ငါ့အတွက် ဒါနဲ့တင် မင်းကို သတ်ဖို့ လုံလောက်ပါတယ်
Vol. 12 Ch. 171
အလွန်ထက်ရှ ပြင်းထန်လှသည့် ချီစွမ်းအင်များက အရှင်သခင်သုံး ယောက်လုံး၏ ဦးခေါင်းထံသို့ တိုးဝင်လာသည်။
"သေပေတော့"
လူသန်ကြီးက အလွန်ရက်စက်သည့် အသွင်ဖြင့် ကြုံးဝါးနေပုံက သေမင်းနတ်ဘုရား လောကကြီးတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ရန် ထွက်ပေါ် လာသည်နှင့် သဏ္ဍာန်တူ လှပေသည်။
သူ၏ ချီစွမ်းအင်သည် အလွန်သန်မာလှပြီး လေဟာနယ် ဟင်းလင်းပြင်ကိုတောင် ဟက်တက်ခွဲနိုင်မည့် ပုံပေါ်သည်။
လေပြင်းများက ညအဖွဲ့မှ အရှင်သခင် သုံးယောက်၏ ဦးခေါင်းနားတစ်ဝိုက် တိုက်ခတ်လာသည်။
ဤတိုက်ခိုက်မှုကို ကြည့်ပြီး ကောင်းကင်ဘုံ နံပါတ်တစ်သည် အလွန်ကြောက်လန့်ကာ မျက်ရည်ပင် ဝဲချင်လာသည်။
လူသန်ကြီး၏ ပစ်မှတ်က သူသာ ဖြစ်နေပါက သူ ကြယ်သုံးလုံးအဆင့် တွေထဲတွင် သူက အားအကြီးဆုံး ဖြစ်နေတာတောင်မှ လွတ်ဖို့လမ်း မမြင်ချေ။
"ဒါ …. ဒါ ဆရာသခင်ဖြစ်ခါနီး အဆင့်ရဲ့ ခွန်အားလား"
မော့ဟမ်ရှန့် အလွန်တက်ကြွလာသည်။
*သေလိုက်တော့*
*မင်းတို့အားလုံး သေသင့်တယ်*
*အရှင်သခင် သုံးယောက်လုံး သေသွားပြီးရင် ယဲ့ဖန်လည်း သေမှာပဲ*
မော့ဟမ်ရှန့်၏ မျက်လုံးများတွင် စိတ်အားတက်ကြွမှုများ၊ ကျေနပ်ပျော်ရွှင်နေမှုများဖြင့် ပြည့်လျှံလို့နေ၏။
ထိုအချိန်တွင် အရှင်သခင် သုံးယောက်၏ လက်မောင်းများက ကျိုးနေကာ ခန္ဓာကိုယ်ကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်။
သေမင်းနတ်ဘုရားက သူတို့ထံ ရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ငါတို့တော့ သေတော့မှာပဲ"
ကျားငါးမန်း၊ အဆိပ်ပြင်းနဂါးနှင့် သွေးသိမ်းငှက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်၍သာ နေကြသည်။ သူတို့မျက်နှာပေါ်တွင် စိတ်ပျက်ခြင်း သို့မဟုတ် သွေးပျက်တုန်လှုပ်ခြင်းများ ရှိမနေပါ။
ထိုအစား သူတို့ပုံစံက လွတ်ငြိမ်းချမ်းသာခွင့် ရနေသည့်ပုံ ပေါက်နေသည်။
"ညီအစ်ကိုတို့ … နောင်ဘဝမှာလည်း ငါတို့ ညီအစ်ကိုတွေ ဆက်ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ် … ငါတို့ နောင်ဘဝမှာလည်း ငါတို့သခင်ကြီးဆီမှာ အတူတူ အမှုထမ်းကြတာပေါ့"
သူတို့ လုံးဝ နောင်တမရပါ။ သူတို့ ယဲ့ဖန်နှင့် တွေ့ခွင့်ရတာကိုပင် ကံကောင်းလှပြီဟု မှတ်ယူထားကြသည်။ ထို့ကြောင့် သူ့အတွက်နှင့် သူတို့ သေရမည်ကို လုံးဝ နောင်တမရပါ။
"သခင်ကြီး…နောင်ဘဝရောက်မှပဲ ပြန်တွေ့ကြတာပေါ့ဗျာ"
ထိုအချိန်တွင် သူတို့ တစ်ယောက်ကို တစ်ယောက်က ပြုံးပြလိုက်ပြီး မျက်လုံးမှိတ်ကာ သေခြင်းတရားကို စောင့်မျှော်နေလိုက်ကြသည်။
ဘန်း!
သန်မာသော ချီဓာတ်များက ပဲ့တင်ထပ်လာပြီး ကျယ်လောင်သော ကျိုးပဲ့သံများပါ ထွက်ပေါ်လာသည်။
အရှင်သခင်သုံးယောက်သည် အလွန်စူးရှ ပြင်းထန်သည့် ချီစွမ်းအင်ကြောင့် နာကျင်မှု ဝေဒနာ ခံစားရသည့်ပမာ ပါးပြင်များ ရဲတက်လာပြီး ဆတ်ခနဲ တုန်ခါသွား၏။
သို့သော်လည်း သူတို့က ကြောက်လန့်သွားရမည့်အစား မည်သည့် နာကျင်မှုမှ မခံစားရသည့်အတွက် သူတို့ မျက်မှောင်ကြုတ်သွားသည်။
*အမ်*
သူတို့ ဇဝေဇဝါနှင့် မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည်။ သို့သော် သူတို့ မြင်လိုက်ရသည့် အရာကြောင့် ထိတ်လန့်ကာ ထခုန်မိမတတ် ဖြစ်သွားသည်။
"သခင်ကြီး"
လူငယ်တစ်ယောက်က သူတို့ရှေ့တည့်တည်တွင် ရပ်လို့နေ၏။
တောက်! တောက်!
ထိုလူငယ်၏ နောက်ကျောမှ သွေးများ တတောက်တောက် ကျလို့နေသည်။ သူ၏ ကျောပြင်တွင် သွေးများဖြင့် ချင်းချင်းနီနေပြီး ဆိုးရွားစွာ ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အရိုးဖြူဖြူများကိုတောင် မြင်နေရ၏။
ယဲ့ဖန်သည် ပါးစပ်အပြည့် သွေးတစ်လုတ်မျှ အန်လိုက်ပြီးနောက် သူ့မျက်နှာသည် ချက်ချင်းကို ဖြူရော်လာလေတော့သည်။
သူ နာကျင်မှု ဝေဒနာကို ခံစားနေရသော်လည်း သူသည် အရှင်သခင် သုံးယောက်ကို နွေးထွေးစွာ ပြုံးပြလို့နေ၏။
ထို့နောက် သူက ခပ်သွက်သွက် ပြောလာသည်။
"မှတ်ထားကြ … မင်းတို့အသက်တွေကို ငါပိုင်တယ် … ငါ့ခွင့်ပြုချက်မပါဘဲ မင်းတို့ သေလို့မရဘူး"
ယဲ့ဖန်၏ စကားများက အလွန်နိုင်လိုမင်းထက် ဆန်သော်လည်း ရင်ထဲနွေးထွေး သွားစေသေး၏။
ယဲ့ဖန်၏ ဆိုးရွားစွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်နှင့် သူ၏ နွေးထွေးသော စကားများကို နားထောင်ရင်း အရှင်သခင်သုံးယောက်လုံး မျက်ရည်ကျလာသည်။
သူတို့၏ သခင်ကြီးက ဆရာသခင် ဖြစ်ခါနီးအဆင့်သူ၏ သေစေနိုင်လောက်သော တိုက်ခိုက်မှုအား သူ့အသက်ကို ရင်း၍ ခုခံပေးလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။
"သခင်ကြီး"
ညအဖွဲ့၏ အရှင်သခင် သုံးယောက်သည် အပြစ်ရှိသလိုကော ဒေါသထွက်သလိုကာ ခံစားမိကာ ငိုမိသည်။
သူတို့သာမက ဘေးပတ်ဝန်းကျင်လူများပါ ထိတ်လန့်သွားမိသွားသည်။
ဆရာသခင်ဖြစ်ခါနီးအဆင့်၏ စွမ်းအားအပြည့်ပါသော တိုက်ခိုက်မှုသည် ကြယ်သုံးလုံးအဆင့် သူများကို အသားနှစ်များ ဖြစ်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
သို့သော် ထိုတိုက်ခိုက်မှုသည် ယဲ့ဖန်၏ ကျောကိုသာ ထိသွားပြီး ရပ်တန့်သွားသည်။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
ခြံဝန်းထဲသို့ အခုလေးတင် ဝင်လာသည့် ရို့ယွီနှင့် ရှုထန့်တို့သည်လည်း လုံးဝ မှင်တက် အံ့အားသင့်သွားကြသည်။
ယဲ့ဖန်၏ သွေးများနှင့် ရွှဲနစ်နေသော နောက်ကျောကို ကြည့်ပြီး သူတို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ထို့နောက် ရို့ယွီသည် အလွန် ထိတ်လန့်ကာ ဇဝေဇဝါဖြစ်နေဟန်ဖြင့် ရေရွတ်လိုက်သည်။
"အံ့ဩစရာ မရှိတော့ပါဘူး … ငါ့ရဲ့ ဘိုးဘေးက ဘာလို့ သူ့ကို ဒီလောက် လေးစားနေရ တာလဲဆိုတာက အံ့ဩစရာ မရှိတော့ဘူး …သူနဲ့ ထိုက်တန်ပါပေတယ်"
ကိုယ့်အသက်ကို ရင်းပြီး ကိုယ့်လက်အောက်ငယ်သား၏ အသက်ကို ကယ်တင်သည့် သူမျိုး ရို့ယွီ တစ်ခါမှ မမြင်ခဲ့ဖူးပါ။
ယဲ့ဖန်က သူ၏ နောက်လိုက်များအတွက် နတ်ဘုရားပင် ဖြစ်ပေသည်။ ထို့ကြောင့် ရို့ယွီသည် ယဲ့ဖန်အား အလွန်လေးစားမိသွားသည်။
လူသန်ကြီးတောင်မှ တစ်ခဏမျှ ကြောင်သွားရသည်။ ထို့နောက် သူ့မျက်လုံးတွင်း၌ စူးရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ မေးလိုက်သည်။
"မင်းက ယဲ့ဖန်လား"
ယခင်တုန်းက လူသန်ကြီးသည် ယဲ့ဖန်ဆိုသောသူက လှည့်ကွက်အချို့ တက်မြောက်သည့် ထိပ်တန်းစွမ်းအား အဆင့်သာသာ ကောင်သာ ဖြစ်သည်ဟု ထင်ထားခဲ့မိသည်။
ယဲ့ဖန်က သူ၏ တိုက်ခိုက်မှုအား သူ့ကျောပြင်ကို အသုံးပြု၍ ခုခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။ ထို့ကြောင့် သူ ယဲ့ဖန်အား အတော်လေး သတိထားလိုက်မိသည်။
သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်က လူသန်ကြီးဘက် လှည့်ကာ အေးတိအေးစက် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ငါ့ကို ရှင်းပြစမ်း"
*အမ်*
လူသန်ကြီး တစ်ခဏမျှ ကြောင်သွားပြီးမှ မခိုးမခန့် အမူအရာဖြင့် ပြောလိုက်သည်။
"ရှင်းပြရမှာလား.. ကောင်းပြီလေ…ဒီမှာ ငါ့ရဲ့ အကြောင်းပြချက်ပဲ"
ထို့နောက် လူသန်ကြီးသည် သူ့အိတ်ကပ်ထဲမှ ရွှေရောင်ကဒ်ပြား တစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။
"မင်းက ထိပ်တန်းအဆင့် စွမ်းအားလေးပဲ ရှိနေပင်မယ့် မင်းက ဖဲချပ် နံပါတ်ရှစ်ရဲ့ ပိုင်ရှင် ဖြစ်နေတယ်၊ ဒါပေမယ့် ဆရာသခင်အဆင့် ဖြစ်ခါနီးနေတဲ့ ငါက နံပါတ် တစ်ဆယ်ပဲ ရှိနေတာကွ၊ မင်းက ငါ့လမ်းကို လာပိတ်နေတယ်၊ အဲ့ဒါကြောင့် မင်း သေကို သေရမယ်"
"လော့စစ်က ငါ့ဆရာတူ ဂျူနီယာညီလေးပဲ၊ လော့ဟန်ရွှမ်းက ငါ့ညီမလေးပဲ၊ မင်းက သူတို့ကို သတ်တဲ့အပြင် လော့ကလန်ကိုပါ သုတ်သင်လိုက်မှတော့ မင်း သေသင့်တယ်"
ထို့နောက် လူသန်ကြီးသည် ယဲ့ဖန်အား အလွန်ရက်စက်သည့် အကြည့်ဖြင့် ကြည့်ကာ
"ဒီအကြောင်းပြချက် နှစ်ချက်နဲ့တင် မင်းကို ငါ သတ်ဖို့ လုံလောက်ပြီလား"
*ဘာ*
လူသန်ကြီး၏ စကားကြောင့် အိမ်တော်တွင်းရှိ လူများအားလုံး ထိတ်လန့်သွားကြသည်။ မော့ဟမ်ရှန့်သည် ယဲ့ဖန်အား မယုံသင်္ကာဟန်ဖြင့် မျက်ခုံး တလှုပ်လှုပ်နှင့် ကြည့်နေမိသည်။
"လော့စစ်နဲ့ လော့ဟန်ရွှမ်းက သူ့ကြောင့် သေသွားတာလား … လော့ကလန်ကို သူ သုတ်သင်လိုက်တာလား … ဒါ မဖြစ်နိုင်ပါဘူး"
ယခုရက်ပိုင်းတွင် လော့ကလန်သားများ အားလုံး ပျောက်ဆုံးနေသည့်အပြင် လော့အိမ်တော်တစ်ခုလုံးသည်လည်း ပျက်စီး ယိုယွင်းနေသည်။
ဤအဖြစ်အပျက်က ကျန်းနန်တစ်မြို့လုံးကို ထိတ်လန့်သွားစေခဲ့သော်လည်း မည်သူမျှ လက်သည်တရားခံကို မသိကြ။
အဖွဲ့အစည်း တော်တော်များများက ဆရာသခင်အဆင့် အောက်တွင် အင်အားအကြီးဆုံး သူဖြစ်သည့် လော့စစ်ကို သတ်သွားသည့်သူက ဆရာသခင် ဖြစ်ခါနီးအဆင့်မှသူ သို့မဟုတ် ဆရာသခင်အဆင့်မှ သူတစ်ယောက်က လုပ်သွားသည်ဟု ထင်မှတ် ထားကြသည်။
သို့သော် ဤကဲ့သို့ သုတ်သင်ခြင်းအား ပြုလုပ်သွားသည့်သူက ယဲ့ဖန် ဖြစ်နေလိမ့်မည်ဟု မော့ဟမ်ရှန့် ထင်မှတ်မထားမိပါ။
ခံစားချက်များနှင့် တုန်ယင်လာပြီးနောက် သူက စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"တော်သေးတယ်….လူသန်ကြီး ဒီမှာ ရှိနေလို့ တော်သေးတာပေါ့… မဟုတ်လို့ကတော့ မော့ကလန်လည်း သုတ်သင်ခံရလောက်ပြီ"
မော့ဟမ်ရှန့်သည် ယဲ့ဖန်အား ကြောက်ရွံ့နေဆဲပင်။ ရှုထန့်နှင့် ရို့ယွီတို့သည်လည်း အံ့ဩနေကြသည်။
ယဲ့ဖန်က လော့ကလန်အား သုတ်သင်လိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
*ဖဲချပ်*
*လော့ကလန်*
လူသန်ကြီး၏ အကြောင်းပြချက် နှစ်ခုကို ယဲ့ဖန် ကြားသည်နှင့် သူ့မျက်လုံးများက မည်းနက်လို့လာသည်။ သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီးနောက် သူက အလွန်ပြင်းထန်သည့် လေသံဖြင့် ပြောလိုက်သည်။
"လုံလောက်တယ်…အဲ့အကြောင်းပြချက် နှစ်ခုနဲ့တင် ခင်ဗျားကို ကျုပ် သတ်လိုက်ဖို့ လုံလောက်နေပြီ"
*ဘာ*
ယဲ့ဖန်စကားကြောင့် လူသန်ကြီးနှင့် ကောင်းကင်ဘုံ နံပါတ်တစ် အပါအဝင် အိမ်တော်တွင်းရှိ လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့အားလုံးက ယဲ့ဖန်အား အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
*ရူးနေတာလား*
*အဲ့ကောင်တော့ လုံးဝ ရူးနေပြီ*
*ညအဖွဲ့က အရှင်သခင်သုံးယောက်တောင် သူတို့ ခွန်အားတွေကို ဆုံးရှုံးသွားတာလေ*
*ယဲ့ဖန်လည်း လူသန်ကြီးရဲ့ သေစေနိုင်တဲ့ တိုက်ကွက်ကြောင့် အပြင်းအထန် ဒဏ်ရာရ သွားတာလေ*
*ဒါကိုတောင် သူက ဒီအကြောင်းပြချက် နှစ်ခုနဲ့တင် လူသန်ကြီးကို သူ သတ်ဖို့ လုံလောက်နေပြီတဲ့လား*
*သူ လုံးဝ ရူးနေပြီ*
"ကောင်းတယ်…တော်တော် ဘဝမြင့်နေတဲ့ ကောင်ပါလား"
လူသန်ကြီး၏ မျက်လုံးထဲတွင်တော့ ယဲ့ဖန်သည် သေလူသာ ဖြစ်သည်။ ကြောက်မက်၊ ရက်စက်ဖွယ် ကောင်းသည့် ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရင်း လူသန်ကြီးက လှောင်၍ ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ဒီလောက် ဒဏ်ရာရထားတာတောင်မှ မင်း ငါ့ကို ဘယ်လို သတ်မလဲ ဆိုတာကို ငါ ကြည့်ချင်မိတယ်"
လူသန်ကြီး၏ စကားများက အလွန်ရက်စက်လှသည်။ သို့သော် ယဲ့ဖန်က ခပ်တည်တည်နှင့် ခေါင်းကိုခါ၍ ပြောလိုက်သည်။
"မင်း မှားနေပြီ…မင်းရဲ့ ပြိုင်ဘက်က ငါ မဟုတ်ဘူး"
ထို့နောက် ယဲ့ဖန်က သူ့နောက်မှ အရှင်သခင် သုံးယောက်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
"သူတို့တွေလေ"
*မဖြစ်နိုင်လိုက်တာ*
*ယဲ့ဖန်က အရှင်သခင် သုံးယောက်ကို လူသန်ကြီးနဲ့ တိုက်စေချင်တယ်…ဆရာသခင် ဖြစ်ခါနီးအဆင့်ကသူနဲ့လေ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ခြံဝန်းတစ်ခုလုံး ယုံမှားသံသယစိတ်များဖြင့် ပြည့်နှက်လာသည်။ အရှင်သခင် သုံးယောက်တောင်မှ အံ့အားသင့်သွားကြသည်။
ထိုစဉ် ဆေးလုံး သုံးလုံးက သူတို့ပါးစပ်ထဲ ဝဲပျံ၍ ဝင်ရောက်လာပြီးနောက် အရည်ပျော်သွားသည်။
"ဒီ အဆင့်အမြန်တိုး ဆေးလုံးကို သောက်ပြီး မင်းတို့ရဲ့ ဆရာသခင်အဆင့် ခွန်အားနဲ့ မင်းတို့ အရှက်ရခဲ့တာကို ပြန်ဖယ်ရှားလိုက်"
"သွား…သူ့ကို သတ်လိုက်တော့"