မင်း အဆင့်သင့်ပဲလား
Vol. 12 Ch. 179
ရှန့်ကျန်းမြို့တွင် …
ရှန့်ကျန်းမြို့မှ အင်အားနည်းသော တိုက်ခိုက်ရေး သမားများက တိုက်ရိုက်သတင်းအား သူတို့၏ ဟိုတယ်များ၊ လမ်းဘေး စားသောက်ဆိုင်များနှင့် တိုက်ခိုက်ရေး ကလပ်များမှ ကြည့်ရှုနေကြသည်။
လီကျိုးယောင်က ဝေ့တုန်ဖျင်အား တစ်ချက်တည်းနှင့် သတ်လိုက်ခြင်းက ကြည့်ရှုသူ များအား တုန်လှုပ်သွားစေသည်။
ကြည့်ရှုနေသည့် သူများအားလုံး စိတ်လှုပ်ရှားစွာ ဩဘာပေးကြသည်။
"သူတို့ အကုန်လုံးကို သတ် .... သူတို့အားလုံးကို သတ်လိုက် … အားလုံးကို သတ်ပစ် … ကျန်းနန် စီရင်စု ဒေသတစ်ခုလုံးကို ရှင်းလင်းပြီးတော့ ကျုပ်တို့မြို့ရဲ့ ဂုဏ်သတင်း ပြန်တိုးတက်လာအောင် လုပ်ပစ်လိုက်"
"မာစတာလီက တကယ့်ကို အင်အားကြီးတာပဲ … ရှန့်ကျန်းမြို့က အဖွဲ့အစည်းတွေ ကလည်း အင်အားကြီး ကျတာပဲ … ဒီတိုက်ပွဲကို ရှန့်ကျန်းမြို့ကပဲ နိုင်မယ်ဆိုတာ ကျိန်းသေနေပြီ"
"ဟဟ … ကျန်းနန်မြို့က တော်တော် သနားစရာ ကောင်းတဲ့ ကောင်တွေပဲ … ဒီလောက် အင်အားကြီးတဲ့ သူတွေ သူတို့ ဘဝတစ်လျှောက်လုံး ရှိမလာတော့မှာကို ကျုပ်တော့ စိုးရိမ်မိသား"
ရှန့်ကျန်းမြို့မှ ရုပ်သံဌာန များစွာက ဤတိုက်ပွဲအား တိုက်ရိုက် လွှင့်နေခဲ့သည်။ ရှန့်ကျန်းမြို့မှ လူများက ဤသည်ကို ကြည့်ရှုပြီး စိတ်လှုပ်ရှား ဂုဏ်ယူစွာ ဆွေးနွေးနေကြသည်။
သို့သော် လီကျိုးယောင်အတွက် ဝေ့တုန်ဖျင်အား သတ်လိုက်ခြင်းက အစသာ ရှိသေးသည်။
ရှန့်ကျန်းမြို့မှ အင်အားကြီးသူများ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသော အလောင်းများက တောင်လိုရာလို ပုံလာပြီး ကျန်းနန်မြို့အား အလွန်လွှမ်းမိုးသော သွင်ပြင်ဖြင့် ရှင်းလင်း ဖယ်ရှားလို့လာသည်။
တိုက်ခိုက်ရေး ကလပ်များနှင့် မြေအောက်ဂိုဏ်းများ အားလုံး သုတ်သင်ခြင်း ခံလိုက်ရသည်။
ကျန်းနန် စီရင်စု ဒေသအတွက် သွေးချောင်းစီးသော နေ့တစ်နေ့ ဖြစ်လို့လာသည်။ ကျန်းနန် စီရင်စုဒေသတွင် အော်ဟစ်သံများ၊ သနားစဖွယ် ငိုကြွေးသံများနှင့် ပြည့်နှက်လို့ လာ၏။
တစ်ဘက်တွင်တော့ ရှန့်ကျန်းမြို့တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လို့လာသည်။
"ဟဟ …. နောက်ထပ် မြေအောက်ဂိုဏ်းတစ်ခု … ကျန်းနန်မြို့က အင်အားစုတွေက တော်တော် အားနည်းတာပဲကွ …. သူတို့ အားနည်းလွန်းတယ်"
"သတ် … အဲ့ပုရွက်ဆိတ်တွေကို သတ်ပစ် … ရှန့်ကျန်းမြို့က အင်အားစုက ပြိုင်ဘက်ကင်းကွ"
"ဟဟ … ကျန်းနန်မြို့တော့ ရှင်းလင်းခံရတော့မယ် … ရှန့်ကျန်းမြို့က အင်အားစုတွေက တကယ့်ကို ပြိုင်ဘက်ကင်းပဲ"
…..
ရှန့်ကျန်းမြို့က လူတိုင်း အလွန်ပျော်လို့နေကြ၏။ ဤသည်ကား ရှန့်ကျန်းမြို့အတွက် ကြီးမြတ်သော အခမ်းအနားကြီးပင်။
အတွင်းပိုင်း ကုန်းမြေဒေသမှ သူများ ရှန့်ကျန်းမြို့မှ အင်အားစုအား လာရောက် ထိပါးပါက ဖြစ်လာမည့် အကျိုးဆက်ကို သိရှိ နားလည်လာစေရန် သူတို့ မျှော်လင့်နေမိသည်။
တစ်ချိန်တည်းမှာပင် ကျန်းနန်မြို့ရှိ ကျားရိုင်း တိုက်ခိုက်ရေး ကလပ်တွင် ကိုယ်လက်အင်္ဂါ မစုံလင်သော အလောင်းများက ကြမ်းပြင်အနှံ့ ပျံ့ကျဲလို့နေသည်။
ယခင်က ပြိုင်ဘက်ကင်းခဲ့သော ကျားရိုင်းအဖွဲ့သည် သွေးများဖြင့် စွန်းထင်းလို့ နေ၏။
တိုက်ခိုက်ရေးကလပ်မှ သူများက သွေးအလိမ်းလိမ်းဖြင့် ဖြစ်နေသော်လည်း ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေ ကြသည်။ သို့သော် သူတို့သည် လှောင်ချိုင့်ထဲ ပိတ်မိနေသည့် သားရိုင်းအုပ်စုကဲ့သို့ အလူးလူး အလိမ့်လိမ့်နှင့် ရုန်းကန်နေရသည်။
လူအုပ်ကြီး၏ အနောက်ဘက်တွင် တိုက်ခိုက်ရေး ကလပ်၏ ပိုင်ရှင်ဖြစ်သူ ယန်ဟူက ကောင်လေး တစ်ယောက်ကို စိတ်မချသော၊ မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်လို့နေသည်။
"သား … မြန်မြန် ပြေးတော့ … အဖေတို့ တိုက်ခိုက်ရေး ကလပ်ကြီးက ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး … မင်း ကျန်းရှီမြို့ကို ထွက်ပြေးပြီး ယဲ့ဖန်ကို လိုက်ရှာရမယ် … ယဲ့ဖန်ကပဲ မင်းကို ကာကွယ် ပေးနိုင်မှာ"
သူ့စကားများကြောင့် ထိုကောင်လေးက ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။
"သား … မှတ်ထားပါ … ရှန့်ကျန်းက အင်အားစုတွေရဲ့ ကျူးကျော်လာတာက ယဲ့ဖန်ရဲ့ အမှား မဟုတ်ဘူး … လင်းပြောင် သေလို့ဆိုတာက ဒီတိုက်ခိုက်မှုရဲ့ ဆင်ခြေ သက်သက်ပဲ … ရှန့်ကျန်းမြို့က သူတို့ရဲ့ နာမည်နဲ့ တိုက်ပွဲအင်အားကို သိက္ခာပြန်ဆယ်ချင်လို့ ကျန်းနန် စီရင်စု ဒေသကို ရှင်းလင်းချင်နေတာ ပြီးတော့ တစ်ခြား အဖွဲ့အစည်းတွေကိုလည်း ထိတ်လန့်သွားအောင် လုပ်ချင်နေတာ"
ယန်ဟူက သူ၏ မျက်ရည်များနှင့် ပြည့်နှက်နေသော မျက်နှာပေါ်တွင် အလွန် နာကျည်းနေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
"ရှန့်ကျန်းမြို့က အင်အားစုတွေက ကျန်းနန်က လူတွေရဲ့ သွေးကို စတေးပြီးတော့ သူတို့ရဲ့ အင်အားကို ပြသချင် နေတာ"
"ယဲ့ဖန်ကပဲ ကျန်းနန် စီရင်စုဒေသကို ကယ်တင်နိုင်မယ် … ယဲ့ဖန်က ကျန်းနန်က လူတွေရဲ့ နတ်ဘုရားပဲ"
ထိုသို့ပြောပြီး ယန်ဟူက ကောင်လေး၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ကာ သူ၏ နဖူးပြင် သေးသေးလေးကို နမ်းလိုက်သည်။
"သား အခုကစပြီး ယဲ့ဖန်ရဲ့ နောက်ကို လိုက်ပါ ပြီးတော့ သူ့ကို သားရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပါ၊ အနာဂတ်မှာ ယဲ့ဖန်လိုမျိုး ကြောက်ရွံ့တုန်လှုပ်ခြင်း ကင်းတဲ့ သူရဲကောင်းမျိုး ဖြစ်လာပေးပါ"
"ပြေး … အဖေပြောတာကို အမှတ်ရပါ … ပြေးပါ … မြန်မြန်လုပ်"
ထိုသို့ ပြောပြီး ယန်ဟူက ကောင်လေးကို အဝေးသို့ တွန်းပို့လိုက်သည်။
"အဖေ"
ကောင်လေးက အလွန်ဝမ်းနည်းနေသော မျက်နှာနှင့် ကျယ်လောင်စွာ ငိုကြွေးလေသည်။ သူ့အဖေနှင့် သူ့ဦးလေးများကို ထားပြီး သူ ထွက်မသွားချင်ပါ။
သူကိုယ်တိုင်က အားနည်းလွန်းနေသည်ကို သူ မုန်းတီးမိသည်။
"ပြေးတော့"
ယန်ဟူက သူ့သားကို အော်ပြောလိုက်သည်။ ထို့နောက် သူ နောက်လှည့်ကာ ရှန့်ကျန်းမြို့မှ အင်အားစုများ ရှိရာ လူအုပ်ထဲသို့ ပြေးဝင်သွားသည်။
"သေပေတော့"
ယန်ဟူက သူ၏ သေစေနိုင်သော တိုက်ကွက်များအား တစ်ခုပြီး တစ်ခု ထုတ်ဖော်ကာ တိုက်ခိုက်နေသလို ဒဏ်ရာများလည်း ဆက်တိုက်ဆိုသလို ရရှိလာ၏။
သူက သူ၏ ရန်သူများအား သူ့အသက်နှင့် ရင်း၍ ဟန့်တားနေခြင်း ဖြစ်သည်။
သူသည် သူ့အတွက်၊ သူ့သားအတွက်၊ ကျန်းနန် စီရင်စုဒေသနှင့် ယဲ့ဖန်အတွက် တိုက်ခိုက်ချင်သည်။
ရွှစ်!
ဓားတစ်လက်က ဝဲပျံလာကာ ယန်ဟူ၏ လည်ပင်းကို လာစိုက်သဖြင့် သူ မျက်နှာပြာနှမ်းကာ လဲကျသွားသည်။
သူ့လည်ပင်းမှ သွေးများ ပန်းထွက်နေစဉ် သူ စိတ်ရင်းအမှန်ဖြင့် ဆုတောင်းလိုက်မိသည်။
"ယဲ့ဖန် … ယဲ့ဖန် … ကျုပ်သားကို ကယ်ပေးပါ … ကျန်းနန် စီရင်စုဒေသကိုလည်း ကယ်တင်ပေးပါ"
ထိုသို့ ပြောပြီးနောက် ယန်ဟူသည် လဲကျကာ အလောင်းကောင် ဖြစ်သွားလေ တော့သည်။
"အဖေ"
ကောင်လေးက မျက်လုံးပြူးကာ သနားစဖွယ် ဟစ်အော်မိပြီး မျက်လုံးမှလည်း မျက်ရည်များ စီးကျလာသည်။
မျက်ရည်များကို သုတ်လိုက်ပြီးနောက် ကောင်လေးက သူ့အဖေ အလောင်းအား ကြည့်ကာ ပြတ်သားသော မျက်နှာထားဖြင် ကတိပေးလိုက်သည်။
"အဖေ …. ကျွန်တော် ကျန်းရှီမြို့ကို သွားပြီး ယဲ့ဖန်ကို လိုက်ရှာပါ့မယ် … သူ့ကို ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် အဖြစ်ကော နတ်ဘုရားအဖြစ်ပါ မှတ်ယူပါ့မယ်"
ထိုသို့ပြောလိုက်ပြီးနောက် ကောင်လေးက ရှန့်ကျန်းမှ အင်အားစုများအား တစ်ချက်ကြည့်ကာ အားလုံး၏ မျက်နှာများကို စိတ်ထဲ စွဲနေအောင် မှတ်ထားလိုက်သည်။
"စောင့်ကြည့်နေ … ဦးလေးယဲ့ဖန်က ခင်ဗျားတို့ အားလုံးကို သတ်ပစ်မှာ …အားလုံးကို "
ကောင်လေးက အင်အားစုများအး အလွန် မုန်းတီးဟန်ဖြင့် ထပ်ကြည့်ကာ နောက်လှည့်ပြီး အဝေးကို ထွက်ပြေးသွားသည်။
ဤသည်ကား တစ်နေရာသာ ရှိသေးသည်။ တိုက်ခိုက်ရေး ကလပ်များ တစ်ခုပြီးတစ်ခု သုတ်သင်ခံရပြီးနောက် မိဘမဲ့ကလေးများ ပိုမိုများလာပြီး သူတို့လေးတွေက ကျန်းရှီမြို့သို့ စတင်၍ ခရီးနှင်ကြလေတော့သည်။ သူတို့အားလုံးသည် ကျန်းရှီမြို့မှ သူတို့နတ်ဘုရား၏ နောက်သို့ လိုက်ရန် ဦးတည်လာကြခြင်း ဖြစ်သည်။
ကျားရိုင်း တိုက်ခိုက်ရေးကလပ်သည် ကျန်းနန်မြို့တွင် နောက်ဆုံး တောင့်ခံထားသည့် တိုက်ခိုက်ရေး ကလပ်ဖြစ်သည်။ သို့ပင်မယ့်လည်း ဤသည်က အစသာ ရှိချေသေးသည်။
ထို့နောက် ရှန့်ကျန်း အင်အားစုများက ပေဟဲမြို့သို့ ဦးတည်သွားကြသည်။ သတင်းဆိုးများက ချက်ချင်းဆိုသလို ပျံ့နှံ့လာသည်။
ပေဟဲမြို့မှ အင်အားစုများအားလုံး သုတ်သင်ခံလိုက်ရသည်။
လင်းကျီမြို့မှ အင်အားစုများအားလုံး သုတ်သင်ခံလိုက်ရသည်။
ဖုန်းယွမ်မြို့မှ အင်အားစုများ အားလုံး သုတ်သင်ခံလိုက်ရသည်။
…
တစ်မြို့ပြီးတစ်မြို့….
ကျန်းနန်စီရင်စုဒေသသည် အင်အားစုများ၏ သုသာန်လို ဖြစ်လာတော့၏။
အင်အားစုများနှင့် အဖွဲ့အစည်းများက တစ်ခုပြီးတစ်ခု ဖယ်ရှားခြင်း ခံလာရသည်။
ရှန့်ကျန်းမှ တပ်မကြီးက သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းကို သိမ်းပိုက်ခဲ့ကြသည်။
ကျန်းနန် စီရင်စု ဒေသရှိ မြို့ကြီး ဆယ့်ခြောက်မြို့မှ အင်အားစုများ အားလုံး သုတ်သင်ခြင်း ခံလိုက်ရသောအခါ ရှန့်ကျန်းတစ်မြို့လုံး ဆူညံကာ ပွက်လော ရိုက်လာသည်။
တစ်မြို့လုံး ပီတိဖြစ်နေကြသည်။
"ကြည့်စမ်း … သူတို့က ရှန့်ကျန်းမြို့က အင်အားစုတွေကွ … သူတို့က အကြောက်အရွံ့ ကင်းသလို ပြိုင်ဘက်လည်း ကင်းတယ် … ဒီတစ်ချိန်မှာတော့ ဟွာရှ တစ်နိုင်ငံလုံးမှာ ရှန့်ကျန်းမြို့က သေချာပေါက် နာမည်ကျော်လာတော့မှာ"
"ဟဟ…. မိုက်တယ်ကွာ …. ရှန့်ကျန်း အင်အားစုက တကယ့်ကို ပြိုင်ဘက်ကင်းပဲ … သူတို့လမ်းမှာ လာပိတ်တဲ့ ဘယ်သူကိုမဆို သူတို့ သတ်ရဲတယ်ကွ"
"မာစတာလီက တော်တော် အင်အားကြီးတာပဲကွ … ရှန့်ကျန်း အင်အားစုကလည်း မိုက်တယ် … ရှန့်ကျန်းမြို့က သိုင်းပညာ အသိုင်းအဝိုင်းက ဟွာရှ တစ်နိုင်ငံလုံးကို ထိတ်လန့်သွားအောင် လုပ်ဖို့ ကံပါလာတာကွ"
….
ရှန့်ကျန်းမြို့မှ လူတိုင်းက ကျယ်လောင်စွာ ဩဘာပေးနေကြသည်။
လီကျိုးယောင်နှင့် ရှန့်ကျန်းမြို့မှ အခြားအင်အားကြီးသူများကြောင့် ဂုဏ်ယူမိသည်။
ဤတိုက်ပွဲပြီးသွားလျင် ရှန့်ကျန်းမြို့မှ အင်အားစုသည် ဟွာရှတစ်နိုင်ငံလုံးတွင် နာမည်ကျော်ကြား လာပေတော့မည်။
ကျန်းနန် စီရင်စုဒေသရှိ မြို့ဆယ့်ခြောက်မြို့ ရှင်းလင်း ခံလိုက်ရပြီဆိုတာကို သိလိုက်ရသည်နှင့် ရှန့်ကျန်းမြို့မှ လူများ ပို၍ တက်ကြွလာကြသည်။
သူတို့ နောက်သွားမည့် နေရာက ယဲ့ဖန် နေသည့် ကျန်းရှီမြို့ဆိုတာကို သူတို့ သိလိုက်ကြသည်။
"ချီးပဲ … ယဲ့ဖန်က အားနည်းလွန်းတယ် … ငါတို့ ရှန့်ကျန်းတပ်မကြီးက ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းမယ်ဆိုတာကို သိနေတာတောင် သူ လုံးဝ ပေါ်မလာဘူး"
"ဟဟ… ဒီလောက်များတဲ့ အင်အားစုကြောင့် သူ သေမတတ် ကြောက်နေတာ နေမှာပေါ့ … သူ့အိပ်ရာထဲ ပုန်းပြီး ကျိတ်ငိုနေလောက်ပြီ"
"သူ့နာမည်ကြီးတာနဲ့ မထိုက်တန်ပါဘူးကွာ … ဒီလိုလူက လင်းပြောင်ကို ဘယ်လိုလုပ် သတ်နိုင်တာလဲဆိုတာကို ငါ နားကိုမလည်နိုင်ဘူး… အံ့ဩစရာကြီး"
ရှန့်ကျန်းမြို့မှ လူတိုင်းက ယဲ့ဖန်အား အလွန် အထင်သေးနေကြသည်။
လီကျိုးယောင်က ယဲ့ဖန်အား လက်တစ်ဘက်တည်းနှင့် သတ်လိုက်နိုင်သည်ဟု သူတို့ ထင်မှတ်နေကြ၏။
ရှန့်ကျန်းမြို့မှ သူများ ဆွေးနွေးနေစဉ် လီကျိုးယောင်နှင့် အခြား ရှန့်ကျန်းမြို့မှ အင်အားစုများက ကျန်းရှီမြို့သို့ ရောက်သွားပြီဆိုတာကို သူတို့ သိလိုက်ရသည်။
ကျန်းရှီမြို့၏ လမ်းမထက်တွင် တိတ်ဆိတ်ကာ အေးစက်နေ၏။ မည်သည့်နေရာတွင်မှ လူရိပ်လူခြေကို မတွေ့ရပါ။
စစ်ပွဲမစခင် တိတ်ဆိတ်နေသကဲ့သို့ လူသူကင်းမဲ့က လေထုကလည်း ကြမ်းတမ်း နေသလိုပင်။
ရှန့်ကျန်းမြို့မှ အင်အားစုများက သွေးများနှင့် ပေကျံနေသော အသွင်အပြင်များဖြင့် လမ်းမထက် လျှောက်လို့လာသည်။ သူတို့အားလုံးသည် အလွန် ရက်စက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ယဲ့ဖန်နှင့် ကျန်းရှီမြို့ရှိ အခြားအင်အားစုများကို သတ်ပြီးပါက ကျန်းနန် စီရင်စုဒေသ တစ်ခွင်လုံးတွင် မည်သည့် အင်အားစုမှ မကျန်တော့မည်ကို သူတို့ သိနေကြသည်။
"ယဲ့ဖန် … အခု မင်းအလှည့်ပဲ … မင်း အဆင်သင့်ပဲလား"
လီကျိုးယောင်က မနှစ်မြို့ဖွယ် အပြုံးမျိုး ပြုံး၍ ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများကလည်း ရက်စက်သော အမူအရာများ ပျော်ဝင်နေသ်။
ကျန်းရှီမြို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းက စတင်တော့ပေမည်။