လော့ကလန် လုံးဝဥဿုံ ပြိုလဲခြင်း!
Vol. 11 Ch. 162
ရွှစ်!
ကြယ်သုံးလုံးအဆင့် တစ်ယောက် အားစစ်၏ သန်မာသော ချီဓာတ်ကြောင့် ကိုယ်နှစ်ပိုင်း ကွဲသွားလေသည်။
လော့ကလန်၏ ခြံဝန်းအတွင်းတွင် အလောင်းများဖြင့် ဖုံးလွှမ်းလို့နေသည်။
မြေကြီးသည် သွေးစီးချောင်းများဖြင့် စိုစွတ်နေသလို လေထုထဲတွင်လည်း သွေးနံ့များဖြင့် ဖုံးလွှမ်းလို့နေ၏။
လော့ကလန်၏ နောက်ဆုံးနေ့ရက်သို့ ရောက်ရှိလို့လာချေပြီ။
"သေပေတော့…သေပေတော့…သေလိုက်တော့ကွာ"
လော့ကလန်၏ ကျန်ရှိနေသေးသော အင်အားကြီးသူများက ဒေါသထွက်ကာ နတ်ဆိုးအလောင်းကောင် အားစစ်အား အင်အားအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။
သို့သော်လည်း သူတို့ သေရမည်ပင်။ ငရဲမှ တက်လာသော နတ်ဆိုးနတ်ဘုရားကဲ့သို့ နတ်ဆိုးအလောင်းကောင် အားစစ် ဖြတ်သွားသည့် နေရာတိုင်း အလောင်းများဖြင့် ပြည့်နှက်လို့ လာသည်။
အားစစ်၏ ချီထဲတွင် မကောင်းဆိုးဝါးနှင့် သေလူတို့၏ ချီများ ပါဝင်နေသည်။ သူ၏ ချီဓာတ်နှင့် ထိတွေ့သည့်သူတိုင်း သေရမည်ပင်။
အဆောက်အဦးများ တုန်လှုပ်လာက အခန်းများ ပြိုကျ ပျက်စီးလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကလန်သားတစ်ဝက်လောက် အသတ်ခံလိုက်ရချေပြီ။
"မဟုတ်ဘူး… ငါ မသေချင်သေးဘူး၊ ငါ မသေနိုင်ဘူး"
ကြယ်နှစ်လုံးအဆင့် တစ်ယောက်က တုန်လှုပ်စွာ ညည်းညူလိုက်သည်။
*ပြီးသွားပြီ*
လော့ကလန် လုံးဝ ကျရှုံးသွားပြီဆိုတာကို သူ သိလိုက်သည်။ ထို ကြယ်နှစ်လုံးအဆင့်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးကာ လော့ကလန်၏ အိမ်ပေါက်ဝသို့ အသည်းအသန် ပြေးထွက်လာခဲ့သည်။
သူ မြန်နိုင်သမျှ မြန်မြန် ပြေးနေသည်။ ထို့နောက်တွင် သူသည် လူးသာလွန့်သာဖြင့် ဂိတ်ဝသို့ ရောက်ရှိလာသည်။ သူ ထွက်ပြေးနိုင်လာမှသာ စိတ်သက်သာရပြီး သက်ပြင်းချနိုင်တော့သည်။
"ငါ အသက်ရှင်ပြီ…ဟဟ… ငါ အသက်ရှင်နေသေးတယ်"
ထို ကြယ်နှစ်လုံးအဆင့် သူသည် ဤကပ်ဘေးမှ အသက်ရှင်ရက် ထွက်လာနိုင်သည့်အတွက် ဝမ်းသာလို့နေသည်။
သို့သော် သူ့စကားအဆုံးတွင် သူ့နှလုံးသားအား သုံးမြှောင့်ဓားချွန်က ထိုးဖောက်လို့ သွားသည်။
သူ့အပြုံးက ချက်ချင်းဆိုသလို အေးခဲသွားသည်။ ထို သုံးမြှောင့်ဓားချွန်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်နေပြီးနောက် သူ့စိတ်ထဲ နောင်တတရားများ၊ စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက်လာသည်။
ဂိတ်အပြင်ဘက်မှ အခြေအနေကို ခေါင်းမော့ကြည့်လိုက်မိပြီးနောက် သူ့မျက်နှာ ပြာနှမ်းလာကာ ကတုန်ကယင် ဖြစ်လာသည်။
" ကြယ်သုံးလုံးအဆင့်…ဆယ့်…ဆယ့်ငါးယောက်တောင်…"
ထို ကြယ်နှစ်လုံးအဆင့် တစ်ယောက် အလွန် တုန်လှုပ်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက ဂိတ်အပြင် ရှေ့တည့်တည့်တွင် နတ်ဆိုးအဖွဲ့ကဲ့သို့ မားမားမတ်မတ် ရပ်လို့နေသည်။
သူတို့ ဆယ့်ငါးယောက်လုံး ကြယ်သုံးလုံးအဆင့်များ ဖြစ်သည်။ ရွှေရောင်အဆင့် ကြေးစားအဖွဲ့ ကိုးဖွဲ့နှင့် ညအဖွဲ့ဝင်များက လော့အိမ်တော်၏ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လို့ထားသည်.
ယင်ကောင်တောင် ပြေးလို့မလွတ်နိုင်ပါ။
"လော့ကလန်တော့…သွားပြီပဲ"
ထို ကြယ်နှစ်လုံးအဆင့် သူသည် မျှော်လင့်ချက် ပျက်သုဉ်းသွား သည့်ဟန်ဖြင့် ရေရွတ်ရင်း မြေကြီးပေါ်သို့ လဲကျကာ ကြောက်စိတ်များဖြင့် သေသွားလေတော့သည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ ထို့နောက်တွင် ကျန်ရှိနေသော လော့ကလန်၏ အင်အားကြီးသူများ တစ်ယောက်ပြီးတစ်ယောက် အသည်းအသန် ထွက်ပြေးလာကြသည်။
သို့သော်လည်း သူတို့အားလုံး အညှာအတာမဲ့စွာ ခေါင်းဖြတ် အသတ်ခံလိုက်ရသည်။ ထို့ကြောင့် လော့အိမ်တော်တွင် သာမက ဂိတ်ပေါက်ဝတွင်ပင် အလောင်းများဖြင့် ပြည့်နှက်နေသည်။ သွေးပျက်ဖွယ်ကောင်းသော သားသတ်ရုံကြီးနှင့်ပင် တူလှသည်။
ရွှစ်!
လော့ကလန်၏ နောက်ဆုံး အင်အားကြီးသူ တစ်ယောက် သေသွားသည့်အခါမှသာ နတ်ဆိုး အလောင်းကောင် အားစစ် ရပ်တန့်သွားသည်။
ထို့နောက် သူက နောက်ဆုံးသော အသက်ရှင်ကျန်သူ အမျိုးသမီးကို သွေးဆာရက်စက်သည့် အကြည့်များဖြင့် ကြည့်လို့နေသည်။
"သေပြီ…သူတို့အားလုံး သေသွားပြီ"
ထိုအမျိုးသမီးသည် ကျန်းနန်မြို့တွင် အင်အားအကြီးဆုံး အမျိုးသမီး ဖြစ်သည့် လော့ဟန်ရွှမ်းပင်။
ယခုအချိန်တွင်တော့ သူမသည် အလွန်သွေးဆုတ် ဖြူရော်နေသော မျက်နှာထားဖြင့် မြေကြီးပေါ် ထိုင်နေသည်။
လော့ကလန်အား ပြုတ်ပြတ်ပြန်း သုတ်သင်ခြင်းနှင့် ခြံဝန်းအနှံ့ ပြန့်ကျဲနေသော ဆိုးရွားလှသည့် အလောင်းများကို ကြည့်ပြီး လော့ဟန်ရွှမ်း လုံးဝကို နားဝေတိမ်တောင် ဖြစ်လာသည်။
သူမမှလွဲ၍ လော့ကလန်သား ၂၈၆ ယောက်လုံး သေသွားချေပြီ။
ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နံပါတ်တစ် တော်ဝင်ကလန်က ဤကဲ့သို့ အဆုံးသတ်မျိုး ကြုံရလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပါ။
ထိုစဉ် သူမ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။
*ဟင်*
သူမထံသို့ ခပ်ဖြည်းဖြည်းချင်း လျှောက်လာနေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို လော့ဟန်ရွှမ်း စိုက်ကြည့်နေမိသည်။
သူ အလွန်လေးဖင့်စွာ လျှောက်နေခြင်း ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းလိုက်ပြီးသည်နှင့် သူမနှင့် သူ မီတာ နှစ်ဆယ်သာ ကွာတော့သည်။
ဒုတိယခြေလှမ်းမြောက်တွင် သူမနှင့် ဆယ်မီတာသာ ကွာဝေးတော့သည်။ တတိယခြေလှမ်းမြောက်တွင် သူမရှေ့သို့ သူ ရောက်ချလာတော့သည်။
….
လော့ဟန်ရွှမ်း အံ့အားသင့်လို့နေ၏။ ဤအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို တစ္ဆေဟုတောင် သူမ ထင်မှတ်မိသည်။
"မင်း…မင်း ဘယ်သူလဲ?"
လော့ဟန်ရွှမ်းက သူ့မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်သည်။ ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြောင်စပ်စပ် မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ကျုပ်လား? ခင်ဗျား အမုန်းဆုံး သူလေ…ပြီးတော့ ခင်ဗျားကို ငရဲပို့မယ့်သူပေါ့"
*ဘာ*
ယဲ့ဖန်စကားကြောင့် လော့ဟန်ရွှမ်း၏ မျက်နှာက မီးဝင်းဝင်းတောက်လာသည်။
"မင်း…မင်းက ယဲ့ဖန်ပဲ"
လော့ဟန်ရွှမ်း၏ မျက်နှာက နီရဲလာသည်။ သူမက အံကို တင်းတင်းကြိတ်ကာ သူ့ကို တစ်စစီဖြစ်အောင် လုပ်ပစ်ချင်နေပုံ ရသည်။
"ယဲ့ဖန် မင်းက လော့ကလန်ကို လုံးဝဖျက်စီးလိုက်မှတော့ မင်း အနာဂတ်မှာ အဆုံးအစမဲ့ နာကျင်ခံစားရလိမ့်မယ်၊ ကြည့်ကြသေးတာပေါ့၊ မင်းလည်း သေလိမ့်မယ်၊ မင်းဘေးနားကလူတွေလည်း အသေဆိုးနဲ့ သေရလိမ့်မယ်"
လော့ဟန်ရွှမ်း၏ လေသံကား အလွန်တင်းမာလှသည်။
သို့သော် ယဲ့ဖန်က သူမအား ပြုံး၍သာ ပြန်ပြောလိုက်သည်။
"ကျုပ် သေမလား၊ ရှင်မလားတော့ ကျုပ် မသိဘူး၊ ဒါပေမယ့် ခင်ဗျားကတော့ သေရတော့မှာ"
ထိုသို့ ပြောပြီး ယဲ့ဖန်က လက်လှုပ်ကာ အချက်ပြလိုက်သည်။ နတ်ဆိုးအလောင်းကောင် အားစစ်က လော့ဟန်ရွှမ်းထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားသည်။
"သေပေတော့"
ပြင်းထန်သော ချီစွမ်းအင်က လော့ဟန်ရွှမ်း၏ နဖူးသို့ အားနှင့် ဝင်ရောက်လာသည်။ သို့သော် လော့ဟန်ရွှမ်းက လုံးဝ စိုးရိမ်နေပုံ မပြပေ၊ ထို့အစား သူမက တည်ငြိမ်စွာဖြင့် အထင်သေးသလို ပြောလာသည်.
"ဟွန့်… ဆရာသခင်တစ်ပိုင်းအဆင့်လေးက ငါ့ကို သတ်နိုင်မယ်လို့ မင်း ထင်နေတာလား?"
"မင်း အရမ်း နုံလွန်းတယ်၊ တုံးလွန်းတာပဲ"
ထိုသို့ပြောပြီး သူမက လျှာထိပ်ကို ကိုက်လိုက်ကာ သွေးတစ်စက်ကို လက်ပေါ်ထွေး၍ မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။
ထိုမန္တန်မှ တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး လော့ဟန်ရွှမ်းကို ဖုံးအုပ်သွားသည်။
ချက်ချင်းဆိုသလိုပင် လော့ဟန်ရွှမ်း ပျောက်ကွယ်သွားပြီး ရက်စက်သွေးဆာသော အသံတစ်သံသာ ကျန်ရစ်ခဲ့သည်။
"ယဲ့ဖန်…မင်း ငါ့ကို မသတ်နိုင်ပါဘူး…ဟဟ…မင်း ငါ့ကို မသတ်နိုင်ပါဘူး"
"စောင့်ကြည့်လိုက်၊ ငါ မင်းနဲ့ မင်းလူတွေကို တစ်စစီဖြစ်အောင် လုပ်ပြီး သူတို့ကို သေသွားတဲ့ လော့ကလန်သားတွေရဲ့ ဈာပနပစ္စည်းအဖြစ် လုပ်ပစ်လိုက်မယ်"
ဘန်း!
လော့ဟန်ရွှမ်း အဝေးသို့ ထွက်ပြေးသွားချိန်တွင် သူမ၏ သန်မာသော ချီစွမ်းအင်များက မြေကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိပြီး ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဤအဖြစ်အပျက်ကြောင့် နတ်ဆိုးအလောင်းကောင် အားစစ် အလွန် သုန်မှုန်လာသည်။ ယဲ့ဖန်တောင်မှ မှင်တက်သွားရသေးသည်။
"သွေးစွန်း ကိုယ်ပျောက်မန္တန်"
ထို့နောက် ယဲ့ဖန်က လှောင်ပြောင်သလို အပြုံးမျိုးနှင့် "ခင်ဗျားက အူကြောင်ကြောင် သွေးစွန်းမန္တန်ကို သုံးပြီး ထွက်ပြေးချင်နေတာလား? အိပ်မက်မက်မနေနဲ့"
ထို့နောက် ယဲ့ဖန်က ဂိတ်ဝကို လက်ညှိုးထိုး၍ လှစ်ခနဲ ပြေးသွားသည်။
ဘန်း!
သူ လေကလွဲ၍ ဘာမှ ထိုးမိသည့် ပုံမရသော်လည်း ချက်ချင်းဆိုသလိုပင် သွေးတစ်ပွက်က မြေကြီးပေါ် ကျလာသည်။
ထို့နောက် လော့ဟန်ရွှမ်းသည် လေထဲမှ အောက်သို့ ကိုးရို့ကားယားနှင့် ပြုတ်ကျလာသည်။
"မဟုတ်ဘူး…မဖြစ်နိုင်ဘူး"
လော့ဟန်ရွှမ်းက ယဲ့ဖန်အား မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်နေသည်။
"ဒီသွေးစွန်းကိုယ်ပျောက်မန္တန်က ဆရာသခင် တစ်ယောက်က ပြုလုပ်ထားတာလေ၊ နင်…နင် ဘယ်လိုလုပ် ဖျက်စီးလိုက်နိုင်တာလဲ"
လော့ဟန်ရွှမ်း မယုံနိုင်ပါ။
*ယဲ့ဖန်က ထိပ်တန်းအဆင့်လေးပဲ ရှိသေးတာပါ၊ ဘယ်လိုလုပ် ငါ့ရဲ သွေးစွန်း ကိုယ်ပျောက် မန္တန်ကို ဖျက်စီးနိုင်ရတာလဲ? ဒါ အံ့ဩစရာပဲ*
ယဲ့ဖန်က လှောင်ရယ်၍ "အရူးမ"
"သေစမ်း…ငါ မယုံဘူး…ဒါ တကယ်မဟုတ်ဘူး"
လော့ဟန်ရွှမ်း ဒေါသူပုန်ထနေသည်။ သူမ မသေနိုင်သေးပါ။ သူမ ယဲ့ဖန်ကို လက်စားချေရဦးမည်။
လော့ဟန်ရွှမ်း ထပ်၍ သွေးအန်ကာ သွေးစွန်းကိုယ်ပျောက် မန္တန်ကို ထပ်ရေးဆွဲ လိုက်သည်။ ထို့နောက် သူမ လေနှင့်အတူ ပျောက်ကွယ်သွားသည်။
သို့သော် သူမ အပြုအမူအားလုံးက အချည်းနှီးပင်။ ယဲ့ဖန်က လှောင်ရယ်၍ လေနှင့်အတူ လှစ်ခနဲ ပြေးလိုက်ပြီးနောက် လော့အိမ်တော် အပေါက်ဝ၌ ပြန်ပေါ်လာသည်။
မြေကြီးပေါ် ခြေချမိသည်နှင့် သူက လေထုထဲမှ တစ်ခုခုကို ဖမ်းဆွဲလိုက်ပြီး လော့ဟန်ရွှမ်းအား မြေကြီးပေါ်သို့ ပြန်ဆွဲချလိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ လော့ဟန်ရွှမ်း၏ လက်မောင်းတစ်ဘက် ပြုတ်ထွက်သွားပြီး သွေးများ ပြန့်ကျဲသွားသည်။ သူမသည်လည်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။
လော့ဟန်ရွှမ်း အလွန်စိတ်ဓာတ်ကျကာ ကြောက်ရွံ့လာသည်။
ဤမျှ ကြောက်ဖို့ကောင်းသည့်သူမျိုး သူမ တစ်ခါမှ မမြင်ဖူးပါ။ ဆရာသခင်အဆင့်မှ သူများတောင် သွေးစွန်းကိုယ်ပျောက်မန္တန်ကို ဖျက်စီးရန် မလွယ်ကူနိုင်ပါ။
သို့သော် သူမ ထွက်ပြေးရန် ကြိုးပမ်းထားသမျှက ယဲ့ဖန်ရှေ့တွင် လှည့်ကွက် သေးသေးသာ ဖြစ်လို့နေသည်။
"ခင်ဗျား သား ဘယ်လိုသေသွားလဲသိလား?"
ထိုစဉ် ယဲ့ဖန်၏ ခက်ထန်သော အသံထွက်ပေါ်လာသည်။ သူ့စကားကြောင့် လော့ဟန်ရွှမ်း မျက်ခုံးလှုပ်လာသည်။
ယဲ့ဖန်က လော့ဟန်ရွှမ်း၏ အံ့ဩ၍ ကြောက်လန့်နေသော အကြည့်များကို လျစ်လျူရှုကာ ဇိမ်ပြေနပြေဖြင့် ပြောလိုက်သည်။
"သူက ကျုပ်ကို နုတ်နုတ်စင်း ချင်နေတာလေ၊ အဲ့ဒါနဲ့ ကျုပ် သူ့ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်တာ"
ယဲ့ဖန်က လော့ဟန်ရွှမ်း၏ မျက်လုံးအား စိုက်ကြည့်ပြီး ဆိုးယုတ်ရက်စက်သော အပြုံးနှင့်
"ခင်ဗျားကလည်း ကျုပ်ကို တစ်စစီဖြစ်အောင် လုပ်ချင်နေတာဆိုတော့ ခင်ဗျားဆန္ဒ ကိုလည်း ကျုပ် ဖြည့်ဆည်းပေးမလို့"
*ဘာ*
သူ့စကားအဆုံးတွင် လော့ဟန်ရွှမ်း ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။
သူမ ဒူးထောက်၍ ယဲ့ဖန်အား ခွင့်လွှတ်ပေးရန် တောင်းပန်ချင်သော်လည်း ယဲဖ့န်က သူမ၏ ပခုံးတစ်ဘက်အား ဆွဲကိုင်၍ သူမ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာတင် ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။
ဂျွတ်ခနဲ အသံကျယ်ကြီးနှင့်အတူ သွေးများက မြေပြင်အနှံ့ လွင့်စဉ်သွားသည်။