လော့ကလန်၏ နောက်ဆုံးနေ့!
Vol. 11 Ch. 161
*လေးယောက်မြောက်သခင်လေး ပြန်လာပါပြီ*
ထိုစကားကို ကြားတော့မှသာ လော့ဟန်ရွှမ်း အသာအယာ ပြုံးနိုင် တော့သည်။
"နောက်ဆုံးတော့ ရှောင်စစ် အိမ်ပြန်ရောက်လာပြီ၊ ကြည့်ရတာ သူ ဟိုကောင်စုတ်လေးရဲ့ ခေါင်းကို ယူလာနိုင်ခဲ့ပြီနဲ့တူတယ်"
သူမမျက်လုံးတွင် ပြင်းထန်သော ချီဓာတ်အချို့ ဖြတ်ပြေးသွားပြီး လော့ဟန်ရွှမ်းသည် ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်လိုက်သည်။ ထိုပုံသည် ကုန်းယွင်ဖေး၏ ဓာတ်ပုံဖြစ်သည်။
ဓာတ်ပုံထဲမှ ကုန်းယွင်ဖေး၏ မျက်နှာကို ပွတ်သပ်ရင်း လော့ဟန်ရွှမ်းက ကျေနပ်သော အပြုံးမျိုး ပြုံးလိုက်သည်။
"ယွင်ဖေး … လူသတ်သမားကို သတ်လိုက်နိုင်ပြီ။ သူနဲ့ သိကျွမ်းတဲ့သူတွေ အားလုံးကိုလည်း သတ်လိုက်နိုင်ပြီ"
"မင်း အေးအေးချမ်းချမ်းနဲ့ အနားယူလို့ရပါပြီကွယ်"
လော့ဟန်ရွှမ်းသည် ယဲ့ဖန်အား အလွန်တရာမှ နာကျည်းလှသည်။ လော့စစ် ပြန်ရောက်လာသည်ကို ကြားသည်နှင့် ယဲ့ဖန်တော့ သေသွားပြီဟု သူမ မုချ ယုံကြည်လိုက်သည်။
ထို့ကြောင့် သူမ အလွန်တက်ကြွလာသည်။ ထို့ပြင် သူမအစေခံ ထပ်ပြောလာသည့် စကားကြောင့် သူမ ဝမ်းသာအားရ ထခုန်လိုက်မိသည်။
"သခင်မကြီး လေးယောက်မြောက် သခင်လေးက ဆရာသခင်တစ်ပိုင်းအဆင့်ကို တက်နိုင်သွားခဲ့ပါပြီ"
*ဘာ*
လော့ဟန်ရွှမ်း မှင်တက်နေပြီးမှ ပို၍ အားရ ကျေနပ်လာသည်။
"ဆရာသခင်တစ်ပိုင်းအဆင့်… ဘုရားရေ… ရှောင်စစ် လုပ်နိုင်သွားခဲ့ပြီပဲ"
ဆရာသခင်အဆင့်အောက်တွင် လော့စစ်သည် နံပါတ်တစ်ဟု ခေါ်ဆိုနိုင်သော်လည်း သူနှင့် တကယ့်ဆရာသခင်အဆင့်က သူများသည် အလွန်ကွာခြားနေသေးသည်။
လော့စစ်က ဆရာသခင်တစ်ပိုင်း အဆင့်သို့ အဆင့်တက်ခဲ့ပြီးပြီ ဆိုတော့ လော့ကလန်သည် ကျန်းနန်နှင့် ကျန်းပေမြို့တို့တွင် နံပါတ်တစ် ကလန်တစ်ခု ဖြစ်လာရုံသာမက ဟွာရှနိုင်ငံ တစ်ခွင်လုံးတွင် နေရာတစ်နေရာ ရလာပေတော့မည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်"
လော့ဟန်ရွှမ်း လျင်မြန်စွာ ထရပ်ကာ အိမ်ရှေ့သို့ ခပ်သွက်သွက် လျှောက်သွား လိုက်သည်။
ထိုအချိန်အတွင်းမှာပင် အိမ်ရှေ့တွင် အလွန် သက်ဝင် တက်ကြွ နေသည်။ လော့ကလန်၏ အင်အားကြီးများနှင့် တိုက်ရိုက် မျိုးဆက်မှ မျိုးဆက်များ အားလုံး ရောက်ရှိနေကြသည်။
သူတို့အားလုံးက လူတစ်ယောက်ကို ဝိုင်းအုံ၍ စိတ်ဝင်တစားနှင့် မေးခွန်းတွေ တရစပ် မေးမြန်းနေကြသည်။
"စတုတ္ထသခင်လေး ခင်ဗျား ကျန်းရှီမြို့မှာ ခေါင်းတော်တော် ဖြတ်ခဲ့မှာပေါ့နော်၊ လူဘယ်နှစ်ယောက် သတ်ခဲ့တာလဲ?"
"ဟုတ်တယ် စတုတ္ထသခင်လေး … ခင်ဗျား ဟိုကောင်စုတ်ရဲ့ နောက်လိုက်တိုင်းကို သတ်ခဲ့လားဗျ? ဟဟ … သူက လော့ကလန်ကို ဆန့်ကျင်ရဲမှတော့ သူ နုတ်နုတ်စင်း ခံရသင့်တယ်"
"အဓိပ္ပာယ် မရှိလိုက်တာ…စတုတ္တသခင်လေး သယ်လာတဲ့အိတ်ကို ကြည့်ဦး၊ အဲ့ထဲမှာ အနည်းဆုံး ခေါင်း နှစ်ဆယ်၊ သုံးဆယ်လောက် ပါလောက်မယ်"
…
လော့ကလန်သားတိုင်း ဆိုးယုတ်သော အမူအရာများဖြင့် ကြုံးဝါးနေကြသည်။ လော့ကလန်သည် ဘယ်သောအခါမှ ဆန့်ကျင်ရန် မသင့်သော ကလန်တစ်ခုဟု သူတို့ မှတ်ယူထားကြသည်။
လော့ကလန်ကို ကလန်ကဆန် လုပ်ရဲသည့်သူများ သို့မဟုတ် လော့ကလန်သားတွေကို နာကျင်အောင် လုပ်သည့်သူများ အားလုံး သေသင့်သည်ဟု သူတို့ ခံယူထားကြသည်။
ထို့အတူ ထိုကဲ့သို့သော သူများနှင့် တစ်နည်းတစ်ဖုံ ပတ်သက်သည့်သူများ အားလုံးလည်း သေသင့်သည်ဟု ခံယူထားကြသည်။
သူတို့၏ ရက်စက်သော စကားများကို ကြားရသော်လည်း လော့စစ်သည် အေးတိအေးစက် အပြုံးနှင့် အလွန်တည်ငြိမ်လို့ နေသည်။
မြေကြီးပေါ် ချထားသော အိတ်ကြီးမှ သွေးများ စိမ့်လို့နေ၏။ သေချာပေါက်ကို ဦးခေါင်းများစွာ ရှိနေလောက်သည်။
ထိုစဉ် လော့ဟန်ရွှမ်းသည် သူတို့ထံသို့ လျှောက်လာနေသည်။ တက်ကြွနေသော အမူအယာနှင့် သူမက လော့စစ်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
"ရှောင်စစ်…နောက်ဆုံးတော့ မင်းပြန်လာပြီပဲ"
လော့ဟန်ရွှမ်းကို မြင်သော်လည်း လော့စစ်၏ မျက်နှာသည် ယခင်အတိုင်း တည်ငြိမ်လို့နေသည်။
"မင်း လူသတ်သမားရဲ့ ခေါင်း ငါ့ဆီ ယူလာခဲ့လား?"
လော့ဟန်ရွှမ်းက အားပါးတရ ပြုံး၍ မေးလိုက်သည်။ လော့စစ်က သူမအမေးကို ပြန်မဖြေဘဲ ပြန်မေးလိုက်သည်။
"လော့ကလန်သားတိုင်း ဒီမှာ ရှိနေသလား?"
*ဟင်*
သူ့စကားကြောင့် လော့ကလန်သားတိုင်း အံ့ဩသွားကြသည်။ လော့ဟန်ရွှမ်းက ခေါင်းညိတ်ပြလိုက်သည်။
"စတုတ္ထသခင်လေး လော့ကလန်ရဲ့ ၂၈၆ ယောက်သော ကလန်သားတိုင်း ဒီမှာ ရှိနေပါတယ်"
"ဟုတ်ပါတယ်၊ မြန်မြန် အိတ်ကို ဖွင့်ပြီး ကျွန်တော်တို့ကို ခေါင်းတွေ ပြပါတော့ဗျို့၊ ချီးပဲ … ယွင်ဖေးကို သတ်ခဲ့တဲ့ ကောင်က ဘယ်လိုကောင်မျိုးလဲဆိုတာကို ငါ တကယ် မြင်ချင်လှပြီ"
"ဟဟ…စိတ်မပူကြပါနဲ့ကွာ…ငါတို့ အခု တွေ့ရတော့မှာပဲကို"
လော့ကလန်သားတိုင်းက အားပါးတရ ပြုံးလို့နေကြ၏။
လော့စစ်က ခေါင်းညိတ်ကာ ပြီတီတီ မျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ…ငါ မင်းတို့ကို သူတို့ခေါင်းတွေကို ပြရသေးတာပေါ့"
ထိုသို့ပြောပြီး သူက ရှေ့သို့ကိုင်းကာ အိတ်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် လော့ကလန်သားတိုင်းသည် အလွန်စိတ်လှုပ်ရှားကာ တောက်ပစွာ ပြုံးနေကြသည်။ အထူးသဖြင့် လော့ဟန်ရွှမ်းပင်၊ သူမ၏ မျက်လုံးများက အလွန့်ကို တက်ကြွနေသည်။
ထိုအချိန်တွင် အိတ်ပွင့်လာသည်။ သို့သော် အိတ်ထဲမှ ဦးခေါင်း များကို မြင်သည်နှင့် လော့ကလန်သားတိုင်း၏ အပြုံးများက ချက်ချင်း အေးခဲလို့သွားသည်။
"ဒါ…ဒါ… ကုန်းကလန်ခေါင်းဆောင် ကုန်းရွှမ်ရဲ့ ခေါင်းပဲ"
"ဘုရားရေ…ဒါတွေက ကုန်းဝမ်၊ ကုန်းလင်းနဲ့ ကုန်းရွှယ်ပင်း တို့ရဲ့ခေါင်းတွေပဲ…"
"ကုန်းကလန်က…သူတို့တွေက…ဒါတွေက ကုန်းကလန်သားတွေရဲ့ ခေါင်းတွေပဲ"
လော့ကလန်သားတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ဒီခေါင်းတွေက သူတို့ရန်သူဖြစ်သည့် ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များ၏ ဦးခေါင်းများ ဖြစ်သည်ဟု သူတို့ ယုံကြည်ထားကြသည်။ ထင်မှတ်မထားပါဘဲ ဒါတွေက လော့ကလန်နှင့် လက်ထပ်ထိမ်းမြား၍ ဆက်ဆံရေး ထူထောင်ခဲ့သော ကုန်းကလန်သားတွေ၏ ဦးခေါင်းများ ဖြစ်လို့နေသည်။
ကုန်းကလန်သားများ၏ ဦးခေါင်းများက မြေကြီးပေါ်သို့ ပျံ့ကျဲသွားသည်။ ဦးခေါင်းတစ်လုံးချင်းစီက အလွန်ကြောက်မက်ဖွယ် ကောင်းသော သေနည်းမျိုးနှင့် သေခဲ့ရသကဲ့သို့ လွန်စွာ ထိတ်လန့်ဖွယ်ကောင်းနေသည်။
…
စက္ကန့်ပိုင်းအတွင်း ခြံဝန်းတစ်ခုလုံး ပွက်လောရိုက်လာသည်။ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
လော့ဟန်ရွှမ်း၏ မျက်နှာက ပြာနှမ်းလို့နေကာ သူမက လော့စစ်အား မယုံနိုင်သည့် အကြည့်များဖြင့် ကြည့်ကာ မေးလိုက်သည်။
"ရှောင်စစ်…ဘာလို့…ဘာလို့ နင် ကုန်းရွှမ်ကို သတ်လာတာလဲ? ဘာလို့လဲ?"
ကုန်းရွှမ်သည် ကုန်းကလန်၏ ခေါင်းဆောင်ဖြစ်သလို လော့ဟန်ရွှမ်း အမျိုးသား၏ ညီလည်း ဖြစ်သည်။
လော့ဟန်ရွှမ်း၏ အမျိုးသားသည် ပျောက်ဆုံးနေသည်မှာ နှစ်အတော်ကြာနေပြီ ဖြစ်ပြီး သူ သေသလား၊ ရှင်သလား မည်သူမျှ မသိကြပါ။
ထို့ကြောင့် ကုန်းကလန်သားထဲတွင် ကုန်းယွင်ဖေးနှင့် ကုန်းရွှမ်တို့သည် သူမ အချစ်ဆုံး သူများ ဖြစ်ကြသည်။
လော့စစ်က ယဲ့ဖန်၏ ခေါင်းအစား ကုန်းရွှမ်၏ ခေါင်းကို ယူလာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။
"ဘာလို့လဲ? ရှောင်စစ်… နင် ရူးသွားပြီလား? နင် ဘာလို့ ကုန်းရွှမ်ကို သတ်လိုက်တာလဲ?"
လော့ဟန်ရွှမ်းက ဒေါသတကြီးနှင့် လော့စစ်အား မာန်မဲလိုက်သည်။ သို့သော် လော့စစ်က ရက်စက်သော အပြုံးမျိုးနှင့် ပြန်ပြောလိုက်သည်။
"ကျုပ် ထပ်သတ်ဦးမှာ"
*ဘာရယ်*
လော့ဟန်ရွှမ်းနှင့် ကျန်လော့ကလန်သားများ အားလုံး တစ်ခဏမျှ ကြောင်တက် သွားကြသည်။
လော့စစ် ထပ်ပြောလာသည့် စကားကြောင့် လူတိုင်း ကြောက်လန့်ကာ တုန်ယင်သွားသည်။
"ကျုပ်က လော့ကလန်သားတိုင်းကိုလည်း သတ်ဦးမှာ"
….
လော့ကလန်သားတိုင်း မှင်တက်သွားကြသည်။ ထိုစဉ် အလွန်ထက်မြက်သော ချီဓာတ်များက ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံလာသည်။
ရွှစ်! ရွှစ်! ရွှစ်!
ကြက်သွန်မြိတ်များကို လှီးဖြတ်သကဲ့သို့ ချီစွမ်းအင်များက လော့ကလန်ရှိ စွမ်းအားကြီးသူများ၏ ဦးခေါင်းကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်သွားသည်။
ထို့နောက် ကလန်သားများ၏ ခေါင်းပြတ်ကိုယ်များမှ သွေးများ ပန်းထွက်လာကာ ဦးခေါင်းများက မြေကြီးပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျသွားသည်။
….
ဤမြင်ကွင်းကား အလွန် သွေးပျက်ဖွယ်ကောင်းလှပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ကလန်၏ အင်အားကြီးသူ ဆယ်ယောက်ကျော်မျှ ခေါင်းပြတ်သွားကြသည်။
"မဖြစ်ဘူး"
သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
"စတုတ္ထသခင်လေး ခင်ဗျား ရူးသွားပြီလား? ဘာလို့လဲ? ဘာလို့ ဒီလိုလုပ်ရတာလဲ?"
ကျန်ရှိနေသော လော့ကလန်သားများက လော့စစ်အား ကြမ်းတမ်းစွာ ဟစ်အော် လိုက်ကြသည်။
သို့သော် သူတို့စကားအဆုံးတွင် လော့စစ်က အားပါးတရ ပြုံးကာ ပြန်ပြောလိုက်သည်။
"မင်းတို့ရဲ့ စတုတ္ထ သခင်လေးက သေတာ ကြာလှပြီ။ ငါက လော့စစ် မဟုတ်ဘူး၊ နတ်ဆိုးဧကရာဇ်ရဲ့ အစေခံ နတ်ဆိုး အလောင်းကောင် အားစစ်ပဲ"
*မဖြစ်နိုင်ဘူး*
လော့ကလန်သားများ ထိတ်လန့်သွားကြသည်။
*စတုတ္ထသခင်လေးက သေသွားပြီလား*
*ဒါ မဖြစ်နိုင်ပါဘူး*
လော့ကလန်သားတိုင်း၏ နှလုံးသားထဲတွင် လော့စစ်သည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားဖြစ်သည်။
ဆရာသခင်အဆင့်မှ လွဲ၍ သူ့အား မည်သူမှ အနိုင်မယူနိုင်ပါ။
သို့သော် ယခုတော့…
ကျန်ရှိနေသေးသည့် လော့ကလန်သားတိုင်း သူတို့ မြင်နေ၊ကြားနေရသည်ကို မယုံချင်ကြပါ။
သို့သော် နတ်ဆိုးအလောင်းကောင် အားစစ်က သူတို့၏ အမူအရာများကို အရေးပင်မလုပ်ဘဲ သူ့လက်ဖဝါးဖြင့် ကျန်ရှိနေသော လော့ကလန်သားများကိုသာ ဆက်၍ သတ်ဖြတ်နေသည်။
သူ၏ လွှမ်းမိုးနိုင်သော ချီဓာတ်များက သွေးမိုးရွာနေသလိုပင်။ အစုလိုက် အပြုံလိုက် သွေးချောင်းစီးပွဲကြီး စတင်လေပြီ။
လော့ကလန်၏ နောက်ဆုံးနေ့ရက်များ ရောက်ရှိလို့လာလေပြီ။