ကျန်းနန်စီရင်စုအား သုံးရက်အတွင်း ဖယ်ရှားခြင်း
Vol. 12 Ch. 177
ကျန်းရှီမြို့၏ ဆင်ခြေဖုံး ရပ်ကွက်တွင်းတွင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နဖူးမှ ချွေးတဒီးဒီး ကျနေသော လူတစ်ယောက် လမ်းမဘေး၌ ဖြည်းဖြည်းချင်း လမ်းလျှောက်လို့နေသည်။
ကြောက်မက်ဖွယ် ကောင်းသည်က ထိုသူ၏ ရင်အုံ ဘယ်ဘက်ခြမ်းတွင် သွေးများစွန်းနေသော အပေါက် တစ်ပေါက် ရှိနေသည်။
သူက ရှေ့သို့ ဆက်လျှောက်နေပြီး ယဲ့ဖန်သည် မြေကြီးပေါ်သို့ ထူးဆန်းသော ကျောက်တုံးများကို ဆက်၍ ပစ်ချနေသည်။
ထိုထူးဆန်းသော ကျောက်တုံးများတွင် ထူးဆန်းသော မှော်စာလုံးများကို ရေးထွင်းထားသည်။
"ဟူး … ဒီကျောက်တုံးတွေက တော်တော်ကို အရည်အသွေး ညံ့တာပဲ … ဒါနဲ့ လုပ်ထားတဲ့ ကိုးဆင့် သွေးဝင်္ကပါက ဆရာသခင်အဆင့်က သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလားဆိုတာ ငါ သေချာ မသိဘူး"
ယဲ့ဖန် သေချာ တွေးတောနေရင်း မျက်မှောင်ကြုတ် လိုက်မိသည်။
ကိုးဆင့်သွေးဝင်္ကပါသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် မှော်စာလုံး ဖြစ်သည်။ ကျောက်တုံးများ၏ နိမ့်ကျသော အရည်အသွေးကြောင့် ကိုးဆင့် သွေးဝင်္ကပါသည် သူတို့၏ စုစုပေါင်း ခွန်အား၏ တစ်ထောင်ပုံတစ်ပုံလောက်သာ စွမ်းဆောင်နိုင်တော့သည်။
ယဲ့ဖန် အားနည်းလို့လာသည်။ ပြင်းထန်သော ဒဏ်ရာ နှစ်ခုနှင့် တိုက်ပွဲဝင် ဝင်္ကပါကို ဖန်တီးရန် သူ၏ အားအင်များကို အလွန်အကျွံ သုံးစွဲလိုက်ရခြင်းကြောင့် သူ မြေကြီးပေါ် လဲကျမတတ် ဖြစ်နေပေသည်။
တစ်လှမ်း ... နောက်တစ်လှမ်း …
ယဲ့ဖန် ပို၍ နှေးကွေးစွာ လျှောက်လှမ်းနေပြီး သူ၏ ခန္ဓာကိုယ်ကလည်း ရေခဲထုထက် ပို၍ အေးစက် လာသည်။
ထိုစဉ် သူ့နှလုံးသားထဲ ဝင်ရောက်နေသည့် ရေခဲ ချီစွမ်းအင်သည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်း များထံသို့ နယ်ချဲ့လာသည်။
သို့သော် သူ့နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလို့ နေသည်။
"သခင်ကြီး … ကျွန်တော်တို့ ခဏတဖြုတ်လောက် နားလိုက်ကြမလား"
နတ်ဆိုး အလောင်းကောင် အားစစ်သည် ယဲ့ဖန်အား အလွန်စိုးရိမ်ပူပန်ကာ အကြံပေးလိုက်သည်။
ယဲ့ဖန် ချက်ချင်း ခေါင်းခါပြလိုက်သည်။
ဤ ကိုးဆင့်သွေးဝင်္ကပါအား သူ ချက်ချင်း ပြုလုပ်ရမည် ဖြစ်ကြောင်း သူ သိနေသည်။ သို့မဟုတ်ပါက ရှန့်ကျန်းက ဆရာသခင် လီကျိုးယောက်သာ လက်စားချေဖို့ ရောက်လာပါက လူတိုင်း အသတ်ခံရပေလိမ့်မည်။
ဤကိုးဆင့် သွေးဝင်္ကပါသည် ဆင်ခြေဖုံးရပ်ကွက်ထဲရှိ ယဲ့ဖန်အိမ် ပတ်လည် မိုင်ပေါင်းများစွာကို ကာရံထားပေးသည်။
ယဲ့ဖန် ဝင်္ကပါကို နေရာချလို့ ပြီးသည်နှင့် သူ သတိလစ်သွားသည်။
…..
တစ်ချိန်တည်းမှာပင် လူသန်ကြီး၏ သေဆုံးမှုက ရှန့်ကျန်း တစ်မြို့လုံးအား ထိတ်လန့် သွားစေသည်။
လင်းပြောင်အား ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်း၏ ခေါင်းဆောင်ဖြစ်သူ၊ နောက်မျိုးဆက်များ၏ ဆရာ ထိပ်သီးပုဂ္ဂိုလ်၊ မာစတာ လီကျိုးယောင်၏ ဆက်ခံသူအဖြစ် တော်တော် များများက လက်ခံထားကြသည်။
သူ၏ သေဆုံးမှုက တစ်မြို့လုံးအား မထင်မှတ်ထားစေခဲ့။
ထို့ပြင် ရှန့်ကျန်းမြို့မှ သိုင်းပညာရှင်များသည် အတွင်းပိုင်း ဒေသရှိ သိုင်းပညာ အသိုင်းအဝိုင်းနှင့် အမြဲယှဉ်ပြိုင်လေ့ ရှိသည်။
လင်းပြောင်၏ သေဆုံးမှုက ရှန့်ကျန်းမြို့ အသိုင်းအဝိုင်းအား အကြီးအကျယ် နစ်နာစေသည်။
ထို့ကြောင့် ရှန့်ကျန်းမြို့ရှိ သိုင်းပညာအသိုင်းအဝိုင်းမှ သူများသည် ဣန္ဒြေမဆည်နိုင်ဘဲ ကျန်တစ်မြို့လုံး အားတက် လာစေရန် သူတို့သည် လင်းပြောင်အတွက် လက်စားချေမည်ဟု ကြေညာကြလေသည်။
လီအိမ်တော်တွင် ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းမှ ထိပ်သီးပုဂ္ဂိုလ်များစွာ စုဝေးရောက်ရှိ နေကြသည်။
သူတို့ အလွန်မသာမယာ ဖြစ်နေကာ မျက်လုံး များကလည်း ထိတ်လန့်ပြီး ဒေါသထွက်နေဟန်များ ပေါ်လွင်နေသည်။
'ဘာကို စောက်ကျိုးနည်း ဆရာသခင်အဆင့် လူငယ် လေးလဲ … ကျုပ် မယုံဘူးဗျာ"
လူတစ်ယောက်က သူ့ထိုင်ခုံမှ လွှားခနဲ ထခုန်ကာ အဓိက ထိုင်ခုံတွင် ထိုင်နေသည့် အဘိုးအိုအား ပြောဆို လိုက်သည်။
"မာစတာလီ … ကျုပ်တို့ ဒါကို အဆုံးသတ်လို့ မပြောသင့်ဘူး … လင်းပြောင်ရဲ့ သေဆုံးမှုက လီကလန်ကို ထိခိုက်စေရုံသာမက ရှန့်ကျန်းမြို့က သိုင်းပညာရှင် အသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်"
"ဟုတ်တယ် … လင်းပြောင်က ရှန့်ကျန်းမြို့က ဆရာသခင် ဖြစ်ခါနီးအဆင့် သူတစ်ယောက်ပဲ … အသက် နှစ်ဆယ်တောင် မပြည့်သေးတဲ့ ကောင်လေးက သူ့ကို သတ်နိုင်မယ်လို့ ကျုပ် မယုံကြည်ဘူး … လင်းပြောင်ကို သတ်နိုင်အောင် သူ့ကို အရှက်မရှိ ကူညီပေးနေတဲ့ သူတစ်ယောက် ရှိကိုရှိရမယ်"
"မာစတာလီ … လင်းပြောင်က ခင်ဗျားရဲ့ ပထမဆုံး တပည့်ပဲ … ရှန့်ကျန်းမြို့ရဲ့ ဂုဏ်သိက္ခာအတွက် ခင်ဗျား သူ့အစား လက်စားချေပေးရမယ်"
"အဟုတ်ပဲ … ရှန့်ကျန်းမြို့က အတွင်းပိုင်း ဒေသရဲ့ ဖိနှိပ်တာကို လုံးဝ မခံသင့်ဘူး … သူတို့က လင်းပြောင်ကို သတ်လိုက်မှတော့ ကျုပ်တို့ ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းသင့်တယ်"
ထို့နောက် သိုင်းပညာ အသိုင်းအဝိုင်းမှာ ထိပ်သီး ပုဂ္ဂိုလ်များအားလုံး ပြင်းပြသော မျက်လုံးများဖြင့် ထရပ်လာကြသည်။
သူတို့စကားများကို ကြားပြီးနောက် လူလတ်ပိုင်းအရွယ် လူတစ်ယောက် ထရပ်လာသည်။ သူ လက်တစ်ချက် ဝေ့လိုက်သည်နှင့် တစ်ခန်းလုံး တိတ်ကျသွားသည်။
ထိုသူသည် ရှန့်ကျန်း မြူနီစီပယ် သိုင်းပညာ အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဆရာသခင်တစ်ပိုင်း အဆင့်သို့ ရောက်နေသည့် ဖုန်းရှောင်ထျန်း ဖြစ်သည်။
ထို့နောက် သူက လီကျိုးယောင်ဘက်လှည့်ကာ အလွန် ကြည်ညိုဟန်ဖြင့် ပြောဆိုလိုက်သည်။
"မာစတာလီ … ကျွန်တော်တို့ ပြောဆိုတာတွေကို ခင်ဗျား ကြားပြီးလောက်ပါပြီ … ကျန်းနန် စီရင်စု ဒေသကို ရှင်းလင်းဖို့ ရှန့်ကျန်းမြို့က အင်အားကြီးတဲ့ အဖွဲ့အစည်းတွေကို မာစတာလီ ဦးဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီး ဖုန်းရှောင်ထျန်းက မာစတာလီအား ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။ သူ့ပြောပုံဆိုပုံကို ကြည့်ပြီး သိုင်းပညာအသိုင်းအဝိုင်းမှ ကျန်ထိပ်သီး ပုဂ္ဂိုလ်များက ထရပ်ကာ ဦးညွတ်၍ အညိုအသေ ပေးလာကြသည်။
"မာစတာလီ … ကျေးဇူးပြုပြီး ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းပေးပါ"
"မာစတာလီ … ကျေးဇူးပြုပြီး ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းပေးပါ"
….
အသံများက နားကွဲလောက်ပေသည်။ ထိပ်သီး ပုဂ္ဂိုလ်တိုင်းက ကြမ်းတမ်းသော ချီဓာတ်များ အပြည့်နှင့် ဖြစ်သည်။
ထိုအချိန်တွင် သူတို့အားလုံးက လီကျိုးယောင်ကိုသာ ဝိုင်းကြည့်နေကြသည်။ သူတို့၏ တောင်းဆိုချက်နှင့် သူတို့ အပြုအမူများမှ ခံစားချက်များကို ကြည့်ပြီး လီကျိုးယောင် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ၏ ပုံပန်းသဏ္ဍာန်ကား ရေကဲ့သို့ တည်ငြိမ် လှပေသည်။ သို့သော် သူက ပို၍ တည်ငြိမ်လေ ပို၍ ကြမ်းတမ်း ရက်စက်လေ ဖြစ်သည်။
"ကျုပ်မှာ လင်းပြောင်နဲ့ လော့စစ်ဆိုတဲ့ တပည့် နှစ်ယောက်ပဲ ရှိမှန်း တစ်လောကလုံးက လူတိုင်း သိတယ်"
"အခု သူတို့နှစ်ယောက်လုံးက ကျန်းနန် စီရင်စုဒေသမှာ အသတ်ခံလိုက်ရပြီ"
"ကောင်းပြီလေ … ကျုပ်တို့ ကျန်းနန် စီရင်စုဒေသနဲ့ စစ်ဖြစ်ကြတာပေါ့"
လီကျိုးယောင် ထိုသို့ပြောလိုက်စဉ်တွင် သူ့မျက်လုံးမှ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
"ဒီသတင်းကို လူတွေသိအောင် လွှင့်လိုက် … ငါတို့ ကျန်းနန် စီရင်စုဒေသကို သုံးရက်အတွင်း ရှင်းလင်း ပစ်မယ် … ရှန့်ကျန်းမြို့က ဒီကိစ္စတစ်ခုလုံးကို တိုက်ရိုက် သတင်းလွှင့်မယ်"
ဖုန်းရှောင်ထျန်းနှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ အလွန် စိတ်အား တက်ကြွလာကြသည်။
"ဟုတ်ကဲ့ပါ မာစတာ"
…
ကျန်းနန် စီရင်စုဒေသမှ သိုင်းပညာရှင် အသိုင်းအဝိုင်းသည် ဤသတင်းကို ကြားလိုက်ရ ပြီးနောက် ဝရုန်းသုန်းကား ဖြစ်သွားကြသည်။
လီကျိုးယောင်သည် နိုင်ငံထောက်တိုင် လေးယောက် ထဲမှ တစ်ယောက် ဖြစ်သည့်အတွက် သူ၏ ဂုဏ်သတင်းက နိုင်ငံ့တစ်ခွင်တွင် ကျော်ကြားလှသည်။
သူက ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းတော့မည်ကို သိလိုက်ရပြီးနောက် ကျန်းနန် စီရင်စုဒေသမှ သိုင်းပညာရှင် အသိုင်းအဝိုင်းရှိ လူတိုင်း သွေးပျက် သွားကြသည်။
လာမည့် တိုက်ပွဲအတွင်းတွင် ယဲ့ဖန် အသက်ရှင်နိုင် လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားကြပါ။
သူ့ကို ဆရာသခင်အဆင့်ဟု သူတို့ ထင်မှတ်ထားကြ သော်လည်း နှစ်ပေါင်းများစွာ ကြာအောင် ဆရာသခင် အဆင့်၌ ရှိနေသည့် လီကျိုးယောင်နှင့် ယှဉ်လျင် သေးနုပ်သွားပေသည်။
ထို့အပြင် ယဲ့ဖန်၏ တည်ရှိမှုက သိုင်းပညာ အသိုင်းအဝိုင်းတွင် မကြာခင်ကမှ လူသိလာခြင်း ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန် မကြာမီ သေလိမ့်မည်ဟု ကျန်းနန် စီရင်စုဒေသမှ လူ တော်တော်များများက လက်ခံထား ကြသည်။ သို့သော် အားလုံး ဤသတင်းကို ရရှိနေချိန်တွင် ယဲ့ဖန်သည် ကျန်းရှီမြို့ ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ၏ နေအိမ်တွင်း၌ သတိလစ်လို့ နေလေသည်။
မျက်လုံးများက တင်းနေအောင် ပိတ်နေပြီး အိပ်ရာပေါ် လှဲနေရင်း အသက်ကို ဖြည်းညှင်းစွာ ရှူနေရသည်။
အလွန်ဖြူရော်နေသော မျက်နှာနှင့် သူ့ရင်ဘတ်မှ ဒဏ်ရာက မပျောက်သေးဘဲ သွေးများ အိုင်ထွန်း၍ ထွက်နေသေးသည်။
သူ့နှလုံးခုန်သံကြောင့်သာ မဟုတ်ပါက သူသည် သေလူနှင့် မခြားနားပင်။
လင်းလန်၊ အန်းရှီ၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် နတ်ဆိုး အလောင်းကောင် အားစစ်တို့သည် သူ့အိပ်ရာ ဘေး၌ ရပ်နေကြ၏။
အန်းရှီ နိုးထလာသည်မှာ ကြာပြီဖြစ်ပြီး သူမ၏ လှပသော မျက်နှာလေးက ပူဆွေးသောက ရောက်နေ ဟန်ကို ဖော်ပြလို့နေသည်။
သူမ ယဲ့ဖန်အတွက် အလွန် အပြစ်ရှိသလို ခံစားမိသည်။ ဖြစ်နိုင်မည်ဆိုရင် ယဲ့ဖန်၏ ကျန်းမာရေးအတွက် သူမဘဝနှင့် လဲလှယ်လိုက်ချင်သည်။
လင်းလန်၏ မျက်လုံးများက ရဲရဲနီနေကာ မျက်ခွံလေးများကလည်း ဖူးယောင်နေသည်။ သူမ ယဲ့ဖန်အနား၌ ရှိနေသည်မှာ နာရီနှင့်ချီ၍ ကြာနေပြီ ဖြစ်သည်။
သူတို့၏ အကြည့်များအောက်တွင် အတွေ့အကြုံရှိ ဆရာဝန်ကြီး ရှုကွမ်းက ယဲ့ဖန်၏ ကိုယ်အား စမ်းသပ်နေသည်။
သူ၏ ကိုယ်အား စမ်းသပ်ပြီးနောက် ရှုကွမ်း၏ မျက်လုံးတွင် စိတ်မကောင်းဟန်များ ယှက်သန်း လာသည်။
"ဒေါက်တာရှု … ဖန် ဘယ်လိုနေသေးလဲ" အန်းရှီက ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် မေးလိုက် သော်လည်း အကြည့်က စူးရှနေသည်။
လင်းလန်သည်လည်း ရှုကွမ်းအား စိုးရိမ်တကြီး ကြည့်လို့နေသည်။
ရှုကွမ်းက မျက်ရည်ကျလာသည်။
"ဆရာရဲ့ နှလုံးခုန်နှုန်းက အားနည်းသထက် နည်းလာပြီ … သူ ဒီနှစ်ရက်ကို တောင့်မခံနိုင်မှာကို ကျုပ် ကြောက်ရွံ့မိတယ်"
ဘယ်လို…
ရှုကွမ်း၏ သုံးသပ်ချက်အဆုံးတွင် အခန်းထဲရှိ လူတိုင်း ငေးငိုင်သွားသည်။ အန်းရှီ မျက်ရည်ကျလာပြီး ဆောင့်ကြောင် ထိုင်ချကာ ရင်ကွဲမတတ် အော်ငိုမိသည်။
လင်းလန်ကတော့ သတိလစ်သွားလေသည်။
ညအဖွဲ့၏ အရှင်သခင်သုံးယောက်သည်လည်း ဝမ်းနည်း ပူဆွေးကာ မျက်နှာများ ပြာနှမ်းလာသည်။
သူတို့၏ နတ်ဘုရားက ဘယ်လိုလုပ် သေဆုံးနိုင် ပါမည်နည်း။
မည်သူမျှ ရှုကွမ်းစကားကို မယုံကြပါ။
သို့မဟုတ် ယုံလည်းမယုံချင်ပါ။
သို့သော် ယဲ့ဖန်၏ နှလုံးသားရှိ ဒဏ်ရာမှ ရေခဲချီဓာတ် အမျှင်တန်းလေး ထုတ်လွှတ်နေသည်ကိုတော့ မည်သူမျှ သတိမထားမိပါ။
ဆန်းကြယ် ရေခဲဓာတ်၏ အရင်းအမြစ်က သူ့နှလုံးသားနှင့် လုံးဝ ပေါင်းစပ်သွားချေပြီ။
ဆန်းကြယ် ရေခဲချီဓာတ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွား ပြီးနောက် ယဲ့ဖန်၏ နှလုံးသားရှိ လစ်ဟာနေသော နေရာတွင် ဆန်းကြယ်ရေခဲ ဓာတ်များက ထည့်သွင်း ကုသလာလေသည်။