← Chapters

ကြယ်တာရာသခင် ဖြစ်ဖို့ရန် အတွက် တိုက်ခိုက်ခြင်း

Vol. 27 Ch. 365

ကြယ်တာရာသခင် ဖြစ်ဖို့ရန် အတွက် တိုက်ခိုက်ခြင်း

Vol. 27 Ch. 365

“ခန်းမသခင်စုနဲ့ ခန်းမသခင်ယန်တို့က နယ်ခြားအင်အားစု လက်အောက် ရောက်သွားတာနေမှာ။ မဟုတ်ရင် သူတို့က မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူလက်ချက်နဲ့ ဘယ်လိုလုပ် အသက်ရှင် နိုင်ပါ့မလဲ။ ကြယ်တာရာသခင်  .. ကျုပ်တို့တွေ စူးရှလေမြို့ ကာကွယ်ရေး အစီအရင်ကို မဖွင့်ဘဲနဲ့ သတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်း လိုက်သင့်တယ် ... ” ရှားတန်တောက်က စုရွမ်တို့ မြို့အတွင်း ဝင်လာဖို့ တားဆီးရန် တွေးတောနေစဉ် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်က ရှေ့ထွက်ကာ ပြောလိုက်သည်။

ရှားတန်တောက်က စိတ်ထဲ ဝမ်းမြောက်မိ သွားသည်။ အဓိက အခြေအနေတွင် သူ့အား ကူညီပေးနိုင်သည့် လက်အောက်ခံမျိုးကို အလွန်သဘောကျမိသည်။

“ မဟုတ်တရုတ်တွေ ...” ခန်းမတစ်ခုလုံး အသံကြီး ဟိန်းထွက် လာလေ၏။ ထိုအသံပိုင်ရှင် လူအိုကြီးက ရှေ့ထွက်လာပြီး စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကို လက်ညှိုး ငေါက်ငေါက် ထိုးကာ

“ ခန်းမသခင်စုနဲ့ ခန်းမသခင်ယန်တို့က ကျုပ်တို့အတွက် စူးရှလေ မြို့အပြင်မှာ သွေးချွေးတွေ ရင်းပြီး တိုက်ခိုက် နေကြရတာပါ။ ကျုပ်တို့ အားလုံးလည်း ကိုယ်တိုင် တွေ့ခဲ့တာပဲ။

အဲဒီတုန်းက ခန်းမသခင်ယန်နဲ့ ခန်းမသခင်စုတို့က အဲဒီ နယ်ခြား အင်အားစုတွေကို သတ်ဖြတ်နေခဲ့တာ မျက်မြင်ကိုယ်တွေ့ပဲ ...

ခင်ဗျားတို့က မကူညီရင် နေပေါ့ ကျုပ်တို့အတွက် သူတို့ကျခဲ့ရတဲ့ သွေးတွေကို ပြက်ရယ် ပြုရဲတယ်လား ... ခင်ဗျားရဲ့ မဟာမိတ် စိတ်ဓာတ်လား ...

ခင်ဗျားကမှ အဲဒီနယ်ခြား အင်အားစုအောက် ရောက်သွားတာ မဟုတ်ဘူးလား။ ခင်ဗျားကသာ သူလျိုမလား ... ”

ရှားတန်တောက်၏ အမူအရာမှာ မည်းမှောင်သွားလေ၏။ ရှေ့ထွက်လာသည့် လူအိုကြီးကို သူ မှတ်မိသည်။ ထိုသူမှာ ကြယ်တာရာ သခင်ချီထုံ၏ သစ္စာရှိခွေး ချီဟော်အာ ဖြစ်ပြီး ချီထုံ၏ အရိပ်ဟုပင် သတ်မှတ်၍ ရလေသည်။ ချီထုံ သွားလေရာတိုင်း သူ ရှိနေတတ်သည်။

ချီဟော်အာက သူ့စွမ်းရည်များကို မည်သူရှေ့တွင်မျှ မဖော်ထုတ်ဖူး သော်လည်း ရှားတန်တောက်က သူ့ကျင့်ကြံဆင့်မှာ အနည်းဆုံးတော့ လောက အင်မော်တယ်အဆင့် ၅ ဖြစ်မှန်း ခန့်မှန်းမိသည်။ ထိုသို့သော စွမ်းအားမျိုးမှာ သူ အလွယ်တကူ သတ်နိုင်သည့်သူ မဟုတ်ပေ။ ရှုချီဟောင်မှာ လောက အင်မော်တယ်အဆင့် ၁ ဖြစ်ပြီး ဒဏ်ရာ ရထားလေ၏။ ရှုချီဟောင်၏ မရပ်မနား ဖိအားအောက်တွင် သူက ရှုချီဟောင်ကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ချီဟော်အာက ရှုချီဟောင် မဟုတ်သည့်အတွက် ချီဟော်အာကို သတ်လိုက်လျှင် သူက ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်။

ရှားတန်တောက်ကို ပြန်လည် ချေပဖို့ စဉ်းစားနေစဉ် နောက်ထပ် တစ်ယောက်က ဝင်ပြောလိုက်သည်

“ ထိန်းသိမ်းရေးမှူးချီ ပြောတာ မှန်တယ်။ ကျုပ်တို့တွေ အားလုံးလဲ ခန်းမသခင်စုနဲ့ ခန်းမသခင်ယန်တို့ နယ်ခြားအင်အားစုတွေကို ရင်ဆိုင်နေတာ မျက်မြင် ကိုယ်တွေ့ ကြုံခဲ့တာပဲလေ။ တကယ်လို့ အဲဒီ သူရဲကောင်းတွေကို အသားရေ ဖျက်မိသွားရင် ကျုပ်တို့ ကျန်းရှင်းတော့ သွားပြီပဲ .. ”

ရှားတန်တောက်က နံပါတ်တစ် ခန်းမဖြစ်သည့် ကြယ်တာရာတိုက်ပွဲ ခန်းမသခင် ဖြစ်သော်လည်း သူက ကြယ်တာရာသခင် အရိုက်အရာကို အတင်းကျပ် ရယူထားခြင်း ဖြစ်ပြီး သူ့စွမ်းအားမှာလည်း ချီထုံနှင့် အလှမ်း ကွာလွန်းလှသည်။ ဝူလင်းကျီပင် သူ့ထက် အားကောင်း နေသေး၏။ သူက စူးရှလေမြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်ခင် သူ စိတ်ကြိုက် လုပ်၍ မရပေ။

ယခင်က တစ်ယောက်မျှ ထမပြောကြသော်လည်း ယခုအခါ တစ်ယောက် ထလာပြီး ခန်းမသခင်စုနှင့် ခန်းမသခင်ယန်တို့ အတွက် ပြောပေးသောအခါ ချက်ချင်းပင် အသံများ ထွက်လာကြသည်။

ချီဟော်အာနှင့် နောက်ထပ် ဝင်ပြောပေးသည့် ကျင့်ကြံသူတို့ နမူနာ မှတ်ယူ၍ နောက်ထပ် ကျင့်ကြံသူများက ရှေ့ထွက် လာကြသည်။ သူတို့က ခန်းမသခင်စုနှင့် ခန်းမ သခင်ယန်တို့ စူးရှလေ မြို့အတွင်း ဝင်လာဖို့ရန် အစီအရင်များ ဖွင့်ပေးဖို့ရာ စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

ရှားတန်တောက်က ဤကိစ္စကို ထပ်ဖိနှိပ်ထားပါက ကိစ္စများမှာ ရှုပ်ထွေး လာတော့မည်မှန်း သိ၏။ အခြားအရာများကို ထည့်မတွက်လျှင်ပင် စုရွမ်နှင့် ယန်ကျဲတို့ စုစည်း ထားသည့် တပ်ဖွဲ့ အင်အားနှင့်ပင် တိုက်ပွဲ စတင်လို့ ရနေပြီ ဖြစ်၏။ တိုက်ခိုက် စွမ်းရည်အရ သူ ရှားတန်တောက်မှာ အနိုင်မရနိုင်ချေ။

ကိစ္စများက ထိုအခြေအနေထိ ရောက်နေ၍ ဤသို့သော ပြောနိုင်တော့၏

“ ထိန်းသိမ်းရေးမှူးချီ ပြောတာ မှန်တယ်။ အခုလေးတင် ခန်းမသခင်စုနဲ့ ခန်းမ သခင်ယန်တို့က သူတို့အသက်ကို စတေးပြီးတော့ စူးရှလေမြို့ကို ကာကွယ် ပေးနေခဲ့တာလေ။ ကျုပ်ရဲ့ ကြယ်တာရာသခင် အာဏာအရ ခန်းမသခင်စုနဲ့ ခန်းမ သခင်ယန်တို့ကို ဝင်ခွင့် ပြုလိုက်ပါ့မယ် ... ”

စူးရှလေမြို့ ကာကွယ်ရေး အစီအရင် ပွင့်လာသောကြောင့် အားပါးတရ ဟစ်ကြွေးသံများ ထွက်ပေါ် လာလေသည်။

စုရွမ်နှင့် ယန်ကျဲတို့က စူးရှလေမြို့ အတွင်း ဝင်လိုက်သည့်အခါ အားပေးသံများက ပို၍ပင် တက်ကြွ လာကြသည်။ စူးရှလေမြို့တွင် ကြယ်တာရာ ပင်လယ်တပ်နှင့် ကြယ်တာရာ ကမ်းပါး တပ်တို့က ရှိနေပြီ ဖြစ်ကာ သူတို့ခန်းမသခင်များ ပြန်ရောက် လာသည့် အခါ တပ်သားများက သတ္တိ ရှိလာကြသည်။

“ ခန်းမသခင်စုနဲ့ ခန်းမသခင်ယန်တို့ တိုက်ပွဲ အောင်နိုင်လာပြီး နယ်ခြား အင်အားစုကို မောင်းထုတ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ် ” ရှားတန်တောက်က အပြုံးများ ဝေဝေဆာဆာဖြင့် လက်ခုပ်တီးကာ ပြောလိုက်သည်။

စုရွမ်က ပြန်ချေပကာ  “ ကိစ္စတွေက ရိုးရိုးလေးပါ ... ဒါပေမဲ့ ကျမတို့တွေ စူးရှလေမြို့ကနေ ဘာအကူအညီမှ မရခဲ့ဘူး။ အဲကိစ္စကြောင့်  ခန်းမသခင်ယန် .. ကျွန်မတို့နဲ့အတူ ရဲရင့်လှတဲ့ ကျမတို့ ကျင့်ကြံသူတွေက နယ်ခြား အင်အားစု လက်အောက်မှာ မှားယွင်းပြီး သေလုနီးပါး ဖြစ်စေခဲ့တယ် ... ”

စုရွမ်က ထိုစကားကို ပြောသောအခါ စူးရှလေမြို့ အတွင်းက ကျင့်ကြံသူ အများအပြားက ခေါင်းငုံ့ ထားကြသည်။ သူတို့က စူးရှလေမြို့အတွင်း ကျန်ရစ်ခဲ့သူများ ဖြစ်၏။

ရှားတန်‌တောက် မျက်နှာမှာ ရှုက်ရွံ့မှုလေးပင် စိုးစဉ်းမျှ ရှိမနေပေ။ သူက ပြန်လည် ချေပ လိုက်သေး၏ “ ခန်းမသခင်စု ပြောတာ မှန်ပါတယ်။ ကျုပ်တို့က သတိထားမိ လွန်းသွားတာပါ။ ကျုပ်တို့က ဒီကျန်းရှင်းဂိတ်ကို ကာကွယ်ဖို့ ရည်ရွယ်ပြီးတော့ ကျန်းရှင်းအတွက် စွမ်းအားတွေကို ထိန်းသိမ်းထားဖို့ ရွေးချယ်ခဲ့တာပါ။ အဲဒါကြောင့် ကျုပ်တို့ အသက်တွေကို ဒီတိုက်ပွဲမှာ အလောင်းအစား မလုပ်ခဲ့တာပါ .. ”

စုရွမ်နှင့် ယန်ကျဲတို့၏ စွမ်းစွမ်းတမံ လုပ်ဆောင်ချက် များသည်  ရှားတန်‌တောက် ပါးစပ်ထဲ၌ စတေးမှုများသော အလောင်းအစား သာသာ ဖြစ်သွားလေသည်။

စုရွမ်က ရှားတန်တောက်နှင့် ဖက်ပြိုင် ငြင်းမနေတော့ဘဲ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်

“ ကျန်းရှင်းက ကျင့်ကြံသူ အားလုံးကို ပြောချင်တာက ဒီနေ့ သတင်းကောင်း ရှိပါတယ်။ ကျွန်မတို့တွေ လောက ခန်းမကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ... ”

စုရွမ်က ထိုကိစ္စကို စူးရှလေမြို့ အပြင်ဘက်တွင် ပြောခဲ့သော်လည်း လူတော်တော် များများက မယုံကြည်ခဲ့ကြပေ။  ထိုနေရာတွင် အင်အားစုများက သန်းနှင့် ချီ၍ ရှိလေသည်။ ထိုမျှတင် မကသေးပေ။ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူလည်း ပါရှိနေသည့်အပြင် လောက အင်မော်တယ်များနှင့် အဆင့် ၈ သားရဲများလည်း ရှိနေသည်။

အကယ်၍ လောကခန်းမကို လွယ်လွယ်ကူကူ ပြန်သိမ်းယူနိုင်ပါက သူတို့က စူးရှလေမြို့တွင် ပုန်းကွယ်နေစရာ မလိုအပ်ပေ။

“ ခန်းမသခင်စု အဲလို လျှောက်ပြောလို့ မရဘူးလေ .... မဟုတ်ရင် ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ဂုဏ်သတင်းကို ထိခိုက်လိမ့်မယ် ” ရှားတန်တောက်က အတင်းဝင်ပြော လိုက်သည်။

စုရွမ်က ရှားတန်တောက်ကို မတုံ့ပြန်ဘဲ ဆက်ပြောလိုက်သည်

“ ကျမက အားလုံးကို လိမ်နေတာ မဟုတ်ဘူး။  လောကခန်းမကို ရအောင် ပြန်ယူပေးနိုင်တဲ့ သူလည်း ဒီမှာ ရှိနေတယ်။ တော်တော်များများလဲ သူ့ကို သိကြမယ်လို့ ထင်တယ်

ဟုတ်ပါတယ် သူက ကြယ်တာရာချီထုံ နောက်ကြယ်တာရာ သခင်အဖြစ် သတ်မှတ် ပေးသွားတဲ့ ကြယ်တာရာသခင် မိုဝူကျီပါ ....

ကြယ်တာရာသခင်ဝူက  မိုဝူကျီသာ ပြန်ရောက်လာရင် သူက ကြယ်တာရာသခင် အရိုက်အရာကို ပြန်လွဲပေးမယ်တဲ့ ... အခု ကြယ်တာရာသခင်မို ပြန်ရောက်လာပြီးတော့ သူက လောကခန်းမကိုတောင် ပြန်လည် ရယူနိုင်ခဲ့တယ်လေ ..... ”

စုရွမ်က မိုဝူကျီသည် လောကခန်းမကို ပြန်လည် သိမ်းယူခဲ့သည့် အကြောင်းကို ပြောပြီးနောက် သူမ မျှော်မှန်းထားသည့် စိတ်လှုပ်ရှားမှုမျိုးကို မတွေ့ရချေ။ ထို့အစား ဆွေးနွေး မှုများကြားသာ ရောက်သွား၏။ အကြောင်းမှာ အလွန်မဖြစ် နိုင်လွန်းနေ၍ ဖြစ်သည်။

ရှားတန်တောက် မိုဝူကျီကို မမြင်ရသည်မှာ ကြာလှပြီ ဖြစ်၏။ သူက မိုဝူကျီဆီ ပြေးသွား၍ ချက်ချင်း သတ်ပစ်ချင်သော်လည်း ယခုကား အချိန်မှန် မဟုတ်သေးမှန်း သိသည်။ စုရွမ် စကားအဆုံးတွင် သူက ထရပ်ကာ ဝင်ပြောလိုက်သည်

“ ခန်းမသခင်စု ... တချို့စကားတွေက ဒီအတိုင်း ထွက်လို့ ရတာ မဟုတ်ဘူး။ လောကခန်းမကို စောင့်ကြပ်နေတာ အဆင့် ၈ သားရဲ ပေါင်လေ့တင် မကဘူး။ မြေကမ္ဘာ အင်မော်တယ်လည်း ရှိသေးတယ်။ သာမန် လောက အင်မော်တယ်တွေနဲ့ အဆင့် ၈ သားရဲတွေ အရေအတွက်ကလည်း နည်းတာ မဟုတ်ဘူး ”

“ သူ့ကို ပြောနေတာလား ” မိုဝူကျီက ရှားတန်တောက်နှင့် ဖြေရှင်းလိုသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး တချို့သော အရာများမှာ တစ်လှမ်းချင်း လုပ်ဆောင် နေရသည်။ သူက ထိုအဆင့်ကို မရောက်နိုင်သေးပေ။

ကျားသစ်ခေါင်းနှင့် လူခန္ဓာကိုယ် အလောင်းကား လူအုပ်ရှေ့ ဘုန်းခနဲ ရောက်လာလေ၏။ မိုဝူကျီက ကြယ်တာရာသခင် မဖြစ်ချင်သော်လည်း ကြယ်တာရာသခင် ဖြစ်လာဖို့ လိုအပ်နေသည်။ အကယ်၍ သူက ကြယ်တာရာသခင် ရာထူးကို ရှားတန်တောက်ဆီမှ မလုယူလျှင် ရှားတန်တောက်ကို သတ်နိုင်မည် မဟုတ်ပေ။

ထိုအလောင်းကို မြင်ကာ တစ်ယောက်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်

“ အမှန်ပဲ သူက ပေါင်လေ့ပဲ ....  ပေါင်လေ့ တကယ် အသတ်ခံရလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူး .... ”

ပေါင်လေ့ အသတ်ခံရသည်ကို မြင်ပြီး ရှားတန်တောက် စိတ်နှလုံးသားမှာ တင်းကျပ် လာလေသည်။ ပေါင်လေ့သည် သူ့ထက် များစွာ အားကောင်းမှန်း သိ၏။ အကယ်၍ ပေါင်လေ့ကို မိုဝူကျီက အမှန်တကယ် သတ်ဖြတ်ခဲ့လျှင် သူက မိုဝူကျီ၏ ပြိုင်ဖက် မဟုတ်နိုင်မှန်း ထင်ရှားနေသည် မဟုတ်ပါလော။ သူက စိတ်စွမ်းအားဖြင့် မိုဝူကျီကို စစ်ဆေး ကြည့်လိုက်သည့်အခါ မိုဝူကျီ၏ ကျင့်ကြံဆင့်ကို မသိနိုင်ပေ။

မိုဝူကျီက ဝိညာဉ်ကြောမရှိသည့် သာမာန် သေမျိုးနှင့် တူနေဆဲ ဖြစ်သည်။ မိုဝူကျီက ထိုသို့ ပိုတူလာလေလေ ရှားတန်တောက်၏ စိတ်ထဲမှ အကြောက်တရားက ကြီးထွား လာလေလေ ဖြစ်၏။

ဘေးတွင် ရပ်နေသည့် ရှီလုက သလင်းကျောက် တစ်လုံး ထုတ်ယူလာကာ ပြောလိုက်သည်

“ အားလုံး ကြယ်တာရာ သခင်မိုက ကူနို့ကြယ်တာရာရဲ့ မြေကမ္ဘာ အင်မော်တယ်ကို ဘယ်လို သတ်လိုက်တယ်ဆိုတာ ကြည့်ကြည့် ကြပါဦး  ... ”

သလင်းကျောက်က အသက်ဝင်လာပြီး မိုဝူကျီ၏ တုတ်ချက်က မြေကမ္ဘာ အင်မော်တယ် ဦးခေါင်းခွံ သွားရိုက်မိသည့် မြင်ကွင်းနှင့် မိုဝူကျီ၏ လျှပ်စီးဓားက မြေကမ္ဘာ အင်မော်တယ်ခါးကို ဝင်ရောက်သွားသည့် မြင်ကွင်းများ ပေါ်လာလေသည်။ ထို့နောက် မှတ်တမ်းက ရပ်တန့်သွားလေ၏။ သို့သော် မိုဝူကျီက အသက်ရှင်နေဆဲ ဖြစ်သည့်အတွက် မြေကမ္ဘာ အင်မော်တယ် ကျင့်ကြံသူမှာ အသတ်ခံရမှန်း သိသာသွားသည်။

“ဒါက ကျုပ်မှတ်တမ်း တင်ထားတာပါ။ ကြယ်တာရာသခင်မိုက ဧရာမ အမြောက်ကြီးနဲ့  သန်းချီနေတဲ့ နယ်ခြား အင်အားစုတွေကို သတ်ပြီးတော့ လောကခန်းမကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့တာပါ။ ကျုပ် မြင်ချင်တာ တစ်ခုပဲ ရှိတယ်။ ဒီနေ့က စပြီးတော့ ကျုပ်တို့တွေ အာကာသထဲ ပြန်ဝင်လို့ ရပါပြီ ... ”

ရှီလု စကားများက လူအုပ်ကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ ထိုစဉ် ကျင့်ကြံသူအားလုံး နီးပါးတိုင်းက မိုဝူကျီ နာမည်ခေါ်၍ ဟစ်ကြွေးနေကြသည်။  မှတ်တမ်း ထုတ်ယူလာသည့် အပြင် မိုဝူကျီ၏ အမြောက်ကို သုံး၍ နယ်ခြား အင်အားစုကို အမြစ်ဖြတ် သုတ်သင်လိုက်သည့် ဇာတ်ကြောင်းမှာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။

ဤနေရာရှိ ကျင့်ကြံသူ အားလုံးအတွက် အာကာသထဲ ပြန်ဝင်နိုင်ဖို့ရန်က အလွန်အရေးကြီး လှသည်။ ကျန်းရှင်းနယ်ထဲမှ အရင်းအမြစ်များသည် ကန့်သတ်ချက် ရှိသည့်အပြင် အရင်းအမြစ် အများစုကို မျိုးနွယ်စုကြီး သုံးခုနှင့် ဂိုဏ်းကြီးများက လက်ဝါး အုပ်ထားကြသည်။ သာမန် ကျင့်ကြံသူအတွက် အဆင့်မြင့် နယ်ပယ် တက်လှမ်းနိုင်ဖို့ရန် အတွက် သူတို့က အာကာသထဲ သွားကြရသည်။

ယခု မိုဝူကျီက လောကခန်းမကို ပြန်လည် သိမ်းယူပြီးပြီ ဖြစ်၍ ကျန်းရှင်း ကျင့်ကြံသူများကို နောက်တစ်ဖန် အာကာသ ပြန်သွားခွင့် ပြုနိုင်သွားသည်။ ထိုသည်က ကောင်းကင်တမျှ ကျေးဇူးကြီး လှပေ၏။

ကြယ်တာရာ သခင်ချီထုံသာ သူ့ကို မရွေးချယ်ခဲ့လျှင်ပင် မိုဝူကျီ လုပ်ဆောင်သည့် အရာများက ကျန်းရှင်းကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းလောက်က သူ့အပေါ် ကျေးဇူး ကြွေးတင်သွားဖို့ရန် လုံလောက်ပေသည်။ ရှားတန်တောက် လက်အောက်တွင် ရှိသော တပ်သားများပင် အင်မတန် စိတ်လှုပ်ရှားနေကြ၏။

“ ကြယ်တာရာ သခင်ချီထုံ မသေခင် သူက ကြယ်တာရာ သခင်မိုကို နောက်တက်မဲ့ ကြယ်တာရာ သခင်အဖြစ် သတ်မှတ် ပေးသွားတယ်။ ကြယ်တာရာသခင်မို လက်အောက်မှာ ကြယ်တာရာ ဘုရင်တောင်ရော ကျန်းရှင်းရော ပိုပြီး ကြီးပွား လာကြလိမ့်မယ်လို့ ယုံကြည်တယ် ... ” စုရွမ်က အခွင့်အရေးကို ကောင်းကောင်း အသုံးချ၍ ပြောလိုက်သည်။

“ ခဏ ခဏ ... ” လူအုပ်ကြီးက မတုံ့ပြန်ခင် ဆံပင်နီကြောင်ကြားနှင့် ခန္ဓာကိုယ် ခပ်ထွားထွား အမျိုးသားက ရှေ့ထွက်လာလေ၏။

သူက မိုဝူကျီနှင့် ကျန်လူများကို လက်သီးဆုပ်ကာ နှုတ်ဆက်ပြီးနောက်  “ ဝူကျီက လောကခန်းမကို ပြန်ရအောင် သိမ်းနိုင်ပြီးတော့ ပေါင်လေ့နဲ့ မြေကမ္ဘာ အင်မော်တယ်ကို သတ်နိုင်ခဲ့လို့  ကျန်းရှင်းနဲ့ ကြယ်တာရာ ဘုရင်တောင်အတွက် အကြီးကြီး အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာ သခင်ကို ရှားတန်တောက်ကို ရွေးချယ် ပြီးသွားပြီဆိုတော့ ဝူကျီကို ကြယ်တာရာ တိုက်ပွဲခန်းမသခင် အဖြစ် နေရာ ချထား ပေးလိုက်မယ်လေ။ ပြီးတော့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကာကွယ်သူ အဖြစ်နဲ့ရောပေါ့ ... ”

စုရွမ်နှင့် အခြားလူများက ထိုလူကို သိကြသည်။ ထိုလူမှာ ကြယ်တာရာ ဘုရင်တောင်၏ ငါးခုမြောက် ခန်းမ ကြယ်တာရာ မီးတောက်ခန်းမသခင် ဖြစ်၏။ သူက ရှားမျိုးနွယ်စု၏ လက်ပါးစေ ဖြစ်သော ချူဖုန်းယီ ဖြစ်လေသည်။ သူက ရင်းနှီးဖို့ရာ ကြိုးစားရင်း မိုဝူကျီကို ဝူကျီဟုပင် ခေါ်ဆိုခဲ့သေး၏။

ချူဖုန်းယီ စကားများက စီမံခန့်ခွဲရေး အရ ဖြစ်သည်ဟု ထင်ရသော်လည်း ကြယ်တာရာ ဘုရင်တောင်တွင် အရေးမကြီးသရွေ့ ကြယ်တာရာ သခင်ကို ပြောင်းလဲလေ့ မရှိပေ။

စုရွမ်က နှာခေါင်းရှုံကာ  “ မိုဝူကျီကို ကြယ်တာရာ သခင်ချီထုံက ဆက်ခံသူအဖြစ် သတ်မှတ် ပေးထားတာလေ။ ပြီးတော့ လောကခန်းမ ပြန်ရဖို့အတွက် အများကြီး အကျိုးပြုခဲ့တယ်။ သူ့ကို ကြယ်တာရာသခင် အဖြစ် ရွေးချယ်တာက လူထု ဆန္ဒပဲ ...  ပြီးတော့ ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာ သခင်ဖြစ်ဖို့  ခန်းမဆယ်ခုလုံးရဲ့ သဘောတူညီချက် လိုတယ်။ ယန်ကျဲနဲ့ ကျမက အပြင်ရောက်နေတာ ရှားတန်တောက်က ဘယ်လိုလုပ် ကြယ်တာရာသခင် ဖြစ်သွားတာလဲ ... ”

ချူဖုန်းယီက ခက်ထန်စွာ ပြန်ပြော၏  “ ခန်းမသခင်စု ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အခု ကျုပ်တို့က ဘယ်လို အခြေအနေထဲ ရောက်နေတာလဲ။ နယ်ခြားအင်အားစုတွေ ကျူးကျော်ခံရတဲ့ သေရေးရှင်ရေး အခြေအနေထဲမှာလေ။ ပုံမှန်အတိုင်း လိုက်လုပ်နေလို့ မရဘူး။ ပြီးတော့ ကျုပ်က မိုဝူကျီကို နောက်ကြယ်တာရာ သခင် ဖြစ်လာမှာကို မကန့်ကွက်ပါဘူး

သူက ကြယ်တာရာချီထုံ သတ်မှတ် ပေးထားတာဆိုတော့ ကြယ်တာရာသခင်ရှား အနားယူသွားတဲ့ အခါ ကျုပ်က မိုဝူကျီကို ကြယ်တာရာ သခင်အဖြစ် ဦးဆုံး ထောက်ခံ ပေးမယ်ဗျာ ... ”

“မိုဝူကျီ ဆိုတာ ဘာလဲ .. သူက ပျောက်ဆုံး နယ်မြေက ကျင့်ကြံသူလေး တစ်ယောက်ပဲလေ ... သူ ကြယ်တာရာသခင် ဖြစ်လာဖို့ ကျုပ် သဘောမတူနိုင်ဘူး။ ကြယ်တာရာ သခင်ရှားကသာ ကျန်းရှင်းနဲ့ ကြယ်တာရာဘုရင်တောင်ကို အုပ်ချုပ်ဖို့ စွမ်းဆောင်ရည်ရှိတာ .. ”

မိုဝူကျီက ပြောလိုက်သည့် လူငယ်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည် “ မင်းက ဘယ်သူလဲ ”

ပြောလိုက်သည့်သူက ရှေ့တက်လာကာ လူအုပ်ကြီးကို လက်နှစ်ဖက် ယှက်လျက် ကျယ်ကျယ် မိတ်ဆက် လိုက်သည် “ ကျုပ်က ရှားမျိုးနွယ်စုက ရှားကျွင့်ဟောင်ပါ။ ကြယ်တာရာ သခင်ရှားက ကျုပ်အဖေဆိုပေမဲ့ ကျုပ်ထောက်ခံတာ ကျုပ်တို့ကြားက ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။ အဲလိုအမြင်မျိုး လုံးဝ မရှိပါဘူး ”

“ ကောင်းပြီ ” မိုဝူကျီက ထိုစကား တစ်ခွန်းကို ပြောပြီးနောက် လျှပ်စီးဓားက လေဟုန်ခွင်းကာ ထွက်သွားလေသည်။

“ ဖူး ” လျှပ်စီးဓားကြောင့် သွေးများ ပန်းထွက်လာသည်။ ရှားကျွင့်ဟောင်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၂ ဖြစ်နေသော်လည်း သူက ခုခံနိုင်မည့် နည်းလမ်း မရှိဘဲ မိုဝူကျီ၏ လျှပ်စီး ဓားလက်ချက်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

***

All Chapters