေတ်ကြီးမှာ နေထိုင်နေသည့်သူများ ဖြစ်သည့်အလျောက် သူတို့သည် သေလူတွေ၏ ဝိညာဉ်များ တည်ရှိသည်ကို လုံးဝမယုံကြည်ကြပါ။ ယဲ့ဖန်က သူတို့ကို ဆင့်ခေါ်နိုင်သည်ဆိုပါက ပို၍တောင် မယုံကြည်ကြသေးပါ။
*ဒါ…လုံးဝ မဖြစ်နိုင်ပါဘူး*
လေထုထဲ ဝိညာဉ်တွေ လွင့်မျောနေသည်ကို ကြည့်ပြီး ဧည့်သည်တိုင်း အလွန်အမင်း ထိတ်လန့်ကာ ကြက်သီးမွေးညင်း ထလာကြသည်။
ထိုအချိန်အတွင်းမှာပဲ ဝိညာဉ်များက အလွန်အေးစိမ့်သော ချီဓာတ်များကို ထုတ်လွှတ်နေကြသည်။
မနှစ်မြို့စရာကောင်းလှ၏။
ဆိုးသွမ်းလှပေသည်။
ခြံဝန်းတစ်ခုလုံး စက္ကန့်ပိုင်းအတွင်း အေးစက်လာကြသည်။ သေလူတွေ၏ ဝိညာဉ် တစ်ရာကျော်က စစ်တပ်ကြီးကဲ့သို့ စုစည်းနေကြသည်။
သို့သော် ထိုအချိန်တွင် ဝိညာဉ်စစ်တပ်တစ်ခုလုံးက လေထုထဲတွင် ဒူးတစ်ဘက်ထောက်လိုက်ကြသည်။
သူတို့အားလုံးက ယဲ့ဖန်ကို အလွန်တက်ကြွနေသော အကြည့်များဖြင့် ကြည့်လို့ နေကြသည်။
"သခင်ကြီးကို အရိုအသေပေးပါတယ်၊ ဝိညာဉ်စစ်တပ် ပြန်လာပါပြီ"
"ကျွန်တော်တို့ အသက်ရှင်နေတုန်းကလည်း နတ်ဆိုးရဲ့ ကျေးကျွန်ပါ၊ ကျွန်တော်တို့ သေသွားတဲ့အချိန်မှာလည်း နတ်ဆိုးရဲ့ ကျေးကျွန်ပါပဲ၊ ကျွန်တော်တို့ သခင်ကြီးအတွက် ကိုယ့်အသက်ကို စတေးခဲ့ရတာကိုလည်း နောင်တမရပါဘူး"
သူတို့၏ ပြတ်သားသော လေသံများက ကောင်းကင်ကိုတောင် တုန်လှုပ်စေသဖြင့် ခြံဝန်းထဲရှိ ဧည့်သည်များဆိုလျင်တော့ ပြောနေစရာတောင် မလိုတော့ပေ။
*သေသွားတဲ့လူတွေရဲ့ ဝိညာဉ်က ယဲ့ဖန်ရှေ့ ဒူးထောက်နေတယ်*
*ဒါ … အံ့ဩစရာပဲ*
ဖေးချမ်နှင့် အခြား ကြယ်သုံးလုံးအဆင့် ဆယ့်လေးယောက်လုံးသည် ယဲ့ဖန်က ဝိညာဉ်စစ်တပ်ကို ဆင့်ခေါ်နိုင်မည်ဟု မထင်မှတ်ထားခဲ့မိပါ။
သို့သော် ယဲ့ဖန်က အခြားသူများ၏ အမူအရာများကို ဂရုမစိုက်ဘဲ ဝိညာဉ်စစ်တပ်ကိုသာ စိုက်ကြည့်နေကာ ပြောလိုက်သည်။
"နတ်ဆိုးတွေက ကောင်းကင်ဘုံ နတ်ဘုရားတွေနဲ့ မြေကမ္ဘာပေါ်က နတ်ဘုရားတွေကိုပါ အရိုအသေမပေးဘူး။ နတ်ဆိုးတွေက ပြန်လည်ရှင်သန်ခြင်း မရှိဘူး။ နတ်ဆိုးတွေက ဘယ်တော့မှ မသေနိုင်သလို ပျက်သုဉ်းသွားမှာလည်း မဟုတ်ဘူး"
"ဒီနေ့ကစပြီး ပြန်လည်ရှင်သန်ဖို့ကို လက်လျော့ပြီးတော့ နတ်ဆိုးတွေ ဖြစ်လာကြတော့"
ယဲ့ဖန်၏ စကားအဆုံးတွင် ဝိညာဉ်စစ်တပ်၏ ပြင်းထန်သော ချီဓာတ်များက တစ်ဟုန်ထိုး တိုးပွားလာကာ ဝိညာဉ်တိုင်း လှိုက်လှိုက်လှဲလှဲနှင့် အရူးအမူးဖြစ်လာကြသည်။
သူတို့က ယဲ့ဖန်အား သူတို့ရင်ထဲမှ အကြီးမြတ်ဆုံး နတ်ဆိုးအဖြစ် ကြည့်နေကြသည်။
"ကျွန်တော်တို့ လိုက်နာပါ့မယ်"
ထိုအသံကား ကမ္ဘာတောင် တုန်လှုပ်လောက်ပေသည်။ ဝိညာဉ်တိုင်းက လေးစားစွာဖြင့် ယဲ့ဖန်၏ ခြေရင်း၌ ခစားကြလေသည်။
ယဲ့ဖန်က ခေါင်းတစ်ချက်ညိတ်ကာ လေထဲ၌ လက်ချောင်းများဖြင့် တစ်စုံတစ်ရာကို ရေးဆွဲလိုက်သည်။ အနက်ရောင် မှော်စာလုံး တစ်လုံး လေထုထဲ ပေါ်ပေါက်လာပြီး အနက်ရောင်အလင်းများ ဖြာထွက်လာကာ ဝိညာဉ် တစ်ရာကျော်အား ဖုံးလွှမ်းသွားသည်။
သေလူများ၏ ဝိညာဉ်များက တစ်ခုပြီးတစ်ခု ပေါင်းစပ်လာကာ နာရီဝက်အကြာတွင် ဝိညာဉ်တစ်ခုထဲ အဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။
ယဲ့ဖန်သည် ချက်ချင်း ထိုဝိညာဉ်ကို ဆွဲယူကာ လော့စစ်၏ ကိုယ်ထဲသို့ ဖိသွင်းလိုက်သည်။
ဝှစ်!
ထို့နောက် ထိုဝိညာဉ်သည် လော့စစ်၏ ကိုယ်ထဲသို့ တစ်မဟုတ်ချင်း ဝင်ရောက်သွား လေတော့သည်။
ပြီးနောက်တွင် ယဲ့ဖန်က မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး သူ့မျက်လုံးများမှလည်း ရုတ်တရက် တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးချီများက လော့စစ်၏ ကိုယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားလေသည်။
နတ်ဆိုးချီများက တဟုန်ထိုး တိုးပွားလာပြီး လျင်မြန်စွာ ရွေ့လျားလာသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လော့စစ်၏ ခန္ဓာကိုယ်က တည်ငြိမ် ကြံ့ခိုင်လာကာ အပြတ်အသတ် သာလွန်သော ချီဓာတ်များကို ထုတ်လွှတ်လာသည်။
သူ၏ ပုံစံကား ငရဲမှ နတ်ဆိုးဘုရင် တစ်ပါး နိုးထလာတော့မည်ဟန်နှင့် တူလှပေသည်။ နတ်ဆိုးချီများ အကုန်အစင် သူ့ကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် လော့စစ်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
သူ့မျက်လုံးများမှ အနက်ရောင်အလင်းများ ဖြာထွက်လို့နေ၏။ လော့စစ်က လူသတ်စက်ရုပ်ကြီးကဲ့သို့ ထရပ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များကို ထုတ်လွှင့်နေ၏။
ဆရာသခင် တစ်ပိုင်းအဆင့်!
လော့စစ်သည် အရင်ကထက် ဆရာသခင်တစ်ပိုင်းအဆင့်တွင် သူ့စွမ်းအင်များက ပို၍ ကျစ်လျစ် သိပ်သည်းလာပြီး ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
နတ်ဆိးချီဓာတ်နှင့် သေလူများ၏ ချီဓာတ်များ၏ အားဖြည့်ပေးမှုများကြောင့် သူ့ကိုယ်ပိုင် ချီဓာတ်သည် အလွန်အမင်း ထက်မြက်ကာ ဆိုးယုတ်ဖွယ်ကောင်းလှ၏။
ကြယ်သုံးလုံးအဆင့် ထိပ်သီး ဆယ့်ငါးယောက်လုံး ကြက်သီး တဖြန်းဖြန်းထကာ နောက်ဆုတ်မိသွားသည်။
"အခုကစပြီး မင်းရဲ့ နာမည်က နတ်ဆိုးအလောင်းကောင် အားစစ်ပဲ" ဟု ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရုတ်တရက် လော့စစ်က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘက်ပေါ် လက်တင်၍ ပြောလိုက်သည်။
"သခင်ကြီးကို အရိုအသေပေးပါတယ်"
….
ဧည့်သည်များအားလုံး သေမတတ် ထိတ်လန့်သွားကြသည်။
ဆရာသခင်တစ်ပိုင်း အဆင့်လူက ယဲ့ဖန်ရဲ့ အစေခံ ဖြစ်သွားတယ်!
…
မည်သူမျှ ဤအဖြစ်ကို လက်သင့်မခံနိုင် ဖြစ်နေကြသည်။
*ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်နဲ့ ကြယ်သုံးလုံးအဆင့် ထိပ်သီး ဆယ့်ငါးယောက်၊ ဘယ်လောက်တောင် အံ့ဩပြီး ကြောက်ဖို့ကောင်းလိုက်တဲ့ အစေခံအဖွဲ့ပါလိမ့်*
*သူက တော်တော်ထူးဆန်းပါလား၊ သူက…တကယ့် နတ်ဆိုးပဲ*
*ဆရာသခင်တစ်ပိုင်းအဆင့် တစ်ယောက်ရယ် ကြယ်သုံးလုံးအဆင့် ထိပ်သီးဆယ့်ငါးယောက်ရယ်နဲ့ဆို သူ ကျန်းနန်မြို့နဲ့ ကျန်းပေမြို့မှာကိုတောင် လက်ဝါးကြီးအုပ်ထားလို့ ရနေပြီပဲ*
ယခုအချိန်မှစ၍ ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့သည် ယဲ့ဖန်၏ ခေတ်နယ်မြေထဲသို့ ဝင်ရောက်လာပေတော့မည်။
ဧည့်သည်များ တစ်ယောက်နှင့်တစ်ယော်က တီးတိုးတိုင်ပင်နေကြ၏။ ထိုစဉ် ယဲ့ဖန်က သူတို့အား ဒဲ့ကြည့်နေသည်ကို သတိထားလိုက်မိသဖြင့် သူတို့ ချောက်ချားလာသည်။ သူတို့ စကားပြောဆိုနေတာ တိခနဲ ရပ်သွားသလို ဆံပင်မွှေးများပင် ထောင်လာသလို ခံစားလာရသည်။
ဧည့်သည်များအားလုံး မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ရှေ့ ဝပ်တွားကာ စက်ထဲ ထည့်ကျိတ် ခံနေရသည့် ကြက်သွန်ဖြူကဲ့သို့ တဒိန်းဒိန်းတုန်လှုပ်နေကြသည်။
"ကျွန်တော်တို့ကို …ခွင့်…ခွင့်လွှတ်ပေးပါ၊ မစ္စတာယဲ့၊ ကျွန်တော်တို့က ကုန်းကလန်လို လာခဲ့ဖို့ အတင်းဖိတ်ကြားခံခဲ့ရတာပါ၊… ဒီကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူးခင်ဗျာ"
"ဟုတ်ပါတယ်…မစ္စတာယဲ့၊ ကျွန်တော်တို့ကိုသာ သွားခွင့်ပေးမယ်ဆို ကျွန်တော်တို့ ခင်ဗျားအတွက် ဘာမဆိုလုပ်ပေးပါ့မယ်"
….
ဧည့်သည်များအားလုံးသည် ကျန်းရှီမြို့၏ ဒေသခံ မျက်နှာဖုံးရှင်များ ဖြစ်ကြသည်။
သူတို့အားလုံး ကြွက်ကလေးကဲ့သို့ သုတ်သုတ်ပျာပျာ ဖြစ်နေသည်ကို ကြည့်ပြီး ယဲ့ဖန်ကာ ပြုံးကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ခင်ဗျားတို့ မသေပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ မှတ်ဉာဏ်ကို ဒီအတိုင်း ထားလို့မရဘူး"
*ဘာ*
ဧည့်သည်အားလုံး အူကြောင်ကြောင် ဖြစ်ကာ ယဲ့ဖန်အား ဇဝေဇဝါဖြင့် ကြည့်လိုက် ကြသည်။
သို့သော် သူတို့ ယဲ့ဖန်ကို မော့ကြည့်လိုက်သည်နှင့် ယဲ့ဖန်၏ မျက်လုံးမှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
ခရမ်းရောင် အလင်းတန်းတိုင်းက ဧည့်သည်တိုင်း၏ ဦးခေါင်းထဲသို့ ချိတ်ဆက် ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ဧည့်သည်တိုင်း၏ စိတ်ထဲတွင် ဤအဖြစ်အပျက်နှင့် ပတ်သက်သော မှတ်ဉာဏ်များအားလုံး အဖျက်ခံလိုက်ရလေတော့သည်။
ထို့နောက် သူတို့အားလုံး သတိလစ်ကာ လဲကျသွားလေတော့သည်။ ယဲ့ဖန်၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဆုဒြာသည် ယခင်ကထက် ပို၍ အစွမ်းထက်လာပြီ ဖြစ်သည်။
သူ၏ ခရမ်းရောင်မျက်လုံးတောင်မှ တိုးတက်လာပြီဖြစ်သည်။ စိတ်ညှို့နိုင်သည့်အပြင် သူ၏ ခရမ်းရောင်မျက်လုံးများက သာမန်လူများ၏ မှတ်ဉာဏ်များကိုပါ ဖျက်လာနိုင်ပြီ။
ဧည့်သည်တိုင်း၏ မှတ်ဉာဏ်များကို ဖျက်ပြီးနောက် ယဲ့ဖန်က ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ကုန်းကလန်သားတိုင်းကို သတ်ပစ်"
"အမိန့်အတိုင်းပါ သခင်ကြီး"
ဖေးချမ်နှင့် ဝံပုလွေရိုင်းတို့က ကုန်းကလန်၏ အိမ်နောက်ဖေး ကွက်လပ်သို့ သူတို့လူများဖြင့် ပြေးဝင်သွားကြသည်။
အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီး စတင်လေပြီ။ သို့သော် ယဲ့ဖန်ကမူ ဖြစ်ပျက်နေသည့် လူသတ်ပွဲကြီးအား လျစ်လျူရှုကာ ကျန်းနန်မြို့ရှိရာဘက်သို့ ပြီတီတီ အကြည့်ဖြင့် လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။
"လော့ကလန်လား? ကျန်းနန်မြို့နဲ့ ကျန်းပေမြို့တစ်ခုလုံးမှာ နံပါတ်တစ်ကလန်တဲ့လား?"
"ကျုပ်ကို ယုံထားလိုက်၊ ကျုပ် ခင်ဗျားတို့အတွက် အံ့ဩစရာအကောင်းဆုံး လက်ဆောင်တစ်ခု ပြင်ထားတယ်၊ တကယ့်ကို ကြီးကျယ်တဲ့ လက်ဆောင်တစ်ခုပေါ့"
ယဲ့ဖန်က မကောင်းဆိုးဝါးဆန်၍ သွေးဆာနေသော အကြည့်များဖြင့် ပြောဆိုလိုက်သည်။
….
တစ်ရက်ကြာပြီးနောက်!
ကျန်းနန်မြို့ရှိ လော့အိမ်တော်၏ ခြံဝန်းအတွင်း၌..
အမျိုးသမီးတစ်ယောက်သည် ကျောမှီကုလားထိုင်တွင် ထိုင်ကာ သိုးမွှေးထိုးနေရင်း မေးလိုက်သည်။
"ကျန်းရှီမြို့ကနေ ဘာသတင်းမှ မကြားရသေးဘူးလား?"
သူမအမေးကြောင့် လူအိုကြီးတစ်ယောက် သူမထံသို့ ဖြည်းဖြည်းချင်း လျှောက်လာကာ လေးစားစွာဖြင့် ပြောလိုက်သည်။
"သခင်မကြီး၊ ကျွန်တော်တို့ ဘယ်လိုမှ ဖုန်းနဲ့ အဆက်အသွယ် လုပ်လို့မရပါဘူး၊ ကျွန်တော် လေးယောက်မြောက် သခင်လေးနဲ့တောင်မှ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျန်းရှီမြို့ကို စုံစမ်းဖို့ လွှတ်လိုက်တဲ့သူအားလုံး ပျောက်ကွယ်သွားပါတယ်"
သူ့စကားကြောင့် ထိုအမျိုးသမီး မျက်မှောင်ကြုတ်သွားသည်။
*ရှောင်စစ်တစ်ယောက် အဆင်မှပြေရဲ့လားမသိ*
ထိုအတွေးကို သူမ ခေါင်းထဲမှ ချက်ချင်းထုတ်လိုက်သည်။ လော့စစ်၏ ခွန်အားကို သူမ ကောင်းကောင်းကြီး သိသည်။ ကျန်းနန်မြို့က ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်တာ၊ ကျန်းရှီမြို့ဆို သာ၍ပင် ဝေးသေးသည်။
သို့သော်…
"ဟူး … ရှောင်စစ်က မာစတာ လီရှန့်ကျန်း လက်အောက်မှာ အချိန်အကြာကြီး ပညာသင်ခဲ့တာပဲလေ၊ သူက ဘယ်လိုလုပ် အခုထိ ဆိုးချင်တိုင်း ဆိုးနေသေးတာလဲ"
ထိုအမျိုးသမီးက ဂုဏ်ယူသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သော်လည်း စိတ်ပျက်လက်ပျက် အကြည့်များဖြင့် ဖြစ်နေသေးသည်။
ထိုစဉ် သူမ သုတ်သုတ်ပျာပျာ ပြေးလာသံများကို ကြားလိုက်ရသည်။ ထို့နောက် အစေခံတစ်ယောက်က သူမရှေ့သို့ ပြေးလာကာ အလွန်ပျော်ရွှင်နေသော လေသံဖြင့် ပြောလာသည်။
"သခင်မကြီး…လေးယောက်မြောက် သခင်လေး ပြန်လာပါပြီ"