သူ့အသက်ကို ယူဖို့ ငါလာတာ
Vol. 12 Ch. 170
*လူသန်ကြီး လင်းပြောင်*
ကောင်းကင်ဘုံ နံပါတ်တစ်သည် ကောင်းကင်ဘုံမှ ကျဆင်းလာသော သူကို ကြည့်ပြီး ကြောက်လန့်ပြီး တုန်ယင်လာသည်။
မော့ဟမ်ရှန့် တစ်ခဏမျှ ကြောင်နေပြီးနောက် ကောင်းကင်ဘုံ နံပါတ်တစ်၏ အနောက်နား၌ ရပ်ကာ မေးလိုက်သည်။
"ဆာ…အဲ့လူက ဘယ်သူမို့လို့လဲ"
ကောင်းကင်ဘုံ နံပါတ်တစ် ဤမျှ ကြောက်လန့်သွားလိမ့်မည်ဟု သူ မထင်ထားမိပါ။ ကြောင်ရှေ့ မတော်တဆ ဝင်ပြေးမိသည့် ကြွက်တစ်ကောင်ကဲ့သို့ ကောင်းကင်ဘုံ နံပါတ်တစ် ကြောက်လန့်ပြီး တုန်နေသည်ကိုတောင် သူ သတိထားမိသည်။
မော့ဟမ်ရှန့်၏ အမေးကြောင့် ကောင်းကင်ဘုံ နံပါတ်တစ်သည် သူ့အစာအိမ်တောင် တုန်လှုပ်နေသည်ကို ခံစားမိပြီး ပြန်ပြောလိုက်သည်။
"သူ…သူက လုပ်ကြံသတ်ဖြတ်ရေးနဲ့ ကြေးစားအဖွဲ့တွေရဲ့ နယ်ပယ်မှာ ဘုရင်တစ်ပါးပဲ၊ တစ်ခါတုန်းက သူ ဗြိတိသျှ စစ်နတ်ဘုရား ခြောက်ယောက်နဲ့ အမေရိကားက ထိပ်တန်း ကြေးစားသမား လေးယောက်ကို သူတစ်ယောက်တည်း သတ်ခဲ့ဖူးတယ်၊ တစ်နေ့ထဲနဲ့ ကြယ်သုံးလုံးအဆင့် ကြေးစားဘုရင် နှစ်ဆယ့်သုံးယောက်လုံး သမိုင်းဝင်သွားခဲ့ဖူးတယ်"
"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အမေရိကန် လူသတ်ကလပ်က ကျင်းပတဲ့ ပြိုင်ပွဲမှာ ဆရာသခင်တစ်ပိုင်း အဆင့်နဲ့ အခြား ဆရာသခင်တစ်ပိုင်းအဆင့် သုံးယောက်ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ဖူးတယ်၊ အဲ့အချိန်ကစပြိး သူက အမေရိကားက မြေအောက်ဂိုဏ်းတွေကို တုန်လှုပ်သွားအောင် လုပ်ခဲ့တာပဲ"
"သူက…ထိပ်တန်းအဆင့် လုပ်ကြံရေးသမား၊ ကြေးစားနတ်ဘုရားနဲ့ မြေအောက်ဂိုဏ်း အားလုံးထဲမှာမှ အင်အားအကြီးဆုံး လူသန်ကြီး လင်းပြောင်ပဲ"
….
ကောင်းကင်ဘုံ နံပါတ်တစ်၏ ပြောပြချက်များကြောင့် မော့ဟမ်ရှန့် အံ့အားသင့် သွားရသည်။
ဂလု!
သူ တံတွေးကို မနည်းကို မျိုချလိုက်မိပြီး အကြောက်လွန့်ပြီး ဘောင်းဘီထဲ သေးထွက်ကျတော့မလို ဖြစ်နေသည်။
ဤမျှ ပြိုင်ဘက်ကင်းသည့် သူနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
"သူ..သူက ညအဖွဲ့နဲ့ ရှုကလန်ကို ကူညီဖို့ လာတာများလား"
မော့ဟမ်ရှန့်နှင့် ကောင်းကင်ဘုံ နံပါတ်တစ်တို့ သတိလစ်တော့မလို ဖြစ်လာသည်။
"ငါတော့ သွားပါပြီ…ငါတော့ သေပါပြီ"
ကောင်းကင်ဘုံ နံပါတ်တစ် ကြက်သီးထကာ နဖူးကနေ ခြေဖျားအထိ အေးစက်နေသော ချီဓာတ်များ ဝင်ရောက်လာသလို ခံစားလာမိသည်။
"လူသန်ကြီးက ဆရာသခင် ဖြစ်ခါနီးအဆင့်ကို တက်ရောက်သွားပြီလို့ လွန်ခဲ့တဲ့ နှစ်ဝက် လောက်ကတည်းက ငါ သတင်းရခဲ့တာ။ ငါတို့ ဆရာသခင်အဆင့်က သူနဲ့ ရင်ဆိုင်နေရတာပဲ"
ကောင်းကင်ဘုံ နံပါတ်တစ် စကားကို ဆုံးအောင် မပြောရသေးသော်လည်း မော့ဟမ်ရှန့်သည် သူတို့ မုချသေတော့မည်ဖြစ်ကြောင်း သတိပြုလိုက်မိသည်။
ကောင်းကင်ဘုံ နံပါတ်တစ်သာမက ညအဖွဲ့မှ အရှင်သခင် သုံးယောက်တို့သည်လည်း လူသန်ကြီးကို မှတ်မိကြသည်။
လူသန်ကြီးသည် ရှန့်ကျန်းမြို့မှ မာစတာ လီကျိုးယောင်၏ အကြီးဆုံးတပည့်ဖြစ်မှန်း သူတို့ သိထားကြသည်။
*ဒီလောက် အင်အားကြီးတဲ့သူက ဒီကို ဘာလို့လာတာပါလိမ့်*
အဆိပ်ပြင်း နဂါးသခင်က ရှေ့သို့တက်လာကာ လက်နှစ်ဘက်ကို ဆုပ်၍ လူသန်ကြီးအား မေးလိုက်သည်။
"ကျွန်တော်က ညအဖွဲ့က အဆိပ်ပြင်းနဂါးသခင်ပါ ဆာ…ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲဆိုတာ ကျွန်တော် သိလို့ရမလား"
လူသန်ကြီးက သူ့ဘက်လှည့်ကြည့်ကာ အုံ့မှိုင်းနေသော မျက်နှာနှင့် ပြန်မေးလာသည်။
"ညအဖွဲ့လား..ဒါဆို ယဲ့ဖန်က မင်းရဲ့ သခင်လား"
*အာ*
အဆိပ်ပြင်းနဂါးသခင် တစ်ခဏမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်ကာ ပြန်မေးလိုက်သည်။
"ဆာ…ခင်ဗျား ကျွန်တော့်သခင်ကို ရှာနေတာပါလား"
"ဟုတ်တယ်"
လူသန်ကြီးလင်းပြောင်က သွေးဆာနေဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"သူ့အသက်ကို ယူဖို့ ငါလာတာ"
*ဘာ*
သူ့စကားကြောင့် ညအဖွဲ့မှ အရှင်သခင်သုံးယောက်နှင့် ရှုကွမ်းတို့ လက်ရှိ ဆိုးရွားနေသော အခြေအနေကို သတိပြုမိသွားသည်။
*သူ့အသက်ကို ယူဖို့ ငါလာတာ*
*လူသန်ကြီးက ယဲ့ဖန်ကို သတ်ချင်နေတာပဲ*
ညအဖွဲ့မှ အရှင်သခင်သုံးယောက်နှင့် ရှုကွမ်းတို့ ချက်ချင်း တုန်လှုပ်သွားကြသည်။ ကောင်းကင်ဘုံ နံပါတ်တစ်ပြီးနောက် ဆရာသခင်ဖြစ်ခါနီးအဆင့် သူတစ်ယောက် ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပါ။
….
သူတို့ မုချသေရတော့မည်ဟု သူတို့အားလုံး သတိပြုလိုက်မိသည်။ တစ်ဘက်တွင်တော့ ကောင်းကင်ဘုံ နံပါတ်တစ်နှင့် မော့ဟမ်ရှန့်တို့ တစ်ခဏမျှ ကြောင်သွားပြီးမှ လူသန်ကြီးက သူတို့ဘက်မှ ဆိုတာကို သတိပြုမိသွားသည်။ ထို့ကြောင့် သူတို့ ပျော်ရွှင်သွားကြသည်။
"ဟဟ … ဘုရားသခင်က ငါ့ကို မျက်နှာသာ ပေးနေတာပဲ … ဘုရားသခင်က ငါ့ကို မျက်နှာသာ ပေးနေတာပဲ"
မော့ဟမ်ရှန့်က အလွန်စိတ်လှုပ်ရှားနေသော မျက်နှာနှင့် ပြောလိုက်သည်။ လူသန်ကြီးလင်းပြောင်က ယဲ့ဖန်အား သတ်ချင်နေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။
"ကောင်းတယ် ... ကောင်းတယ် ... သူသေပြီ … အဲ့ခွေးမသားလေးတော့ ဒီတစ်ခါ သေချာပေါက် ဂန့်တော့မှာပဲ"
ယဲ့ဖန်၊ ရှုကလန်နှင့် ညအဖွဲ့တို့၏ ဆိုးရွားလှသော အနာဂတ်အား မြင်နေရသည့်အလား မော့ဟမ်ရှန့်၏ မျက်နှာက ပျော်ရွှင်မှုကြောင့် အလွန် တက်ကြွလာသည်။
သို့သော် လူသန်ကြီး လင်းပြောင်က မော့ဟမ်ရှန့်အား လျစ်လျူရှုကာ ညအဖွဲ့မှ အရှင်သခင်သုံးယောက်အား မထီမဲ့မြင် အမူအရာနှင့် ကြည့်ပြီး ပြောလာသည်။
"အဆိပ်ပြင်းနဂါးသခင်၊ ကျားငါးမန်းသခင်နဲ့ သွေးသိမ်းငှက်သခင်၊ ညအဖွဲ့ရဲ့ အရှင်သခင်သုံးယောက်ပါလား၊ ကျုပ် မင်းတို့နာမည်ကို ကြားဖူးပါတယ်"
လူသန်ကြီး လင်းပြောင်က မခိုးမခန့် အမူအရာနှင့် ဆက်ပြောလာသည်။
"ကျုပ်ဆရာမှ ကြယ်သုံးလုံးအဆင့် အစေခံရှိတယ်၊ ဒီနေ့ ကျုပ်က မင်းတို့သုံးယောက်ကို ကျုပ်ရဲ့ အစေခံအဖြစ် ခေါ်သွားမယ်"
"ကဲ .... အခု ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ကျုပ်ကို မင်းတို့ရဲ့ သခင်အဖြစ် မှတ်ယူလိုက်ကြ … ဒါဆို မင်းတို့ကို ငါ ခွင့်လွှတ်ပေးမယ်"
….
လူသန်ကြီး၏ စကားကြောင့် ညအဖွဲ့၏ အရှင်သခင် သုံးယောက်လုံး စိတ်ပျက် အားလျော့သွားကြသည်။
ထို့နောက် ဒေါသအိုးဟု လူသိများသော ကျားငါးမန်းသခင်သည် ချက်ချင်း ထအော်တော့သည်။
"အိပ်မက်မက်မနေနဲ့ကွ"
ကျားငါးမန်းသခင်သည် လူသန်ကြီးအား စိုက်ကြည့်ကာ အလွန်အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"မင်းက ဆရာသခင်ဖြစ်ခါနီး အဆင့်ဖြစ်တော့ကော ဘာဖြစ်သလဲ … ငါ့သခင်ကြီးက စကြဝဠာကို အုပ်စိုးတဲ့သူကွ ပြီးတော့ တစ်လောကလုံးမှာ စွမ်းအား အကြီးဆုံးသူကွ … သူတစ်ယောက်တည်းကပဲ ငါ့ရဲ့သခင်ဖြစ်ဖို့ ထိုက်တန်တာ… သူတစ်ယောက်တည်းကပဲ ငါ့ကို ကျွန်ပြုနိုင်တာ"
"ယောင်လို့တောင် စိတ်ကူးယဉ်မနေနဲ့"
ကျားငါးမန်းသခင်၏ စကားများသည် အဆိပ်ပြင်းနဂါးသခင်နှင့် သွေးသိမ်းငှက်သခင်တို့ သူတို့ စိတ်ထဲ ပြောချင်နေသည့် စကားများပင် ဖြစ်သည်။
သုံးယောက်လုံးက လင်းပြောင်အား လူပြက်ကဲ့သို့ မှတ်ယူကာ အထင်အမြင်သေးသလို ကြည့်နေကြသည်။
*ဟမ်*
သူ့စကားကြောင့် လူသန်ကြီး၏ မျက်နှာက ချက်ချင်း မည်းမှောင်လာကာ ပြန်ပြောလိုက်သည်။
"စကြဝဠာကြီးကို အုပ်ချုပ်တဲ့သူတဲ့လား …. တစ်လောကလုံးမှာ စွမ်းအား အကြီးဆုံးသူ ဟုတ်လား … ဟိုး…အရူးတွေ… မင်းတို့က ငါ့တစ်သက်လုံး မြင်ဖူးသမျှထဲမှာ အရူးဆုံး သူတွေပဲ"
လူသန်ကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး မျက်လုံးမှ ပြင်းထန်သော ချီဓာတ်များ ဖြာထွက်နေပြီး "ကောင်းတယ်… အရိုးမာတဲ့ကောင်တွေကို ငါ သိပ်သဘောကျတာ… မင်းတို့ ကျောရိုးက မာရင်လည်း ငါ မင်းတို့ကျောရိုးကို ချိုးပစ်မယ် … မင်းတို့ ခြေသလုံးတွေက မာကျောနေရင်လည်း အဲ့ခြေသလုံးတွေကို ရိုက်ချိုးပစ်မယ်"
"မင်းတို့ ငါ့ကို အညံ့ခံလာတဲ့အထိ ငါ မင်းတို့ကို ရိုက်မယ် … မင်းတို့ ငါ့ရှေ့မှာ ဒူးမထောက်မချင်း…မင်းတို့ ကြောက်ချီးပါပြီး ငါ့ကို မင်းတို့သခင်အဖြစ် အသိအမှတ် မပြုမချင်း မင်းတို့ကို ငါ ရိုက်နှက်မယ်"
ထို့နောက် လူသန်ကြီးက ညအဖွဲ့၏ အရှင်သခင်သုံးယောက်ထံသို့ လက်တစ်ချက် လှုပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သန်မာသော ချီစွမ်းအင်စုများက သူတို့မျက်နှာထံသို့ အလင်းကဲ့သို့ အလျင်နှင့် တိုးဝင်သွားသည်။
လူသန်ကြီးက သူ့လက်ကို သာမန်ကာလျှံကာ ဟန်ဖြင့် လှုပ်ရှားလိုက်သော်လည်း ဟာရီကိန်းကဲ့သို့ လေပြင်းကို ဖြစ်ပေါ်လာစေသည်။
"သေစမ်း"
သေစေနိုင်သော ချီစွမ်းအင်များက အရှင်သခင်သုံးယောက်ထံသို့ ပြေးဝင်လာသည်။ ထို့နောက် သူတို့က သူတို့၏ သံမဏိလက်သီးနှင့် ခေါင်းများကို မော့ကာ ထိုစွမ်းအင်ကို တားဆီးလိုက်ကြသည်။
ဘန်း!
ငလျင်လှုပ်သကဲ့သို့ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် အရှင်သခင်သုံးယောက်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားကြသည်။
သုံးယောက်သား မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာစဉ်တွင် လက်မောင်းများက လုံးဝ သုံးစားမရတော့၊ အရိုးများ ကျိုးကြေကာ ခန္ဓာကိုယ်များက ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်နေကြသည်။
ထွီ!
သူတို့ သွေးအန်မိပြီး ချက်ချင်း ထိတ်လန့်တုန်လှုပ်လာကြသည်။
"အရမ်း..အရမ်း စွမ်းအားကြီးတာပဲ"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆရာသခင်ဖြစ်ခါနီးအဆင့်၏ စွမ်းအားကို သူတို့ နားလည်လိုက်သည်။
သာမန်ရိုက်ချက်လေးနဲ့တင် လင်းပြောင်က အကြီးအကျယ် ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ အကယ်၍ လင်းပြောင်သာ အားပိုသုံးပါက သူ အသာလေး သူတို့သုံးယောက်ကို သတ်နိုင်လောက်သည်။
ထိုစဉ် လူသန်ကြီးက သူတို့သုံးယောက်ထံ လှမ်းလာကာ တက်ကြွစွာ မေးလိုက်၏။
"ဘယ်လိုလဲ…သဘောတူပြီလား"
သူတို့သုံးယောက်၏ မျက်နှာများ ပြာနှမ်းလာပြီးနောက် သူ့အား အထင်သေး ရှုတ်ချဟန်ဖြင့် ကြည့်လိုက်ကြသည်။
"ငါတို့ သဘောမတူဘူး… ငါတို့ မင်းကို ဘယ်တော့မှ အညံ့မခံနိုင်ဘူး"
"လာစမ်းပါ… ငါ ခေါင်းပြတ်ပြီး လည်ပင်းပေါ်မှာ ပန်းကန်ရာလေးလို ခြစ်ရာလေး ထင်နေရင်တောင် ငါ မင်းကို မကြောက်ဘူး"
"မင်း ငါ့အရိုးတွေကို ချိုးလိုက်လို့ရတယ် ဒါပေမယ့် မင်း ငါ့ခေါင်းကို မင်းကို ဦးညွှတ်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး… ဘယ်တော့မှ အိပ်မက်မက်မနေနဲ့"
ညအဖွဲ့၏ အရှင်သခင် သုံးယောက်က သေဖို့ ယတိပြတ် ဆုံးဖြတ်ထားသကဲ့သို့ ပြုမူ နေကြသည်။
သူတို့ သေမှာကို မကြောက်ကြ၊ သူတို့ နှလုံးသားထဲက နတ်ဘုရားအား သစ္စာဖောက်မိသလို ဖြစ်သွားမှာကိုသာ စိုးရွံ့မိနေကြသည်။
*ဘာ*
သူတို့သုံးယောက်၏ အပြုအမူကြောင့် လူသန်ကြီး မျက်နှာပျက်သွားကာ မီးကဲ့သို့ ဝင်းဝင်းတောက်နေသော ချီဓာတ်များက သူ့မျက်လုံးတွင်း ဖြတ်ပြေးလာသည်။
"ကောင်းတယ်…မင်းတို့က တော်တော့်ကို မာရေကြောရေနိုင်တဲ့ ပမွှားလေးတွေပဲ"
"မင်းတို့က သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့"
ထို့နောက် လူသန်ကြီးက လှောင်ရယ်၍ သူ့လက်ဝါးအား အရှင်သခင်သုံးယောက်၏ ဦးခေါင်းသို့ ဦးတည်၍ ခုတ်ပိုင်းလိုက်သည်။
"သေပေတော့"