← Chapters

ကျန်းနန်စီရင်စု ဒေသမှာ ဘာအင်အားကြီး အဖွဲ့အစည်းမှ မရှိစေရဘူး

Vol. 12 Ch. 178

ကျန်းနန်စီရင်စု ဒေသမှာ ဘာအင်အားကြီး အဖွဲ့အစည်းမှ မရှိစေရဘူး

Vol. 12 Ch. 178

မကြာခင်မှာပင် တစ်ရက်ကုန်ဆုံးလို့ သွားလေ၏။

ကျန်းရှီမြို့၏ ဆင်ခြေဖုံး ရပ်ကွက်အတွင်း၌ လူလေးယောက်ပါသော အဖွဲ့တစ်ဖွဲ့သည် အလွန် လျင်မြန်သော နှုန်းနှင့် တိုက်ခိုက်လို့ နေကြသည်။

ဘန်း! ဘန်း! ဘန်း!

သူတို့သည် ပြင်းထန်သော တိုက်ကွက်များဖြင့် ဆက်တိုက်ဆိုသလို တိုက်ခိုက် နေကြသည်။

ချက်ချင်းဆိုသလိုပင် သားရဲရိုင်း လေးကောင်က အသက်ကိုစွန့်၍ တိုက်ခိုက်နေသကဲ့သို့ မြေကြီးများ၊ ကျောက်တုံးများနှင့် သစ်ခက်များက နေရာအနှံ့ လွင့်ပျံလို့သွားသည်။

များစွာသော ဆန်းကြယ်ရေခဲ ပန်းဆွဲများက ငွေဖြူရောင် မြွေများ ပစ်လွှတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသဖြင့် တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

မြေကြီး၊ ကျောက်တုံးများ၊ မြက်ပင်များ၊ သစ်ပင်များနှင့် လူများ ချက်ချင်းဆိုသလို အေးခဲသွားကြသည်။

ကြမ်းတမ်းသော တိုက်ပွဲကို ကြည့်ပြီး အခြားသူများက မြန်နိုင်သမျှ မြန်မြန် နောက်သို့ ဆုတ်သွားကြသည်။

သို့သော် အချိန်နှောင်းသွားလေပြီ။ လေတိုက်သံနှင့်အတူ ဆန်းကြယ် ရေခဲပန်းဆွဲများက သူတို့ ခြေထောက်အောက်သို့ ရောက်ရှိလာသည်။

မည်သို့မျှ မခုခံနိုင်ခင်မှာတင် သူတို့အားလုံး အေးခဲသွားကြသည်။ ထို့နောက် ပြင်းထန်သော တိုက်ကွက်တစ်ကွက် ကျရောက်လာကာ လူသုံးယောက် သုံး၊လေးမီတာခန့် လွင့်ထွက်သွားပြီးမှ မြေကြီးပေါ်သို့ ပြန်ပြုတ်ကျသွားသည်။

ထိုအခါတွင်မှ မိန်းမလှလေး တစ်ယောက် ပေါ်ထွက်လာသည်။ သူမကတော့ အန်းရှီပင် ဖြစ်သည်။

သူမနှင့် မျက်နှာချင်းဆိုင်တွင် ညအဖွဲ့မှ အရှင်သခင် သုံးယောက်က ဖိုသီဖတ်သီ ဆံပင်များ၊ ပေရေနေသော မျက်နှာများနှင့် ထိတ်လန့်ကာ အရှက်ရနေပုံ ပေါ်နေသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

ရုတ်တရက် လက်ခုပ်သံ ထွက်ပေါ်လာသည်။ နတ်ဆိုး အလောင်းကောင် အားစစ်၊ ခါးကုန်းတစ္ဆေ ခေါင်းဆောင်နှင့် အခြားသူများက အလွန်ပျော်ရွှင်နေသော မျက်နှာများနှင့် အန်းရှီထံသို့ လျှောက်လာကြသည်။

"မမလေး အန်းရှီက ထင်မှတ်မထားတဲ့ နှုန်းနဲ့ အတော်လေး တိုးတက်လာတာပဲ … နှစ်ရက်ပဲ ရှိသေးတယ် သူမက ကျုပ်တို့ သခင်ကြီး တီထွင်ပေးထားခဲ့တဲ့ မိုင် တစ်ထောင်ကို ရေခဲနှင့် အေးခဲစေခြင်း တိုက်ပွဲဝင် ပညာရပ်ရဲ့ ပထမအဆင့်ကိုတောင် ကျွမ်းကျင်သွားပြီ"

"ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်က တကယ့်ကို အင်အားကြီးတာပဲ … မမလေး အန်းရှီက ကြယ်သုံးလုံးအဆင့်ကို ရောက်ခါစပဲ ရှိသေးတယ် … ဆရာသခင်တစ်ပိုင်းအဆင့် သုံးယောက်ကို တစ်ယောက်တည်း အနိုင်ချနိုင်နေပြီ … မမလေးရဲ့ တိုက်ပွဲဝင် ခွန်အားကတော့ တကယ့်ကို အံ့ဩစရာပါပဲ"

လူတိုင်းက အန်းရှီအား ထိတ်လန့်တကြား ကြည့်နေကြသည်။

သတိမလစ်သွားခင်တွင် ယဲ့ဖန်က အန်းရှီအား လျှို့ဝှက်ပညာဖြစ်သော မိုင် တစ်ထောင်အား ရေခဲဖြင့် အေးခဲစေခြင်း ပညာကို သင်ပေးခဲ့သည်။

လျှို့ဝှက်ပညာ၏ ပထမအဆင့်ကို ကျွမ်းကျင်အဆင့်အဖြစ် တက်မြောက်သွားရန် အန်းရှီအတွက် နှစ်ရက်မျှသာ ကြာမြှင့်ခဲ့သည်။

ကြောက်မက်ဖွယ် ကောင်းလှသည်က အန်းရှီသည် သတိရလာသည်နှင့် သူမ၏ တိုက်ပွဲဝင် ခွန်အားက Sကြယ်တစ်လုံးအဆင့်ဖြစ်သော ခါးကုန်းတစ္ဆေနှင့်ပင် ယှဉ်နိုင်နေသည်။

တစ်နာရီအကြာတွင် သူမသည် ကြယ်သုံးလုံးအဆင့် ကြေးစားဘုရင်တစ်ယောက်နှင့် တိုက်နိုင်နေပြီ ဖြစ်သည်။

ထို့နောက်တွင် သူမသည် နတ်ဆိုး အလောင်းကောင်နှင့် တိုက်ခိုက်သော ပွဲတွင်ပင် အသာစီး ရလာသည်။

ယခုအချိန်တွင် သူမသည် ညအဖွဲ့မှ အရှင်သခင် သုံးယောက်အား အသာလေး တိုက်ခိုက်နိုင်လေပြီ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းလှအောင် တိုးတက်လာသည့် ခွန်အားက အလွန် ထိတ်လန့်ဖွယ် ကောင်းလှပေ၏။

တစ်ညအတွင်းမှာပင် အန်းရှီသည် ရင့်ကျက်လာပုံ ရသည်၊ သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးက တည်ကြည်လို့နေသည်။

ထို့နောက် အန်းရှီသည် ညအဖွဲ့အား အေးတိအေးစက် မျက်ဝန်းများဖြင့် မေးလိုက်သည်။

"လီကျိုးယောင်တို့အဖွဲ့ ဒီကို မကြာခင် ရောက်လာတော့မှာလား"

သူမ မေးခွန်းကြောင့် နတ်ဆိုး အလောင်းကောင် အားစစ်က အလွန် ကြည်ညိုဟန်ဖြင့် အသည်းအသန် ပြန်ဖြေလိုက်သည်။

"သူတို့ မနက်ဖြန် နေ့လည်လောက် ကျန်းနန်မြို့ကို ရောက်မယ်လို့ ခန့်မှန်း ထားကြပါတယ်"

"မနက်ဖြန် နေ့လည်လား"

အန်းရှီ၏ လှပသော မျက်နှာလေးက အေးစက်လာသည်။

"သူ ဖန့်ကို သတ်ချင်ရင် လီကျိုးယောင် ကျွန်မအလောင်းကို ဖြတ်သွားပြီးမှပဲ ရမယ်"

အန်းရှီ၏ စကားလုံးများက အလွန် ပြတ်သားပုံရသည်။ သူမ သာမက ညအဖွဲ့မှ အရှင်သခင် သုံးယောက်၊ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် ကြေးစားဘုရင် ကိုးယောက်တို့သည်လည်း ပြတ်သားသော မျက်နှာထားများဖြင့် ဒူးတစ်ဘက် ထောက်ကာ ပြောဆိုလိုက်သည်။

"သူတို့ ကျုပ်တို့ သခင်ကြီးကို သတ်ချင်ရင် ကျုပ် အလောင်းကို ဖြတ်သွားပြီးမှပဲ ရမယ် … တိုက်မယ် … တိုက်မယ်…ချချ.."

သူတို့၏ အသံများက အလွန်ပြင်းထန်သောကြောင့် ကမ္ဘာပင် တုန်လောက်ပေသည်။

…..

နောက်တစ်နေ့ နေ့လည်ခင်းတွင် ဘိုးရင်း လေယာဉ် ၇၄၇ သည် ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။ ထို့နောက် ထိုလေယာဉ်ပေါ်မှ ခေါင်းဆောင် ဖြစ်ပုံ ရသော လူတစ်ယောက်နှင့် သူ့နောက်မှ လူများစွာတို့ ထွက်လာကြသည်။

ထိုခေါင်းဆောင်ကတော့ ရှန့်ကျန်းမှ မာစတာ….လီကျိုးယောင်ပင်။

မနီးမဝေးမှ ခမ်းနားထည်ဝါသော အဆောက်အအုံများကို ကြည့်ပြီး လီကျိုးယောင်က မျက်လုံးကို မှေးကာ အေးစက်စက် ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရင်း "ဒီနေ့ကစပြီး ကျန်းနန် စီရင်စုဒေသမှာ ဘယ်အင်အားကြီး အဖွဲ့အစည်းမှ မရှိစေရဘူး"

ညီညာသော ခြေသံများနှင့်အတူ လီကျိုးယောင်ထံသို့ သန်မာ ထွားကြိုင်းသော လူများက ဖုံးကွယ်မထားသော ချီဓာတ်များနှင့်အတူ ရောက်လာကြသည်။

ထိုသူတို့ထဲတွင် ရှန့်ကျန်း စီရင်စုဒေသ တစ်ဝိုက်မှ ဆရာသခင် တစ်ပိုင်းအဆင့် ဖုန်းရှောင်ထျန်း၊ အခြား ဆရာသခင် တစ်ပိုင်းအဆင့် ငါးယောက်၊ နာမည်ကြီး ကြယ်သုံးလုံးအဆင့် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် ကြယ်နှစ်လုံး အဆင့် အယောက် တစ်ရာနီးပါးခန့် ပါဝင်သည်။

မည်မျှ သွေးပျက်ဖွယ်ကောင်းလိုက်သည့် အဖွဲ့အစည်းပါလိမ့်။

သူတို့ အတူတူ လျှောက်လာကြသဖြင့် သူတို့၏ ပြင်းထန်သော ချီစွမ်းအင်များက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့သည် မော်တယ်ကမ္ဘာထဲသို့ ဝင်ရောက်လာသည့် နတ်ဆိုး အလောင်းကောင်များနှင့် သဏ္ဍာန်တူလှပေသည်။

ထို့ပြင် ထိုသူတို့နောက်သို့ များစွာသော သတင်းထောက်များနှင့် အွန်လိုင်း ဆယ်လီများ လိုက်နေကြသည်။

သူတို့ အားလုံးက VCR များနှင့် မိုဘိုင်းဖုန်းများကို သုံး၍ သတင်းအား တိုက်ရိုက် ထုတ်လွှင့်နေကြသည်။

"မိတ်ဆွေအပေါင်းတို့ မင်္ဂလာ ရှိသော နေ့လေးတစ်နေ့ပါဗျ …. ရှန့်ကျန်း သတင်းဆက်သွယ်ရေး ရုပ်မြင်သံကြားကနေ သင်တို့အတွက် တိုက်ရိုက်သတင်းကို တင်ဆက်ပေးနေပါတယ်"

"အခုဆိုရင် ရှန့်ကျန်းမြို့က အင်အားကြီး အဖွဲ့အစည်းများက ကျန်းနန် စီရင်စု ဒေသကို ရောက်လာပါပြီ … မကြာခင်မှာပဲ သွေးသံတရဲရဲနဲ့ စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်ပွဲကြီး စတော့မှာမို့ … ကျေးဇူးပြုပြီး စောင့်ဆိုင်းနေကြပါဦးဗျ"

"ရှန့်ကျန်းမြို့က အင်အားကြီး အဖွဲ့အစည်းအားလုံး ကျန်းနန် စီရင်စုဒေသကို ရောက်လာပြီဆိုတော့ ဒီဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေပါပြီ … ယဲ့ဖန်ရဲ့ ခေါင်းဖြတ် အသတ်ခံရခြင်းက မကြာခင် ဖြစ်ပေါ်လာတော့မှာပါ"

….

ရှန့်ကျန်း၏ အင်အားစုက လွန်စွာမှ ကြီးမားလှပေသည်။ မြစ်ထဲသို့ နဂါးများ ဖြတ်သန်းသွားသကဲ့သို့ သူတို့သည် သူတို့၏ ရန်သူများအား ကြက်ကလေး ငှက်ကလေးသဖွယ် သတ်ဖြတ်ရန် အဆင်သင့် ဖြစ်လို့နေကြသည်။

ကျန်းနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှ သူတို့ ထွက်လာသည်နှင့် ကျန်းနန် စီရင်စုဒေသမှ အင်အားကြီး အဖွဲ့အစည်းများ ပါဝင်သော အုပ်စုကြီးတစ်စုနှင့် ပက်ပင်းတိုးလေတော့သည်။ ထိုအုပ်စုကြီးက စာတန်းများကို ခပ်မြင့်မြင့် ကိုင်ထားပြီး ပြိုင်တူ နှုတ်ဆက်ကြသည်။

ထိုစာတန်းတွင် ရေးထားသည်က

'မာစတာလီ လက်စားချေဖို့အတွက် ကျန်းနန် စီရင်စုဒေကနေ ကြိုဆိုပါတယ်'

'လူသတ်သမားကို သတ်ဖို့အတါက် လူတိုင်းမှာ တာဝန်ရှိပါတယ် …. ကျန်းနန်မြို့က လုပ်ဖော်ကိုင်ဖက်တွေက မာစတာလီကို အရိုအသေပေးပါတယ်'

'ရှန့်ကျန်းမြို့နဲ့ ကျန်းနန်ဆိုတာ တစ်မြေတည်းသားတွေပါ … လူသတ်သမား ယဲ့ဖန်ကို သတ်ဖို့က ကျွန်တော်တို့ရဲ့ ဘုံတာဝန်ပါ'

စာတန်းတစ်ခုချင်းစီက လီကျိုးယောင်အား မျက်နှာချို သွေးထားသော စာများပင် ဖြစ်သည်။

လီကျိုးယောင် လေဆိပ်ထဲမှ ထွက်လာသည်ကို မြင်သည်နှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ရှေ့သို့ တက်လာကာ နှုတ်ဆက်လာသည်။

"ကြိုဆိုပါတယ် မာစတာလီ … ကျွန်တော်က ကျန်းနန် သိုင်းပညာ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဝေ့တုန်ဖျင်ပါ … ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ခင်ဗျားကို နှုတ်ဆက်ဖို့ ဒီမှာ လာစောင့်နေကြတာပါ"

"မာစတာလီ ဆရာသခင် ဖြစ်ခါနီးအဆင့်က လင်းပျောင် သေဆုံးမှုအတွက် ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပါတယ် … ယဲ့ဖန်ကို သတ်ဖို့အတွက် ကျွန်တော်တို့ ခင်ဗျားနောက်က လိုက်ပါချင်ပါတယ်"

ဝေ့တုန်ဖျင်က ထိုသို့ပြောပြီး မာစတာလီက အလွန် ဖားယားပြီး အရိုအသေ ပေးလိုက်သည်။

ကျန်းနန်မြို့မှ အခြားသူများကလည်း လီကျိုးယောင်အား စ၍ မျက်နှာလုပ် ကြတော့သည်။

"အခု မာစတာလီကို ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ သူပုန် ယဲ့ဖန်နဲ့ သူ့ကြံရာပါတွေကို သတ်နိုင်ပါပြီ"

"ဆရာသခင် ဖြစ်ခါနီးအဆင့်က လင်းပြောင်အတွက် လက်စားချေကြရအောင်ဗျာ … ကျန်းနန်မြို့က အဲ့ဆန်ကုန်မြေလေး ယဲ့ဖန်ကို ဒီအတိုင်း ထားဖို့ လက်မခံနိုင်ဘူး"

"ယဲ့ဖန်ကို သတ်မယ် …သူ့လက်ကို ချိုးပြီး သူ့ခေါင်းကို ဖြတ်ပစ်မယ်"

….

လူတိုင်းက လီကျိုးယောင်အား မျက်နှာလုပ်နေကြသည်။ ဝေ့တုန်ဖျင်က ထပ်၍ ပြောလိုက်သည်။

"မာစတာလီ ကျွန်တော်တို့ ယဲ့ဖန် ဘယ်မှာနေလဲ ဆိုတာကို သိပါတယ် …ကျွန်တော်တို့ ခင်ဗျားရဲ့ လမ်းပြအဖြစ် လုပ်ပေးနိုင်ပါတယ်"

*ဟမ်*

*ငါတို့ရဲ့ လမ်းပြ*

သူ့စကားကြောင့် လီကျိုးယောင်က ခေါင်းညိတ်ပြီး တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ …. မင်းတို့ လမ်းပြပေးလို့ ရတယ် …ဒါပေမယ့် ငါ့အတွက်တော့ မဟုတ်ဘူး ယဲ့ဖန်အတွက်ပေါ့"

လီကျိုးယောင်၏ စကားကြောင့် ဝေ့တုန်ဖျင်နှင့် အခြားသူများ တစ်ခဏမျှ တွေဝေသွားကြသည်။

*ယဲ့ဖန်အတွက်*

လီကျိုးယောင်၏ စကားကို မည်သူမျှ နားမလည်ကြပါ။ လီကျိုးယောင် ထပ်ပြောလာသည့် စကားကြောင့် လူတိုင်း သေမတတ် ကြောက်ရွံ့လာကြသည်။

"သူက ငရဲကို သွားရမှာဆိုတော့ မင်းတို့က သူ့လမ်းပြအဖြစ် လုပ်ပေးလို့ ရတယ်လေ"

ထိုသို့ပြောပြီး လီကျိုးယောင်က လူအုပ်ထဲသို့ တိုးပွားလာသော ချီစွမ်းအင် အမျှင်တန်းများ ထုတ်လွှင့်လိုက်သည်။

ထိုချီအမျှင်တန်းများသည် ဝေ့တုန်ဖျင်နှင့် ကျန်းနန်မြို့မှ အခြားအင်အားကြီးသူများကို တိုက်ခိုက်လေတော့သည်။

ရွှစ်! ရွှစ်! ရွှစ်!

ကျန်းနန် သိုင်းပညာအဖွဲ့အစည်းမှ အင်အားကြီးသူများ ပေါက်ကွဲကာ အငွေ့ပြန်ပြီး သွေးအိုင်များ ဖြစ်သွားကြသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ရှန့်ကျန်းမြို့မှ မာစတာတစ်ယောက် ဖြစ်သော လီကျိုးယောင်က ဤကဲ့သို့ တိုက်ခိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။

လီကျိုးယောင်နောက်ရှိ  ရှန့်ကျန်းမြို့မှ အခြားသူများကလည်း ကျန်းနန် သိုင်းပညာအဖွဲ့အစည်းထဲသို့ ခုန်ဝင်သွားကြသည်။

"သေပေတော့…သေပေတော့…သေပေတော့"

သိုးအုပ်ထဲ ကျားဝင်ဆွဲသကဲ့သို့ ကျန်းနန် သိုင်းပညာအဖွဲ့အစည်းမှ အင်အားစုများ အကြီးအကျယ် ဆုံးရှုံး နစ်နာသွားကြလေသည်။

တစ်မိနစ်ပင် မကြာလိုက်၊ ကျန်းနန် သိုင်းပညာအဖွဲ့အစည်းမှ ဝေ့တုန်ဖျင် တစ်ယောက်သာ အသက်ရှင်တော့သည်။

သူသည်လည်း သွေးထွက်သံယို ဖြစ်နေပြီး ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်နေသည်။

မြေကြီးပေါ်မှ အလောင်းများအား မယုံနိုင်သလို ကြည့်ပြိးနောက်မှ ဝေ့တုန်ဖျင် မေးလိုက်သည်။

"မာစတာ….မာစတာလီ … ဘာလို့လဲ … ဘာလို့ ကျုပ်တို့ကို ရန်သူလို ဆက်ဆံရတာလဲ … လူသတ်သမားက ယဲ့ဖန်လေ … သေသင့်တဲ့သူက ယဲ့ဖန်ပါ"

ဝေ့တုန်ဖျင်၏ အမေးကြောင့် လီကျိုးယောင်၏ မျက်နှာက လေးနက်လာကာ ပြန်ပြောလိုက်သည်။

"ဘာလို့လဲ ဟုတ်လား … ဘာလို့လဲဆိုတော့ ငါတို့က ကျန်းနန် စီရင်စုဒေသက သိုင်းပညာ အဖွဲ့အစည်း တစ်ခုလုံးကို ရှင်းလင်းပစ်မှာ မို့လို့လေ"

"ယဲ့ဖန်လည်း သေရမယ် … မင်းတို့လည်း သေရမှာပဲ"

ထိုသို့ပြောပြီး လီကျိုးယောင်က လက်တစ်ချက် လှုပ်လိုက်သည်။

ရွှစ်!

စက္ကန့်ပိုင်းအတွင်းမှာပင် လီကျိုးယောင်က ဝေ့တုန်ဖျင်အား ပုရွက်ဆိတ်အား သတ်သလို လက်ဖဝါးဖြင့် ဖိညှစ်၍ သတ်ပစ်လိုက်လေတော့သည်။

All Chapters