ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်
Vol. 12 Ch. 168
*နတ်ဆိုးတွေက ဘယ်တော့မှ မသေဆုံးဘူး… နတ်ဆိုး ဧကရာဇ် သက်တော် ရာကျော် ရှည်ပါစေ*
ရို့ယွီ ကျယ်လောင်စွာ ပြောလိုက်ပြီးနောက်တွင် ဘားတစ်ခုလုံး တိတ်ဆိတ် သွားသည်။
သခင်လေးများ အားလုံး ငေးငိုင်သွားကြသည်။
နိုင်ငံ့ အလှနတ်ဘုရားမလေး၊ အာရှ၏ ဘုရင်မ ဖြစ်ပြီး များစွာသော သူများ၏ မျက်လုံးတွင် အလှဆုံး မိန်းကလေးဟု မှတ်ယူထားခြင်း ခံထားရသော သူမက ယဲ့ဖန်ရှေ့ ဒူးထောက်လို့ နေ၏။
*ဒါ…လုံးဝ မဖြစ်နိုင်ဘူး*
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့အားလုံး ဆူညံပွက်လော ရိုက်လာကြသည်။ အားလုံး၏ မျက်နှာတွင် အကြီးအကျယ် ထိတ်လန့်ပြီး မယုံသင်္ကာဖြစ်နေသည့် အမူအရာများ ရှိလို့နေသည်။ သူတို့အားလုံး ဤသည်က ထင်ယောင်ထင်မှား ဖြစ်နေတာဟုသာ ယုံကြည်ချင်နေကြသည်။
မော့ထျန်းချန်၏ မျက်နှာက သေမတတ် ဖြူရော်နေကာ ဇဝေဇဝါလည်း ဖြစ်လို့နေသည်။ သူ့မျက်လုံးထဲတွင် ရို့ယွီသည် ထိပ်တန်း နတ်ဘုရားမလေး ဖြစ်ပေသည်။
မိန်းမလှလေး၏ အပြုံးကို ရရှိရန် သူ မည်သို့လုပ်ရ လုပ်ရ ကြိုးစား၍ ပြုံးရယ်အောင် လုပ်ခဲ့သည်။
သို့သော် သူမက ယဲ့ဖန်ရှေ့ ကြမ်းပြင်ပေါ်တွင် အလွန် ရိုသေလေးစား ဟန်ဖြင့် ဒူးထောက်နေသတဲ့လား။ ဒါ…ဒါ အိပ်မက်ဆိုး တစ်ခုလိုပင်။
အခြားသူများ၏ မျက်နှာအမူအရာများကို ရို့ယွီ ရိပ်မိသည်။ သို့ပင်မယ့် သူမက ယဲ့ဖန်အား အလွန် ရိုကျိုးဟန်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကျိုးကလန်ရဲ့ မျိုးရိုးစဉ်ဆက် အယူဝါဒအရ ကျွန်မတို့က ကျွန်မတို့ရဲ့ ဘိုးဘေးကို အရိုအသေမပေးခင် ကျွန်မတို့ ဘိုးဘေးရဲ့ သခင်ကြီးကို အရိုအသေပေးရမှာပါ"
"ကျိုးကလန် စောင့်နေခဲ့တာ နှစ်တစ်ထောင် ရှိခဲ့ပါပြီ။ မျိုးဆက်တစ်ခုချင်းစီတိုင်းက သခင့်ရဲ့ အကူအညီကို မမေ့ခဲ့ပါဘူး။ ဒီနေ့ ကျွန်မတို့ရဲ့ သခင်နဲ့ ပြန်ဆုံပြီးတဲ့နောက်တော့ ကျွန်မ သေရင်တောင် နောင်တမရတော့ပါဘူး"
ရို့ယွီက ကြမ်းပြင်ပေါ်တွင် အလွန်ရိုသေလေးစားဟန်ဖြင့် ခေါင်းကိုငုံ့ကာ ဆက်၍ ဒူးထောက်နေသည်။
ဤမြင်ကွင်းကား အားလုံးကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
*သခင်ကြီး*
*ယဲ့ဖန်က နိုင်ငံ့အလှနတ်ဘုရားမလေး ရို့ယွီရဲ့ သခင်ကြီး*
…
သခင်လေးများက ရှေ့ကြည့် နောက်ကြည့်နှင့် တစ်ယောက်ကို တစ်ယောက် ဇဝေဇဝါ ဖြစ်နေဟန်များဖြင့် ကြည့်နေကြသည်။
သို့သော် ယဲ့ဖန်က သူတို့၏ အံ့ဩနေသော အကြည့်များကို ဂရုမစိုက်ချေ။ ထိုအစား သူက ရို့ယွီလည်ပင်းပေါ်မှ သတ္တုလုံးကိုသာ စိုက်ကြည့်နေပြီး ပြောလိုက်သည်။
"အဲ့ဒါ ငါ့ကိုပေး"
*ဟင်*
ရို့ယွီ မှင်တက်သွားသည်။ ထို့နောက် သူမက ထိုသတ္တုလုံးလေးကို ချွတ်၍ ယဲ့ဖန်ကို ပေးကာ စကားအနည်းငယ် ဆိုလိုက်သည်။
"သခင်ကြီး…ဒါက ကျွန်မတို့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အရာပါ။ ဘယ်ကျိုးကလန်သားကမှ ဒီသတ္တုလုံးလေးရဲ့ လျှို့ဝှက်ချက်ကို မသိပါဘူး"
ရို့ယွီက ယဲ့ဖန်အား မျှော်လင့်တကြီးနှင့် ကြည်နူးစွာ ကြည့်နေသည်။ ယဲ့ဖန်က ပြန်မဖြေ။ ထိုအစား လက်မြှောက်၍ လေထုထဲ 'နတ်ဆိုး' ဟူသည့် ပိန်းမှောင်နေအောင် နက်သော စကားလုံးကို ရေးဆွဲလိုက်သည်။
ထို့နောက် ထိုစကားလုံးအား သတ္တုလုံးပေါ်သို့ အားနှင့် ဖိလိုက်သည်။ ဂျွတ်ခနဲ အသံနှင့်တူ သတ္တုလုံးလေးမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
သတ္တုလုံးလေးက ကွဲကြေသွားကာ သလင်းကျောက်တစ်စ ထွက်ပေါ်လာသည်။
"ဒါက နတ်ဆိုးတွေရဲ့ မှတ်ဉာဏ်တွေပါတဲ့ တစ်မူထူးခြားတဲ့ သလင်းကျောက်ပဲ"
"စိတ်မကောင်းစရာပဲ၊ ဒီမှတ်ဉာဏ်တွေပါတဲ့ သလင်းကျောက်က အဖျက်အား တစ်ခုကြောင့် ပျက်စီးနေပြီ။ ငါ အစိတ်အပိုင်း တိုတိုလေးလောက်ပဲ ပြန်ရအောင် လုပ်နိုင်တော့မယ်"
ယဲ့ဖန်သည် သတ္တုလုံးထဲမှ သလင်းကျောက်ကို ချက်ချင်း ထုတ်ယူကာ ထိုအထဲသို့ နတ်ဆိုးချီ အချို့ ထည့်သွင်းလိုက်သည်။
ရုတ်တရက် ဧရာမ အလင်းကားချပ်တစ်ခုက ဘားထဲရှိ လေထုထဲ ပေါ်ထွက်လာသည်။
ထိုကားချပ်တွင် ရှေးခေတ်တုန်းက လွင်တီးခေါင်ပြင် နေရာတစ်ခုကို ဖော်ပြနေသည်။ ခြေသံများနှင့် အတူ အလွန်ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာပေါက်နှင့် လူတစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့သည်။
သူ၏ ကြွက်သားတည်ဆောက်ပုံက အထူးသန်မာ တောင့်တင်းလှသည်။ သူ့ကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေပြီး သူသည် ကြောက်မက်ဖွယ်ကောင်း၍ ရက်စက်တတ်သော နတ်ဆိုးတစ်ကောင်နှင့် အသွင်တူနေ၏။
ကားချပ်ပေါ်မှ လူကို မြင်သည်နှင့် ရို့ယွီ၏ ကိုယ်လုံးလေးက တုန်ယင်လာကာ ရေရွတ်လိုက်မိသည်။
"ကျွန်မရဲ့ ဘိုးဘေးပါလား"
ထိုသူသည် တကယ်ပင် ကျိုးကလန်၏ ဘိုးဘေး ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ် ဖြစ်ပေသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ်ကား ဆိုးဆိုးရွားရွား ဒဏ်ရာရလို့နေ၏။ ဒဏ်ရာဗလပွနှင့် သူသည် ယခုလေးတင် ပြင်းထန်သည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲလာသည့် ပုံရသည်။
တောက်! တောက်!
သူ့ဒဏ်ရာများမှ သွေးစက်များ ကျနေသော်လည်း သူ ဂရုစိုက်ပုံ မရချေ။ တောင်ထိပ်တွင် ရပ်ကာ သူသည် မိုးကောင်းကင်ပြာကြီးကို ငေးကြည့်လို့နေသည်၊ သူ့ပုံစံက ကောင်းကင်အစွန်း တစ်ဘက်မှ သူ့မိသားစုဝင်များကို ကြည့်နေသည့်ပုံပင်။
သူက အထီးကျန်နေသော လေသံဖြင့် အော်ဟစ်လာသည်။
"နှစ်တစ်ရာ ရှိပြီ၊ ကျုပ် ဒီနေရာမှာ ပိတ်မိနေတာ နှစ်တစ်ရာတောင် ရှိနေပြီ"
"သခင်ကြီး ကျုပ် ပင်ပန်းလှပြီဗျာ"
"ကျုပ် နတ်ဆိုးဂြိုဟ်ကို လွမ်းတယ်၊ ကျုပ် သခင်ကြီးကို သတိရတယ်၊ ကျုပ် ညီအစ်ကိုအားလုံးကို သတိရတယ်၊ ကျုပ် သခင်ကြီးအတွက် ကျုပ် သွေးကို ချိုးပြီး ရန်သူတွေကို သတ်ဖြတ်ချင်တယ်၊ ကျုပ် စကြဝဠာကြီးကို သခင်ကြီးနဲ့အတူ သိမ်းပိုက်ချင်တယ်"
"ဒါပေမယ့် သခင်ကြီးရာ…"
"ကျုပ် ပင်ပန်းလှပြီဗျ…"
သူ့မျက်လုံးထောင့်မှ နတ်ဆိုးမျက်ရည်များ ကျဆင်းလာသည်။
တောက်!
မျက်ရည်စက်များက တောင်ပေါ်သို့ ကျသွားသည်နှင့် တရှဲရှဲမြည်၍ မီးခိုးထုကြီး ဖြစ်ပေါ်လာသည်။ ထို့နောက် တောင်တစ်တောင်လုံး အရည်ပျော်လာတော့သည်။
ကောင်းကင် မိစ္ဆာကျွန်မျိုးနွယ်ကား တောင်တစ်တောင်လုံး အရည်ပျော်နေသည်ကို အရေးမလုပ်ပါ။ ထိုအစား သူက ကောင်းကင်ကို စိတ်ဓာတ်ကျနေသည့်ပုံဖြင့် ဆက်၍ မော့ကြည့်နေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ဇိုရန် ဂြိုဟ်ပေါ်မှာ မိသားစုဝင် သုံးယောက်ပါတဲ့ မိသားစုလေးက မြို့တစ်မြို့ကို ဖြတ်သွားခဲ့တယ်။ အဲ့မြို့လေးက ဓားပြတွေနဲ့ ပြည့်နေတာကို သူတို့မိသားစု မသိခဲ့ကြဘူး"
"လင်မယားနှစ်ယောက်လုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီးတော့ သူတို့ရဲ့ သုံးနှစ်အရွယ် သားလေးက ရက်စက်တဲ့ ဓားပြတွေကြားမှ ဝက်တစ်ကောင်လို ကြီးပြင်းခဲ့ရတယ်"
"အဲ့အချိန်ကစပြီး ကောင်လေးရဲ့ ဘဝက အမှောင်ထဲကို ရောက်လာခဲ့တယ်၊ သူ နေ့တိုင်း ရက်ရက်စက်စက် ဒဏ်ရာတွေရပြီး ဖူးယောင်ခဲ့တယ်"
"သူ အားလုံးကို မုန်းတယ်၊ သူ အားလုံးကို သတ်ပစ်ချင်ခဲ့တယ်"
"အဲ့ဒါကြောင့် သူ စပြီး ကျင့်စဉ် ကျင့်ခဲ့တယ်၊ တစ်နေ့မှာတော့ သူက ရက်စက်တဲ့ ဓားပြကို သတ်နိုင်ခဲ့တယ်"
"ဒါပေမယ့် အိပ်မက်ဆိုးက ဆက်ဖြစ်နေခဲ့တယ်"
"သူ အဖမ်းခံရပြီး လေထဲမှာ ကြိုးချည်ခံထားရပြီး ခြေလက်တွေကို တစ်ခုပြီးတစ်ခု ချိုးပဲ့ခံခဲ့ရတယ်"
"အဲ့ကောင်လေးက စိတ်ဓာတ်ကျပြီး သူ အသေဆိုးနဲ့ သေမယ်လို့ ထင်လိုက်မိတယ်"
"ဒါပေမယ့် သူ သေတော့မယ့်အချိန်မှာ လူတစ်ယောက်က ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတယ်"
"အနက်ရောင် ဝတ်စုံနဲ့ နတ်ဘုရားလို လူငယ်လေးက မြို့ထဲက ဓားပြအားလုံးကို အပြတ်ရှင်းခဲ့တယ်"
"ဓားပြတိုင်းက သူ့ရဲ့ ငရဲမီးထဲမှာ လောင်ကျွမ်းခံရပြီးတော့ လူပြန်မဝင်စားနိုင်တော့ဘူး"
"အဲ့အချိန်ကစပြီး အဲ့လူငယ်လေးက ကောင်လေးရဲ့ ဘဝတစ်လျှောက်လုံးမှာ သူ့ရဲ့ နတ်ဘုရား ဖြစ်လာခဲ့တယ်"
ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က အတိတ်အကြောင်း ပြန်တမ်းတ ပြောဆိုရင်း မျက်ရည်ကျနေသည်။
သူက ကြယ်များကို ကြည့်ရင်း အတိတ်ကို တသလွမ်းဆွတ်နေသော မျက်လုံးများဖြင့် "သခင်ကြီး ခင်ဗျားက ကျွန်တော့်ကို ဘဝအသစ်တစ်ခု ပေးခဲ့တယ်၊ ခင်ဗျား ကျွန်တော့်အတွက် လက်စားချေပေးခဲ့တယ်"
"ကျုပ် နတ်ဆိုးတွေအတွက် အသက်ရှင်ပြီးတော့ နတ်ဆိုးတွေအတွက်ပဲ သေဆုံးချင်တယ်"
"နောင်ဘဝမှာလည်း ကျုပ် နတ်ဆိုးဧကရာဇ်ရဲ့ ကျွန်ဆက်ဖြစ်ချင်ပါသေးတယ်၊ သခင်ကြီး…ကျွန်တော့်ကို စောင့်နေပေးပါ"
သွေးမျက်ရည်များနှင့် ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က လွင်တီးခေါင်ပြင်ကို တစ်ချက်ကြည့်ကာ ဟားတိုက်ရယ်မောလိုက်သည်။
"ဟားဟား…ကမ္ဘာတဲ့၊ ဒါက ဘုရားသခင်တွေနဲ့ နတ်ဘုရားတွေရဲ့ သုသာန် ဖြစ်နေပါလား…ကမ္ဘာ…တယွမ်…ကျုပ် နားလည်ပြီ..ကျုပ် သဘောပေါက်သွားပြီ"
ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်က ဆက်၍ ဟားတိုက်ရယ်မောနေသည်။ ထို့နောက် သူ ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားကာ မြေကြီးပေါ် လဲကျသွားပြီ နတ်ဆိုးချီအဖြစ် အသွင်ပြောင်းလဲသွားပြီး စကြဝဠာကြီးအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။
ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ် သေသွားလေပြီ။
ဤသည်ကို ကြည့်ပြီး ရို့ယွီ၏ လှပသော မျက်နှာလေးက ဝမ်းနည်းရိပ်သန်းနေကာ ခေါ်ဆိုလိုက်မိသည်က "ဘိုးဘေး"
သူမ၏ ဘိုးဘေးက ဤကဲ့သို့ သေဆုံးသွားသည်က သူမ ထင်ထားတာနှင့် တက်တက်စင်အောင် လွဲနေခဲ့သည်။ သူမ ဘိုးဘေး ဘာကို ကြုံတွေ့ခဲ့ရပြီး ဘယ်သူက သူ့ကို နာကျင်အောင် လုပ်ခဲ့တာလဲဆိုတာကို သူမ မသိပါ။
ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ် သေဆုံးသွားသည်နှင့် ကားချပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
မော့ထျန်းချန်နှင့် ကျန်သခင်လေးများ ထိတ်လန့်ကာ သတိလစ်တော့မလို ဖြစ်နေကြသည်။
"သူက….နတ်ဆိုးပဲ"
သခင်လေးများ ထိတ်လန့်ကာ မနည်း တံတွေးကို မျိုချလိုက်ရသည်။
ထို့နောက် အားလုံး ဆူညံပွက်လောရိုက်လာသည်။
"ငါတို့ကမ္ဘာမှာ တကယ်ပဲ နတ်ဆိုးတွေ ရှိနေတယ်ဟ…ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်ကို ဘယ်သူသတ်လိုက်တာပါလိမ့်"
"ဘုရားရေ…ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်ရဲ့ သခင်ကြီး ဘယ်သူများပါလိမ့်"
"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ကြယ်တာရာထဲက လူကြီးရဲ့ လေးစားမှုကို ဘယ်သူ ရထားတာ ပါလိမ့်။ သူ့သခင်ကြီးကလည်း အတော်လေး ကြောက်ဖို့ကောင်းမယ့်ပုံပဲ"
"ကောင်းကင် မိစ္ဆာ ကျွန်မျိုးနွယ်ရဲ့ သခင်ကြီးက…."
ဆွေးနွေးသံများ နှင့်အတူ သခင်လေးများက ယဲ့ဖန်အား ဖြည်းဖြည်းချင်း စိုက်ကြည့် မိသွားသည်။
…
မထိလေးစားနှင့် ရဲတင်းလွန်းသည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းက သူတို့ လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားစေတော့သည်။