အဆိပ်နတ်သမီး
Vol. 27 Ch. 370
“ ခွမ်း ”
အက်ကွဲသံကို ကြားလိုက်ရပြီး အမွှေးတိုင် တစ်ဝက်စာ ကြာချိန်တွင် ရေခဲမြူများက ပျောက်ကွယ် သွားပြီး နွန်ရှုယီ မျက်လုံးရှေ့တွင် မြင်ကွင်းအသစ် ပေါ်လာလေ၏။
နွန်ရှုယီက ပါးစပ် ဟောင်းလောင်းဖြင့် သူမရှေ့မှ မြင်ကွင်းကို ကြည့်နေမိသည်။
ထိုစဉ် သူမက မိုဝူကျီသည် ကျိုးပျက်ဂိုဏ်း၌ ဒုတိယဘဝ ရှိလာလျှင်ပင် သူ့ကို ရန်လာ မစသင့်ကြောင်း ပြောခဲ့သည်ကို နားလည် သွားတော့သည်။
နဂိုမူလက ကာကွယ်ရေး အစီအရင် အထပ်ထပ် ကာရံထားသည့် ခန့်ထည် ကြီးကျယ်လှသော ယန်မျိုးနွယ်စုကြီးမှာ ချက်ချင်းဆိုသလို ရေခဲစ အဖြစ် ပြောင်းလဲသွား၏။
တစ်ချက်တည်းကြည့်ရုံဖြင့် ထိုအမြောက် ပစ်ချက်အောက်တွင် သစ်ပင်များ၊ အိမ်များ၊ တောင်ကုန်များပင် မကျန်ရှိတော့ချေ။
လွန်ကဲနေသည့် အအေးဓာတ်မှာ သူတို့ရပ်နေသည့် နေရာသို့ ရောက်လာ သောကြောင့် နွန်ရှုယီမှာ ကြက်သီး ထသွားလေ၏။ သူမက မိုဝူကျီ၏ ရေခဲအမြောက်ကို တွေးမိလျှင် ပို၍ ကြက်သီး ထလာမိသည်။
ကျန်းရှင်းတွင် ထိုသို့ အမြောက်မျိုး ရှိနေသည်လား .... ထိုအရာမှာ ဂြိုလ်တစ်ခုလုံးကို ဖျက်ဆီး ပစ်နိုင်လေသည်။
နွန်ရှုယီက မိုဝူကျီကို ခဏအကြာမှ တအံ့တဩ မေးလိုက်သည် “ ဒီလောက်တောင် ကြောက်ဖို့ ကောင်းတာ ဘယ်လိုအမြောက်မျိုးလဲ ... ”
မိုဝူကျီက နွန်ရှုယီ မေးခွန်းကို ဖြေမည့်အစား သူ့ရေခဲ အမြောက်ကို သိမ်းထားပြီး ပြောလိုက်သည်။
“ ကျုပ် အမြောက်ယမ်းစာက ပေါပေါများများ သုံးလို့မရဘူး။ အခု နည်းနည်းပဲ ကျန်တော့တယ် ”
မိုဝူကျီက ထိုအရာကို အမှန်တိုင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူက ထိုသို့ပုံစံ ပေါ်နေသော်လည်း သူ့တွင် စုစုပေါင်း ယမ်းစာ ၅၀ လောက်သာ ကျန်ရှိတော့သည်။ အမြောက် တစ်ချက်ချင်းစီ အတွက် တစ်ခု အသုံးပြုရပြီး သူက ယန်မျိုးနွယ်စုကို ကိုယ်တိုင် သုတ်သင်နိုင်ပါက အမြောက်ယမ်းစာ တစ်ခုကို ယန်မျိုးနွယ်စု အတွက် ဖြုန်းမည် မဟုတ်ပေ။
နွန်ရှုယီက မိုဝူကျီသည် အာကာသ အမြောက် သုံးသည်ဟု ထင်နေမိသောကြောင့် တိတ်တိတ်လေး နေနေမိခြင်း ဖြစ်သည်။ အကယ်၍ သူသာ အာကာသ အမြောက်ကို သုံးပါက ယန်မျိုးနွယ်စု အတွင်း ကျိုးပျက် ဂိုဏ်းသားများနှင့် လောက အင်မော်တယ် အဆင့် ကျင့်ကြံသူများ ရှိနေသဖြင့် သူက သေချင်နေသည်သာ ဖြစ်ရမည်ဟု တွေးထင်ခဲ့မိသည်။ ထိုသို့အကွက်ဖြင့် ရန်သူကို သတိပေးသလိုသာ ဖြစ်သွားလိမ့်မည်။
သူမက မိုဝူကျီကို ကယ်ဖို့ရာ အာရုံမရှိချေ။ သူက သူမ ညီမလေးကို မသတ်ခဲ့လျှင်ပင် ညီမလေး သေခြင်းက မိုဝူကျီနှင့် တိုက်ရိုက် ပတ်သက်နေသေးသည်။ သူမက ဆက်လက် အသက်ရှင်ရန် ဆန္ဒ မရှိသောကြောင့် မိုဝူကျီ သူ့သေတွင်းသူ တူးနေသည်ကို မတားဆီးခဲ့ခြင်း ဖြစ်သည်။
“ ယန်မျိုးနွယ်စုတော့ ပြီးဆုံးသွားပြီ ” နွန်ရှုယီက မိုဝူကျီတွင် ကျန်ရှိနေသည့် အမြောက်ယမ်းစာကို မမေးချေ။ သူ့တွင် တစ်ခုပင် ကျန်နေလျှင်ပင် အားလုံးက ကြောက်ရမည့် အရာ ဖြစ်နေဆဲ ဖြစ်သည်။
“ တာအို ရောင်းရင်းနွန် .... ခင်ဗျားလည်း ကျိုးပျက်ဂိုဏ်းကို ပြန်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ကျုပ် ပြန်လည် မွေးဖွားလာတဲ့ သူဆိုတာ သိပြီးတော့ ဝမ်အာက ဘာလို့ အသက်ဆက်ရှင် သွားချင်တာလဲ ဆိုတာ ပြောပြပေးလို့ ရပြီလား ”
မိုဝူကျီက နွန်ရှုယီ စကားများကို စိတ်ထဲမထားပေ။ အမြောက် ပစ်ချက်အောက်တွင် ယန်မျိုးနွယ်စု မပြီးဆုံးမှသာ အံ့ဩစရာ ဖြစ်နေမည် မဟုတ်ပါလော။
နွန်ရှုယိက လက်ကို မြှောက်ကာ မီးတောက်ဖန်တီးကာ မိုဝူကျီ၏ လျှပ်စီး ဓားလက်ချက်ဖြင့် သေဆုံးနေသော လူဆီ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူမက ပြောလိုက်သည်
“ ဒီနေရာက စကားပြောဖို့ အဆင်မပြေဘူး။ ကျမ နောက်က လိုက်ခဲ့ ... ”
ပြောပြီးနောက်တွင် နွန်ရှုယီက သင်္ဘောပျံ ထုတ်လိုက်သည်။ သူမက ကျိုးပျက်ဂိုဏ်းနှင့် ပတ်သက်၍ မိုဝူကျီ စွမ်းရည်အပေါ် သံသယတချို့ ရှိခဲ့သော်လည်း ယခုအခါ အားလုံး ပြေလည်သွားပြီ ဖြစ်၏။ သူက ထိုသို့အမြောက်မျိုး ပိုင်ဆိုင်ထားသဖြင့် ကျိုးပျက်ဂိုဏ်းက မည်မျှပင် အားကောင်းစေကာမူ မိုဝူကျီက သူတို့ပင် မနေရာကို သိသရွေ့ ကျိုးပျက်ဂိုဏ်းမှာ သေဆုံး သွားပေလိမ့်မည်။
မိုဝူကျီအတွက် နွန်ရှုယီမှာ ကျိုးပျက်ဂိုဏ်းကို ရှင်းလင်းပစ်မည့် ကိစ္စတွင် အကူအညီ ကြီးကြီးမားမား မရပေ။ နွန်ရှုယီ အဆင့်အတန်းမှာ နည်းနည်း နိမ့်ကျနေ၍ သူမက သူတို့ တည်နေရာကိုပင် မသိပေ။ နွန်ရှုယီက မိုဝူကျီကို ကူညီပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ အဆိပ်နတ်သမီးက မိုဝူကျီကို ပြန်လည် မွေးဖွားလာသူမှန်း သိပြီးသည့် နောက်တွင် အသက်ဆက်ရှင် လိုလာသည့် အကြောင်းအရင်းကိုတော့ ရှင်းပြပေးနိုင်လေသည်။
နွန်ရှုယီ၏ သင်္ဘောပျံမှာ မိုဝူကျီထက် နည်းနည်း ပိုကောင်းသော်ငြား သူမ ဦးတည် သွားနေသည့် နေရာကြောင့် မိုဝူကျီ အံ့ဩသွားမိသည်။ သူမ ဝေးဝေး ရောက်လေလေ လေထဲတွင် ဝိညာဉ် စွမ်းအားများ နည်းလာလေလေ ဖြစ်၏။
ကျန်းမိုနယ်မြေ၏ ကျင့်ကြံခြင်း ဉပဒေသများက ပျောက်ဆုံး နယ်မြေထက် စာလျှင် ကောင်းမွန်သော်လည်း ကျန်းမိုနယ်မြေ အစွန်းအဖျား နေရာတိုင်းအထိ ဝိညာဉ် စွမ်းအားများက ပိုကောင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ကျန်းမိုနယ်မြေ ထဲတွင်ပင် သေမျိုး ကမ္ဘာ တည်ရှိ နေသေး၏။
ရက်အတော်ကြာ ပျံသန်းပြီးနောက် နွန်ရှုယီက သင်္ဘောပျံကို ရပ်တန့်လိုက်သည်။ မိုဝူကျီက စိတ်စွမ်းအားသုံး၍ စစ်ဆေး ကြည့်လိုက်သည့်အခါ သူတို့နှင့် မီတာ ၁၀၀၀ အနည်းဆုံး ကွာဝေးသည့် သေမျိုးမြို့လေး ဖြစ်နေကြောင်း သိလိုက်ရသည်။ မြို့အပြင်ဘက်တွင် ရွာအချို့ ရှိနေပြီး ရွာများ စုပေါင်း၍ မြို့ဖြစ်လာခြင်း ဖြစ်သည်။
မိုဝူကျီက သင်္ဘောပျံကို သိမ်းထားလိုက်ပြီး နောက်တွင် နွန်ရှုယီမှာ မိတ်ကပ် ထူထူဖြင့် ဖော်ရွေ့သည့် အမျိုးသမီးဟန် ပေါက်နေလေသည်။
မိုဝူကျီက နွန်ရှုယီကို မိတ်ကပ် အများကြီးနှင့် မြင်ရသည်ကို အသားမကျပေ။
နွန်ရှုယီက မိုဝူကျီ မျက်လုံးအတွင်းမှ သံသယကို သတိပြုမိပြီး ရယ်မောလိုက်ကာ
“ ဒီနေရာက ဝမ်အာနဲ့ ကျွန်မတို့ ပျော်ရွှင်မှုကို ရှာတွေ့နိုင်တဲ့ နေရာလေးလေ။ ကျွန်မတို့မှာ တာဝန်တွေ အလုပ်တွေ မရှိရင် ဒီနေရာမှာ အေးအေးချမ်းချမ်း လာနေလေ့ ရှိတယ် ... ”
မိုဝူကျီက ခေါင်းကိုခါကာ ဘာမှ မပြောတော့ပေ။ ဤနေရာတွင် လူအမျိုးမျိုးနှင့် ဈေးသဘောမျိုး နေရာလေး ရှိ၍ လူစည်ကား နေသည်။ ထိုနေရာမှာ တိတ်တိတ် ဆိတ်ဆိတ် နေနိုင်သော နေရာတော့ မဟုတ်ချေ။
မိုဝူကျီ၏ အတွေးကို သိသည့်အလား နွန်ရှုယီက ပြောပြလိုက်သည်
“ ကျိုးပျက်ဂိုဏ်းထက်စာရင်တော့ ဝမ်အာနဲ့ ကျမက ဒီနေရာကို သဘောကျတယ်လေ။ ကျမတို့ မကြိုက်တဲ့ တစ်ခုတည်းသော အရာက ကျမတို့ ပြန်လာတိုင်း မိတ်ကပ်တွေ အများကြီး လိမ်းရတာကိုပဲ ... ”
မိုဝူကျီက နွန်ရှုယီနှင့် အဆိပ် နတ်သမီးတို့မှာ အမြဲမျက်နှာပြောင် နေကြောင်း နားလည် သွားလေ၏။ သူတို့က ထိုသို့မိတ်ကပ်များ လိမ်းရသည်ကို ငြီးငွေ့နေပြီး ထိုသို့လိမ်းခြယ်လိုက်ပါက သရဲများထက်ပင် ရုပ်ဆိုး သွားကြသေးသည်။
ထို့နောက် မိုဝူကျီက မြို့အတွင်း ဝင်သွားပြီး လူရှုပ်ရှုပ် စည်ကားနေပုံက သူ ယန်အာကိုခေါ်၍ ယောင်ကျိုးတွင် သွားလာခဲ့ရပုံကို အမှတ်ရမိသွားသည်။ မြို့အတွင်း လမ်းချိုးကွေ့ ပြီးနောက် မိုဝူကျီက နွန်ရှုယီ ခေါ်ရာ အတိုင်း အမျိုးသမီးများနှင့် ပြည့်နေသည့် နေရာသို့ ရောက်ရှိ လာတော့သည်။
ဤနေရာသို့ ရောက်ရှိပြီးသည်နှင့် မိုဝူကျီက နွန်ရှုယီ ပြောသည့် တိတ်ဆိတ် အေးချမ်းသည့် နေရာ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ ထိုနေရာမှာ အနီရောင် အလင်းများ ဖြန့်ကြက်ထားပြီး ဤနေရာရှိ အမျိုးသမီးများမှာ မလုံတလုံ အဝတ်အစားများ ဝတ်ဆင်ထားကြပြီး မိတ်ကပ်များနှင့် အတူ အမွှေးအကြိုင် များလည်း သုံးထားကြသည်။
အမျိုးသားများ ဤနေရာသို့ လျှောက်လှမ်း လာသည်နှင့် အမျိုးသမီးအုပ်ကြီးက ဆွဲခေါ် သွားတော့သည်။
“ ကျွှင်းကျွင်း .. ဒီနေ့ ဘာလို့ အမျိုးသားကို ခေါ်လာတာလဲ။ နင့် ညီမလေးရော ဘယ်ရောက်နေလဲ ... ” နွန်ရှုယီက ထိုလမ်းလေး ကျော်ဖြတ် လာသည်နှင့် အများစုက ဝိုင်းနှုတ်ဆက် လိုက်ကြသည်။ သူမက ဤနေရာတွင် နာမည်ကြီးသည်မှာ သိသာလှသည်။
နွန်ရှုယီက ပြုံးပြုံးရွှင်ရွှင်ဖြင့် အားလုံးကို ပြန်နှုတ်ဆက် လိုက်သည်။
နွန်ရှုယီသည် လောက အင်မော်တယ်အဆင့် ဖြစ်ကာ သေမျိုး ကမ္ဘာတွင် အင်မော်တယ် ဘုရင်ဖြစ်၏။ သေမျိုးကမ္ဘာမှ အကြီးမြတ်ဆုံး ဘုရင်ပင် သူမရှေ့တွင် ဒူးထောက် ခစားရမည် ဖြစ်သော်လည်း ဤနေရာရှိ ပြည့်တန်ဆာများနှင့် ရင်းနှီးလှပြီး သူတို့ထဲမှ တစ်ယောက် အလား ဆက်ဆံခံနေရလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
“ ဒီနေရာက အမျိုးသမီးတွေကို အထင်သေးလား ” နွန်ရှုယီက ရုတ်တရက် မေးလိုက်သည်။
မိုဝူကျီက ခေါင်းခါလိုက်ပြီး ကျန်းရှင်းထဲတွင် သေမျိုးများကို အထင်မသေးသော တစ်ဦးတည်းသော သူမှာ သေချာပေါက် သူ ဖြစ်လိမ့်မည်။ မူလက သူသည် ကမ္ဘာမြေမှ ဖြစ်ကာ သေမျိုး တစ်ယောက် ဖြစ်ပေသည်။ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၀ အထိ ကျင့်ကြံ နိုင်ခဲ့သော်လည်း သူ့ဝိညာဉ် လမ်းကြောင်းများကို မဖွင့်နိုင်သလို ဝိညာဉ်ကြောလဲ မရှိချေ။ သူ ကျင့်ကြံ နိုင်သည်မှာ ကိုယ်ပိုင် နည်းလမ်းဖြင့် ချီသွေးကြောများကို ဖွင့်နိုင်ခဲ့၍ ဖြစ်သည်။
“ သူတို့က သနားဖို့ ကောင်းတယ်။ အငိုမျက်လုံး အပြုံးမျက်နှာ လုပ်ယူနေရတဲ့ အမျိုးသမီးတွေလေ ... ဒီနေရာမှာ ကြာကြာနေတဲ့ ညီအစ်မတွေ သိပ်မရှိဘူး ဝမ်အာနဲ့ကျမလည်း ဆယ်စုနှစ် တစ်ခါကျ နောက်အဆောက်အဦကို ပြောင်းကြလေ့ ရှိတယ် ... ” နွန်ရှုယီက ပြောနေရင်း ခံစားချက်များ ပွင့်ထွက်လာသည့် အလား ရပ်တန့် သွားတော့သည်။
သူမက မိုဝူကျီကို အိမ်မရောက်ခင် မှောင်မည်းနေသည့် လမ်းကြား အသေးလေးဆီ ခေါ်ဆောင်လာသည်။ တံခါးကို ဖွင့်လိုက်သည့်အခါ စိုစွတ် မှောင်မည်းနေပြီး ခုတင်နှစ်လုံး၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံ နှစ်လုံးသာ ရှိလေသည်။
နွန်ရှုယီက ထိုင်ခုံ တစ်လုံးဆီ လျှောက်လာကာ ဖုန်ခါလိုက်ပြီးနောက် မိုဝူကျီဘက် လှည့်ပြောလိုက်သည်။
“ ဒါက ဝမ်အာ ထိုင်ခုံလေ ... သူမကို မမြင်ရတာ နှစ်တော်တော်တောင် ကြာခဲ့ပြီ ... ”
မိုဝူကျီက နွန်ရှုယီကို မည်သို့ နှစ်သိမ့်ပေးရမှန်း မသိသည့်အတွက် တိတ်တဆိတ်သာ နေနေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် နွန်ရှုယီက သက်ပြင်း ချပြီးနောက် မိုဝူကျီကို ပြောပြလိုက်သည်။ “ ဝမ်အာကလည်း ပြန်လည်မွေးဖွားလာတဲ့သူပဲလေ .... ”
မိုဝူကျီက အဆိပ်နတ်သမီးသည် သူ့နှင့် တူမည်ဟု ခန့်မှန်းမိသော်လည်း တုန်လှုပ်မိဆဲ ဖြစ်သည် “ ဘယ်လိုလုပ် သိတာလဲ .. ”
“ သူမမှာ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိတယ်။ ကျိုးပျက် ဂိုဏ်းကြောင့်သာ မဟုတ်ရင် ကျမလဲ ကျင့်ကြံဖို့ လိုမှာ မဟုတ်ဘူး။ ကျွန်မတို့တွေ အေးအေးချမ်းချမ်း နေလို့ ရလောက်တယ် ... ”
နွန်ရှုယီက မိုဝူကျီကို ရှင်းပြနေဟန် ပေါ်သော်လည်း သူမဘာသာ သတိတရ ရေရွတ်နေခြင်း ဖြစ်ပေသည်
“ တစ်ရက်ကျ ကျူးချူလို့ ခေါ်တဲ့ အမျိုးသား တစ်ယောက် ရောက်လာပြီးတော့ ကျွန်မတို့ နှစ်ယောက်လုံးကို ခေါ်သွားခဲ့တယ်။ ကျွန်မတို့ နှစ်ယောက်ကို ခေါ်သွားပြီးတာနဲ့ ကျွန်မတို့ မိဘတွေက ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ကြတယ် ... ”
“ ကျိုးပျက်ဂိုဏ်းချုပ်က ကျူးချူလား ” မိုဝူကျီက ဖြတ်မေးလိုက်သည်။
နွန်ရှုယီက ခေါင်းညိတ်ပြလိုက်ပြီး “ ဟုတ်တယ်။ သူက ကျိုးပျက်ဂိုဏ်းချုပ်ပါ ..
သူ့မှာ ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်လို့ ခေါ်တဲ့ ကျင့်စဉ်ရှိတယ်။ အဲဒီ ဝိညာဉ် သန့်စင်ခြင်းက အတော်လေး ကြောက်ဖို့ ကောင်းတယ်။ ကျွန်မ ကြားသလောက်တော့ ကျန်းရှင်းထဲမှာ သူ့ထက် ကမ္ဘာဦး စိတ်ဝိညာဉ် ကြီးမားကြတဲ့သူ မရှိဘူးတဲ့ ...
အဲဒါကြောင့် သူက အဆင့်လုံးဝခြားနေတဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကိုတောင် စိမ်ခေါ်ရဲတာ။ သူ လောက အင်မော်တယ် အဆင့်မှာရှိနေတုန်း မြေကမ္ဘာ အင်မော်တယ် အဆင့် ၁ ကျင့်ကြံသူကို သတ်ခဲ့တယ်တဲ့ ... ”
မိုဝူကျီက ထိုအရာကို ကြားသောအခါ တုန်လှုပ်မိ သွားသည်။ သူကိုယ်တိုင်လည်း ကိုယ်ပိုင် ကျင့်စဉ်ဖြင့် ချီသွေးကြော ၁၀၆ ခုကို ဖွင့်ထားနိုင်သည့်အတွက် လောက အင်မော်တယ်အဆင့်ကို အလွယ်တကူ သတ်နိုင်လေသည်။ သို့သော်လည်း လောက အင်မော်တယ်အဆင့် ကျင့်ကြံသူက မြေကမ္ဘာ အင်မော်တယ် အဆင့်ကို သတ်ဖို့ရန်က စွမ်းဆောင်ရည်ချင်း ကွာခြားလှပေသည်။ သူက လောကအင်မော်တယ်အဆင့် ၄ သို့ ရောက်သည့်အခါ မြေကမ္ဘာအင်မော်တယ် ကျင့်ကြံသူကို သတ်နိုင်ကောင်းသော်လည်း ဖြစ်နိုင်ချေတော့ နည်းနေသေး၏။
“ ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်နဲ့ သူက ကမ္ဘာဦး စိတ်ဝိညာဉ်တွေနဲ့ ဝိညာဉ်တွေကို ဝါးမျိုးပစ်တာ။ အဲဒီ ကျင့်စဉ်ကို အားကောင်းအောင် လုပ်ပြီး အဆင့်မြန်မြန် တက်ဖို့ကျတော့ အသန့်စင်ဆုံး ကမ္ဘာဦး စိတ်ဝိညာဉ်တွေနဲ့ ဝိညာဉ်တွေကို လိုအပ်တယ်။ သန့်စင်နိုင်မဲ့ နည်းလမ်း တစ်ခုက သူ ကျင့်ကြံဖို့အတွက် အဲဒီလူရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဝါးမျိုပစ်ရတယ် ... ”
ထိုစဉ် နွန်ရှုယီ မျက်လုံးမှာ အနည်းငယ် နီရဲလာပြီး
“ အဲဒါကလွဲရင် ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်က လျှို့ဝှက်ပညာရပ် တစ်ခုပဲ။ သူက ပြန်လည် မွေးဖွားလာတဲ့ သူရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို လိုအပ်တယ်။ သူတို့ရဲ့ အားကောင်းတဲ့ ဝိညာဉ်တွေကြောင့်ပေါ့ ကျူးချူက ပြန်လည် မွေးဖွားလာတဲ့ သူတွေရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို အာရုံခံနိုင်တဲ့ စွမ်းရည်ရှိတယ်။ ကျူးချူရဲ့ ကျင့်စဉ် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အတွက် ... ”
“ အဲဒါဆို ကျူးချုက ဝမ်အာရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဝါးမျိုပြီးတော့ ကျင့်ကြံတာလား။ သူမကိုကျ ထိပ်တန်းရတနာတွေနဲ့ သူမ ဝိညာဉ် ပြန်ကောင်း လာဖို့ ကူညီ ပေးပြီးတော့ သူက ထပ်ခါ ထပ်ခါ ကျင့်ကြံတာပေါ့ ... ” မိုဝူကျီက အခြေအနေကို နည်းနည်း သဘောပေါက် လာဟန် ရှိသည်။
နွန်ရှုယီ မျက်ရည်များက မထိန်းနိုင် မသိမ်းနိုင် ကျဆင်းလာပြီး
“ သူက ဝမ်အာရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို သုံးပြီး ကျင့်ကြံတာက အမှန်ပဲ။ ဒါပေမဲ့ ဝမ်အာက သူမ ဝိညာဉ်အတွက် လိုအပ်တဲ့ ဆေးပင်တွေကို ရမှတ်နဲ့ လဲရတာ။ သူ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တာနဲ့ ကျမနဲ့ ဝမ်အာကို လွတ်မြောက်ခွင့် ပေးမယ်ဆိုပြီး ပြောထားတယ်။ သူ ပေးထားတဲ့ မျှော်လင့်ချက်ကို ဆုပ်ကိုင် ထားပြီးတော့ ဝမ်အာက ကျိုးပျက် ဂိုဏ်းအတွက် အတော်လေး ကြိုးစားပမ်းစား အလုပ် လုပ်ပေးခဲ့တယ်။
ဝမ်အာရဲ့ ပါရမီက ကျမထက် ပိုသာတယ် ဆိုပေမဲ့ သူမ နောက်တစ်ဆင့် တက်ခါနီးတိုင်း သူမဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် အစိတ်အပိုင်းတွေကို ကျူးချူက ဝါးမျိုပစ်တယ်။ အဲဒါကြောင့် သူမမှာ ဆက်တိုက် အလုပ်ကြိုးစား နေရုံက လွဲပြီး ရွေးချယ်မှု မရှိခဲ့ဘူး။ နှစ်တွေကြာလာတော့ သူမ ကျင့်ကြံဆင့်က ကျမနဲ့ အလှမ်းကွာလာတာ .... ကျိုးပျက်ဂိုဏ်းကို ဝင်ပြီးတဲ့ နောက်မှာ ဝမ်အာက ဆိုးဆိုးရွားရွား ကြုံတွေ့ ခံစားခဲ့ရတယ်။ သူမ သေခြင်းတရားကို ရွေးသွားတာကလဲ အဲဒါတွေကနေ လွတ်မြောက်ချင်လို့ပဲ ဖြစ်လိမ့်မယ် ... ”
မိုဝူကျီက သူမ ပြသခဲ့သည့် ရှက်ရွံ့မှုလေးမှာ ဟန်ဆောင်မှု သပ်သပ်ဟု တွေးထင်ခဲ့ဖူးသည်။ သို့သော်လည်း သူမက အသက် ဆက်ရှင်ဖို့ရာ အတွက် မျှော်လင့်ချက် အသေးလေး လက်ကိုင်ထားပြီး ကျိူးပျက် ဂိုဏ်းအတွက် ကြိုးစားနေရခြင်း ဖြစ်နေသည်။ အကယ်၍ တခြားလူသာ ထိုသို့ မျိုးဖြတ်ကျော်ရပါက အချိန်အတော် ကြာကတည်းက လက်လျှော့ သွားလောက်လေပြီ။
***