ကျွန်မ…. ကျွန်မ ရှင့်ကို ချစ်တယ်
Vol. 12 Ch. 175
ကောင်းကင်ဘုံ နံပါတ်တစ်ကို သတ်လိုက်ပြီးသည်နှင့် ယဲ့ဖန် သွေးအန်လာပြီး သူ့မျက်နှာမှာလည်း အလွန် ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
ယခင်က သူ၏ ခွန်အားနှင့် လူသန်ကြီးနှင့် ညီတူညီမျှပင် ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံသို့ တက်ရာလမ်းကို သုံးလိုက်သဖြင့် သူ၏ သဘာဝ စွမ်းအင်များကို အလွန်အကျွံ ကုန်ဆုံးသွားသည်။
"သခင်ကြီး"
အရှင်သခင် သုံးယောက်နှင့် ရို့ယွီတို့ မှင်တက်သွားပြီး အသည်းအသန် ရှေ့သို့ ပြေးတက်လာသည်။
ယဲ့ဖန်၏ ပြာနှမ်းနေသော မျက်နှာကို မြင်လိုက်ရသဖြင့် သူတို့ အလွန် စိုးရိမ်သွားသည်။ ယဲ့ဖန် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမှန်း သူတို့ သိလိုက်သည်။
နှုတ်ခမ်းမှ သွေးကို သုတ်လိုက်ပြီး ယဲ့ဖန်က အားလုံး အဆင်ပြေကြောင်း ပြောဆိုလိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို တောင်းကာ ပစ္စည်းအချို့၏ နာမည်ကို ချရေးပြီး ရှုကွမ်းထံ ပေး၍ ပြောလိုက်သည်။
"ဘာပဲ ဖြစ်နေပါစေ ဒီစာရွက်ထဲမှာ ပါတဲ့ အရာအားလုံးကို တစ်နေ့အတွင်း ရအောင်ရှာလာခဲ့"
စာရွက်ထဲမှ စာရင်းကို ကြည့်ရင်း ရှုကွမ်းသည် ထူးခြားသော ပစ္စည်းများကို သတိထားလိုက်မိသည်။
"ဟုတ်ကဲ့ပါ မာစတာ"
ရှုကွမ်း ချက်ချင်း ကတိပေးလိုက်သည်။ ယဲ့ဖန်၏ မျက်နှာက အလေးအနက် ဖြစ်လာကာ အမိန့်တစ်ခု ထပ်ပေးလိုက်သည်။
"ပြီးတော့ ညအဖွဲ့သားတွေကို ပုန်းကွယ်နေဖို့ ပြောလိုက်"
ယဲ့ဖန်၏ အမိန့်ကြောင့် အရှင်သခင်သုံးယောက် အံ့ဩသွားပြီးမှ ပြန်မေး လိုက်သည်။
"သခင်ကြီး … ခင်ဗျား ရှန့်ကျန်းမြို့က ဆရာသခင်အဆင့် လီကျိုးယောင် ကြောင့် စိုးရိမ်နေတာလား"
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။ ယခုအခြေအနေနှင့် ဆရာသခင် အဆင့်မှ သူကို မနိုင်နိုင်ကြောင်း သူ သိနေသည်။
လီကျိုးယောင်သာ လူသန်ကြီး အသတ်ခံလိုက်ရသည့် သတင်းကို ကြားလိုက် ရပါက သူ သေချာပေါက် ချက်ချင်း ဒီမြို့ကို ပြေးလာနိုင်သည်။
ဒီလိုသာဆိုလျင် နောက်ထပ် သွေးမိုးရွာနိုင်ချေ ရှိသည်။ ထိုစဉ် ယဲ့ဖန်၏ ဖုန်းမှ ဖုန်းသံ ထွက်ပေါ်လာသည်။
*ဟင်*
ယဲ့ဖန် ကြောင်သွားပြီးရသည်။ ဖုန်းကိုင်လိုက်ပြီးနောက် ယဲ့ဖန် အကြီးအကျယ် မျက်နှာပျက်လာသည်။
…
နောက်တစ်နေ့ မနက်တွင်မူ ကျန်းနန်မြို့ တစ်ဝိုက်တွင် သတင်းထူးတစ်ခုက ပျံ့နှံ့လို့လာသည်။
ကျန်းနန်မြို့၏ နောက်ထပ် အဓိကကလန် တစ်ခုဖြစ်သည့် မော့ကလန်သည် လော့ကလန် သုတ်သင်ခံရပြီးနောက် ထပ်မံ၍ သုတ်သင်ခံလိုက်ရသည် ဟူသည့် သတင်းပင်။
တစ်ချိန်တည်းမှာပင် နာမည်တစ်ခုက ကျန်းနန်တစ်မြို့လုံးအား ထိတ်လန့်သွား စေခဲ့သည်။
ယဲ့ဖန်…
ယဲ့ဖန်သည် ကျန်းပေမြို့က အဓိကကလန်များ အားလုံးကို သုတ်သင်ခဲ့သည်။ ယဲ့ဖန်သည် ကျန်းနန်မြို့နှင့် ကျန်းပေမြို့တို့တွင် နံပါတ်တစ် ကလန်ဖြစ်သည့် လော့ကလန်ကိုလည်း ရှင်းလင်း ဖယ်ရှားခဲ့သည်။
ဤကဲ့သို့သော သတင်းများကို ကြားရပြီးနောက် ကျန်းနန်မြို့ရှိ အဖွဲ့အစည်းများ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ကျန်းနန်မြို့ရှိ အဖွဲ့အစည်း တော်တော်များများသည် သူ့နာမည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် ထပ်မံ၍ စုံစမ်းမှုများ ပြုလုပ်ပြီးနောက် အားလုံး မှင်တက်သွားကြရ၏။
ယဲ့ဖန်
---ကျန်းရှီမြိုရှိ အဓိကအဖွဲ့အစည်းများ၏ ခေါင်းဆောင်
---ထူးဆန်းသော အဖွဲ့အစည်းဖြစ်သည့် ညအဖွဲ့၏ သခင်အသစ်
--- ကျန်းနန်မြို့ရှိ အဓိကကလန်တစ်ခုဖြစ်သော ရှုကလန်၏ ခေါင်းဆောင် ဖြစ်သူ ရှုကွမ်း၏ ဆရာ
သူတို့ ထပ်မံ၍ ရရှိလိုက်သည့် သတင်းအသစ်များကြောင့် ကျန်းနန်မြို့ရှိ အဓိက အဖွဲ့အစည်းများ အားလုံး သေမမတတ် ထိတ်လန့်သွားကြသည်။
ဆရာသခင်အဆင့်အောက်တွင် အင်အားအကြီးဆုံးသူဖြစ်သည့် လော့စစ်အား ယဲ့ဖန် သတ်ခဲ့သည်။
ဟွာရှနိုင်ငံ၏ နိုင်ငံ့ထောက်တိုင် လေးတိုင်ထဲမှ တစ်ယောက်ဖြစ်သည့် လီကျိုးယောင်၏ အကြီးဆုံး တပည့် ဖြစ်ပြီး ရှန့်ကျန်းမြို့၏ ဆရာသခင် ဖြစ်ခါနီးအဆင့် လူသန်ကြီးအား ယဲ့ဖန် သတ်ခဲ့သည်။
အဆိုပါ နောက်ဆက်တွဲ သတင်းနှစ်ခုကြောင့် ကျန်းနန်တစ်မြို့လုံး ပွက်လောရိုက် သွားသည်။
ဆရာသခင်အဆင့် လူငယ်လေးတစ်ယောက်….
ကျန်းနန်မြို့က အဖွဲ့အစည်းများက ယဲ့ဖန်သည် ဆရာသခင်အဆင့် ရောက်နေသည့် လူငယ်လေးတစ်ယောက်ဟု ယူဆမိသွားကြသည်။
ထိုသို့မဟုတ်ပါက သူ လော့စစ်နှင့် လင်းပြောင်အား မည်သို့ သတ်နိုင် ပါမည်နည်း။
ထိုသတင်းများက ကျန်းနန်မြို့တစ်ခွင်လုံးသို့ ပျံ့နှံ့သွားချိန်တွင် ယဲ့ဖန်သည် အဓိက ကလန်များ၏ တပည့်တပန်းများကြားတွင် ရေပန်းအစားဆုံးသူ ဖြစ်လာသည်။
များစွာသော လူငယ်များက ယဲ့ဖန်အား သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ် လာကြသည်။
သူတို့ထဲမှ အများစုသည် ယဲ့ဖန်၏ မျက်နှာကို မြင်ဖူးချင်၍ ရှုကလန်ကိုတောင် သွားရောက်ကြသေးသည်။
သို့သော် ယဲ့ဖန်က ကျန်းရှီမြို့သို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်းကိုတော့ မည်သူမှ မသိလိုက်ကြ။
ကျန်းရှီမြို့ရှိ အန်းရှီအိမ်တွင် ခါးကုန်းတစ္ဆေ ခေါင်းဆောင်သည် ဇောချွေးပြန် လာကာ အိုးပူထဲ ရောက်မိသွားသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ပူထူ နေသည်။
"ငါ ဘာလုပ်ရမလဲ … ငါ ဘာလုပ်သင့်သလဲ … မမလေး အန်းရှီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ့သခင်ကြီးကို ငါ ဘယ်လိုမျက်နှာပြရမလဲ"
ခါးကုန်းတစ္ဆေ ခေါင်းဆောင် စိတ်လှုပ်ရှားကာ ခေါင်းပူလာသည်။ ယမန်နေ့ ကပင် နတ်ဆိုး အလောင်းကောင် အားစစ်နှင့် ကြေးစားဘုရင် ကိုးယောက်တို့ သန့်စင်သော ယန်ဆေးလုံးနှင့်အတူ ကျန်းရှီမြို့သို့ ပြန်ရောက်လာကြသည်။
အန်းရှီအား ဆေးတိုက်ပြီးသည်နှင့် မကြာခင်မှာပင် သူမ၏ ဆန်းကြယ် ရေခဲ ချီစွမ်းအင်ကို ထိန်းချုပ်သွားနိုင်ပြီး သူမ ပြန်သတိရလာသည်။
သို့သော် သူမ ပြန်သတိရလာသည့်ညမှာပင် နောက်တစ်ခါ ကိုမာ ဝင်သွား လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိကြပါ။
ထို့အတူ သူမရဲ့ ဆန်းကြယ်ရေခဲချီဓာတ်ဟာလည်း ပြန်၍ တိုးပွားလာ ပြန်သည်။ သူမအခန်းတစ်ခုလုံး ရေခဲများဖြင့် ဖုံးလွှမ်းသွားသည်။ သူမအိပ်ခန်း တံခါးတောင်မှ ရေခဲပန်းဆွဲများ၊ ရေခဲလွှာများနှင့် ဖုံးလွှမ်းသွားသည်။
ခါးကုန်းတစ္ဆေ ခေါင်းဆောင် အခန်း ထောင့်နားမှာ ထူပူပြီး ထိုင်နေစဉ် အခန်းဆီသို့ လှမ်းလာနေသော ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် ယဲ့ဖန် ဝင်ရောက်လာပြီး သူ့အနောက်မှ လူအချို့ လိုက်ပါလာသည်။
"သခင်ကြီး"
သူ့သခင်ကြီးကို မြင်လိုက်ရသည်နှင့် ခါးကုန်းတစ္ဆေ ခေါင်းဆောင် အားတက် လာကာ သူ၏ သခင်ကြီးအား လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။
"အန်းရှီ ဘယ်လိုနေသေးလဲ"
ခရမ်းရောင် သန်းနေသော မျက်နှာနှင့် ယဲ့ဖန် မေးလိုက်သည်။ သူ တိုက်ပွဲကနေ ရထားသော ဒဏ်ရာကား အရှင်းမပျောက်သေး။
သူ့အမေးကြောင့် ခါးကုန်းတစ္ဆေ ခေါင်းဆောင်က အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"သခင်ကြီး … မမလေး အန်းရှီက သန့်စင်ယန်ဆေးလုံး သောက်ပြီးတော့ သတိပြန်လည် လာပါတယ် … ဒါပေမယ့် မနေ့ညကပဲ နောက်တစ်ခါ ကိုမာ ပြန်ဝင်သွားပါတယ်"
*ဟမ်*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ချက်ချင်း တံခါးဖွင့်၍ အခန်းထဲ ဝင်သွားလိုက်သည်။ အခန်းထဲဝင်ဝင်ချင်းမှာတင် အရိုးခိုက်မတတ် အေးစက် သော လေက သူ့အား တိုက်ခတ် လာသည်။
အခန်းထဲတွင် အန်းရှီကိုယ် ပတ်လည်ရှိ ရေခဲနံရံက အရည်ပျော်လို့ နေသော်လည်း သူမက ကုတင်ပေါ် လှဲလျောင်းနေဆဲ ဖြစ်ကာ သူမ၏ မျက်တောင်များတွင် ရေခဲများ ခဲကာ ကပ်ညိနေပုံက အိပ်ပျော်နေသော အလှလေးတစ်ပါးလိုပင်။
အန်းရှီ၏ ရေခဲချီဓာတ်ကို ခံစားမိပြီးနောက် ယဲ့ဖန်က ခေါင်းကိုညိတ်၍ ရေရွတ် လိုက်သည်ကား " ကြယ်တစ်လုံးအဆင့်"
သူ့စကားကြောင့် ခါးကုန်းတစ္ဆေသည်လည်း အသည်းအသန် ရှင်းပြ လိုက်သည်။
"သခင်ကြီး မနေ့ညက မမလေး အန်းရှီ သတိလစ်သွားပြီးနောက် သူမရဲ့ အတွင်းအား ချီဓာတ်တွေက သိပ်သည်းလာပါတယ်၊ နောက်တော့ စွမ်းအင် တွေက တိုးပွားလာပြီး ကြယ်တစ်လုံး အဆင့်ကို တန်းရောက် သွားတာပါ၊ သူ မကြာခင် ဒီ့ထက်မြင့်တဲ့ အဆင့်ကို ချိုးဖောက် ဝင်ရောက်မယ်လို့ ကျွန်တော် ထင်မိပါတယ်"
ခါးကုန်းတစ္ဆေ၏ မျက်လုံးတွင် အလွန်တရာ ထိတ်လန့်နေဟန်များ ပျော်ဝင်နေသည်။
ဤမျှ ထူးဆန်းသည့် အဖြစ်အပျက်မျိုးနှင့် သူ တစ်ခါမှ မကြုံခဲ့ဖူးပါ။ သာမန်လူတစ်ယောက်က တစ်ညတည်းနှင့် ကြယ်တစ်လုံး အဆင့်သို့ တက်ရောက်သွားနိုင်တာပါလိမ့်။ လူထူးလူဆန်းတစ်ယောက်တောင် ဤကဲ့သို့ စွမ်းဆောင်မှုမျိုးကို မလုပ်နိုင်ပါ။
"ကြည့်ရတာ အန်းရှီရဲ့ ဆန်းကြယ်ရေခဲ အရင်းအမြစ်က ပို၍ သိပ်သည်း လာပြီထင်တယ်…ပြီးတော့ ထိန်းလို့လည်းမရတော့ဘူး"
"ဒါသာ မရပ်တန့်ဘူးဆိုရင် သူမစိတ်ကို ထိခိုက်သွားနိုင်တယ်… အဲ့ဒီလိုဆို အန်းရှီ မသေရင်တောင်မှ ရူးသွားနိုင်တယ်"
ယဲ့ဖန်က အလွန်စိတ်မကောင်းဖြစ်နေသော မျက်နှာနှင့် ပြောလိုက်သည်။ ထိုစဉ် ရုတ်တရက် ပြောင်းလဲမှု တစ်ခုဖြစ်ပွားလာသည်။
အန်းရှီကိုယ်ထဲမှ ဆန်းကြယ် ရေခဲချီဓာတ်က အားနည်းလာကာ အသက်မဲ့ ချီစွမ်းအင် အမျှင်တန်းက သူမ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည်။
"မကောင်းတော့ဘူး သခင်ကြီး မမလေး အန်းရှီရဲ့ အသက်ဓာတ်က ကျဆင်းလာပြီ"
ထိုအချိန်တွင် အခန်းထဲမှ အခြေအနေက အောက်သို့ ထိုးကျလာသည်။ အသက်မဲ့ ချီစွမ်းအင်က အန်းရှီ၏ မျက်နှာသို့ တိုးချဲ့လာသည်နှင့်အမျှ သူမကိုယ်တွင်းမှ အသက်ဓာတ်က ပို၍ အားနည်းလို့လာသည်။
"သေစမ်း"
ယဲ့ဖန်၏ မျက်နှာတွင် စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်လာသည်။ အန်းရှီ၏ ဆန်းကြယ် ရေခဲ အရင်းအမြစ်က သူမကိုယ်ကို စတင်၍ ထိခိုက်အောင် လုပ်နေပြီမှန်း သူ သိလိုက်သည်။ အန်းရှီ သေတော့မလို ဖြစ်လာ တာပါလား။
"ဟင်…"
ထိုစဉ် အန်းရှီ၏ မျက်တောင်လေးများက တဖျက်ဖျက် လှုပ်လာသည်။ ထို့နောက် သူမ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာ၏။
"ဖန်…ဖန်…"
အန်းရှီက မျက်လုံးပွင့်လာသည်နှင့် ယဲ့ဖန်ကိုသာ လှမ်းကြည့်သည်။ သူမ အလွန် အားနည်းနေပုံ ရသည်။ သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးက အလွန်ဖြူရော်နေကာ အသက်မဲ့နေသလိုပင်။
"ဖြူစင်လွန်းလိုက်တဲ့ ကောင်မလေး" ယဲ့ဖန်က အန်းရှီ၏ ခေါင်းလေးကို ပွတ်ကာ သူမကို နှစ်သိမ့်ပေးရန် ကြံစည်လိုက်သည်။
ဒါ သူမ၏ သေခါနီး ရှေ့ပြေးနိမိတ်မှန်း သူ သိလိုက်သည်။ တစ်စုံ တစ်ယောက်က သေခါနီးကာလတွင် သူ/သူမသည် တက်ကြွသော အခြေအနေသို့ ကူးပြောင်းလာသည်။
'ဖြူစင်လွန်းလိုက်တဲ့ ကောင်မလေး' ဟူသော အသံကို ကြားလိုက်ရသည်နှင့် သူမသည် တောက်ပစွာ ပြုံးကာ လေသံ တိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ဖန်…ကျွန်မ…ကျွန်မ သေတော့မယ်လို့ ခံစားနေရတယ်"
သူမ အပြုံးတွင် နောင်တရနေဟန်များ ပါဝင်နေသည်။
"ကျွန်မရဲ့ အသက်ဓာတ်က မရှိတော့သလို ခံစားနေတယ်"
"ကျွန်မ သေရမှာကို မကြောက်ပါဘူး ဒါပေမယ့် ကျွန်မ နည်းနည်းတော့ နောင်တ ရမိတယ်"
အန်းရှီက ယဲ့ဖန်အား မျှော်လင့်တကြီးကြည့်ကာ ပြောလာသည်။
"ဖန်…ကျွန်မ ရှင့်ကို ပြောစရာ စကားတစ်ခွန်း ရှိတယ်…"
သူမ၏ နုနယ်သော မျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန် ဝမ်းနည်းလာကာ သူမပါးစပ်နား နားကပ်၍ နားထောင်လိုက်သည်။
ထို့နောက် တိုးညှင်းသော အသံလေးကို သူ ကြားလိုက်ရသည်။
"ဖန် ကျွန်မ တောင်းပန်ပါတယ်နော်…ကျွန်မ ရှင့်အိပ်ယာကို သိမ်းပေးတာ၊ ရှင့်အဝတ်တွေ လျှော်ပေးတာ၊ ရှင့်အတွက် ညစာချက်ပေးတာကို ကျွန်မ တစ်သက်လုံး လုပ်ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ"
"ကျွန်မ ရှင့်အနားမှာ မိုးမြေအဆုံးထိ အဖော်ပြုပေးချင်ခဲ့တာ၊ ကျွန်မ ရှင့်အနားမှာ သေသည်အထိ နေချင်ခဲ့တာ၊ ဒါပေမယ့် ကျွန်မ အဲ့ကတိကို ထပ်ပြီးမတည်နိုင်တော့ဘူး ထင်တယ်…"
"ဖန်…ကျွန်မ … ရှင့်ကို ပြောချင်တာကလေ… ကျွန်မ…ကျွန်မ ရှင့်ကို ချစ်ပါတယ်လို့ … ကျွန်မ ရှင့်ကို အမြဲ ချစ်ခဲ့တာပါ"
"ကျွန်မ သေသွားပြီးရင် ဖန် ကျွန်မအတွက်နဲ့ ဝမ်းနည်းမနေပါနဲ့နော်…ဒါကိုက ကျွန်မရဲ့ ကံတရားပါ"
"ကျွန်မ မျှော်လင့်တာက … ကျွန်မ ရှင့်ကို ချစ်တယ် … သိပ် … သိပ်ချစ်တယ် ဆိုတာကို … ရှင့်ကို မှတ်မိနေစေချင်ယုံလေးပါ"