← Chapters

လူသန်ကြီးအား ခြေလှမ်းလေးလှမ်းအတွင်း သတ်ဖြတ်ခြင်း

Vol. 12 Ch. 173

လူသန်ကြီးအား ခြေလှမ်းလေးလှမ်းအတွင်း သတ်ဖြတ်ခြင်း

Vol. 12 Ch. 173

အိမ်တော်တွင်းရှိ လူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ယဲ့ဖန်က လေထဲသို့ ပထမဆုံး ခြေတစ်လှမ်းလှမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ ခြေထောက်နှင့် မြေကြီး ထိကပ်ခြင်း မရှိတော့ချေ။ ထို့နောက် ဟာရီကိန်း မုန်တိုင်းကျရောက်လာပြီး ယဲ့ဖန်၏ ခြေထောက် အောက်မှ လေဟာနယ်သည် မြေကဲ့သို့ ခိုင်ခံ့လာသည်။

ယဲ့ဖန်သည် ကောင်းကင်ဘုံသို့ တက်လှမ်းနေသကဲ့သို့ လေထုထဲတွင် ငါးမီတာ၊ ခြောက်မီတာ အမြင့်သို့ ရောက်ရှိနေသည်။

လင်းပြောင် ရုတ်တရက်ကြီး ကြောက်စိတ်ကြောင့် ခေါင်းမွှေးထောင်နေသလို ခံစားလိုက်ရသည်။ သေစေနိုင်သော ချီဓာတ်များက သူ့နား ဝန်းရံနေသကဲ့သို့ သူ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။

"သေစမ်း…ဒီကောင် ဘာလှည့်ကွက်တွေ သုံးနေတာလဲ"

လူသန်ကြီး ထိတ်လန့်နေကာ မျက်ခုံးကလည်း ခပ်လှုပ်လှုပ် ဖြစ်နေ၏။ ထိုစဉ် ငရဲမှ ထွက်ပေါ်လာသော အသံကဲ့သို့ ယဲ့ဖန်၏ အသံက ပဲ့တင်ထပ်လာသည်။

"ပထမခြေလှမ်းနဲ့တင် ငါ လေထဲကို ခုန်တက်သွားနိုင်တယ်"

ထို့နောက် ယဲ့ဖန်က လေထဲတွင် ပေါ့ပေါ့ပါးပါးနှင့် ခြေတစ်လှမ်း ထက်လှမ်းလိုက်သည်။ တဖျစ်ဖျစ် မြည်သံနှင့်အတူ လေထုသည် ဖိသိပ်၍ နင်းချေခံလိုက်ရသလို ဖြစ်သွားသည်။

ကမ္ဘာကြီးသည် မိုးပြိုတော့မလို ဖြစ်လာကာ လင်းပြောင် တစ်ယောက် ထိုက်တောင်ကြီးကို ထမ်းထားရသကဲ့သို့ ခံစားလာမိသည်။

လင်းပြောင်တစ်ယောက် ဒူးတွေ ညွတ်ခွေလာကာ မြေကြီးပေါ် ဒူးထောက်လျက်သား လဲကျသွားသည်။

"သေစမ်း"

လင်းပြောင် မျက်လုံးတွေ ရဲရဲနီလာသည်။ သူ့ခေါင်းအထက်မှ လေထုအား ယဲ့ဖန် ထိုးခွင်းလိုက်သလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် တောင်တစ်လုံး၏ ဖိနှက်ခြင်းအား ခံထားရသလို ခံစားနေရသည်။

လင်းပြောင် အကြောက်အကန် ရုန်းကန်နေသော်လည်း တိုးပွားလာသော အလေးချိန်ကြောင့် ဦးညွှတ်လိုက်ရသည်။

ထို့အပြင် သူ့အရိုးများသည်လည်း တဖြောက်ဖြောက် မြည်လာသည်။

"ဒါ… မဖြစ်နိုင်ပါဘူး"

ဤကဲ့သို့ ထူးခြားလှသည့် တိုက်ပွဲဝင် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မယုံကြည်နိုင်ပါ။ သူ့ဦးခေါင်းအထက် လေထဲတွင် ရပ်နေသော ယဲ့ဖန်အား သူ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်းရဲ့ ချာတူးလံနေတဲ့ အစွမ်းနဲ့ ငါ့ကို သတ်ချင်နေတာလား…အိပ်မက် မက်မနေနဲ့"

ထိုသို့ ပြောပြီး လင်းပြောင်သည် မှော်စာရွက် တစ်ပုံတစ်ခေါင်းအား ထုတ်ကာ ယဲ့ဖန်ထံသို့ ပစ်ပေါက်လိုက်သည်။

မှော်စာရွက်များသည် အလွန်ထက်ရှသော ဓားများအဖြစ်သို့ ချက်ချင်း အသွင်ပြောင်း သွားကာ ယဲ့ဖန်ထံသို့ ဝဲပျံ၍ ဝင်ရောက်လာသည်။

ဤတိုက်ခိုက်မှုသည် ဆရာသခင်အဆင့်မှ သူတစ်ယောက် အင်ပြည့်အားပြည့်နှင့် တိုက်ခိုက်ခြင်းနှင့် ညီမျှလေသည်။

ဤသည်ကား အလွန်ကြမ်းတမ်းလှပေ၏။ လေထုသည်လည်း စုတ်ပြဲလာသည်။

သို့သော် ယဲ့ဖန်က သူ၏ တိုက်ခိုက်မှုအား လျစ်လျူရှုကာ လေထဲတွင် ဒုတိယခြေလှမ်းကို စတင်လိုက်သည်။

"ဒုတိယခြေလှမ်းမှာ ငါက မြေကြီးကို အက်ကွဲအောင် လုပ်မယ်"

ဒုတိယခြေလှမ်း လှမ်းလိုက်ပြီးနောက် ယဲ့ဖန်ခြေထောက်အောက်ရှိ လေထုသည် ပို၍ မာကျောလာသည်။

ဝှစ်! ဝှစ်! ဝှစ်!

မှော်စာရွက်များသည် ယဲ့ဖန်အနားသို့ မရောက်ခင်လေးမှာတင် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေတော့သည်။

တရှဲရှဲမြည်သံနှင့်အတူ မှော်စာရွက်များသည် ကြေမွနေသော စာရွက်များ ဖြစ်သွားကာ မြေကြီးပေါ် ပြန်ပြုတ်ကျလာသည်။

လင်းပြောင်သည် သူ့အပေါ်သို့ ဖိကျလာသည့် အလေးချိန်က ပို၍ များပြားလာသဖြင့် မြေကြီးထဲသို့ ဆက်၍ အိကျလာသည်။

ဒူးများက မြေကြီးထဲသို့ နစ်ဝင်လာသည်။ သူ့အရိုးများက ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာပြီး အရေပြားသည်လည်း စုတ်ပြဲလာသည်။

"ခွေးကောင်"

လင်းပြောင် သေမတတ် လန့်လာသည်။ ယဲဖ့န်သာ နောက်ထပ် တစ်လှမ်း ထပ်လှမ်းပါက သူ့ခန္ဓာကိုယ် တစ်စစီ ဖြစ်တော့မည်ကို သူ သိနေသည်။

"မဟုတ်ဘူး… ငါ အရှုံးကို လက်မခံနိုင်ဘူး"

လင်းပြောင် မလိုလားစိတ်များဖြင့် ဟစ်ကြွေးလာသည်။

ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ ရောက်နေသော သူသည် သေသည်အထိ နင်းခြေခံ ရမည့်အစား တိုက်ခိုက်ရင်းနှင့်သာ အသေခံသွားချင်သည်။

ဤသည်ကား ရှက်ဖွယ်အတိပင်။ အလွန်ကို ရှက်ဖွယ်ကောင်းလှ၏။

လင်းပြောင် ဒေါသူပုန်ထလာသဖြင့် သူ့မျက်လုံးများကလည်း ရဲရဲနီလာသည်။ သူ၏ အတွင်းအား ချီစွမ်းအင်များဖြင့် ယဲ့ဖန်အား တိုက်ခိုက်ရန် သူ အစွမ်းကုန် ကြိုးစားနေသည်။

"သေပေတော့…သေပေတော့…သေစမ်းကွာ"

သူ၏ အတွင်းအား ချီဓာတ်များက ကြယ်သုံးလုံးအဆင့်မှ သူကို သေစေနိုင်ပြီး ဆရာသခင် တစ်ပိုင်းအဆင့်မှ သူကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

သို့သော် ယခုအခါတွင် သူ၏ တစ်ဟုန်ထိုး တိုးပွားနေသော အတွင်းအားချီဓာတ်များက ယဲ့ဖန်ထံ မရောက်ခင် လေထဲမှသာ တန့်သွားသည်။

"အား"

ယဲ့ဖန် လုံးဝ စိတ်ဓာတ်ကျသွားသည်။ ယဲ့ဖန်က တတိယခြေလှမ်း လှမ်းရန် ပြင်နေသည်ကို သူ အကြောက်လွန်ကာ သတိလစ်မတတ် ဖြစ်သွားရသည်။

"ရပ်လိုက်…မင်းနိုင်ပါတယ်…မင်း နိုင်ပါတယ်"

"ရပ်လိုက်ပါတော့…ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့"

လင်းပြောင် အလွန် စိတ်ဓာတ်ကျကာ နောင်တရနေသည့် စိတ်များဖြင့် အော်ဟစ်လိုက်သည်။

သူ ကြောက်လန့်လို့ နေလေပြီ။ လူတစ်ယောက်က ဤကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းသည့် လှည့်ကွက်များ သုံးနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။

အလွန်တရာမှ …. ကြောက်မက်ဖွယ် ကောင်းပြီး နတ်ဆိုးဆန်လှသည့် လှည့်ကွက် ပါတကား။

ရို့ယွီသည်လည်း အလွန်ထိတ်လန့်လို့နေသည်။ လေထဲတွင် ရပ်နေသည့် ယဲ့ဖန်နှင့် မြေကြီးထဲသို့ နစ်ဝင်နေသော လင်းပြောင်အား ကြည့်ပြီး ရို့ယွီ မှင်တက်နေမိသည်။

"ကောင်းကင်ဘုံသို့ တက်ရာလမ်း .... ဒါ ငါ့ဘိုးဘေးရဲ့ ကောင်းကင်ဘုံသို့ တက်ရာလမ်းလား"

ယဲ့ဖန်က ဆရာသခင် ဖြစ်ခါနီးအဆင့် ရောက်နေသောသူအား သူမ အမြဲတမ်း ဖျော်ဖြေမှု သက်သက်ဟုသာ မှတ်ယူထားသော ကောင်းကင်ဘုံသို့ တက်ရာလမ်း ပညာဖြင့် အသာလေး နင်းချေသွားနိုင်မည်ဟု ထင်မှတ်မထားမိပါ။

တစ်ဘက်မှ ကောင်းကင်ဘုံ နံပါတ်တစ်နှင် မော့ဟမ်ရှန့်တို့သည်လည်း မှင်တက် အံ့ဩနေသည်မှာ ကြာလှပြီဖြစ်သည်။

လေထဲတွင် ရပ်နေသည့် ယဲ့ဖန်အား ဇဝေဇဝါဖြင့် ကြည့်နေကာ သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိကြသည်။

*လူတစ်ယောက်က လေထဲမှာ ဘယ်လိုလုပ် လမ်းလျှောက်နိုင်တာလဲ*

*ဒါ…အံ့ဩစရာကြီးပါလား*

သူတို့ အလွန်ထိတ်လန့်နေစဉ် တတိယမြောက် စကားကို ကြားလိုက်ရသည်။

"တတိယခြေလှမ်းနဲ့ ငါ နတ်ဘုရားကို သတ်မယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က လေထဲတွင် နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်သည်။

သည်တစ်ခါတွင်တော့ သူ့ခြေထောက်အောက်ရှိ လေထုသည် လေထုဖိအားကြောင့် ပို၍ သိပ်သည်းလာကာ တဖျစ်ဖျစ် မြည်သံလာသည်။

ထို့ပြင် ဘုန်းခနဲ မြည်သံနှင့်အတူ သူ့ခြေထောက်အောက်ရှိ မြေပြင်သည် အမြောက်ဆန် ထိမှန်ခြင်း ခံလိုက်ရသကဲ့သို့ တစ်မီတာခန့် နက်သော ချိုင့်ခွက်ကြီး ဖြစ်ပေါ်လာသည်။

ထိုချိုင့်ခွက်ထဲတွင် လူတစ်ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာရလို့နေ၏။ ထိုသူကတော့ လင်းပြောင်ပင်။

"အားအားအား…. ငါ့အရိုးတွေ… ငါ့မရီဒမ်….မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး"

လင်းပြောင် လေးဘက်ထောက်လျက်သား လဲကျနေ၏။ သူ့အရိုးတွေ အကုန်လုံး တစ်စစီ ကျိုးကြေနေလေသည်။ သူ၏ အရွတ်များသည်လည်း စုတ်ပြဲလို့နေ၏။

သူ့ရဲ့ အရေပြားတွင် ပြင်းထန်သော အက်ကြောင်းရာများနှင့် ဖုံးလွှမ်းလို့နေသည်။

ထိုအက်ကြောင်းရာများမှ သွေးများ ဒလဟော စီးကျနေသောကြောင့် တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံလို့နေ၏။

မျက်လုံးများက ချိုင့်ဝင်နေကာ သူ သေတော့မည်ကို သိနေသဖြင့် အလွန်ကြောက်လန့်လို့ နေသည်။

"နတ်ဆိုး…မင်း…မင်းက လူမဟုတ်ဘူး…မင်းက နတ်ဆိုးပဲ"

လူသန်ကြီး စိတ်ဓာတ်ကျနေပြီဖြစ်သည်။  ယဲ့ဖန်၏ မိုးကောင်းကင်သို့ တက်ရာလမ်းသည် သူ့အမြင်စိတ်ကူးကို ကပြောင်းကပြန် ဖြစ်သွားစေသည်။

*လူတစ်ယောက်က လေထဲမှာ ဘယ်လိုလုပ် လမ်းလျှောက်နိုင်မှာလဲ*

*လူတစ်ယောက်က လေထုကို သူ့ခြေထောက်နဲ့ နင်းချေနိုင်မှာလဲ*

*အံ့…အံ့ဩဖို့ကောင်းလိုက်တာ*

"နောက်ခြေလှမ်းတစ်လှမ်းနဲ့ဆို ငါ အင်မော်တယ်တွေကို သတ်နိုင်တယ်"

ထိုအချိန်တွင် ယဲ့ဖန်၏ တင်းမာသော လေသံက ထွက်ပေါ်လာသဖြင့် လူသန်ကြီး အလွန်တုန်လှုပ်လာသည်။

"မဟုတ်ဘူး"

လင်းပြောင် သနားစဖွယ်နှင့် စိတ်ဓာတ်ကျကာ အော်ဟစ်လိုက်မိသည်။ ထိုအချိန်မှာပဲ ယဲ့ဖန်က လေးယောက်မြောက် ခြေလှမ်းကို လှမ်းလိုက်သည်။

ထို့နောက် မမြင်နိုင်သော မြေဆွဲအားက တိုးပွားလာကာ လေထုထဲတွင် ဗုံးတစ်လုံးက တုန်ဟည်းလာတော့သည်။

ချိုင့်ခွက်က ပို၍ နက်ရှိုင်းလာသည်။ ပို၍ တိုးပွားလာသော ဖိအားအောက်တွင် လင်းပြောင်သည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ ကမ္ဘာပေါ်သို့ သူ၏သွေးများဖြင့် သွေးမိုးရွာသွားစေ၏။

လင်းပြောင် လုံးဝ ပျောက်ကွယ်သွားချေပြီ။

*သေသွားပြီလား*

*ဆရာသခင် ဖြစ်ခါနီး အဆင့်က သူ၊ မြေအောက်လောကထဲမှာ အားအကြီးဆုံးသူက ယဲ့ဖန်ရဲ့ ခြေလှမ်းလေးလှမ်းအောက်မှာ နင်းချေခံရပြီး သေသွားတယ်တဲ့လား*

ခြံဝန်းတစ်ခုလုံး တိတ်ကျသွားလေတော့သည်။

All Chapters