ကိုးဆင့် သွေးဝင်္ကပါ
Vol. 12 Ch. 180
ကျန်းရှီမြို့၏ ဆင်ခြေဖုံးရပ်ကွက်အတွင်း၌ ခြေသံများ နှင့်အတူ ကြွက်သား အမြောင်းမြောင်းနှင့် သူများ ပြည့်နှက်လို့လာသည်။
သူတို့သည် ကျန်းနန် စီရင်စု ဒေသကို ရှင်းလင်း သုတ်သင်ခဲ့သည့် ရှန့်ကျန်းမြို့မှ အင်အားစုများ ဖြစ်သည်။
"မာစတာ …. ယဲ့ဖန်ရဲ့ အိမ်က မလှမ်းမကမ်းမှာ ရှိပါတယ်"
ဆရာသခင် တစ်ပိုင်းအဆင့် ဖုန်းရှောင်ထျန်းက လီကျိုးယောင်ကို ပြောလိုက်သည်။ သူ့စကားကြောင် လီကျိုးယောင်၏ မျက်လုံးများက အေးစက်လာကာ ရေရွတ် လိုက်သည်။
"နောက်ဆုံးတော့ ငါတို့ ဒီကို ရောက်လာပြီပဲ"
လီကျိုးယောင်က သူ၏ ပထမတပည့် လင်းပြောင်နှင့် ဒုတိယတပည့် လော့စစ်တို့အား မြင်နေရသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"လင်းပြောင် … လော့စစ် … ငါ ဒီနေ့ မင်းတို့အတွက် လက်စားချေပေးမယ်"
"ငါ ယဲ့ဖန်ကို တစ်စစီ ဖြစ်အောင် လုပ်ပြီးတော့ သူနဲ့ ပတ်သက်တဲ့ သူတွေကို သတ်ပစ်မယ် … သူတို့ရဲ့ သွေးတွေနဲ့ မင်းတို့အတွက် ယဇ်ပူဇော်ပေးမယ်"
လီကျိုးယောင်၏ မျက်လုံးများက ကြမ်းတမ်းသော ချီစွမ်းအင်များနှင့် ပြည့်နှက် လာသည်။
သူ့နောက်၌ ရပ်နေသော အင်အားစုကလည်း အလွန် စိတ်အားတက်ကြွလာ၏။
ဤသည်ကား သူတို့၏ နောက်ဆုံးပိတ် တိုက်ပွဲဖြစ်ပြီး သူတို့၏ ဂုဏ်သရေကို ရရှိရန် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပေသည်။
"သေပေတော့…သေပေတော့…သေစမ်းကွာ"
ရှန့်ကျန်းအင်အားစုများက လက်သီးလက်မောင်း တန်း၍ ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။ သူတို့ရန်သူ၏ သွေးကို အသုံးချ၍ သူတို့၏ ဂုဏ်ကျက်သရေ တိုးပွားလာရန် မစောင့်နိုင်တော့ချေ။
ထို့ကြောင့် ရှန့်ကျန်း အင်အားစုများ အရှိန်မြှင့်၍ လှမ်းလာကြသည်။ သို့သော် ယဲ့ဖန်အိမ်သို့ မရောက်ခင် မိုင် တစ်ထောင့်ခြောက်ရာ အကွာသို့ ရောက်သည်နှင့် လီကျိုးယောင် မျက်ခုံးလှုပ်လာသည်။ တစ်ခုခု မူမမှန်သလို သူ ရုတ်တရက် ခံစားလာရသည်။
"ရပ်"
ထို့နောက် လီကျိုးယောင်က လက်တစ်ဘက်မြှောက်ကာ အခြားသူများအား ရပ်ရပ် ချက်ချင်း အချက်ပြ လိုက်သည်။
"မာစတာ…ဘာဖြစ်လို့လဲဗျ"
ဖုန်းရှောင်ထျန်းက လီကျိုးယောင်အား ဇဝေဇဝါဖြင့် မေးလိုက်သည်။လီကျိုးယောင်က မျက်မှောင်ကြုတ်ကာ မြေကြီးကို တစ်ချက်ငုံ့ကြည့်၍ ပြောလိုက်သည်။
"ဒီနားမှာ တစ်ခုခု ထူးဆန်းနေတယ်လို့ ကျုပ် ခံစားနေရတယ် … ချီတစ်ချို့ ပါဝင်နေတယ်လို့ ခံစားနေရတယ်"
*ဘာ*
လီကျိုးယောင်၏ စကားကြောင့် ဖုန်းရှောင်ထျန်းနှင့် အခြား ရှန့်ကျန်းအင်အားစုများ အံ့ဩသွားကြသည်။
"မာစတာ … အတွေးလွန်နေပါပြီ … ဒီမှာ ဘယ်သူ့မှ မရှိတာ … ဘယ်နားကနေ ကြမ်းတမ်းတဲ့ ချီစွမ်းအင် ရှိမှာလဲဗျ"
"ဟုတ်ပါတယ် မာစတာ … ယဲ့ဖန်က အခုထိ ပေါ်မလာသေးဘူး … သူ သေမတတ် ကြောက်နေပြီ ထင်တယ် … ခင်ဗျား အတွေးလွန်နေတာ ဖြစ်မှာပါ"
"ဟဟ… မြန်မြန် သွားကြစို့ … ကျန်းရှီမြို့က အင်အားစုတွေရဲ့ စိတ်ဓာတ်ကျနေတဲ့ မျက်နှာကို မြင်ချင်လှပြီ"
ယခုအချိန်ထိ အဖွဲ့က ပြိုင်ဘက်ကင်းလာခဲ့သည့်အတွက် သူတို့က ကျန်းနန် စီရင်စု ဒေသမှ အင်အားစုများကို အထင်သေးလို့ နေသည်။
ထို့ကြောင့် သူတို့က လီကျိုးယောင်၏ သတိပေးစကားကို အလေးမထားကြ။
ဖုန်းရှောင်ထျန်းသာမက ရှန့်ကျန်းမြို့မှ လူများကပါ လီကျိုးယောင်က အရမ်း အသေးစိတ် ပြုမူနေသည်ဟု ထင်နေကြသည်။
ရှန့်ကျန်းမြို့မှ အင်အားစုသည် ကျန်းနန်စီရင်စုသို့ ခရီးနှင်လာသည့် တစ်လျှောက် ပြိုင်ဘက်ကင်း လာခဲ့ပြီးပြီ ဖြစ်သည်။ ကျန်းရှီမြို့က အင်အားစု သေးသေးလေးက သူတို့အား မည်သို့ တားမြစ်နိုင်ပါမည်နည်း။
ရှန့်ကျန်းမြို့မှ မြို့သားများကပါ အထင်သေးသည့် အကြည့်များနှင့် ဖြစ်နေပြီး သူတို့က ကျန်းနန်စီရင်စု ဒေသရှိ အင်အားစုများ အသတ်ခံရတော့မည်ကို ကြည့်ရန် မစောင့်နိုင်ကြတော့ချေ။
သို့သော် ထိုအချိန်တွင်…
"ဘာ…ဘာကြီးလဲဟ…"
ရှန့်ကျန်းမြို့ရှိ သိုင်းပညာ အသိုင်းအဝိုင်း၌ အဆင့်နိမ့်သည့် တိုက်ခိုက်ရေးသမားသည် ဖုန်းမှ တစ်ဆင့် သတင်းကြည့်နေစဉ် သူ့ဖုန်းက ရုတ်တရက် အေးခနဲ ဖြစ်သွားသဖြင့် မနှစ်မြို့သည့် အမူအရာ ဖြစ်သွားသည်။
သူသာမက ကြည့်ရှုနေကြသည့် သူများအားလုံး ဖုန်းမျက်နှာပြင်ကို ကြည့်ပြီး တွေဝေသွားကြသည်။
မကောင်းဆိုးဝါး အရောင်ဖြစ်သော နီကျင့်ကျင့် အရောင်များနှင့် များစွာသော သွေးစွန်း အလင်းတန်း များကို သူတို့ မြင်လိုက်ရသည်။
နောက်ထပ် ဖြစ်ပျက်လာသည့် အဖြစ်အပျက်ကြောင့် လူတိုင်း သေမတတ် ကြောက်ရွံ့သွားကြသည်။
မိုးပြာရောင် ကောင်းကင်ယံထက်မှ သွေးစွန်း ဓားရောင်များ ကျဆင်းလာသည်။
ဓားတစ်ချောင်းစီက အလွန် ထက်ရှကာ လေထုကိုပင် ဖြတ်တောက်နိုင်ပုံရသည်။ ထို့အပြင် အသံထက်မြန်သောနှုန်းဖြင့် မြည်ဟီးသံကို ကြားလိုက် ရသည်။
ရွှစ်! ရွှစ်! ရွှစ်!
ကြယ်နှစ်လုံး အဆင့်များ ပါသော အဖွဲ့တစ်ဖွဲ့သည် သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ဓားရောင်များ ကျရောက် လာပြီး သူတို့အား နုတ်နုတ်စင်း သွားလေတော့သည်။
ချက်ချင်းဆိုသလိုပင် လေထုထဲ သွေးနံ့များ လှိုင်လှိုင်ထ လာသည်။
သတင်းကို ကြည့်နေသည့် ရှန့်ကျန်း မြို့သူမြို့သားများ အားလုံး တအံ့တဩ ဖြစ်သွားကြသည်။
ယခုကဲ့သို့ အရာမျိုး သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သို့သော် ယခုမှ ပွဲက စရုံရှိသေး၏။
ထို့နောက် ယဲ့ဖန်အိမ်ကို ဗဟိုပြု၍ မိုင် တစ်ထောင့် ခြောက်ရာ အချင်းဝက် ပမာဏ ရှိသော စက်ဝန်းတစ်ခု နိုးထလာကာ လေထုထဲသို့ ဓားမိုးရွာချလေတော့သည်။
ရွှစ်! ရွှစ်! ရွှစ်!
မည်သည့် သတိပေးချက်မျှ မရှိဘဲ သေခြင်းနိမိတ်က ထွက်ပေါ်လာသည်။ ထို့ကြောင့် ရှန့်ကျန်း အင်အားစု များသည် ဓားမိုးကြောင့် နုတ်နုတ်စင်း ခံလိုက်ရ တော့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ကမ္ဘာတုန်မတတ် ထိတ်လန့်စွာ ဟစ်အော် မိကြလေတော့သည်။
*မ…မဖြစ်နိုင်ဘူး*
သတင်းကို ကြည့်နေသည့် ရှန့်ကျန်းမြို့သားများအားလုံး ထိတ်လန့်သွားကြသည်။
သူတို့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။
"အနန္တ သိုင်းပညာရှင် ရှု သေသွားပြီ … အိုး …ဘုရားရေ … သူ့ကို ဓားပျံတွေက အလွှာလိုက် လှီးချသွားတာပါလား"
"ဒါ မဟူရာနဂါးဂိုဏ်းက ထိပ်သီးပုဂ္ဂိုလ် ဝေ့ဖုန်းမလား … သူ …. သူ့ကိုယ်ကို ဓားပျံတွေက အပိုင်းပိုင်း ခုတ်ထစ်ပစ် လိုက်တယ် … ဆိုး…ဆိုးရွားလှချည်လား"
"ချီးပဲ … ဒါ ဘာ သောက် ပစ္စည်းကြီးလဲဟ … အဲ့ဒါက ဆရာသခင် တစ်ပိုင်းအဆင့်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ် … မယုံနိုင်စရာပဲ"
ကြောက်မက်ဖွယ် မြင်ကွင်းက ရှန့်ကျန်းမြို့တစ်ခွင်တွင် ထုတ်လွှင့် ပြသလျက် ရှိသည်။
ဓားပျံများ၏ အစွမ်းကို မည်သူမျှ ထင်မှတ်မထားမိကြ။ ယခင်မြို့များကို ခလုတ်မထိ ဆူးမညိဘဲ ဖြတ်လာခဲ့သည့် များစွာသော ပြိုင်ဘက်ကင်း ရှန့်ကျန်း အင်အားစု များစွာက ဘယ်လိုလုပ် အသတ်ခံလိုက် ရတာပါလိမ့်။
ထို့ပြင် သူတို့သည် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် နည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ရှန့်ကျန်းအင်အားစုများ နောက်မှ လိုက်လာသည့် သတင်းထောင်များနှင့် အွန်လိုင်း ဆယ်လီများ မှင်တက်သွားကြသည်။
ရှန့်ကျန်း အင်အားစုနှင့် သူတို့ အတော်လေး ဝေးကွာနေသဖြင့် ဤကပ်ဘေးမှ သူတို့ လွတ်မြောက်သွားခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့အားလုံး ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေကြသည်။
"သူတို့ သေကုန်ပြီ … ဝေ့ဖုန်း သေပြီ … ကျူးကလန်ခွဲ ခေါင်းဆောင် ဆရာရှုလည်း သေပြီ…"
ကြည့်နေသည့်သူများအားလုံး ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်ဖြစ်နေကြသည်။
များစွာသော ပြိုင်ဘက်ကင်း ရှန့်ကျန်း အင်အားစုများ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးကုန်ကြသည်။
ဓားပျံများကြောင့် ထိပ်သီးပုဂ္ဂိုလ်များစွာ အပိုင်းပိုင်း ခုတ်ထစ်ခံလိုက်ရသည်။ လူသတ်ပွဲကြီးနှင့် တူလှပေ၏။
ထိုစဉ် လီကျိုးယောင်၏ မျက်နှာက အလွန် သုန်မှုန်နေပြီး ကိုးဆင့် သွေးဝင်္ကပါအား သေချာ ကြည့်နေသည်။
"တိုက်ပွဲဝင် မှော်ဝင် ဝင်္ကပါပါလား … ဒီမှာ ဘယ်လိုလုပ် ဒီလောက် အင်အားကြီးတဲ့ ဝင်္ကပါမျိုး ရှိနေတာလဲ"
လီကျိုးယောင်သည် ဆရာသခင် ဖြစ်နေသည်မှာ နှစ်နှင့် ချီနေပြီဖြစ်ပြီး ရာနှင့်ချီသော တိုက်ပွဲဝင် မှော်ဝင် ဝင်္ကပါများစွာကို ရေးဆွဲခဲ့ ဖူးသော်လည်း ဤမျှ ထူးဆန်း၍ ဆိုးယုတ်သည့် အရာမျိုးကိုတော့ တစ်ခါမှ မြင်ဖူးခဲ့ပါ။
မိုးစက်များကဲ့သို့ ကျရောက်နေသည့် ဓားပျံများကို ကြည့်ပြီး လီကျိုးယောင် အော်ဂလီဆန်လာသည်။
"သေစမ်း…သေစမ်း…သေစမ်း"
များစွာသော ရှန့်ကျန်းအင်အားစုများ ခုတ်ထစ်ခံနေ ရသည်ကို ကြည့်ပြီး လီကျိုးယောင် ဒေါသထွက်လာကာ မုတ်ဆိတ်မွေးများပင် ထောင်လာသလို ဖြစ်လာသည်။
ထို့နောက် သူက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
"မြန်မြန် ငါးယောက်တစ်ဖွဲ့ ဖွဲ့ကြစမ်း … ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်က ဒီတိုက်ပွဲဝင် ဝင်္ကပါကို ဖျက်စီးဖို့ ငါ့နောက်က လိုက်ခဲ့"
လီကျိုးယောင်၏ အမိန့်ကို ကြားသည်နှင့် အခြားသူများ အားလုံး အလျင်အမြန် ဆောင်ရွက်ကြသည်။
သူတို့ ချက်ချင်း ငါးယောက်တစ်ဖွဲ့ ဖွဲ့ကာ ဓားပျံများကို ခုခံကြသည်။
ထို့နောက် လီကျိုးယောင်က ဝင်္ကပါ၏ ဗဟိုချက်ကို အသည်းအသန် တိုက်ခိုက်လေသည်။ သူ့နောက်မှ ဆရာသခင်တစ်ပိုင်းအဆင့် ခြောက်ယောက်ကလည်း တိုက်ခိုက်လေ၏။
ပျက်စီးစမ်း! ပျက်စီးစမ်း! ပျက်စီးစမ်း!
ထိုအချိန်တွင် လီကျိုးယောင်က သန်မာ၍ အားမာန် ပါသော နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှား နေသည်။
သူသည် အလွန် ပေါ့ပါး ဖျတ်လတ်လှကာ သွေးစွန်းနေသော ဓားပျံများ ရှိရာနေရာအား တစ်ချက်တည်းနှင့် သွေးမိုးအဖြစ် ပြောင်းလဲ လိုက်နိုင်သည်။ ထိုသွေးမိုးသည် မကြာခင် ပျယ်လွင့်သွား လေတော့၏။
တစ်လှမ်း! နှစ်လှမ်း! သုံးလှမ်း!
လီကျိုးယောင် သုံးလှမ်းလှမ်းလိုက်ပြီးနောက် သူက မြေကြီးအား လက်သီးဆုပ်ကာ အားနှင့် ထိုးချလိုက်သည်။
ဘန်း!
လက်သီးတစ်ချက်တည်းဖြင့် ကမ္ဘာတုန်လှုပ်အောင် လုပ်လိုက်နိုင်သည်။ ထို့နောက် သွေးမိုးတိမ်များ ပျောက်ကွယ်သွားသည်။
ကိုးဆင့် သွေးဝင်္ကပါ၏ ပထမအဆင့်က ပျက်စီး သွားလေပြီ။ ထို့အခါမှသာ ရှန့်ကျန်းအင်အားစုများ သက်ပြင်းချနိုင်တော့သည်။
လီကျိုးယောင်တောင်မှ ထိတ်လန့်ပြီး ရင်တုန်နေပြီး နဖူးမှ ချွေးများကို သုတ်လိုက်ရသည်။
မြေကြီးထဲမှ ထူးဆန်းသည့် ကျောက်တုံးတစ်တုံးကို ကြည့်ပြီး သူ မျက်ခုံးပင့်မိသွားသည်။
"ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ တိုက်ပွဲဝင် ဝင်္ကပါလိမ့်။ အရည်အသွေးနိမ့်တဲ့ ကျောက်တုံးကိုသာ သုံးမထားဘူးဆိုရင် ဒါက ဆရာသခင်အဆင့် ဒါမှမဟုတ် ဒီ့ထက် ပိုသန်မာတဲ့သူကို သေချာပေါက် သတ်နိုင်မှာပဲ"
လီကျိုးယောင်၏ မျက်လုံးများတွင် လောဘမီးများ ဟုန်းဟုန်းတောက်လောင်လာသည်။
"ဒီလို မှော်ဝင် တိုက်ပွဲဝင် ဝင်္ကပါကို ငါ့လက်နဲ့ ဆွဲနိုင်မယ်ဆိုရင် ကျန်တဲ့ နိုင်ငံ့ထောက်တိုင် သုံးယောက်ကို အသာလေး အနိုင်ယူနိုင်ပြီးတော့ ငါက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် ဆရာသခင် ဖြစ်လာမှာပဲ"
လီကျိုးယောင် ပို၍ အားတက်လာသည်။ ထိုစဉ် ကိုးဆင့် သွေးဝင်္ကပါ၏ ဒုတိယအဆင့်က စတင်လာလေသည်။