← Chapters

ငရဲသို့ ခရီးနှင်ခြင်း

Vol. 12 Ch. 174

ငရဲသို့ ခရီးနှင်ခြင်း

Vol. 12 Ch. 174

ရှုအိမ်တော် ခြံဝန်းတစ်ခုလုံး တိတ်ကျလို့နေသည်။

မည်သူမှ အသံတစ်စိုးတစ်လေမျှ မထွက်ရဲကြချေ။ တိတ်ဆိတ်နေပုံက အပ်ကျသံကိုပင် ကြားရလောက်ပေသည်။

လူတိုင်း ခြံဝန်းထဲရှိ ချိုင့်ခွက်ကြီးကို အကြည့်ရောက်နေကြသည်။ မြေကြီးပေါ်ရှိ ပျံ့ကျဲနေသော သွေးအိုင်ကြီးကို ကြည့်ပြီး လူတိုင်း ထိတ်လန့်နေကြသည်။

*သူသေသွားပြီ*

*ဆရာသခင် ရောက်ခါနီးအဆင့်က သူက ကြက်ကလေး ငှက်ကလေးလို ခြေလှမ်း လေးလှမ်းနဲ့ အနင်းခံရပြီး သေသွားတယ်*

*ဒါ မဖြစ်နိုင်ပါဘူး*

သာမန်သူများအတွက် ဆရာသခင်အဆင့်က သူများသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်က ခြေလှမ်း လေးလှမ်းအတွင်း တကယ်ပင် သေဆုံးသွားခဲ့သည်။

ဂလု!

ကောင်းကင်ဘုံ နံပါတ်တစ် တံတွေးကို မနည်းမျိုချကာ ဖြူဖတ်ဖြူရော် မျက်နှာနှင့် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်နေသကဲ့သို့ ကြည့်နေမိသည်။

*နတ်ဆိုး*

*သူက တကယ့် နတ်ဆိုးပဲ*

ယဲ့ဖန်က ဤကဲ့သို့ စွမ်းဆောင်မှုမျိုး လုပ်ဆောင်နိုင်လိမ့်မည်ဟု ကောင်းကင်ဘုံ နံပါတ်တစ် ထင်မှတ်မထားမိပါ။

သူ လူသန်ကြီး၏ သေဆုံးမှုကို တစ်သက်လုံး စိတ်ထဲ စွဲနေအောင် မှတ်မိနေမှာ ဖြစ်သည်။

"မော့ဟမ်ရှန့်…ခွေးမသား"

ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ဟမ်ရှန့်အပေါ် ဒေါသထွက်ကာ အံကို တင်းနေအောင် ကြိတ်လိုက်မိသည်။

ဤကဲ့သို့ နတ်ဆိုးအစွမ်းမျိုး ရှိသည့်သူအား သတ်ရန် မော့ဟမ်ရှန့်က သူ့ကို ခိုင်းစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။

ဒါ ကိုယ့်သေတွင်းကိုယ် တူးတာနှင့် ထူးမခြားနားပင်။

ညအဖွဲ့၏ အရှင်သခင် သုံးယောက်အား ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့သည့်အပြင် ယဲ့ဖန်အား သတ်ရန် ကြံစည်မိခဲ့သည်ကို ပြန်အမှတ်ရမိသည်နှင့် ကောင်းကင်ဘုံ နံပါတ်တစ် ဒယီးဒယိုင် ဖြစ်ကာ ဆံပင်မွှေးပင် ထောင်လာသလို ခံစားရသည်။

သူ ချက်ချင်း နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် ထိုစဉ် သူသည် ပြင်းထန်သော စူးစူးစိုက်စိုက် အကြည့်ထဲ နစ်မြှပ်သွားသလို ခံစားလိုက်ရသည်။

ထို့နောက် ကောင်းကင်ဘုံ နံပါတ်တစ်သည် အာတိတ်ဒေသ အလယ်သို့ ကျရောက် သွားသလို ခံစားလာမိသည်။

သူ တစ်ချက်လှုပ်လိုက်သည်နှင့် ဆိုးဆိုးရွားရွား ဖြစ်လာမည်ဟု ခံစားနေမိသည်။ ကောင်းကင်ဘုံ နံပါတ်တစ်သည် ချက်ချင်း ယဲ့ဖန်ဘက်သို့ ဒူးထောက်ချကာ တောင်းဆိုလိုက်သည်။

"မစ္စတာ … ယဲ့ … ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ … ကျွန်တော် လှည့်စားခံလိုက်ရတာပါ … ခင်ဗျားက ကျွန်တော့်ပစ်မှတ်မှန်း ကျွန်တော် မသိခဲ့ပါဘူး"

"ဒါတွေအားလုံးက မော့ဟမ်ရှန့်ရဲ့ အမှားတွေပါပဲ … သူက ခင်ဗျားကို သတ်ဖို့ ကျွန်တော့်ကို ခိုင်းခဲ့တာပါ … ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ … ကျွန်တော် ခင်ဗျားရဲ့အစေခံ အဖြစ် နေဆိုလည်း နေပါ့မယ် … ကျွန်တော့်ကို ညှာတာပေးပါဗျာ"

ကောင်းကင်ဘုံ နံပါတ်တစ်သည် လုံးဝ ကြောက်ရွံ့လို့နေပြီး ယဲ့ဖန်က နဖူးတိုက်၍ တောင်းပန်လေတော့သည်။ သူ့ခန္ဓာကိုယ်သည်လည်း စပါးလှေ့ထဲ ထည့်၍ အလှည့်ခံနေရသည့် စပါးစေ့များကဲ့သို့ တုန်ယင်နေသည်။

သူ ကြောက်လန့်နေသည်။ သူ လုံးဝ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ဆရာသခင် ဖြစ်ခါနီးအဆင့်မှ သူအား ခြေလှမ်း လေးလှမ်းတည်းနှင့် နင်းခြေလိုက်နိုင်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲဝင် စွမ်းရည်မျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ဤသည်ကား လူသားတစ်ယောက်၏ စွမ်းဆောင်ရည်ကို ကျော်လွန်နေချေပြီ။

ကောင်းကင်ဘုံ နံပါတ်တစ်၏ စကားအဆုံးတွင် မော့ဟမ်ရှန့်သည် လဲကျသွားကာ မျက်နှာတစ်ခုလုံးကလည်း ပြာနှမ်းလာသည်။

*ငါတော့ သွားပါပြီ*

အခြေအနေက ဤကဲ့သို့ ကပြောင်းကပြန် ဖြစ်သွားလိမ့်မည်ဟု မော့ဟမ်ရှန့် မထင်မှတ်ထားမိပါ။

ယဲ့ဖန် လေထဲမှ ပြန်လည်ဆင်းလာသည်ကို ကြည့်ပြီး မော့ဟမ်ရှန့်တစ်ယောက် ငေးငိုင်နေမိသည်။

ယဲ့ဖန်က ကောင်းကင်ဘုံ နံပါတ်တစ်အား ခက်ထန်သော မျက်လုံးများဖြင့် ကြည့်နေသည်။

ယဲ့ဖန် သူ့ဆီ လှမ်းလာနေသည်ကို ကြည့်ပြီး ကောင်းကင်ဘုံ နံပါတ်တစ် ခြေကုပ်မိ ထားသည်။

နတ်ဆိုးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဟု သူ ခံစားနေမိသည်။ ထို့ကြောင့် သူ စိတ်မချနိုင်ဖြစ်ကာ ချွေးပြန်လာသည်။

"မစ္စတာ … ယဲ့…ကျွန်တော် … ကျွန်တော် မော့ကလန်က လူတွေကို သတ်တဲ့နေရာမှာ ကျွန်တော် ကူညီပေးပါ့မယ် … ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ …. ကျွန်တော့်ကို အရူးတစ်ကောင်လို့ သတ်မှတ်ပြီးတော့ ကျွန်တော့်ကို သွားခွင့်ပေးပါ"

ကောင်းကင်ဘုံ နံပါတ်တစ် ဟစ်အော်လိုက်မိသည်။ သူ အသက်ရှင်ရန် သူ ဘာမဆို လုပ်မည်ဖြစ်သည်။ သူ ငိုကြွေးနေသည်ကို အခြား လုပ်ကြံရေးသမားများသာ သိပါက ဆူညံပွက်လော ရိုက်သွားလောက်သည်။

လုပ်ကြံရေးလောကတွင် ထိပ်တန်းဖြစ်သည့် သူက ချောင်ပိတ်မိနေသည့် ခွေးတစ်ကောင်လို လူတစ်ယောက်၏ ခွင့်လွှတ်မှုကို ရရှိရန် တောင်းပန်နေရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

ကောင်းကင်ဘုံ နံပါတ်တစ်ကို ကြည့်ပြီး ယဲ့ဖန်က မခိုးမခန့်ပြုံးလိုက်ပြီး ပြောလိုက်သည်။

"သူတို့ကို သတ်လိုက် ဒါဆို မင်း ထွက်သွားလို့ ရပြီ"

*ဟင်*

ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်ဘုံ နံပါတ်တစ် ကြောင်အနေပြီးမှ သူ့အမိန့်ကို သတိရပြီး ပျော်ရွှင်သွားသည်။ ယဲ့ဖန် သဘောတူလိမ့်မည်ဟု သူ ထင်မထားမိခဲ့။

"သေချာတာပေါ့… မစ္စတာယဲ့… ကျွန်တော် သူတို့အားလုံးကို အခုပဲ သတ်လိုက်ပါ့မယ်"

ကောင်းကင်ဘုံ နံပါတ်တစ်သည် ယဲ့ဖန်၏ စွမ်းရည်အား အလွန်ကြောက်သည်။ ထို့ကြောင့် သူ ချက်ချင်းထရပ်ကာ မော့ဟမ်ရှန့်နှင့် သူ့ကလန်သားများထံသို့ ပြေးဝင်သွားလိုက်သည်။

"သွားသေလိုက်တော့"

ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ကလန်သားများအား ရက်ရက်စက်စက် သတ်ဖြတ်နေပုံက သေမင်းနှင့် ဆင်တူလှပေသည်။

"ကောင်းကင်ဘုံ နံပါတ်တစ်…မင်း..မင်း တော်တော် စက်ဆုပ်ဖို့ ကောင်းပါလားကွ"

သူ့ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို ကြည့်ပြီး မော့ဟမ်ရှန့် ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

သူ အလုပ်အပ်ခဲ့လိုက်သည့် ထိပ်တန်း လုပ်ကြံရေးသမားက သူ၏ အိပ်မက်ဆိုး ဖြစ်လာမည်ဟု မော့ဟမ်ရှန့် ထင်မထားခဲ့။

"သေပေတော့…သေလိုက်တော့…သွားသေလိုက်တော့"

သို့သော် ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ဟမ်ရှန့်၏ အတွေးများကို လိုက်တွေး မကြည့်နိုင်ပါ။ သူ့အတွေးထဲတွင် သတ်ဖြတ်ခြင်းနှင့်သာ ပြည့်နှက်လို့နေသည်။

မော့ကလန်သားများ အားလုံးကို သတ်လိုက်ပြီးမှသာ သူ အသက်ရှင်ခွင့်ရမည် ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ တိုက်ကွက်များက ပို၍ ရက်စက် ကြမ်းတမ်းလာသည်။

ရွှစ်! ရွှစ်! ရွှစ်!

မော့ကလန်၏ ခွန်အားကြီးသူများ တစ်ယောက်ပြီး တစ်ယောက် ဆွဲဖြဲခံလိုက်ရသည်။ ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ကလန်သားများအား ကြက်သွန်မြိတ်များ ရိတ်သိမ်းသလို လှီးဖြတ်ရိတ်သိမ်းနေသည်။

မော့ကလန်၏ နောက်ဆုံးလူကို သတ်လိုက်ပြီးနောက် ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ဟမ်ရှန့်အား လှည့်ကြည့်လာသည်။

"မင်း…မင်း ရူးနေပြီ.. မင်းဘဝက အဆုံးသတ်လှမှာ မဟုတ်ဘူး"

နာကျည်း၍ မျှော်လင့်ချက်မဲ့နေသော မျက်နှာနှင့် မော့ဟမ်ရှန့်က နောက်သို့ တစ်လှမ်းပြီး တစ်လှမ်း ဆုတ်လို့နေသည်။

*ငါ့ဘဝက အဆုံးသတ်လှမှာ မဟုတ်ဘူး ဟုတ်လား*

ကောင်းကင်ဘုံ နံပါတ်တစ်က မချိုမချဉ် အပြုံးမျိုးနှင့် ပြောလိုက်သည်။

'ဟီးဟီး … မစ္စတာယဲ့က မင်းတို့အားလုံးကို သတ်လိုက်ရင် ငါ့ကို အသက်ရှင်ခွင့် ပေးမယ်လို့ ကတိပေးထားပြီးပြီ"

"အဲ့ဒီတော့ အနာဂတ်မရှိတာ ငါ မဟုတ်ဘူး မင်းပဲ"

ကောင်းကင်ဘုံ နံပါတ်တစ်၏ စကားကြောင့် မော့ဟမ်ရှန့်၏ မျက်နှာက ပို၍ ဖြူဖတ်ဖြူရော် ဖြစ်လာသည်။

သူ အလွန်အမင်း နောင်တရလာသည်။ ယဲ့ဖန်က ဤမျှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းရည်ပိုင်ရှင် ဆိုတာကိုသာ သူ သိခဲ့ပါက သူ့ကလန်သားများ အားလုံး အသတ်ခံရသည် ဖြစ်စေ သို့မဟုတ် မော့ထောင် အသတ်ခံလိုက်ရသည် ဆိုတာတောင်မှ သူ ကလဲ့စားချေမည် မဟုတ်ပါ။

သို့ပင်မယ့် အချိန်နှောင်းသွားချေပြီ။

ရွှစ်!

ထိုစဉ် လက်ဖဝါး တစ်ဘက်က မော့ဟမ်ရှန့်၏ ဘယ်ဘက်ရင်ဘတ် ထဲသို့ ထိုးဖောက် လာသည်။

သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး ကောင်းကင်ဘုံ နံပါတ်တစ်အား စူးစိုက်ကြည့်ပြီး နာကျည်း မုန်းတီးစွာ မာန်မဲလိုက်သည်။

"ကောင်းကင်ဘုံ နံပါတ်တစ် … ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး … နောင်ဘဝရောက်တောင် ခွင့်မလွှတ်ဘူးကွ"

သူ့လက်မှ သွေးများကို သုတ်လိုက်ပြီး ကောင်းကင်ဘုံ နံပါတ်တစ်က အသာအယာ ပြုံး၍ ရေရွတ်လိုက်သည်။

"အရူးတွေ … ငါ့အသက်ထက် ဘယ်ဟာကမှ ပိုအရေးမကြီးဘူးကွ"

ထိုသို့ ပြောပြီး ကောင်းကင်ဘုံ နံပါတ်တစ်က တစ်ဘက်လှည့်ကာ ယဲ့ဖန်ဘက်သို့ စိတ်လှုပ်ရှားနေဟန်ဖြင့် လျှောက်လာသည်။

"မစ္စတာယဲ့ … ပြီးသွားပါပြီ … ကျွန်တော် မော့ကလန်သား အားလုံးကို သတ်လိုက်ပါပြီ"

ယဲ့ဖန်က ခေါင်းသာ ညိတ်ပြ၍ ကောင်းကင်ဘုံ နံပါတ်တစ်အား ခက်ထန်သော မျက်နှာထားနှင့် ကြည့်နေသည်။

"မစ္စတာ …. ယဲ့ … အာ…ကျွန်တော် အခု သွားလို့ရပြီလားဗျ"

ကောင်းကင်ဘုံ နံပါတ်တစ်က ယဲ့ဖန်အား သေချာအောင် ထပ်မေးသော်လည်း ကတုန်ကယင် ဖြစ်လို့နေသည်။

"မင်း သွားလို့ရပြီ" ဟု ယဲ့ဖန်က ခေါင်းညိတ်၍ အေးဆေးစွာ ပြောလိုက်သည်။

"တမလွန်သွားတဲ့လမ်းက ချော်တယ်နော် … ဂရုစိုက်သွားဦး"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်ဘုံ နံပါတ်တစ် မျက်နှာပျက်သွားကာ စောဒက တက်လိုက်သည်။

"မစ္စတာ…ယဲ့ … ခင်ဗျားပြောတော့ ကျုပ် မော့ကလန်က လူတွေကို သတ်ပေးရင် ကျုပ် သွားလို့ရပြီဆို … ခင်ဗျား ကိုယ့်ကတိကိုယ် မဖျက်သင့်ဘူးလေ"

ကောင်းကင်ဘုံ နံပါတ်တစ်၏ မျက်နှာက ပြာနှမ်းလာသည်။ ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် သူ အလွန်စိတ်ဓာတ်ကျသွားသည်။

"ကျုပ်ပြောတာက ခင်ဗျား ငရဲကို သွားလို့ရပြီလို့ ပြောတာလေ"

ယဲ့ဖန်က မကောင်းဆိုးဝါးသဖွယ် ပြုံး၍ သူ၏ ဓားကျိုးဖြင့် ကောင်းကင်ဘုံ နံပါတ်တစ်အား ခုတ်ပိုင်းလိုက်သည်။

ရွှစ်!

ဖျတ်ခနဲ အလင်းတစ်ချက် လင်းလာပြီးနောက် ကောင်းကင်ဘုံ နံပါတ်တစ်သည် သူ့လည်ပင်း အေးစက်လာသလို ခံစားလိုက်ရသည်။

ထို့နောက် သူ၏ ဦးခေါင်းသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း လျှောကျလာသည်။

သူ့ဦးခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သူ့မျက်လုံးများသည် အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်နှင့်         စိတ်အလိုမကျမှုများဖြင့် ပြည့်နှက်လို့ နေသည်။

All Chapters