ယန်မျိုးနွယ်စုကို ဖောက်ခွဲခြင်း
Vol. 27 Ch. 369
“ ဒီကိစ္စက တားမြစ်ထားတဲ့ အရာဆိုတော့ ဒီနေရာမှာ ပြောရတာ အဆင်မပြေဘူး။ ရှင့်ဘာသာ ကျွန်မကို သတ်ချင်သတ် မသတ်ချင်နေ ... တခြားဘေးကင်းတဲ့ နေရာကို ရှာပြီး ပြောကြရအောင် ” နွန်ရှုယီက တိုးတိုးလေး ပြောလိုက်သည်။
မိုဝူကျီက သူ့ခေါင်းကို ညိတ်ပြရင်း ယန်မျိုးနွယ်စု ပိုင်နက်ကို လက်ညှိုးထိုးပြကာ
“ ယန်မျိုးနွယ်စုနဲ့ ကျိုးပျက် ဂိုဏ်းကြားက ဆက်ဆံရေးက ဘာလဲ ”
“ ဘာလို့ မေးတာလဲ ” နွန်ရှုယီက မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။
“ အခု ကျိုးပျက် ဂိုဏ်းသား တစ်ယောက်က ယန်မျိုးနွယ်စုထဲ ရောက်နေတယ် ... ” မိုဝူကျီက နွန်ရှုယီ သူ့သတင်း ရသွားမည်ကို မစိုးရိမ်ပေ။ သူမကို အခု မသတ်ဖို့ရာ ရွေးချယ် ထားသော်လည်း ကျိုးပျက်ဂိုဏ်းကို နှိမ်နှင်းမပြီးမချင်း သူမကို လွတ်မပေးနိုင်ပေ။
“ ရှင်က ကျမကို ပြောတာလား ” နွန်ရှုယီက ပြောနေရင်း မိုဝူကျီသည် သူမကို ပြောနေခြင်း မဟုတ်ဟု ချက်ချင်း ခံစားမိလိုက်သည်။
“ မဟုတ်ဘူး ဆူးနစ်လေဂိတ်မှာ ကျုပ်ကို လာရှာတဲ့သူကို ပြောတာ ”
နွန်ရှုယီက မိုဝူကျီ စကားများကို နားလည် သွားသောကြောင့် တအံ့တဩ ကြည့်လိုက် မိသည်။ မိုဝူကျီသည် သူ့ဝိညာဉ်အမှတ်အသားကို ကျိူးပျက် ဂိုဏ်းသား တစ်ဦးအပေါ် ထားခဲ့တာလား .... ထိုသူမှာ ဆူးနစ်လေဂိတ်သို့ သွား၍ နံပါတ် ၇၃၁ ၏ သိုလှောင်လက်စွပ် ယူသွားသောသူ မဟုတ်ပေဘူးလား ...
ခဏအကြာတွင် နွန်ရှုယီက ဖြည်းဖြည်းချင်း အသက် ရှူထုတ်လိုက်ပြီး
“ ကျန်းရှင်းနယ် တစ်ခုလုံးမှာ ဝိညာဉ် အမှတ်အသား အကြောင်းကို ကျိုးပျက်ဂိုဏ်းထက် ဘယ်သူကမှ ပိုမသာနိုင်ဘူးလို့ အမြဲထင်ခဲ့မိတာ။ ဒါပေမဲ့ ရှင် က ကျိုးပျက်ဂိုဏ်းရဲ့ အမှတ်အသား ဖယ်ပြတာကို မျက်မြင် ကိုယ်တွေ့ လိုက်ရပြီး ရှင်က ကျိုးပျက် ဂိုဏ်းသားပေါ် အမှတ်အသား ပြန်ထားနိုင်တာကို သိလိုက်ရတော့ ရှင်က တကယ်ကို ကျိုးပျက်ဂိုဏ်းထက် အားမနည်းဘူးပဲ ....
ရှင်က ဝိညာဉ် အမှတ်အသားနဲ့ ပတ်သက်လာရင် ရှင်ကတောင် ပိုသာရင် သာနေဦးမှာ ... ”
နွန်ရှုယီ စကားများကို ကြားပြီးနောက် မိုဝူကျီက ဝေးဝေးလံလံ ထပ်ရှင်းပြ မနေတော့ပေ။ အမှန်တရားမှာ သူက ဝိညာဉ် အမှတ်အသား အကြောင်း ကျွမ်းကျင် နှံ့စပ်၍ မဟုတ်ချေ။ တစ်ဖက်လူ သတိမပြုမိစေဘဲ အမှတ်အသား ထားနိုင်ခြင်းမှာ သူ့ချီသွေးကြော ကျင့်စဉ်ကြောင့် ဖြစ်သည်။ ကိုယ်ပိုင် ကျင့်စဉ်တစ်ခုကို အဆင့်တစ်ခု အထိ နားလည်သွားပါက ထိုသဘော တရားများကို အခြားအရာများ ပေါ်၌ ပြန်အသုံးချ၍ ရလေသည်။ မိုဝူကျီက ချီသွေးကြော ကျင့်စဉ်တွင် ထိပ်တန်းအဆင့် ရောက်နေလေပြီ။
“ ဟုတ်တယ် ... ဆူးနစ်လေဂိတ်ကို အဲဒီလူက သွားပြီးတော့ နံပါတ် ၇၃၁ ရဲ့ သော့ကို ပြန်ယူလာတာ။ သူက နံပါတ် ၆၀၅ လေ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ရောက်နေပြီ
သူ့ကျင့်ကြံဆင့်က ကျမလောက် မမြင့်ပေမဲ့ သူသတ်ဖြတ်တဲ့ နည်းလမ်းတွေက ကျမထက် အဆများစွာ ပိုသာတယ်လေ” နွန်ရှုယီက အားလုံးကို မချွင်းမချန် ထုတ်ပြော ပြလိုက်သည်။
နွန်ရှုယီ စကားများကို ကြား၍ ထိုအမျိုးသမီးသည် ကျိုးပျက် ဂိုဏ်းအတွက် ဆက်မတိုက်ရန် ဆုံးဖြတ်ထားမှန်း သိလိုက်သည်။ မဟုတ်လျှင် သူမက ထိုမျှ များများစားစား ပြောပြနေမည် မဟုတ်ပေ။
“ အဲဆို မင်းက နံပါတ် ဘယ်လောက်လဲ ” မိုဝူကျီက ကျိုးပျက် ဂိုဏ်းအတွင်းမှ သူမ အဆင့်အတန်းကို သံသယ ဝင်လာမိသည်။ သူမက လောက အင်မော်တယ် အခြေခံအဆင့် ရောက်နေသောကြောင့် သူမ အဆင့်အတန်းမှာ ထိုမျှ နိမ့်နေမည်တော့ မဟုတ်လောက်ပေ။
နွန်ရှုယီက ခေါင်းခါလိုက်ပြီး “ကျွန်မက သတင်းပို့ ပေးရုံလောက် အစောင့် သဘောမျိုး ဆိုတော့ နံပါတ်ရဖို့ အရည်အချင်း မပြည့်မီသေးဘူး ... ”
မိုဝူကျီက နွန်ရှုယီကို ကြည့်လိုက်မိကာ နံပါတ် ၇၃၁တို့၊ နံပါတ် ၆၀၅ တို့ အဆိပ်နတ်သမီးတို့ ဖြစ်နေစေကာမူ သူတို့၏ ကျင့်ကြံဆင့်မှာ နွန်ရှုယီနှင့် ယှဉ်လို့ပင် မရချေ။ သူမက ဘာကြောင့် နံပါတ် တစ်ခုရဖို့ရန် အရည်အချင်း မပြည့်မီသနည်း။
နွန်ရှုယီက မိုဝူကျီ အကြည့်ကို မြင်သည့်အခါ ဆက်ရှင်းပြလိုက်သည်
“ ကျမက ကျင့်ကြံဖို့ တစ်ခုပဲ သိတာလေ တခြား ထူးခြားတဲ့ အရည်အချင်း မရှိဘူး။ ကျွန်မက ကျိုးပျက်ဂိုဏ်းမှာ နေနိုင်တာက ဝမ်အာရဲ့ စွမ်းရည်ကြောင့်ပဲ။ ကျိုးပျက်ဂိုဏ်းမှာ တစ်ယောက်ချင်းစီက ကိုယ်ပိုင် စွမ်းရည် ကိုယ်စီ ရှိကြတယ် .... ”
မိုဝူကျီက နံပါတ် ၇၃၁ မှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရှိသေးသော်လည်း လေအာရုံခံ ကောင်းပြီး ဆူးနစ် လေဂိတ်အတွင်း ပေါ့ပေါ့ပါးပါး သွားလာ လှုပ်ရှားနိုင်လေသည်။ အဆိပ်နတ်သမီး အနေနှင့် သူ့တွင် အဆိပ်ဖြေ ချီသွေးကြော မရှိပါက သူမလက်ထဲ၌ အဆုံးသတ် သွားပေလိမ့်မည်။ သူ့ဝိညာဉ် အမှတ်အသား ထားရှိထားသော နံပါတ် ၆၀၅ က ဆူးနစ် လေဂိတ်အတွင်း သိုလှောင် လက်စွပ်ကို လွယ်လွယ်ကူကူ သွားယူနိုင်သည့် အထိ မည်သို့ စွမ်းရည် ပိုင်ဆိုင်နေသနည်း။
သူ့ပေါ် မိုဝူကျီ၏ အမှတ်အသား ရှိနေရသည့် အကြောင်းအရင်းမှာ မည်သူကမျှ မိုဝူကျီထက် ချီသွေးကြောများ အကြောင်း ပိုမသိနိုင်၍ ဖြစ်၏။ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ထိပ်တန်း ကျင့်ကြံသူပင်လျှင် သူ့ဝိညာဉ် အမှတ်အသားကို သတိပြုမိမည် မဟုတ်ပေ။
နွန်ရှုယီတွင် ထူးခြားစွမ်းရည် ရှိပုံ မပေါ်ချေ။။ သူမ၏ တစ်ခုတည်းသော ထူးခြားချက်မှာ ကျင့်ကြံဆင့် အနည်းငယ် မြင့်နေခြင်းသာ ဖြစ်ပြီး ထိုကျင့်ကြံ ဆင့်မြင့်ဖို့ရာအတွက် အချိန်နှင့် အရင်းအမြစ် လုံလုံလောက်လောက် ရှိပါက တိုးတက်နိုင်သော အရာ ဖြစ်သည်။
“ ပြောရမယ်ဆိုရင် အခု ကျွန်မတို့ ပြောနေတုန်း ကျမတို့ မမြင်နိုင်တဲ့ ကျိုးပျက်ဂိုဏ်းက တစ်ယောက်ယောက်က စောင့်ကြည့် နေလောက်တယ်။ ကျွန်မတို့ ဒီနေရာက ထွက်သွားတာနဲ့ ကျမ သစ္စာဖောက်တဲ့ သတင်းက ကျိုးပျက်ဂိုဏ်းဆီ ရောက်သွားလိမ့်မယ်၊ ဒါပေမဲ့ ဝမ်အာက ကျမကို ချန်ထားခဲ့ပြီဆိုတော့ ကျွန်မလည်း အသက် ဆက်မရှင်ချင်တော့ပါဘူး။
အဲဒါကြောင့် ရှင့်ကို ကျိုးပျက်ဂိုဏ်းနဲ့ မပတ်သက်ဖို့ သတိပေးတာပါ။ ရှင်က အတော်လေး လုပ်ရည်ကိုင်ရည် ရှိပေမဲ့လည်း ..... ”
နွန်ရှုယီ စကားမဆုံးခင် မိုဝူကျီမှာ နှလုံးခုန် တစ်ချက် မြန်သွားလေ၏။ သူ့စိတ်စွမ်းအားက ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်ပြီးနောက် ဆယ်မီတာ အကွာထိ လွှင့်ထုတ်လိုက်သည်။ အကယ်၍ တစ်ယောက်ယောက်၏ လှုပ်ရှားမှု အသေးလေး ရှိနေပါက သူက အရင်ဦးဆုံး သိပေလိမ့်မည်။
သို့သော်လည်း ကျိုးပျက်ဂိုဏ်းမှာ အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ် လှသည့်အတွက် နွန်ရှုယီ စကားများကို မယုံကြည်နိုင်ချေ။ ထိုအတွေးဖြင့် သူ့နဖူးထက်တွင် စိတ်ဝိညာဉ် မျက်လုံး ဖြစ်တည် လာလေသည်။ သူ့စိတ်ဝိညာဉ် မျက်လုံးအောက်တွင် တစ်ခုမျှ မလွတ်မြောက်နိုင်ချေ။
ဟင်းလင်းပြင်အတွင်း အလင်းတန်းလေးကို မြင်လိုက်ရပြီးနောက် အသက်ရှူကြိမ် အနည်းငယ်လေး အတွင်း မိုဝူကျီက အမူအရာ ပျက်လာလေသည်။
သူ့ စိတ်စွမ်းအား အောက်တွင် သူနှင့် နွန်ရှုယီတို့၏ ဆယ်မီတာ အကွာရှိ ကျောက်တုံး တစ်တုံးမှာ သာမန် ကျောက်တုံးများနှင့် တူနေပေသည်။ ထိုကျောက်တုံးကို အာရုံစိုက် မထားပါက ထိုကျောက်တုံးတွင် ကွဲလွဲချက်များ ရှိနေကြောင်းကို သိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုကျောက်တုံးမှာ ပုန်းကွယ်နေသော ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသည်။ မိုဝူကျီက ထိုသူမှာ ဘယ်နည်းလမ်းဖြင့် သူ့ကိုယ်သူ ကျောက်တုံး အဖြစ် ပြောင်းထားသည်ကိုတော့ မသိပေ။
နွန်ရှုယီက ရှင်းပြနေဆဲ ဖြစ်ကာ မိုဝူကျီက လျှပ်စီးဓားကို ထုတ်လိုက်တော့သည်။
“ ဘမ်း ”
ကျောက်တုံး က အက်ကွဲလာပြီး သွေးများ ထွက်လာသည်။ မိုဝူကျီ၏ လျှပ်စီးဓားက ကျောက်တုံး အလယ်ကို ထိုးဖောက်သွားပြီ ဖြစ်၏။ လျှပ်စီးဓားမှ လျှပ်စီးများက ကျောက်တုံး ကွဲကြေသွားပြီးနောက်တွင် တဖျတ်ဖျတ် လက်နေဆဲ ဖြစ်သည်။
ပုန်းကွယ်နေသည့် ကျင့်ကြံသူက လူငယ်လေးအဖြစ် ပြောင်းလဲလာပြီး မိုဝူကျီမှာ သူ့ဘေးမှ ကျောက်တုံး အပိုင်းအစလေးက ကျောက်တုံးများကြား မည်သို့ အယောင်ဆောင် နေနိုင်ခြင်းကို မစဉ်းစား နိုင်သေးပေ။
“အာ ” နွန်ရှုယီက မိုဝူကျီ တိုက်ခိုက်မှုကို မြင်သည့်အခါ တုန်လှုပ် မိသွားသည်။ သူမက စောင့်ကြည့် ခံရမည့် ဖြစ်နိုင်ချေကို ပြောခဲ့သော်လည်း သူမက အမှန်တကယ် စောင့်ကြည့်နေသူ ရှိနေကြောင်း တွေ့လိုက်ရသည့်အခါ အမှန်ပင် ကြောင်အမိသွားသည်။
“ အဲဒါ ဘယ်သူလဲ ... ကျုပ် စိတ်စွမ်းအားနဲ့တောင် စစ်ဆေးလို့ မရတဲ့ ကျောက်တုံး ပြောင်းနိုင်တယ် ...” မိုဝူကျီက မေးလိုက်သည်။
နွန်ရှုယီက ခေါင်းခါပြရင်း
“ သူ့ကို မမှတ်မိပေမဲ့ ကျမ သိတာတော့ ကျိုးပျက် ဂိုဏ်းသား တော်တော်များများက အဲလိုမျိုး ပစ္စည်း တစ်ခုခု ပြောင်းပြီးတော့ စောင့်ကြည့်တဲ့ စွမ်းရည်တော့ လုပ်နိုင်ကြတယ်။ ကျမ အဆင့်အတန်းက ဂိုဏ်းမှာ မမြင့်တော့ အကူလောက်ပဲ ဆိုပေမဲ့ အသက်ရှင်ဖို့ အတွက် ကျမက ကျိုးပျက် ဂိုဏ်းအတွက် လက်တိုလက်တောင်း လုပ်ပေးရတာတွေ ရှိတယ်။ အဲလိုလုပ်ရတဲ့ အခါတိုင်း တစ်ယောက်ယောက် လိုက်လာလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်လက် ဆေးကြောတဲ့ အထိ နောက်က လိုက်လာမယ်လို့တော့ တစ်ခါမှ မတွေးဖူးဘူး ... ”
သူမက မိုဝူကျီ၏ စိတ်ဝိညာဉ် မျက်လုံးကို သတိမပြုမိလိုက်သည့် အတွက် မိုဝူကျီ မည်သို့ ရှာတွေ့ သွားမှန်း အံ့ဩနေဆဲ ဖြစ်သည်။
“ မင်း ထွက်လာတဲ့ အကြောင်းက ယန်မျိုးနွယ်စုထဲ ကျိုးပျက် ဂိုဏ်းသားနဲ့ ဆွေးနွေးနေတဲ့ အကြောင်းကြောင့်မလား ” မိုဝူကျီက မေးလိုက်သည်။
နွန်ရှုယီက ဖြေလိုက်သည်
“ ဟုတ်တယ်။ ကျမက အသေးစိတ်တော့ မသိပေမဲ့ ကြည့်ရတာ ယန်မျိုးနွယ်စုက ကျိုးပျက်ဂိုဏ်းကို ဝင်ချင်နေတဲ့ပုံပဲ။ အဲဒါကြောင့် ကျိုးပျက်ဂိုဏ်းက အရေးကြီးတဲ့သူက ဒီကိစ္စကို ဆွေးနွေးဖို့ ရောက်လာတာ .... ပြီးတော့ ကူနို့ ကြယ်တာရာက သူကို ယန်မျိုးနွယ်စု ထဲမှာ မြင်ခဲ့သေးတယ်။ သူ့နာမည်က ဟူဗာတဲ့ ... ”
ယန်မျိုးနွယ်စုက ကျိုးပျက်ဂိုဏ်းကို ဝင်ရောက်ချင်တာလား။ ယန်မျိုးနွယ်စုက နယ်ခြား အင်အားစုနဲ့ပါ တကယ်ကြီး အင်အား ပေါင်းထားတာလား ....
“ ကျိုးပျက် ဂိုဏ်းနေရာကို သိလား ” မိုဝူကျီက ယန်မျိုးနွယ်စုကို တစ်စစီ လုပ်ရန် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်၍ သူက နွန်ရှုယီသည် သူမ သိနေသရှေ့ ထိုနေရာကို ခေါ်သွား လိမ့်မည်ဟု ယုံကြည်သည်။
နွန်ရှုယီက ခေါင်းခါပြလိုက်ပြီး
“ ကျမ သေချာမသိဘူး။ ကျွန်မရဲ့ ဝိညာဉ် လမ်းကြောင်း ပုံစံ ဆေးလုံးကို သွားယူရမဲ့ အခါမှ တစ်ယောက်က လာခေါ်ပေးတာ။ အရင်ကတော့ ဝမ်အာက လာပေးနေကြ အခု လတ်တလောတော့ အခြားသူက ယူလာပေးမယ် .... ”
“ ဝိညာဉ် လမ်းကြောင်းပုံစံ ဆေးလုံးဆိုတာ ဘာလဲ။ ” မိုဝူကျီက ဝိညာဉ်လမ်းကြောင်း ဆေးလုံးကို ဝိညာဉ်လမ်းကြောင်း ဖြစ်တည် ဆေးလုံးသာ သိ၍ သိလိုစွာ မေးကြည့်လိုက်သည်။ သူက အဆင့် ၆ ဆေးလုံးဆရာ ဖြစ်နေသည့် အတွက် သူ မကြားဖူးသေးသည့် ဆေးလုံး ရှိနေသည်ဟု မယုံနိုင်ပေ။
“ ကျိုးပျက် ဂိုဏ်းသားတိုင်းက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံရတယ်လေ။ ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံဖို့ အဲဒီ ဆေးလုံးက ကျင့်ကြံနှုန်းကို မြင့်တင် ပေးပြီးတော့ စတေးမှုကို ဖယ်ရှားပေးတယ် ” နွန်ရှုယီက ရှင်းပြလိုက်သည်။
မိုဝူကျီက နွန်ရှုယီ ပါးစပ်ထဲ ကုသဆေး နှစ်လုံး ပစ်လွှတ်လိုက်ကာ မေးလိုက်သည် “ အဲဆို မင်းက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံနေသရွေ့ မင်း သစ္စာဖောက်တာနဲ့ သေမှာ .. ဟုတ်တယ် မလား ... ”
“ ဟုတ်တယ်။ အဲဒီဆေးလုံး သုံးတာ ရပ်လိုက်ပြီး ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို မကျင့်ကြံတော့ဘူး ဆိုရင်တောင် ခန္ဓာကိုယ်ထဲက ဝိညာဉ် လမ်းကြောင်းတွေက လောင်ကျွမ်း လာပြီး သေတဲ့အထိ ဖောက်ပြန် လာလိမ့်မယ် ”
မိုဝူကျီက တစ်ယောက်ယောက်ကို ထိန်းချုပ်ဖို့ရာအထိ ထိုမျှ နည်းလမ်းအထိ အသုံးပြုထားမှု အပေါ် သက်ပြင်းသာ ချမိလိုက်တော့သည်။
မိုဝူကျီက တိတ်ဆိတ်သွားပြီး သူ့အား ထိုကျိုးပျက်ဂိုဏ်းကို အပြတ်ရှင်း လိုစိတ်များပါ ပေါ်ပေါက် လာစေသည်။ သူက နွန်ရှုယီကို သူ အမှတ်အသား ထားထားသည့် လူထွက်လာဖို့ရန် နည်းလမ်းရှိလားဟု မေးမည့်ဆဲဆဲတွင် မိုဝူကျီက သူ့စိတ်ဝိညာဉ် အမှတ်အသား လှုပ်ရှားမှုကို အာရုံခံမိ လိုက်သည်။
အမွှေးတိုင် တစ်ဝက် ကြာချိန်ခန့်တွင် သူ့စိတ်ဝိညာဉ် အမှတ်အသား ထားထားသည့် လူမှာ သုတ်သုတ်ပျာပျာဖြင့် ယန်မျိုးနွယ်စုမှ ထွက်ခွာ သွားလေသည်။
အခုချိန်ပဲ ....
မိုဝူကျီက ထိုလူထွက် သွားသည့် အချိန်ကို စောင့်ကာ ရေခဲအမြောက်ကို ထုတ်ယူ လိုက်တော့သည်။
မိုဝူကျီ၏ ကုသဆေးလုံး အချို့က မြန်မြန်ဆန်ဆန် အကျိုး သက်ရောက်မှု ရှိလာပြီး ခဏအကြာတွင် နွန်ရှုယီက အသက်ဆက်၍ မရှင်ချင်သော်လည်း သူမ၏ ခြေထောက်များက မြန်မြန် ပြန်ကောင်း လာလေသည်။ ဝမ်အာ သေဆုံးသည်ကို သိရှိပြီးနာက်တွင် သူမ ရှင်သန်ရမည့် အကြောင်းအရင်း ပျောက်ဆုံးခဲ့ရသည်။
ထို့အပြင် သူမက အသက်ဆက်ရှင် လိုလျှင်ပင် မိုဝူကျီကို ပြောပြလိုက်သည့် အကြောင်းများကြောင့် ကျိုးပျက်ဂိုဏ်းမှ ဝိညာဉ်လမ်းကြောင်းပုံစံ ဆေးလုံး ထပ်ရတော့မည် မဟုတ်ပေ။ ထိုဆေးလုံးများ မရှိလျှင် သူမ ဒူးပြန်ကောင်းလာသည် ဖြစ်စေ၊ ပြန်မကောင်းလာသည် ဖြစ်စေ အရေးမပါပေ။
မိုဝူကျီက ဧရာမ အမြောက်ကြီး ထုတ်ယူလိုက်သည်ကို မြင်သောအခါ နွန်ရှုယီက မိုဝူကျီ ဤနေရာတွင် ရှိနေသည့် အကြောင်းအရင်းကို သိသွားလေ၏။ ယန်မျိုးနွယ်စုကို အမြောက်ဖြင့် ဖျက်ဆီး ပစ်ဖို့ရာ သူက နည်းနည်း နုံအ မနေဘူးလား ...
အမြောက်မှာ ယန်မျိုးနွယ်စုထဲမှ အားနည်းသော ကျင့်ကြံသူများကို သတ်နိုင်သော်လည်း လောက အင်မော်တယ် အဆင့်များနှင့် ရင်ဆိုင်ရသည့်အခါ အသုံးမဝင်လောက်ပေ။
ထို့အပြင် ယန်မျိုးနွယ်စုထဲ၌ ကျိုးပျက်ဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများ ရှိနေသေး၍ အမြောက်မပစ်ခင် ထိုကျိုးပျက်ဂိုဏ်းမှ လောက အင်မော်တယ် များကြောင့် လွင့်စဉ်သွားပေလိမ့်မည်။
မိုဝူကျီက နွန်ရှုယီ တွေးနေသည့်အရာများကို ဂရုမစိုက်သလို သိလည်း မသိပေ။ အကယ်၍ ရေခဲအမြောက်မှာ နယ်ခြာအင်အားစု သန်းချီနေသည်ကို ဖယ်ရှားနိုင်သဖြင့် ယန်မျိုးနွယ်စု ပိစိလေးက မည်သို့ တောင့်ခံနိုင်မည်နည်း။
ရေခဲအမြောက်ကို တပ်ဆင်ပြီးနောက် ယမ်းစာကို ထည့်လိုက်ပြီး မိုဝူကျီက ယန်မျိုးနွယ်စု ပိုင်နက်ဆီ ချိန်ရွယ်ထားကာ ရေခဲအမြောက် ပစ်လွှတ် လိုက်တော့သည်။
အဖြူရောင်အလင်းတန်း တစ်ချက် ထွက်ပေါ်သွားပြီးနောက် သူမက အကြောက်တရားကြီး တစ်ခုကို ချက်ချင်း ခံစား မိလိုက်သည်။
“ ဘုန်း ”
ပေါက်ကွဲသံ ကြားလိုက်ရပြီး အရိုးခိုက်လု မတတ် အအေးဓာတ် ပျံ့နှံ့လာပြီးနောက် နွန်ရှုယီမှာ ပြန်ကောင်းလုနီးပါး ဖြစ်နေသည့် သူမဒူးမှ ဒဏ်ရာများကိုပင် မေ့ပြီး အံ့ဩတကြီး ထရပ် လိုက်တော့သည်။ သူမက ယန်မျိုးနွယ်စု၏ ပိုင်နက်မှာ အဖြူရောင် မြူများနှင့် ဗလာနတ္ထိ အဖြစ် ပြောင်းလဲ သွားသည်ကို မျက်တောင်မခတ် ကြည့်နေမိသည်။
***