ကျိုးပျက်ဂိုဏ်းကို ဘယ်တော့မှ မရှာနဲ့
Vol. 27 Ch. 368
မိုဝူကျီက တစ်ဖက်လူမှာ ကျိုးပျက်ဂိုဏ်းကမှန်း သိလိုက်ပြီး ထိုအမျိုးသမီးမှာ အဆိပ် နတ်သမီးထက်ပင် ပို၍ အားကောင်းပေသည်။ သူမက လောက အင်မော်တယ်အဆင့် ၃ ဖြစ်လိမ့်မည်မှန်း မိုဝူကျီက မှန်းဆမိသည်။ သို့သော်လည်း ထိုအမျိုးသမီးမှာ နံပါတ် ၇၃၁ လက်စွပ်ကို ယူသွားသည့်သူ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အမှတ်အသားမှာ သူမ ခန္ဓာကိုယ်တွင် ရှိမနေချေ။
“ ဒီမှာ ဘာလုပ်နေတာလဲ ” အမျိုးသမီးက မိုဝူကျီကို စိုက်ကြည့်ကာ အေးစက်စက် မေးလိုက်သည်။
“ မင်း ကိစ္စမဟုတ်ပါဘူး ” မိုဝူကျီက အန္တရာယ် အာရုံခံနိုင်စွမ်းနှင့် အတူ လွတ်မြောက်ရေး အဆောင်ကို အသုံးမပြုမိခဲ့လျှင် သေသွားနိုင်သောကြောင့် သူမကို ရင်းရင်းနှီနှီး မပြောဆိုနိုင်ပေ။
အမျိုးသမီးက မိုဝူကျီ စကားများ ကြားသောအခါ သူနှင့် ပြောမနေတော့ဘဲ သူမ၏ စူးရှအလင်း ကြေးမုံ ခုနစ်ချပ်ကိုသာ ဆွဲထုတ်လိုက်တော့သည်။
စူးရှအလင်း ကြေးမုံ ခုနစ်ချပ်က အင်မတန် ကြီးကျယ်လှပြီး အလင်းများစွာ ထွက်ပေါ်လာကာ မိုဝူကျီကို ရစ်ပတ် ထားလေ၏။ ထိုအလင်းများမှာ ဟင်းလင်းပြင် အလား ဖြစ်ပေါ် လာပြန်သည်။
မိုဝူကျီ၏ တျန်းဂျီတုတ်က ထိုအလင်းများနှင့် ထိတွေ့သည့် အခါ ပုံရိပ်များစွာ အဖြစ် ပြောင်းလဲ သွားသည်။
“ ဘမ်း ” မိုဝူကျီ တျန်းဂျီတုတ်နှင့် ထိတွေ့သည့်အခါ ထိုဟင်းလင်းပြင်က အပိုင်းပိုင်း အစစ ကွဲကြေ သွားတော့သည်။ မိုဝူကျီက ရှေ့တစ်လှမ်းတိုးကာ ထိုနေရာမှ ထွက်လာ လိုက်သည်။ မိုဝူကျီက တည်နေရာ သီအိုရီအကြောင်း တော်တော်များများ သိနေပြီ ဖြစ်၍ ထိုဟင်းလင်းပြင်၏ တည်ငြိမ်မှုမှာ သုညနီးပါး ဖြစ်နေသော်လည်း တည်နေရာ ဟင်းလင်းပြင် အကြောင်း ဘာကိုမျှ မသိသေးသည့် အသစ်လေး အပေါ်သာ အသုံးဝင်လိမ့်မည်။
သူမ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းဘဲ မိုဝူကျီ၏ တျန်းဂျီတုတ်မှာ လေဟုန်ခွင်း၍ သူမဆီ ဝင်ရောက် လာသည်။
“ ဘုန်း ”
ဤတစ်ကြိမ်တွင် စူးရှအလင်း ကြေးမုံ ခုနှစ်ချပ်မှာ အကာအကွယ် ဒိုင်းအဖြစ် ပြောင်းလဲသွားပြီး မိုဝူကျီ၏ တျန်းဂျီတုတ်ကို ကာကွယ် လိုက်သည်။
“ ဘုန်း ” တျန်းဂျီတုတ်၏ စွမ်းအားများက အမျိုးသမီးလေးကို ဆယ်မီတာလောက် အထိ လွင့်စဉ် သွားစေသည်။
သူ့ကို သတ်ချင်နေသည့် အမျိုးသမီး တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အခါ မိုဝူကျီက နူးညံ့ညင်သာနေ၍ မရပေ။ လျှပ်စီးကွန်ရက်ကို ထုတ်လွှင့်လိုက်ပြီး တျန်းဂျီတုတ်နှင့် ရိုက်လိုက်သည်။
“ဘုန်း ဘုန်း ဘုန်း”
လျှပ်စီးကွန်ရက်မှာ အမျိုးသမီးကို ပိတ်လှောင်ထားပြီး ကြေးမုံ ခုနှစ်ချပ်မှ အလင်းများက ထိုးဖောက်ဖို့ရာ ကြိုးစားနေသည်။ သို့သော်လည်း လျှပ်စီးကွန်ရက်မှာ အားကောင်းလွန်းသည့် အတွက် ထိုအမျိုးသမီး အဝတ်အစားများကို မည်းတူး သွားစေသည်။
မိုဝူကျီက ဟင်းလင်းပြင်ကို မြင်လိုက်ပြီး ထိုအမျိုးသမီး၏ ကြေးမုံမှ ပြုလုပ်ထားသော ဟင်းလင်းပြင်မှ ထွက်လာလေသည်။ ဟင်းလင်းပြင် တည်နေရာအကြောင်း နားလည်နိုင်စွမ်းကို ယှဉ်လျှင် ထိုအမျိုးသမီးမှာ မိုဝူကျီကို လိုက်မမီနိုင်ပေ။ သူမက မည်မျှ အားထုတ် သုံးစေကာမူ မိုဝူကျီ၏ လျှပ်စီးကွန်ရက်ကို မချိုးဖောက်နိုင်ချေ။
ထိုစဉ် မိုဝူကျီ၏ တျန်းဂျီတုတ်က ဆင်းသက်လာ၏။ မိုဝူကျီက ထိုအမျိုးသမီးကို လောက အင်မော်တယ်အဆင့် ၃ လေးဖြင့် သူ့ကို လုပ်ကြံဖို့ ကြိုးစားသည်မှာ အတော်လေး ရည်မှန်းချက် ကြီးသည့် အကြောင်း ပြောပြချင်နေသည်။
“ ရပ်စမ်း ... ရှင် ကျွန်မကို သတ်ရင် ရှင်က ကျိုးပျက်ဂိုဏ်းရဲ့ လက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူတို့က ရှင်ကို ဖယ်ရှား ပစ်မနိုင်မချင်း အရိုးတီလို လိုက်နေလိမ့်မယ် ... ” ထိုအမျိုးသမီးက သူမ အသက်လေးမှာ မိုဝူကျီ လက်ထဲ အပြည့်အဝ ကျရောက် နေကြောင်း သိ၍ အမြန်အဆန် အော်ပြောလိုက်သည်။
သူမက ကျန်လူများနှင့် ကွာခြားနေသည်က မိုဝူကျီ ဝန်းကျင်တွင် ဝိညာဉ် စွမ်းအားများ မရှိ၍ သေမျိုး တစ်ယောက်နှင့် တူနေသော်လည်း သူမက သူ့ကျင့်ကြံဆင့်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိပြီး မိုဝူကျီသည် လောက အင်မော်တယ် အဆင့် မရောက်သေးကြောင်း သိ၏။
လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများသည် ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်ပေါ်နေပြီး သဘာဝ စွမ်းအားများကို စုစည်းကာ သူတို့ ခန္ဓာကိုယ်မှ ထွက်သွား နိုင်ကြသည်။ သူမက ကမ္ဘာဦး စိတ်ဝိညာဉ် များကို အာရုံခံနိုင်စွမ်း ကောင်းသည့် အတွက် မိုဝူကျီ၏ ကျင့်ကြံဆင့် အစစ်အမှန်ကို အာရုံခံနိုင်သည်။ သူမ မျက်လုံးထဲတွင် လောက အင်မော်တယ် အဆင့်ပင် မရောက်သေးသည့် ကျင့်ကြံသူလေးကို ရှင်းပစ် နိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။
မိုဝူကျီသည် တိုက်ကွက် ငါးကွက်လောက်ဖြင့် သူမအား ချုပ်နှောင် ထားနိုင်မည်ဟု မည်သူက တွေးမိမည်နည်း။
“ ဘမ်း ” မိုဝူကျီ၏ တျန်းဂျီတုတ်က ရပ်ဖို့ရာ စိတ်ကူးမရှိသည့် အတွက် အမျိုးသမီး၏ ဒူးဆီ ကျရောက်လာကာ ခြေထောက် ချိုးပစ် လိုက်သည်။ မိုဝူကျီ၏ တျန်းဂျီတုတ် ကျရောက် လာပြီးသည့် နောက်တွင် သူမက ချက်ချင်းဆိုသလို မြေပြင်ပေါ် ခွေခွေလေး လဲကျ သွားတော့သည်။ မိုဝူကျီက သေချာ ကြည့်နေသည့် အတွက် သူမအနေနှင့် လွတ်မြောက်ဖို့ရာ မဖြစ်နိုင်ချေ။
မိုဝူကျီက ထိုကြေးမုံကို အင်မတန် အံ့ဩမိနေသည့် အတွက် သူမနှင့်အတူ မထားတော့ဘဲ သူမ၏ ကြေးမုံ ခုနစ်ချပ်ကို ဆွဲယူလိုက်သည်။ သူမကို မသတ်သည့် အကြောင်းအရင်းမှာ သူမက ကျိုးပျက် ဂိုဏ်းအကြောင်း စုံစမ်းလို၍ ဖြစ်ပြီး အဆိပ်နတ်သမီးက ဘယ်သူလဲဆိုသည့် ကိစ္စပါ စုံစမ်းလို၍ ဖြစ်သည်။
သူက ပြန်လည် မွေးဖွားလာသည်ကို ကြားပြီး အဆိပ် နတ်သမီးမှာ သူမအသက်ကို ကယ်တင် ပေးဖို့ရာ တောင်းဆိုခဲ့သော်လည်း သူမအဆိပ်မှာ အားပြင်း လွန်းလှသည့် အတွက် မကယ်တင်နိုင်ခဲ့ပေ။ အဆိပ်နတ်သမီးက သူ့အကြောင်းနှင့် ပြန်လည် မွေးဖွားလာသည့် အကြောင်းကို သိချင်၍ သူ့ခန္ဓာပေါ်ရှိ ကျိုးပျက်ဂိုဏ်း အမှတ်အသားကြောင်းကိုပါ ပြောပြခဲ့ရာ မိုဝူကျီက သူမအကြောင်းကို မေးချင်ကြည့်မိသည်။
“ ကျမက ဂိုဏ်းစည်းမျည်းတွေကို ချိုးဖောက်မိပေမဲ့ ကျမကို လွတ်ပေးသရွေ့ ကျိုးပျက်ဂိုဏ်းကို ပြန်မပြောဘူးလို့ ကတိပေးတယ်။ ဒီဟာကို ဒီအတိုင်း ထားလိုက်လို့ မရဘူးလား ” အမျိုးသမီးက သူမ ခြေထောက် ကျိုးနေသည်ကို အာရုံရှိပုံ မပေါ်ဘဲ သူမက မိုဝူကျီနှင့် သဘော တူညီမှုရရန် ကြိုးစား နေလေသည်။
မိုဝူကျီ ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း
“ ကျိုးပျက်ဂိုဏ်းက အဲလောက်တောင် တမူထူးနေတာလား။ ကျုပ်က နံပါတ် ၇၃၁ ကို သတ်ပြီးတော့ အဆိပ်နတ်သမီး ကျုပ်ရှေ့မှာ သေသွားတာကို ကြည့်နေခဲ့တာတောင် ကောင်းကောင်း အသက်ရှင်နေတယ် မဟုတ်ဘူးလား ”
“ ရှင်က ဝမ်အာကို သတ်လိုက်တာ ” အဆိပ်နတ်သမီး သူ့ရှေ့ သေဆုံးသွားသည့် အကြောင်းကို ပြောသည့်အခါ ထိုအမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲ လာသည်။ သူမ ဒူးအချိုးခံရစဉ်က ဘာမှ မတုံ့ပြန်ဘဲ အဆိပ်နတ်သမီး သေဆုံးသွားသည်ကို ကြားသောအခါ သူမ အသံမှာ တုန်ယင် လာသည်။
“ရှင် ... ရှင်နဲ့ ကျိုးပျက်ဂိုဏ်းက ကျေအေးလို့ ရမှာ မဟုတ်ဘူး။ ရှင်က ကျိုးပျက်ဂိုဏ်း လက်ချက်နဲ့ အလောင်း မပြည့်မစုံ ဘဝနဲ့ သေဆုံးရဦးမှာ ” ထိုအမျိုးသမီး စကားများက ပြင်းထန်ကာ ရက်စက်လာသည်။
မိုဝူကျီက အေးစက်စွာ ပြန်ဖြေလိုက်သည်
“ မင်း မပြောရင်တောင် ကျိုးပျက်ဂိုဏ်းနဲ့ ကျုပ်က ဘယ်တော့မှ ညှိနှိုင်းလို့ ရမှာမှ မဟုတ်တာ။ အဆိပ် နတ်သမီးက ကျုပ်မှာ ဒုတိယဘဝ ရှိနေရင် ကျိုးပျက်ဂိုဏ်းကို လာပြဿနာ မရှာဖို့ ပြောပေမဲ့ ကျုပ်ကလည်း ကျိုးပျက်ဂိုဏ်းက ဒုတိယ ဘဝ ရလာမယ်ဆိုရင် ကျုပ်ကို ဘယ်တော့မှ လာရန်မစဖို့ ပြောလိုက်သေးပါ့။
မင်းကို မသတ်သေးတာက မင်းက ကျိုးပျက်ဂိုဏ်းသား ဖြစ်နေလို့ မဟုတ်ဘူး။ ကျိုးပျက်ဂိုဏ်းက မကြာခင် နှိမ်နှင်းခံရမှာ ဆိုတော့ ကျိုးပျက်ဂိုဏ်းကို သုံးပြီး ကျုပ်ကို ခြိမ်းခြောက် မနေနဲ့ ... ကျုပ်က မင်း ဝမ်အာလို့ ခေါ်တဲ့ အဲဒီ အဆိပ်နတ်သမီး အကြောင်း မေးချင်တယ်။ မင်းက သူမ အတိတ်ကို ပြန်ပြောပြပေးမယ်လို့ မျှော်လင့်တယ်။ မင်း မပြောပြချင်ရင်လည်း အတင်း ဖိအား မပေးပါဘူး။ အဲဒါကြောင့် အခု မင်းက သူမအကြောင်း ပြောပြချင်လား မပြောပြချင်ဘူးလား ဆိုတာပဲ ဖြေရုံပဲ ... ”
အမျိုးသမီးက တည်ငြိမ် လာပြီးနောက် မိုဝူကျီကို လေးလေးနက်နက် ကြည့်ကာ
“ အဲဒါဆို ရှင်က မိုဝူကျီပေါ့။ ကျမ ရှင့်ရဲ့ ဂုဏ်သတင်းတွေကို ကြားမိပါတယ်။ ရှင့်ကို မဖြေခင် တစ်ခုလောက် မေးချင်တယ် ... ရှင် ဝမ်အာကို သတ်ခဲ့လား .... ”
မိုဝူကျီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်
“ တကယ်လို့ ဝမ်အာက အဆိပ် နတ်သမီးဆိုရင် ကျုပ် မသတ်ခဲ့ဘူး။ ကျုပ် အာကာသထဲ ရောက်နေတုန်း သူမက လမ်းကြုံလိုက်ပါရစေ ဆိုပြီး အကူအညီ တောင်းလာတယ်။ ကျုပ်လည်း သဘောတူ လိုက်တယ် ....
သူမက ကျုပ် သင်္ဘောပေါ် ရောက်လာတာနဲ့ ကျုပ်ကို အဆိပ်ခတ်ခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ အဆိပ်က ကျုပ်အပေါ်မှာ သက်ရောက်မှု မရှိတာကို သတိပြုပြီးတော့ သူမ ကျရှုံးသွားတာ သိလိုက်တယ်။ အဲဒါနဲ့ သူမ ဘာသာ သတ်သေဖို့ လုပ်တာ .... ကျုပ်က သူမကို သတ်ဖို့ စိတ်ကူး မရှိပေမဲ့ သူမက သူမဘာသာ သတ်သေသွားတာ .. ”
“ အဲဆို ဝမ်အာက ရှင့်ကို ကျိုးပျက်ဂိုဏ်းရဲ့ ဝိညာဉ်အမှတ်အသား ဘယ်လို ရှာရမယ်ဆိုတာ ဘာလို့ ပြောပြသွားတာလဲ ” မိုဝူကျီ စကားများကို ကြားသောအခါ သူမ မျက်လုံးအိမ်ထဲမှ ဝမ်းနည်းမှုများက ပျောက်ကွယ် သွားသည်။
“ဝမ်အာက ကျုပ်ကို ကျုပ် ခန္ဓာအပေါ်က ဝိညာဉ် အမှတ်အသား အကြောင်း ပြောပြသွားတယ် ဆိုတာ သိတာ အတော်လေး ဉာဏ်ကောင်းတာပဲ ” မိုဝူကျီက တအံ့တဩ ပြောလိုက်သည်။
အမျိုးသမီးက ပြန်ဖြေလိုက်သည်
“ ကျိုးပျက်ဂိုဏ်းရဲ့ ဝိညာဉ် အမှတ်အသားက လေထဲက ဝိညာဉ် စွမ်းအားတွေကို အသုံးပြုပြီးတော့ ရှင် ကျင့်ကြံလိုက်တာနဲ့ ရှင့်ရဲ့ ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ်ကို အသုံးပြုပြီးတော့ ဝိညာဉ် လမ်းကြောင်းထဲ ဝင်သွားတယ်။ ဘယ်ကျင့်စဉ် သုံးသုံး ဝိညာဉ် အမှတ်အသားက ပျောက်သွားမှာ မဟုတ်ဘူး။ ပြီးတော့ ရှင်လည်း သတိထားမိမှာ မဟုတ်ဘူး။ ရှင့်မှာ အခု အမှတ်အသား မရှိတော့တာက ယန်အာက ဖယ်ရှားနည်းကို ပြောပြခဲ့တာ မလား .. မဟုတ်ရင် ရှင့်ခန္ဓာပေါ်မှ အမှတ်အသားရှိတာ သိနေရင်တောင် သေချာပေါက် ဖယ်ရှားနိုင်မှာ မဟုတ်ဘူး .. ”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်ကာ
“ တစ်ဝက်မှန်တယ် .... ဝမ်အာက ကျုပ်ခန္ဓာပါ်မှ ရှိနေတဲ့ ဝိညာဉ် အမှတ်အသား အကြောင်း ပြောပြခဲ့တယ်။ ဒါပေမဲ့ သူမက ဖယ်ရှားနည်း ပြောမပြခင်မှာ သေဆုံးသွားလို့ ကိုယ့်ဘာသာ ဖယ်ရှားခဲ့ရတာ ... ”
“ မယုံကြည်နိုင်စရာ ကောင်းလိုက်တာ ” အမျိုးသမီးက တအံ့တဩ ပြောရင်း ဝိညာဉ်အမှတ်အသားကို တိတ်တဆိတ် ထုတ်လိုက်သည်။
မိုဝူကျီက အပြောင်းအလဲကို အရမ်းအာရုံခံ ကောင်းသည့်အတွက် ထိုအမျိုးသမီးက သူ့ပေါ် အမှတ်အသား ထားလိုက်သည်နှင့် ချက်ချင်း သတိပြုမိလိုက်သည်။ သူက ထိုအမျိုးသမီး ထားပြီးသည်နှင့် ချီသွေးကြော ၁၀၆ ခုလုံးကို ဆက်တိုက် လှည့်ပတ် လိုက်ပြီးနောက် ချီသွေးကြော များထဲသို့ ပညာရှင် နှလုံးသား အပိုင်းအစလေး ပို့လွှတ် လိုက်သည်။
စက္ကန့်ပိုင်းလေး အတွင်း သူ့အပေါ်မှ ဝိညာဉ် အမှတ်အသားမှာ အစအနမရှိ ပျောက်ကွယ် သွားတော့သည်။
ထိုအမျိုးသမီးက မိုဝူကျီကို ချက်ချင်း ပြန်မပြောနိုင်သေးဘဲ ကြောင်အမိနေသည်။
သူမ အမှတ်အသား ချထားပြီးတဲ့ စက္ကန့်ပိုင်းလေး အတွင်း မိုဝူကျီက ဖယ်ရှား နိုင်လိုက်တာလား .... ကျိုးပျက်ဂိုဏ်းပင် ထိုသို့ မလုပ်နိုင်ချေ။
“ ရှင် ညာနေတာ မဟုတ်ဘူးပဲ ” အမျိုးသမီးက မိုဝူကျီကို စိုက်ကြည့်ရင်း သက်ပြင်းရှည်ကြီး ချကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ဝမ်အာက ရှင့်ကို ဘာလို့ အမှတ်အသား အကြောင်း ပြောပြခဲ့တယ် ဆိုတာ ပြောပြနိုင်မလား ... ”
မိုဝူကျီက ထိုအမျိုးသမီးကို လွှတ်ပေးရန် မရည်ရွယ် ထားသောကြောင့် ခေါင်းညိတ် ပြလိုက်သည်။ သူမက သူ့ကို ပြောပြမည်အစား အဘယ်ကြောင့် အရမ်း ဂရုစိုက် နေသည်ကို ဂရုမစိုက်ပေ။
“ သူမ မသေခင် ကျုပ်က ပြန်လည် မွေးဖွားလာတဲ့ သူလို့ ပြောခဲ့လို့ပဲ ”
မိုဝူကျီ စကားမဆုံးခင် အမျိုးသမီးက တအံ့တဩ ဖြတ်ပြောလိုက်သည် “ ရှင်က သူမကို ပြန်လည် မွေးဖွားလာတဲ့ သူလို့ ပြောခဲ့လို့ပဲ .... အဲဒါကြောင့် ဝမ်အာက ရှင့်ကို .... ”
ထိုအမျိုးသမီးက သူ့ဆိုလိုရင်းကို နားလည်နေသည့် အတွက် မိုဝူကျီက ဆက်မရှင်းပြတော့ချေ “ ပြောရရင် သူမကို အကြွေး အသေးလေး တစ်ခု တင်နေသေးတယ်။ သူမသာ အသက်ရှင်ခဲ့ရင် ကျုပ် သူမကို သတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမက သူမကိုယ် သူမ အဆိပ်ခတ် လိုက်တာတော့ နှမြောစရာပဲ .... ”
“ ဝမ်အာက ကျွန်မရဲ့ ညီမငယ်လေးပါ ... ကျွန်မရဲ့ မွေးချင်းညီမလေးပါ ... ကျွန်မ နာမည်က နွန်ရှုယီပါ သူမ နာမည်က နွန်ရှုဝမ်ပါ ... ” အမျိုးသမီးက မိုဝူကျီကို ကြည့်ရင်း စကားကို ရပ်လိုက်ကာ
“ ရှင်က တကယ်ပဲ ကျိူးပျက်ဂိုဏ်းကို ဖျက်ဆီး ပစ်ချင်တာလား ... ”
“ ဟုတ်တယ် ... ကျိူးပျက်ဂိုဏ်းသားတွေက ဆူးနစ် လေဂိတ်မှာ ကျုပ်ဇနီး နောက်ကို လိုက်နေတာ ပြီးတော့ ကျုပ်ကို သတ်ဖို့ ကြိုးစားကြတယ်။ ခင်ဗျားရဲ့ ညီမလေးကိုတောင် ပြောလိုက်ပါတယ်။ ကျိုးပျက် ဂိုဏ်းသားတွေမှာ ဒုတိယ ဘဝရလာရင် ကျုပ်ကို ရန်လာ မစမိစေနဲ့လို့ ... ” မိုဝူကျီက အေးအေးဆေးဆေး ပြောလိုက်သည်။
သူက ထိုအမျိုးသမီးမှာ အဆိပ်နတ်သမီး၏ အစ်မ ဖြစ်ကြောင်းကို ယုံကြည်သည်။ သို့သော်လည်း သူမကို သတ်သင့်လား ကိုတော့ တွေဝေနေဆဲ ဖြစ်သည်။ အဆိပ်နတ်သမီးက မသေဆုံးခင်လေးတွင် သူ့အသက်ကို ကယ်ခဲ့ကာ သူမမှာ အဆိပ်နတ်သမီး၏ အစ်မ ဖြစ်နေလေသည်။
“ ကျိုးပျက်ဂိုဏ်းကို မရှာပါနဲ့။ ကျိုးပျက်ဂိုဏ်းကို ကူညီနေလို့ မဟုတ်ဘူးနော် .. ရှင် လက်စားချေဖို့ အဲဒီဂိုဏ်းထဲ ဝင်သွားတာနဲ့ ရှင် သေချာပေါက် သေဆုံး သွားလိမ့်မယ် ”
“ ဒါက ကျုပ် ပြဿနာပါ ... မင်းညီမလေးက ကျုပ်ကို ပြန်လည် မွေးဖွားလာသူလို့ သိတာနဲ့ သတ်ဖို့ လက်လျှော့လိုက်ပြီး သူမအသက်ကို ကယ်ပေးဖို့ အတွက် ဘာလို့ တောင်းဆိုရတာလဲ ” မိုဝူကျီက နွန်ရှုယီကို မေးလိုက်သည်။
***