လူသန်ကြီး ရောက်ရှိလာခြင်း
Vol. 12 Ch. 169
အလင်းကားချပ် ပျောက်ကွယ်သွားသည်နှင့် ဘားတစ်ခုလုံး တိတ်ကျ သွားသည်။ သူတို့အားလုံး ယဲ့ဖန်အား ထိတ်လန့်တုန်လှုပ်စွာ ဝိုင်းကြည့် နေကြသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အင်အားကြီးသော နတ်ဆိုးတစ်ကောင်၏ သခင်ကြီးက ယခုထိ အသက်ရှင်လျက် ရှိနေမည်ဟု ထင်မထားခဲ့မိပါ၊ သူတို့ မျက်စိရှေ့တည့်တည့်၌ ရောက်နေမည်ဟုလည်း ပို၍ ထင်မထားခဲ့မိပါ။
*ဒါ…. မဖြစ်နိုင်ဘူး*
သခင်လေးတစ်ချို့ ဘောင်းဘီတွင် စိုစွတ်လာသဖြင့် ဘားတစ်ခုလုံး အနံ့ဆိုးများဖြင့် ပြည့်နှက်လာသည်။
သို့သော် ယဲ့ဖန်သည် သခင်လေးများ၏ အပြုအမူများကို ဂရုမစိုက်ချေ။ ထိုအစား အတွေ့အကြုံ ရင့်သန်နေသည့် လူအိုကြီးတစ်ယောက်ကဲ့သို့ ဝမ်းနည်း ညှိုးငယ်လို့ နေသည်။
"ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က…သေသွားပြီတဲ့လား"
နောက်ထပ် ညီအစ်ကို တစ်ယောက် ဆုံးရှုံးလိုက်ရသည်ကို သူ သိလိုက်ရသဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။
"တယွမ်….ကမ္ဘာဂြိုဟ်…ဘုရားသခင်တွေနဲ့ နတ်ဘုရားတို့ရဲ့ သင်္ချိုင်းတဲ့လား… ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်က မသေခင် ဘာတွေကိုများ ရှာတွေ့သွားတာလဲ"
ကမ္ဘာဂြိုဟ်ကြီးက ပို၍ ပို၍ ထူးခြားဆန်းကြယ်လာကြောင်း ယဲ့ဖန် သတိပြုလိုက်မိသည်။
*ကမ္ဘာပေါ်မှာ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတွေ ရှိနေတာပဲ၊ အဲ့လိုသာ မဟုတ်ဘူးဆိုရင် ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ် သေမှာမဟုတ်ဘူး*
ယဲ့ဖန် အတွေးထဲ နစ်မြောနေစဉ် ဖုန်းသံတစ်ခုကြောင့် အတွေးကမ္ဘာထဲမှ ပြန်လည် နိုးထလာမိသည်။
မော့ထျန်းချန်၏ ဖုန်းသံဖြစ်သည်။ ထိတ်လန့်နေရာမှ သတိဝင်လာပြီး မော့ထျန်းချန်သည် ဖုန်းကို မြန်မြန်ထုတ်၍ ကိုင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဖုန်းထဲမှ လူလတ်ပိုင်းအရွယ် လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ထျန်းချန် … မြန်မြန် … ရှုကလန်ကို ပြန်လာခဲ့ … ကောင်းကင်ဘုံ နံပါတ်တစ် ရောက်လာပြီ … ငါတို့ ရှုကလန်ကို သုတ်သင်ဖို့ အဆင်သင့်ဖြစ်နေပြီ"
လူလတ်ပိုင်းအရွယ် လူကြီး၏ အသံက ပျော်ရွှင်လို့နေသည်။
"ဟီးဟီး…မော့ထောင် ပျောက်သွားတာက သေချာပေါက် ယဲ့ဖန်နဲ့ ပတ်သက်နေလိမ့်မယ်၊ အခု အဲ့ခွေးကောင်က ကျန်းနန်မြို့ကို လာရဲမှတော့ သူ ဘယ်တော့မှ ပြန်ခွင့်မရစေရဘူး၊ ညအဖွဲ့ရဲ့ ကာကွယ်မှုအောက်မှာတောင် သူ သေကိုသေရမှာပဲ"
ဖုန်းထဲမှ အသံသည် ဒေါသများနှင့် ပြင်းထန်သော ချီဓာတ်များနှင့် ပြည့်နှက်လို့နေသည်။ သို့သော် သူ့စကားများကြောင့် မော့ထျန်းချန် ချွေးများ ဘူးသီးလုံးလောက် ဆို့လာရသည်။
*ငါတို့ အခုစတော့မှာလား*
…
သူ ယခုလေးတင် မြင်ခဲ့ရသည့် အရာများကို ပြန်သတိရပြီးနောက် မော့ထျန်းချန် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသလို ထိတ်လန့်လွန်းသဖြင့် လိပ်ပြာလွင့်မတတ် ဖြစ်လာရသည်။
"အဖေ…ရပ်လိုက်…မြန်မြန်…ရပ်လိုက်ပါ"
*ဘာ*
မော့ထျန်းချန်၏ အပြောကြောင့် မောကလန် ခေါင်းဆောင်ဖြစ်သူ မော့ဟမ်ရှန့် မှင်တက်သွားသည်။
သူ့မျက်နှာက နီရဲလာပြီး ဒေါသတကြီး ထအော်လေသည်။
"ထျန်းချန်..မင်း ဘာတွေ ပြောနေတာလဲ….ငါတို့ အားလုံး ပြည့်ပြည့်စုံစုံ စီစဉ်ထားပြီးပြီ မဟုတ်ဘူးလား…အစတုန်းက အရှင်သခင်သုံးယောက်ရဲ့ ကာကွယ်မှုကြောင့် ငါတို့ တိုက်ခိုက်ဖို့ အခွင့်အရေး မရခဲ့ဘူး…အခု ကောင်းကင်ဘုံ နံပါတ်တစ် လုပ်ကြံရေးသမားက ငါတို့နဲ့ အတူ ရှိနေပြီလေ… ယဲ့ဖန်တင် မကဘူး၊ အရှင်သခင် သုံးယောက်ပါ ငါတို့ကို တားရဲမယ်ဆိုရင် သူတို့ သေချာပေါက် သေမှာပဲ"
"ပြီးတော့ အဖေ ဒီည ရှုကလန်ကို အပြတ်ဖြုတ်ဖို့ စီစဉ်ထားတယ်၊ အဲ့ဒါမှ မော့ကလန်ရဲ့ အင်အားက တဟုန်ထိုး ထိုးတက်လာမှာ…ဟဟ…"
မော့ဟမ်ရှန့်၏ စကားများက အလွန် ယုံကြည်မှုရှိနေပုံရသည်။ ထိုသို့ပြောပြီးသည်နှင့် မော့ထျန်းချန် ရှင်းပြသည်ကို နားမထောင်ဘဲ မော့ဟမ်ရှန့်က ဖုန်းချသွားလေတော့သည်။
*သေစမ်း*
မော့ထျန်းချန်သည် ဖြူဖတ်ဖြူရော် မျက်နှာနှင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
*သွားပါပြီကွာ*
*ငါ့အဖေက အစီအစဉ်ကို စတော့မယ်…ဒါပေမယ့်…*
မော့ထျန်းချန် ကြောက်ကြောက်နှင့် ယဲ့ဖန်အား တစ်ချက် လှမ်းကြည့် လိုက်သည်၊ မသိလျင် နတ်ဆိုး တစ်ကောင်က သူ့ကို ကြည့်နေသလိုပင်။
ထိုစဉ် ယဲ့ဖန်က ရို့ယွီ၊ ရှုထန့်တို့နှင့်အတူ သူ့ဆီသို့ လျှောက်လာနေသည်။ သူ့ကို ကြည့်ပြီး မော့ထျန်းချန်တစ်ယောက် ကျောပြင်တစ်ခုလုံး ချွေးတွေနှင့် ရွှဲနစ်လာကာ တစ်ကိုယ်လုံးလည်း တုန်ယင်လာသည်။
သူသာမက မော့ထျန်းချန်အတွက် စိုးရိမ်နေသည့် အခြားသခင်လေးများ အားလုံးသည်လည်း ချွေးတွေနှင့် ရွှဲလို့လာသည်။
မော့ထျန်းချန်အနားသို့ လျှောက်လာပြီးနောက် ယဲ့ဖန်က သူ့အား သတိမပြုမိသကဲ့သို့ သူ့အနားမှ အသာလေး ဖြတ်လျှောက်လာသည်။ ယဲ့ဖန်က သူ့ကို ကြည့်တောင် မကြည့်ပေ။
ယဲ့ဖန် သူ့ဘေးမှ ဖြတ်သွားသည့်အခါမှသာ မော့ထျန်းချန်တစ်ယောက် ကပ်ဆိုးကြီးမှ လွတ်မြောက်လာသကဲ့သို့ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
*သူ ဒီကို ဆက်နေလို့ မဖြစ်တော့လို့နဲ့ တူတယ်…တော်ပါသေးရဲ့*
မော့ထျန်းချန်သည် သူ့နဖူးမှ ချွေးများကို သုတ်ရင်း အားပါးတရ ပြုံးလိုက်မိသည်။ သို့သော် ထိုအချိန်တွင် အခြားသခင်လေးများက မော့ထျန်းချန်အား တုန်လှုပ်စွာ ဝိုင်းကြည့်နေကြသည်။
"သခင်လေးမော့…ခင်ဗျား…ခင်ဗျား"
*အမ်*
အခြားသူများ၏ အမူအရာများကို ကြည့်ပြီး မော့ထျန်းချန် အူကြောင်ကြောင် ဖြစ်ကာ ဇဝေဇဝါနှင့် သူတို့ကို ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ခင်ဗျား…ခင်ဗျားလက်"
သခင်လေးများက မော့ထျန်းချန်အား မကောင်းဆိုးဝါးတစ်ကောင်ကို မြင်နေရသကဲ့သို့ အကြည့်မျိုးနှင့် ကြည့်နေကြသည်။ သူတို့၏ ရိပ်ဖမ်းသံဖမ်း စကားကြောင့် မော့ထျန်းချန် မှင်တက်သွားသည်။
ထို့နောက် သူ့လက်မောင်းကို သူ ငုံ့ကြည့်လိုက်သည်။ သွေးစွန်းနေသည့် အက်ကြောင်းရာ တစ်ခုက သူ့လက်မောင်းတစ်လျောက် ဘွားခနဲ ပေါ်လာသည်။
ထို့နောက် သူ ကြည့်နေဆဲမှာပင် သူ့လက်မောင်း တစ်ဘက်က မြေကြီးပေါ်သို့ ပြတ်ကျသွားသည်။ သွေးများကလည်း ကြမ်းပြင်ပေါ်သို့ ရေတံခွန်သဖွယ် ပန်းကျလာ၏။
….
ဤမြင်ကွင်းကို ကြည့်ပြီး မော့ထျန်းချန် လုံးဝ မှင်တက်သွားရသည်။ သူ့အနား၌ ရှိနေသည့် သခင်လေးများသည်လည်း ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလာသည်။
သို့ပင်မယ့် ဤသည်က အစသာ ဖြစ်သေးသည်။
ဘုတ်!
ထို့နောက် သူ၏ နောက်လက်မောင်းတစ်ဘက် ပြတ်သွားသည်။ ထို့နောက် သူ့ဘယ်ခြေနှင့် ညာခြေတို့ အသီးသီး ပြတ်သွားသည်။ နောက်ဆုံးတွင် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာရှိနေသည့် သူ့ဦးခေါင်းသည်လည်း သူ့လည်ပင်းမှ ပြတ်ကျသွားလေတော့သည်။
….
ဘားတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ တစ်ချိန်တည်းမှာပင် ဘားတစ်ခုလုံး ဆီးနံ့များနှင့် လှိုင်လှိုင်ထလာသည်။ ဘားထဲရှိ အဓိကကလန်များမှ သခင်လေး များစွာတို့သည် ကြောက်ရွံ့မှုကြောင့် ဘောင်းဘီထဲ သေးထွက်ကျလာနေတော့သည်။
*နတ်ဆိုး*
*သူက တကယ့်နတ်ဆိုးပဲ*
ယဲ့ဖန်က မော့ထျန်းချန်အား မည်သို့ တိုက်ခိုက်လိုက်သည်ကို တစ်ယောက်မှ မမြင်လိုက်ကြ။ သူ သုံးသွားသည့်လက်နက်ကို မြင်ရန် သာ၍သာ ဝေးတော့သည်။
သူက လူတစ်ယောက်ကို သတိမမူမိသည့် အချိန်လေးမှာတင် သတ်နိုင်နေသည်ပါလား။
သို့သော် အခြေအနေက အဆုံးမသတ်သေးချေ။ ခရမ်းရောင် အလင်းတစ်ချက်က ဘားတစ်ခုလုံးပေါ်သို့ စက္ကန့်ပိုင်းအတွင်း လွှမ်းမိုးလာသည်။ ထို့နောက် အသက်ရှင်နေသေးသည့် သခင်လေးများအားလုံး မေ့လဲသွားလေတော့သည်။
ဘားထဲ ဖြစ်ခဲ့သည့် မှတ်ဉာဏ်များ လုံးဝ အဖျက်ခံလိုက်ရလေပြီ။
….
တစ်ချိန်တည်းမှာပင်…
ကျန်းနန်မြို့ရှိ ရှုကလန်၏ အိမ်တော်တွင်း၌ တိုက်ပွဲခေါ်သံများက မရပ်စဲသေး။
ရှုကလန်၏ အင်အားကြီးသူများက မော့ကလန်၏ အင်အားကြီးသူများနှင့် အပြင်းအထန် တိုက်ခိုက်နေ လေသည်။
"သေပေတော့…သေပေတော့…သေစမ်း"
ရှုကလန်မှ သူများ အပြင်းအထန် ဒဏ်ရာရနေသော်လည်း သွေးသံတရဲရဲနှင့် ဆက်၍ တိုက်ပွဲဝင်နေဆဲပင်။
သူတို့ သေလျင်တောင် ရန်သူကို အပါခေါ်သွားရန် ဆုံးဖြတ်ချက်ချထားကြသည်။
ထိုအချိန်တွင် တိုက်ပွဲကွင်းပြင်သည် သွေးများနှင့် ချင်းချင်းနီနေပြီး အလောင်းများနှင့် ပြည့်နှက်နေလေသည်။
ရှေ့စစ်မျက်နှာပြင်တွင် ရှုကွမ်းနှင့် အရှင်သခင်သုံးယောက်တို့သည် သွေးများနှင့် ရွှဲနေပြီး အကြီးအကျယ် ဒဏ်ရာရထားသည်။
သူတို့ အင်ပြည့်အားပြည့်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံနှင့်လူအား သူတို့ အလွန်နာကျည်း ဒေါသထွက်ကာ သုန်မှုန်နေသော မျက်နှာထားများဖြင့် ကြည့်နေမိကြသည်။
ကောင်းကင်ဘုံ နံပါတ်တစ်…
သူသည် လုပ်ကြံသတ်ဖြတ်သူ အသိုင်းအဝိုင်းတွင် အင်မတန် အင်အားကြီးသည့်သူ ဖြစ်ပေသည်။
သူသည် ကြယ်သုံးလုံးအဆင့် သူများကြားတွင် အင်အားအကြီးဆုံးသူဟု ပြောကြသည်။ တစ်ခါတုန်းက သူသည် အင်အားကြီးသည့် ကြေးစားအဖွဲ့များကို တစ်ယောက်တည်း အပြတ်သုတ်သင်ခဲ့ဖူးသည်။
သူ၏ မစ်ရှင်တစ်ခုတိုင်းက အမေရိကန်ဒေါ်လာတစ်ဘီလီယံကျော် တန်သည်ဟုလည်း ပြောကြသည်။ သူက အင်အားကြီးသည့် ရန်သူများကိုသာ သတ်ဖြတ်သည်။ ပိုပြီး အင်အားကြီးလေ သူ ပိုသဘောကျလေဖြစ်သည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က ကောင်းကင်ဘုံ နံပါတ်တစ်သည် ဆရာသခင် တစ်ပိုင်းအဆင့်ကိုတောင် တစ်ခါ သတ်ခဲ့ဖူးခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ သူသည် တစ်ကမ္ဘာလုံးတွင် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှုကွမ်းနှင့် သူ့ကလန်သားများသည် ဤကဲ့သို့ ထိပ်တန်းလူတစ်ယောက်က ကျန်းနန်မြို့သို့ ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့။
"မော့ဟမ်ရှန့်…မင်း ရူးနေလား..မင်းကများ ရှုကလန်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ"
ရှုကွမ်း ဆိုးဆိုးရွားရွားကို ဒဏ်ရာရထားသည်။ မလှမ်းမကမ်းတွင် လူလတ်ပိုင်းအရွယ် လူဝကြီးတစ်ယောက်က လှောင်ရယ်၍ ရပ်နေသည်။
ထိုလူဝကြီးသည် မော့ကလန်ခေါင်းဆောင် မော့ဟမ်ရှန့်ပင်။
"ဟီးဟီး…ရှုကွမ်း… မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်"
"ငါ့သား မော့ထောင်ကို သတ်ခဲ့တဲ့ လုပ်ကြံရေးသမားကို ငါ့လက်ထဲ လွှဲလိုက် ပြီးတော့ ရှုကလန်သား အားလုံးကို မော့ကလန်ကို အညံ့ခံခိုင်းပြီးတော့ ငါ့ရဲ့ လက်ပါးစေတွေ ဖြစ်လာခိုင်းလိုက်"
"အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မင်းတို့အားလုံး ဒီည သေရမယ်"
မော့ဟမ်ရှန့်၏ စကားလုံးတိုင်းက အလွန်ရက်စက်ကာ အညှာအတာ ကင်းမဲ့လှ၏။ ရွေးချယ်ချက် နှစ်ခုကို ကြားပြီးနောက် ရှုကွမ်းနှင့် အရှင်သခင်သုံးယောက်တို့ အခြားအရာကိုသာ ရွေးချယ်ချင်ကြသည်။
"မဖြစ်နိုင်ဘူး"
ဖိုသီဖတ်သီ ဆံပင်နှင့် အလွန်နာကျည်းမုန်းတီးသည့် အကြည့်များနှင့် ရှုကွမ်း အော်ဟစ်လိုက်သည်။
"မော့ဟမ်ရှန့် … မင်း သေချင်နေပြီလား … ငါ့ဆရာ ပြန်လာရင် သူ မင်းကို တစ်စစီ ဖြစ်အောင် လုပ်လိမ့်မယ်"
*ဆရာ ဟုတ်လား*
"ဟဟ…"
မော့ဟမ်ရှန့် အူတက်မတက် အော်ရယ်ကာ ရှုကွမ်းအား လက်ညှိုးငေါက်ငေါက်ထိုးပြီး အထင်သေးသည့် အကြည့်ဖြင့် "ရှုကွမ်း… မင်း အသက်ဒီလောက် ကြီးလာတာတောင် ဆင်ခြင်တုံတရား မရှိသေးဘူးပဲ… မင်း ဘယ်လိုလုပ် အကောင်စုတ်ကလေးကို မင်းဆရာအဖြစ် သတ်မှတ်ထားရတာလဲ"
"ကောင်းပြီလေ… မင်းရဲ့ ရွေးချယ်မှုက ဒီလိုဆိုမှတော့ သေလိုက်တော့ပေါ့ကွာ"
ထိုသို့ပြောပြီး မော့ဟမ်ရှန့်က သူ့ဘေးမှ အနက်ရောင်ဝတ်စုံနှင့်လူကို ပြောလိုက်သည်။
"ဆာ…ရှုကလန်ကို သုတ်သင်ဖို့အတွက် ကျွန်တော့်ကို ကူညီပေးပါဦး"
ငြိမ်၍ ရပ်နေသော ထိုအနက်ရောင် ဝတ်စုံနှင့်လူကို မြင်ရဖို့တောင် ခက်ခဲလှသည်။ သူ၏ ကိုယ်က မထင်မရှားနှင့် ဝေဝါးလို့နေ၏။
ချက်ချင်းဆိုသလိုပင် သူက သေမင်းနတ်ဘုရားက အသက်များစွာကို ရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေသကဲ့သို့ မနှစ်မြို့ဖွယ်ကောင်းသော ချီစွမ်းအင်များကို ထုတ်လွှတ် လိုက်သည်။
မော့ဟမ်ရှန့်၏ စကားကြောင့် ကောင်းကင်ဘုံ နံပါတ်တစ်က နှုတ်ခမ်းကို တွန့်ကာ ပြုံးပြီး ပြောလိုက်သည်။
"ခင်ဗျားရဲ့ သဘောအတိုင်းပဲ"
ထို့နောက် သူသည် ညအဖွဲ့၏ အရှင်သခင်သုံးယောက်ထံသို့ တစ်ဟုန်ထိုးပြေးဝင်သွားပြီး ကြုံးဝါးလိုက်သည်။
"သေပေတော့"
သူ၏ ထက်မြလှသည့် ဓားဖြင့် အရှင်သခင်သုံးယောက်ထဲမှ တစ်ယောက်အား လျှပ်စီးထက်မြန်သော အလျင်နှင့် ထိုးလိုက်သည်။
သို့သော် ထိုစဉ် အလွန်သန်မာသည့် သူတစ်ယောက်က ရှုကလန်၏ အိမ်တော် ခြံဝန်းအတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်လာသည်။
ဘန်း!
ဖုန်မှုန့်များ တထောင်းထောင်း ထကာ ဘေးပတ်ဝန်းကျင်သို့ ကျောက်စရစ်များ လွင့်စင် သွားသည်။
သူသည် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်နှင့် ရှေးခေတ်သားရဲကြီးလိုပင်။
သူ့ကို ကြည့်ပြီး ကောင်းကင်ဘုံ နံပါတ်တစ်၏ လှုပ်ရှားမှုများ တိခနဲ ရပ်တန့်သွားသည်။ ထူးဆန်းသော သူ၏ ကြွက်သားများနှင့် ခန္ဓာကိုယ်ကို မြင်ပြီး သူ အကြီးအကျယ် တုန်လှုပ်သွားသည်။
"မင်း…မင်းက လူသန်ကြီး လင်းပြောင်"
ကောင်းကင်ဘုံ နံပါတ်တစ်၏ အသံက အက်ကွဲနေကာ ဘောင်းဘီထဲ သေးထွက်ကျ မတတ် ဖြစ်သွားရသည်။