← Chapters

မုန်တိုင်းလာချေပြီ!

Vol. 11 Ch. 163

မုန်တိုင်းလာချေပြီ!

Vol. 11 Ch. 163

ရှန့်ကျန်းမြို့၏ အိမ်တော်ကောင်းတစ်ခုတွင် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်သည် အဝါရောင်စက္ကူပေါ်တွင် တစ်စုံတစ်ခုကို ရေးသား နေသည်။

ရှန့်ကျန်းမြို့မှ မျက်နှာဖုံးပုဂ္ဂိုလ်များသာ အိမ်တော်နား ရှိနေပါက ဤအဘိုးအို အား သူတို့ ချက်ချင်း သတိပြုမိမည်ပင်။ သူသည် ဟွာရှနိုင်ငံတစ်ခွင်ရှိ ထိပ်တန်း ဆရာသခင်အဆင့် စွမ်းအားပိုင်ရှင် လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည့် လီကျိုးယောင် ဖြစ်ပေသည်။ လီရှန့်ကျန်းဟုလည်း လူသိများ ပေသေးသည်။

သူ၏ လက်ကောက်ဝတ်အား ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ ပေါ့ပါး သွက်လက်စွာ လှုပ်ရှားနေသဖြင့် စက္ကူပေါ်၌ ဖားလောင်းလေးများ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသည်။

နောက်ဆုံးစုတ်ချက် ပြီးသွားသည့်အခါမှသာ မာစတာလီ သက်မချ နိုင်တော့သည်။

"ဟူး…နောက်ဆုံးတော့ ငါ အဆောင်တစ်ခု ဆွဲလို့ပြီးသွားပြီပဲ"

မာစတာလီက ကျယ်လောင်စွာ ပြောရင်း နဖူးမှ ချွေးစများကို သုတ်လိုက် သည်။ အဆောင်တစ်ခု ပြီးမြောက်ရန် စိတ်ဝိညာဉ် စွမ်းအားရော ကာယ အားပါ အတော်လေး အသုံးပြုရပုံ ပေါ်သည်။

"ဒီအဆောင်က ဆရာသခင်အဆင့် တစ်ယောက်ရဲ့ တိုက်ကွက်ကိုတောင် ခုခံနိုင်တယ်။ ရှောင်စစ် ပြန်လာရင် သူ့ကို ဒါလေး လက်ဆောင်ပေးရမယ်"

သူ၏ အရည်အချင်းရှိသော တပည့်ကျော်လေးအကြောင်း တွေးမိသည်နှင့် သူ ကျေနပ်ပုံ ပေါ်လွင်လာသည်။

သို့သော် ထိုစဉ် မာစတာလီ ထိတ်လန့်သွားကာ ရင်တုန်ပန်းတုန် ဖြစ်လာသည်။

"သေစမ်း … တစ်ယောက်ယောက်က ငါ့ရဲ့ သွေးစွန်း ကိုယ်ပျောက် မန္တန်ကို ဖျက်ဆီးလိုက်ပြီ"

မာစတာလီ၏ မျက်နှာက ချက်ချင်း သုန်မှုန်လာ၏။ သူ၏ သွေးစွန်း ကိုယ်ပျောက် မန္တန်တိုင်းတွင် သူ၏ သဘာဝစွမ်းအင်များ ပါဝင်နေသည်။

တစ်ယောက်ယောက်က သူ၏ သွေးစွန်းကိုယ်ပျောက် မန္တန်အား ဖျက်ဆီး လိုက်ပါက သူ ထိုအရာကို အာရုံခံနိုင်သည်။

သူသည် သွေးစွန်းကိုယ်ပျောက် မန္တန် အနည်းငယ်ကိုသာ ရေးဆွဲခဲ့ပြီး သူ အခင်ရဆုံး မိတ်ဆွေနှင့် မိသားစုများကိုသာ သက်စောင့် အကာအကွယ် အဖြစ် လက်ဆောင် ပေးခဲ့သည်။

သို့သော် ယခုတော့…

မာစတာလီ၏ မျက်နှာက ချက်ချင်း ဖြူရော်လာကာ အော်ဟစ်လိုက်သည်။

"တစ်ဘက်လပ်"

လက်မောင်းတစ်ဘက်သာ ရှိသော လူကြီးတစ်ယောက် အခန်းထဲ လျင်မြန်စွာ ဝင်ရောက်လာပြီး ပြန်ဖြေလိုက်သည်။

"မာစတာ…ကျွန်တော် ဘာလုပ်ပေးရမလဲခင်ဗျ?"

လက်တစ်ဘက်သာ ရှိသောသူ အနီးတစ်ဝိုက်တွင် သန်မာသောချီဓာတ်များ ဝဲနေ၏။ သူသည် ကြယ်သုံးလုံးအဆင့် ရှိသောသူမှန်း သိသာလှပေသည်။

ကြယ်သုံးလုံးအဆင့်ရှိသောသူကိုတောင် သူ၏ အစေခံအဖြစ် ထားနိုင်သော မာစတာလီ၏ ရာထူးဂုဏ်က သိသာလှစွာ ကြီးမားလှပေသည်။

ထို့နောက် မာစတာလီက သုန်မှုန်နေသော မျက်နှာနှင့် ပြန်ပြောလိုက်သည်။

"မြန်မြန် … ငါ့ရဲ့ သွေးစွန်းကိုယ်ပျောက် မန္တန် မှော်စာလုံး ရှိတဲ့သူတွေကို သွားစစ်ဆေးလာခဲ့…တစ်ယောက်ယောက်တော့ ဒုက္ခရောက်နေပြီ"

သူ့စကားကြောင့် တစ်ဘက်လပ်က အခန်းထဲမှ သုတ်သီးသုတ်ပျာဖြင့် ပြေးထွက်သွားသည်။

တစ်ခဏမျှကြာသော် သူသည် အလွန် မလိုမုန်းထားသောစိတ်များ ကိန်းအောင်းနေသော အမူအရာနှင့် ပြန်ရောက်လာသည်။

"မာစတာ…ကျန်းနန်မြို့က လော့ကလန်မှာ တစ်ခုခု ဖြစ်နေပါပြီ"

*ဘာ*

သူ့စကားကြောင့် မာစတာလီက မျက်မှောင်ကြုတ်လျက်ဖြင့် မေးလိုက်သည်။

"ရှောင်စစ်နဲ့ ဟန်ရွှမ်းတို့ရဲ့ ကလန်မလား?"

တစ်ဘက်လပ်၏ မျက်နှာသည် အကြောက်တရားတို့နှင့် ဖုံးလွှမ်းလာသည်။ မာစတာလီ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို ကြည့်ရင်း သူ့ကိုယ်သူ အားတင်းရင်း ဆက်ပြောလိုက်သည်။

"ကျွန်တော် အခုလေးတင် သတင်းရလာခဲ့ပါတယ်။ ကျန်းနန်မြို့က လော့ကလန်သား ၂၈၆ ယောက်လုံး ပျောက်ဆုံးနေပါတယ်တဲ့၊ လော့အိမ်တော်ထဲမှာ အလောင်းရော၊ သွေးပါ တစ်စက်တစ်လေမှ ကျန်ရစ်မနေပါဘူးတဲ့။ ပြီးတော့ လော့အိမ်တော်တစ်ခုလုံး ညတွင်းချင်း ပျက်စီးသွားပါတယ်"

…

မာစတာလီတစ်ယောက် ဗုံးမှန်သွားသလို လက်မှိုင်ကျသွားလေသည်။

"သုတ်သင်ခံရတာပဲ၊ လော့ကလန်တစ်ခုလုံး မျိုးဖြုတ်သုတ်သင်ခံရတာ"

တင်းမာသော မျက်နှာထားနှင့် မာစတာလီက တစ်ဘက်လပ်၏ ကော်လံကို ဆောင့်ဆွဲရင်း မာန်မဲလိုက်သည်။

"ရှောင်စစ် ဘယ်မှာလဲ? ဟန်ရွှမ်းကော ဘယ်မလဲ? သူတို့ သေပြီလား? ငါ့ကို အခုပြောစမ်း"

လီကျိုးယောင် ဘဝတစ်လျှောက်လုံးတွင် တပည့်အနည်းငယ်သာ ထားရှိခဲ့သည်။ သူ့တပည့်များထဲတွင် လော့စစ်သည် အထူးချွန်ဆုံး တပည့်ဖြစ်လေသည်။

လော့ကျိုးယောင်သည် လော့စစ်အား သူ့သားအရင်းကဲ့သို့ ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ လော့စစ်သည် သူ့ကို ကျော်တက်လာနိုင်ပြီး အသက် သုံးဆယ့်ငါး မတိုင်ခင် ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု သူ မျှော်မှန်းထားခဲ့သည်။

လော့စစ်ကြောင့်သာ လီကျိုးယောင်က လော့စစ်၏ အစ်မ လော့ဟန်ရွှမ်းကို သူ့မွေးစားသမီး အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မာစတာလီ၏ ဂုဏ်ကြောင့် လော့ဟန်ရွှမ်းသည် ကျန်းနန်မြို့တွင် အာဏာအကြီးဆုံး အမျိုးသမီးဟု ခေါ်ဆိုခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

သို့ဖြစ်ပါလျက်နှင့် ယခု…

မာစတာလီက တစ်ဘက်လပ်အား ရင်တုန်စွာဖြင့် စိုက်ကြည့်နေသည်။ ထိုအချိန်တွင် တစ်ဘက်လက်၏ နဖူးတွင် ချွေးများက ဘူးသီးလုံးလောက် စို့လာသည်။

မျက်ခုံးခပ်လှုပ်လှုပ်နှင့် တစ်ဘက်လပ်၏ ခန္ဓာကိုယ်သည် ကြက်သီး ထကာ ပြောလိုက်သည်။

"မာစတာ ဘာဖြစ်သွားခဲ့သလဲဆိုတာ ဘယ်သူမှ မသိလိုက်ပါဘူး။ စတုတ္ထသခင်လေးနှင့် မမလေး ဟန်ရွှမ်းတို့ အသတ်ခံလိုက်ရမှာကို ကျွန်တော် ကြောက်မိပါတယ်"

…

မာစတာလီသည် အကြီးအကျယ် စိုးရိမ်ပူပန်ဟန်ဖြင့် ခုံပေါ်သို့ နောက်ပြန် လဲကျသွားသည်။

"သူတို့ အသတ်ခံလိုက်ရတာ ဖြစ်မယ်။ သူတို့ အသတ်ခံလိုက်ရတာပဲ ဖြစ်မယ်"

မာစတာလီ၏ မျက်နှာက အလွန်ရက်စက်သည့်အသွင် ဖြစ်ပေါ်လာသည်။

အသက်ကို ပြင်းပြင်းရှူကာ သူ၏ ချီစွမ်းအင်များကို ထိန်းချုပ်လိုက်ရင်း မသဲမကွဲအသံနှင့် မေးလိုက်သည်။

"လူသတ်သမားက ဘယ်သူလဲ ငါ့ကိုပြောစမ်း"

မာစတာလီ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း တစ်ဘက်လပ်တစ်ယောက် သူ့မျက်လုံးများတောင် ပေါက်ထွက်သွားတော့မလို ခံစားလိုက်ရသည်။

"ကျန်းနန်မြို့က အတွင်းလူတွေ ပေးတဲ့သတင်းအရ လူသတ်သမားက ယဲ့ဖန် ဖြစ်နိုင်ပါတယ်"

"အရင်တုန်းက မမလေးဟန်ရွှမ်းရဲ့သား ကုန်းယွင်ဖေးကို ယဲ့ဖန်က သတ်ခဲ့ပါတယ်၊ နောက်တော့ မမလေး ဟန်ရွှမ်းက ကုန်းယွင်ဖေးအတွက် လက်စားချေဖို့ စိတ်ပြင်းပြနေခဲ့ပါတယ်"

"ဒီကနေ ထွက်သွားပြီးတော့ စတုတ္ထသခင်လေးက ကျန်းရှီမြို့ကို တန်းသွားခဲ့တာပါ။ ဒါပေမယ့် သူက လော့အိမ်တော်ကို ပြန်မသွားခဲ့ပါဘူး။ နောက်တော့ လော့ကလန်တစ်ခုလုံး သုတ်သင်ခံရ…"

တစ်ဘက်လပ် စကားမဆုံးသေးခင်မှာတင် မာစတာလီက မျက်လုံးမှတစ်ဆင့် ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်လာသည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်"

"အဲ့ကျန်းရှီမြို့ သေးသေးလေးက ငါ့ရှောင်စစ်ရဲ့ သုသာန်တစပြင် ဖြစ်သွားတယ်တဲ့လား၊ သိပ်ကောင်းတယ်"

မာစတာလီ ဒေါသူပုန်ထွက်ကာ တစ်ဘက်လပ်အား ပြောလိုက်သည်။

"လူသန်ကြီးကို ခေါ်ပြီး ကျန်းရှီမြို့မှာ ရှောင်စစ်အတွက် အခုပဲ လက်စားချေလာခဲ့"

*လူသန်ကြီး*

ထိုနာမည်ကြောင့် တစ်ဘက်လပ် အလွန် မှင်တက်သွားသည်။

"မာစတာ အကြီးဆုံးသခင်လေးက ဆရာသခင် ဖြစ်လာခါစ အဆင့်ကို ချိုးဖောက် နိုင်ကာစပဲ ရှိသေးတယ်။ မာစတာ တကယ်ပဲ သူ့ကို အဲ့လို လုပ်ခိုင်းတော့မလိုလား?"

လူသန်ကြီး လင်းပေါင်သည် လီကျိုးယောင်၏ အကြီးဆုံးတပည့် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းကာမှ သူသည် ဆရာသခင် ဖြစ်လာခါစ အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်သည်။

သူ၏ တိုက်ပွဲဝင်အားက အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ မာစတာလီက လော့စစ်နှင့် လော့ဟန်ရွှမ်းတို့အတွက် လက်စားချေရန် သူ၏ ဝှက်ဖဲကို ထုတ်သုံးလိမ့်မည်ဟု တစ်ဘက်လပ် ထင်မထားခဲ့မိပါ။

"ဘယ်လိုပဲ ပေးဆပ်ရ ပေးဆပ်ရ ငါ အဲ့လူသတ်သမား သေတာကို လိုချင်တယ်"

လီကျိုးယောင်က တင်းမာစွာ ပြောလိုက်သည်။

….

တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် အိမ်တော်တစ်ခု၏ ရေအိုင်နားတွင် ထိုင်ကာ လက်တစ်ဘက်က ငါးမျှားတံကို ကိုင်၍ ငါးမျှားနေရင်း ကျန်ဘက်တစ်ဘက်က ဖိုင်တွဲတစ်ခုကို ကိုင်ထားသည်။

ထိုဖိုင်တွဲထဲတွင် လူများစွာတို့၏ အမည်၊ ဇာတိနှင့် ကျင့်စဉ်အဆင့်တို့ပါ ပါဝင်နေသည်။ လူလတ်ပိုင်းအရွယ် လူကြီးသည် တည်ငြိမ်ပုံ ရသည်။ သူ စာမျက်နှာ ရှစ်သို့ လှန်လိုက်ပြီးနောက် သူ တစ်ခဏမျှ ကြောင်သွားသည်။

"အာ…ဖဲချပ်နံပါတ် ရှစ်ကို ပို်ငဆိုင်သူက အသက်နှစ်ဆယ်တော် မကျော်သေးတဲ့ လူငယ်လေးပါလား"

"သူက ထိပ်တန်းအဆင့် စွမ်းအားပဲ ရှိသေးတဲ့ ပုရွက်ဆိတ်သာသာလေးပဲ"

လူလတ်ပိုင်းအရွယ် လူသည် ဒေါသထွက်လာဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။

"ချီးပဲ…အဲ့ လူထူးဆန်းကောင်တွေ ဘာတွေလျှောက်လုပ်နေတာလဲ။ ဘာလို့ ပုရွက်ဆိတ် သာသာကောင်ကို ရွေးချယ်ထားရတာလဲ"

လူလတ်ပိုင်းအရွယ် လူက ဒေါသတကြီးနှင့် ဖိုင်တွဲကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထိုစာမျက်နှာတွင် ပါရှိနေသော သတင်းအချက်အလက်များမှာကား…

အမည် : ယဲ့ဖန်

ဇာတိ : ကျန်းရှီမြို့

ကျင့်စဉ်အဆင့် : ထိပ်တန်းစွမ်းအားအဆင့်

ဖဲချပ်နံပါတ် : ရှစ်

လူလတ်ပိုင်းအရွယ် လူတစ်ယောက် စိတ်ငြိမ်သွားချိန်တွင် ခြေသံတစ်ချို့ကို ကြားလိုက် ရသည်။

တစ်ဘက်လပ်က သူ့ထံ လျှောက်လာနေသည်။

"အကြီးဆုံးသခင်လေး"

တစ်ဘက်လပ်က လူလတ်ပိုင်းအရွယ် လူကို အရိုအသေပေး၍ နှုတ်ဆက်လိုက်သည်။

လူလတ်ပိုင်းအရွယ် လူက ငါးမျှားနေရင်း တစ်ဘက်လပ်ကို ပျင်းရိပျင်းတွဲနှင့် မေးလိုက်သည်။

"ဘာကိစ္စလဲ?"

သူ့အပြောကြောင့် တစ်ဘက်လပ် တစ်ချက်ကြောက်သွားပြီးမှ ပြန်ပြောလိုက်သည်။

"အကြီးဆုံး သခင်လေး .... စတုတ္တသခင်လေးရဲ့ကလန် သုတ်သင်ခံ လိုက်ရပါတယ်။ စတုတ္တသခင်လေးနဲ့ သူ့အစ်မလည်း ပျောက်ဆုံးနေပါတယ်"

*ဟမ်*

ကြားလိုက်ရသော သတင်းကြောင့် လင်းပြောင် မှင်တက်သွားကာ မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

"ဘယ်သူလုပ်တာလဲ?"

"ကျန်းရှီမြို့က ယဲ့ဖန်ပါ"

*ဘာ*

လူသန်ကြီးသည် သူ ကြားလိုက်ရသော စကားကြောင့် မယုံနိုင်ဟန်ဖြင့် ထခုန်မိမလို ဖြစ်သွားရသည်။

သူ အသည်းအသည် ဖိုင်တွဲကို ကောက်ကာ တစ်ဘက်လပ်အား စာမျက်နှာ နံပါတ်ရှစ်ကို ပြ၍ မေးလိုက်သည်။

"သူလား?"

တစ်ဘက်လပ် ကြောင်သွားပြီးမှ စာမျက်နှာကို တစ်ချက်ကြည့်ပြီး မျက်မှောင် အသာကြုတ်၍ ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ သူပါပဲ"

"ကောင်းတယ်၊ သိပ်ကောင်းတယ်"

လူသန်ကြီးက မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် "သူက ဖဲချပ်နံပါတ် ရှစ်ပိုင်ရှင် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါပေမယ့် မထင်မှတ်ပဲ ငါ့ ဂျူနီယာ ညီငယ်လေးကို သတ်ခဲ့တဲ့ လူသတ်သမားလည်း ဖြစ်နေပြန်တာကိုး"

ထို့နောက် လင်းပြောင်က လက်သီးကို တင်းနေအောင် ဆုပ်လိုက်သဖြင့် ချီဓာတ်များ ထွက်ပေါ်လာပြီး သူ ငါးမျှားတံမှ တစ်ဆင့် ချီဓာတ်များက ရေကန်ထဲသို့ စိမ့်ဝင်သွားသည်။

ဘန်း! ဘန်း! ဘန်း!

ရေကန်တစ်ကန်လုံး ချီဓာတ်များနှင့် ပြည့်နှက်သွားကာ ရေများက နေရာအနှံ့ လွင့်စင်သွားသည်။

ထို့နောက် များစွာသော ငါးသေများ ရေကန်မျက်နှာပြင်ပေါ်သို့ ပေါ်လာသည်။ ထိုစဉ် လင်းပြောင်က ရွှေရောင်ကဒ်တစ်ကဒ်ကို ထုတ်လိုက်သည်။

ထိုကဒ်ပေါ်တွင် နံပါတ် တစ်ဆယ် ဟု ထွင်းထားလေသည်။

All Chapters