ဘယ်သူလာဦးမလဲ
Vol. 12 Ch. 167
အား…အား…အား…
သနားစဖွယ် အော်ဟစ်သံများက ဘားတစ်ခုလုံးသို့ ဟိန်း၍ ထွက်ပေါ်လာသည်။
ယဲ့ဖန် သည်မျှ ရက်စက်လိမ့်မည်ဟု မထင်ထားသဖြင့် မိန်းမလှလေးက မယုံနိုင်သည့် အကြည့်များနှင့် ဖြစ်နေလေ၏။
"ငါ့ရင်သားတွေ…နင်…နင် ယုတ်မာလိုက်တဲ့ကောင်"
ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း မိန်းမလှလေးသည် နာကျင်မှုကြောင့်ရော ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသည်။
*ငါတော့ သွားပါပြီ*
သူမ အလွန်ဂုဏ်ယူရသည့် ရင်သားများ အဖြတ်ခံ လိုက်ရလေပြီ။ သူမ ဘဝ တစ်ခုလုံးတော့ ရစရာ ရှိတော့မည်မဟုတ်။
ထို့အတူ ဘားထဲရှိ အခြားသူများသည်လည်း မှင်တက်နေကြသည်။
*ဒါ…ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ရို့ယွီတောင်မှ မှင်တက်သွားရသည်။ ယဲ့ဖန်၏ ရက်စက်ပုံထက် သူ၏ လျင်မြန် နှုန်းကြောင့် သူမ ထိတ်လန့်သွားရခြင်း ဖြစ်သည်။
*တ…တအား မြန်တာပဲ*
မျက်လုံးလေး ကလယ်ကလယ်နှင့် ယဲ့ဖန်ထက် လျင်မြန်စွာ လှုပ်ရှားနိုင်သည့်သူ ဆို၍ သူမအဖေသာ ရှိတော့မည်ဟု ရို့ယွီ ထင်လိုက်မိသည်။
"အစောင့်တွေ…အစောင့်တွေ…"
ထိုစဉ် မော့ထျန်းချန်က ထိတ်လန့်ကာ ဒေါသတကြီးနှင့် တံခါးဝသို့ လှမ်းအော် လိုက်သည်။
သူ့အသံကြောင့် လူတစ်စုက ဘားထဲ လျင်မြန်စွာ ပြေးဝင်လာသည်။
ဘားထဲ ဝင်လာသည့် သူများသည် သခင်လေးများ၏ သက်တော်စောင့်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ကြမ်းတမ်းသော ရုပ်ရည်နှင့် ဒေါင်ကောင်းသည့်သူများ ဖြစ်ကြသည်။ စုစုပေါင်း လူ အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိသည်။
"သခင်လေး ဘာဖြစ်လို့ပါလဲ"
သက်တော်စောင့် ခေါင်းဆောင်သည် ကြယ်နှစ်လုံး အဆင့် ရှိသူ ဖြစ်သည်။ သူ ဘားထဲ ဝင်လာသည်နှင့် မော့ထျန်းချန်အား ဇဝေဇဝါဖြင့် မေးလိုက်သည်။
မော့ထျန်းချန်က ယဲ့ဖန်အား လက်ညှိုးထိုး၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကိုသတ်..မြန်မြန်..သူ့ကို သတ်လိုက်ကြစမ်း"
*အမ်*
သူ့အမိန့်ကြောင့် သက်တော်စောင့်များ အားလုံးက ယဲ့ဖန်အား ကြမ်းတမ်းသော ချီစွမ်းအင်များ ပါဝင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ထိုစဉ် အနက်ရောင် ချီစွမ်းအင်စုများက သက်တော်စောင့်များ၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။
သက်တော်စောင့်တိုင်း ထိတ်လန့်သွားသော မျက်လုံးများဖြင့် နေရာမှာတင် တောင့်တောင့်ကြီး ဖြစ်သွားကြသည်.
"သူ့ကို သွားဖမ်းတော့လေ…မင်းတို့ ဘာကြောင်ကြည့်နေတာလဲ"
သက်တော်စောင့်များက နေရာမှာ တွေဝေ ငိုင်တွေနေသည်ကို သတိပြုမိပြီး ဒေါသထွက်လို့ လာသည်။
အခြား သခင်လေးများသည်လည်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့ မော့ထျန်းချန် အကြောင်း ကောင်းကောင်း သိသည်။ သူ၏ လက်ပါးစေများ အားလုံးက အလွန် အမိန့်နာခံတတ်သည်။ မည်သူမှ သူ့အမိန့်ကို မလွန်ဆန်ရဲပါ။
သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင်…
"သေစမ်း"
သက်တော်စောင့်များ ဆက်၍ မတ်တပ်ရပ်နေသည်ကို ကြည့်ပြီး မော့ထျန်းချန် တစ်ယောက် ဒေါသထွက်ကာ သေမလို ဖြစ်လာရသည်။
ကြယ်နှစ်လုံးအဆင့် တစ်ယောက်ကို သူ့လက်နှင့် တွန်းထုတ်လိုက်သည်။ ထိုစဉ် ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ဂျွတ်ခနဲ အသံနှင့်အတူ ထို ကြယ်နှစ်လုံးအဆင့် သက်တော်စောင့်၏ ခန္ဓာကိုယ်တွင် အက်ကြောင်းများ လိုက်လာသည်။
ထို့နောက် ထို ကြယ်နှစ်လုံးအဆင့် သက်တော်စောင့်သည် တစ်စစီ ဖြစ်သွားပြီး ပြာအဖြစ် လွင့်ပျယ်သွားလေတော့သည်။
…
မော့ထျန်းချန် အပါအဝင် သခင်လေးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*လူတစ်ယောက်က ပြာအဖြစ် ပြောင်းသွားတယ်*
*ဒါ မဖြစ်နိုင်ဘူး*
….
ဘားတစ်ခုလုံး ပွက်လော ရိုက်သွားကာ သခင်လေးများအားလုံး သေမတတ် ကြောက်လန့်လာကြသည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ဝှစ်! ဝှစ်! ဝှစ်!
ကျန်ရှိနေသော အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်သော သက်တော်စောင့်များ အားလုံး အပိုင်းပိုင်း ဖြစ်ကာ ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွား လေတော့သည်။
*သူတို့အားလုံး ပြာဖြစ်ပြီး ပျောက်သွားတယ်*
*သူတို့အားလုံး သေကုန်ပြီ*
*ခွန်အားကြီးတဲ့ သက်တော်စောင့် အယောက်နှစ်ဆယ်၊ သုံးဆယ်လုံး သေသွားပြီ*
*ဘာခြေရာလက်ရာမှ မကျန်ခဲ့ပါလား*
*အံ့ဩဖို့ကောင်းလိုက်တာ*
ရို့ယွီက အထိတ်လန့်ဆုံးပင်။
"ကောင်းကင် ဝါးမျို မိစ္ဆာချီ စွမ်းအင်….ဒါ…ဒါ စွမ်းအားအကြီးဆုံး နတ်ဆိုးချီ ဖြစ်တဲ့ …ကောင်းကင်ဝါးမျို မိစ္ဆာချီစွမ်းအင်ပဲ"
ရို့ယွီ တီးတိုး ရေရွတ်မိသလို သူမနဖူးတွင်လည်း ချွေးများ ဆို့လာသည်။ မျက်လုံး အပြူးသားနှင့် သူမက ယဲ့ဖန်အား ထိတ်လန့် ကြောက်ရွံ့စွာ ကြည့်နေမိသည်။
သူမကလန်သည် တကယ့်ကို အစဉ်အဆက် လေးစားခံရသည့် ကလန်ဖြစ်သည်။ သူမတို့ ကလန်သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သဖြင့် ယခုဆို နှစ်ပေါင်း တစ်ထောင် ကျော်မျှ ရှိနေပြီဖြစ်သည်။
သူတို့အိမ်တော်မှ ဓာတ်ပုံနှစ်ပုံအတွက် သူတို့ အမြဲ ယဇ်ပူဇော်ခံ သားကောင်များ ဆက်သလေ့ရှိသည်။
ထိုဓာတ်ပုံနှစ်ပုံထဲမှ တစ်ပုံသည် သူတို့ဘိုးဘေး၏ ပုံဖြစ်ပြီး နောက်တစ်ပုံက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်၏ ပုံဖြစ်လေသည်။
ထို့အပြင် ရှေးဟောင်းအမွေအနှစ် စာအုပ်အား မျိုးဆက်တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည်။
ထိုစာအုပ်ထဲတွင် ယခုခေတ် လူများ မယုံကြည်ကြသော ထူးဆန်းသည့်အရာ များစွာ ပါဝင်သည်။ ထိုအထဲတွင် စွမ်းအားအကြီးဆုံး နတ်ဆိုးချီဖြစ်သည့် ကောင်းကင်ဝါးမျို မိစ္ဆာချီစွမ်းအင်လည်း ပါဝင်ပေသည်။
*အဲ့လူတစ်ယောက်တည်းကပဲ ကောင်းကင်ဝါးမျို မိစ္ဆာချီစွမ်းအင်ကို ပိုင်ဆိုင်တာ*
*အဲ့လူတစ်ယောက်တည်းကပဲ သေမင်း နတ်ဆိုး ဆုဒြာကို ကျင့်ကြံနိုင်တာ*
"သူတို့က တကယ်ရှိနေတာပဲ၊ ရှေးဟောင်း အမွေအနှစ် စာအုပ်ထဲမှာ ပါတဲ့အရာ အားလုံးက တကယ် ရှိနေတာပဲ"
"သူက…"
ရို့ယွီတစ်ယောက် သရဲကို မြင်လိုက်ရသလို တုန်ယင်လာသည်။ ဘားထဲရှိ လူအားလုံး ကြောက်လန့်ကာ တိတ်ဆိတ်နေသည့် အချိန်တွင် ခြေသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ယဲ့ဖန်က နတ်ဘုရား သို့မဟုတ် နတ်ဆိုးကဲ့သို့ အသွင်အပြင်ဖြင့် သူတို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
"မင်းတို့ကို ငါ လှောင်ပြောင်ဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် ငါ့မျက်စိထဲမှာတော့ မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲဆိုတာကိုတော့ ငါပြောပြရလိမ့်မယ်"
"အဲ့ဒါကြောင့် ကိုယ့်သေတွင်းကိုယ် တူးမနေကြနဲ့"
….
ယဲ့ဖန် စကားကြောင့် ဘားထဲရှိ လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။
*သူ့ကိုယ်သူ အကောင်ကြီးတစ်ကောင်လို လာဟန်ဆောင်နေတာပဲ*
*ဒီလူက အရမ်း စိတ်ကြီးဝင်လွန်းတယ်*
သခင်လေးတစ်ယောက်က ချက်ချင်း ဒေါသထွက်ကာ ရှေ့သို့ ခုန်ထွက်ပြီး ယဲ့ဖန်အား ခံပြောရန် ကြံလိုက်သည်။
သက်တော်စောင့်များ ဘာဖြစ်သွားခဲ့သလဲ ဆိုတာကို သူ သေချာမသိသော်လည်း ဒါက ယဲ့ဖန်ကြောင့် ဖြစ်သွားသည်ဆိုတာကိုတော့ သူ လုံးဝ မယုံကြည်နိုင်ပါ။ ဒါက လူသားတစ်ယောက်၏ အစွမ်းအစထက် ကျော်လွန်နေသည် မဟုတ်ပါလား။
"မင်း..မြေနိုးကောင်…"
ထိုသခင်လေး စကားတောင် မဆုံးသေးခင်မှာပင် အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် သူ့ကိုယ်က အက်ရာများ ထင်လာသည်။
ထို့နောက် သူသည်လည်း ပြာပုံဘဝ ရောက်သွားလေသည်။ သူ့ဘက်မှ အခြားသခင်လေးများသည် ရှေ့သို့ တက်ကာ ယဲ့ဖန်အား သတ်ချင်သော်လည်း သူတို့ အလွန် တုန်လှုပ်နေသဖြင့် လှုပ်ရှားရန် ခဲယဉ်းနေသည်။
ရွှစ်! ရွှစ်! ရွှစ်!
ထို့နောက် သူတို့အားလုံး ပြာဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။
*သူတို့ သေကုန်ပြီ*
*သူတို့အားလုံး သေသွားပြီ*
ဘားထဲ ကျန်နေသေးသော သခင်လေးများသည် သူတို့ ရှေ့မှောက်မှာတင် သူတို့ မိတ်ဆွေများ ပြာဖြစ်ကာ ပျောက်ကွယ်သွားသဖြင့် ရေခဲရိုက်ခံရသလို အေးစိမ့်ကာ တောင့်တောင့်ကြီး ဖြစ်သွားကြသည်။
အထူးသဖြင့် မော့ထျန်းချန်နှင့် မိန်းမလှလေးတို့ပင် သူတို့နှစ်ယောက်သား ကြောက်လန့်ကာ ဘောင်းဘီထဲ ရှူးထွက်ကျမလို ဖြစ်လာကြသည်။
"နတ်ဆိုးပဲ၊ နတ်ဆိုးမှသာ ဒီလိုနည်းလမ်းမျိုး သုံးနိုင်တာ"
ယဲ့ဖန်က လမ်းဆက်လျှောက်နေရင်း အလွန် အေးစက်၍ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှင့်နေသဖြင့် ဘားတစ်ခုလုံး အာတိတ်အလယ်ထဲ ရောက်သွားသလို အရိုးခဲမတတ် အေးစိမ့်လာကြသည်။
"ဘယ်သူ လာဦးမလဲ"
ယဲ့ဖန်က သခင်လေးတွေကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ သူ့စကားကြောင့် အားလုံး ဆက်တိုက် ကတုန်ကယင်ဖြစ်လာကြသည်။
ကျန်ရှိနေသေးသော သခင်လေးများသည် ယဲ့ဖန် စိုက်ကြည့်သည်ကို ခံလိုက်ရတိုင်း ငရဲတွင်းဝကို ခြေချမိသလို ခံစားမိလာကြသည်။
သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ယဲ့ဖန်က ခေါင်းတစ်ချက် ညိတ်ကာ ရို့ယွီထံသို့ တန်းတန်းမတ်မတ် လျှောက်လာရင်း မထီမဲ့မြင် အမူအရာနှင့် ကြည့်လိုက်သည်။
"ငါ ဘယ်သူလဲ မင်း သိလား"
သူ့အမေးကြောင့် ရို့ယွီ၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်လာကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသည်။
ထို့နောက် သူမက ကြမ်းပြင်တွင် ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လေသည်။
"သခင်ကြီးကို နှုတ်ဆက်ပါတယ်၊ ကျွန်မက ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်ရဲ့ ဆယ့်သုံးဆက်မြောက် မျိုးဆက်ဖြစ်တဲ့ ကျိုးရို့ယွီပါ"
"နတ်ဆိုးတွေက ဘယ်တော့မှ မသေဆုံးဘူး… နတ်ဆိုး ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"