ဟန်မူယဲ့၏ဓားချီအာခီမီ
Vol. 11 Ch. 141
အာခီမီစံအိမ်ငယ်သို့ ဝင်ရန် အခွင့်အရေး။
မရေမတွက်နိုင်သောလူများက ကျန်းမင်အား မျက်လုံးပြူးကာ ကြည့်နေကြ၏။
သူတို့ နားကြားများ မှားသလား…
ကျန်းမင်က သူ နှစ်တစ်ရာခန့် ကြိုးစားကာ ရလာသော အခွင့်အရေးအား တစ်စုံတစ်ယောက်ကို လက်ဆောင်အဖြစ် ပေးလိုနေသည်။
မရေမတွက်နိုင်သောလူများက ဟန်မူယဲ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။
လူအများစုက ဘာဖြစ်နေသည်ကိုပင် နားမလည်ကြတော့ပါ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူငယ်သည် မည်သည့်နေရာတွင် ထူးခြားနေပါသနည်း။ သူ့တွင် အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ရန် မည်သည့်အရည်အချင်း ရှိပါသနည်း။
ခေါင်းဆောင်တောက်ရင်က တစ်ချက်ပြုံးကာ ဟန်မူယဲ့အား ကြည့်သည်။
ခေါင်းဆောင်မူကလည်း သူ့အား ကြည့်နေသည်။
အာခီမီစံအိမ်ငယ်သို့ ဝင်ခွင့်ရခြင်းမှာ အလွန်တန်ဖိုးကြီးသော အခွင့်အလမ်း ဖြစ်သည်။
“တာအိုရောင်းရင်းကျန်း… ခင်ဗျား ကိုယ်တိုင် မသွားဘူးလား”
“ခင်ဗျားက ဒီအခွင့်အရေးအတွက် နှစ်တစ်ရာ ကြိုးစားလာခဲ့တာ”
ဟန်မူယဲ့က ကျန်းမင်အား စိတ်ဝင်စားစွာ မေးသည်။
ကျန်းမင်က ထိုမျှ ရှားပါးသော အခွင့်အရေးအား သူ့ကို ပေးမည်ဟု မထင်ထားပေ။
“ဟဟ… ဒီအခွင့်အရေးဟာ သခင်လေး ကျုပ်ကို ပေးတဲ့ အခွင့်အလမ်းနဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ”
ကျန်းမင်က ခေါင်းယမ်းသည်။
“ကျုပ်တစ်ဘဝလုံး လိုချင်နေတဲ့ ရည်မှန်းချက်ဟာ အောင်မြင်ခဲ့ပြီ။ အာခီမီစံအိမ်ငယ်… အဲဒီကို သွားတာ မသွားတာ ဘာမှ မထူးခြားတော့ဘူး”
သူသည် ဓားချီကို သုံးကာ အင်မော်တယ်ဆေးလုံးအား ဖော်စပ်ခဲ့သည်။
ကျန်းမင်၏တစ်သက်တာ ရည်မှန်းချက်မှာ အာခီမီပညာ ဖြစ်သည်။ အာခီမီစံအိမ်ငယ် မဟုတ်ပါ။
သူ လိုက်စားလိုသော အာခီမီတာအိုမှာ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
တကယ်၍ ကျန်းမင်သာ ပုံမှန်အချိန်တွင် ထိုစကားကို ပြောပါက လူတိုင်းက ရယ်မောကြမည် ဖြစ်သည်။
သို့သော် ယခုတွင် မည်သူမှ မရယ်မောနိုင်တော့ပါ။
ဟန်မူယဲ့က ခေါင်းယမ်းကာ ပြောသည်။
“ခင်ဗျားက နှစ်တစ်ရာ ကြိုးစားပြီးမှ ဒီအခွင့်အရေးကို ရလာခဲ့တာ။ တစ်ခေါက်လောက် သွားကြည့်လိုက်ပါ”
“အာခီမီစံအိမ်ငယ်… ကျုပ် သွားချင်ရင် ကိုယ်တိုင်ပဲ သွားမှာပေါ့”
‘သူ ကိုယ်တိုင်သွားမည်လား’
သူ့စကားတွင် မည်မျှသော ယုံကြည်မှုများ ပါဝင်နေသနည်း။
ကျန်းမင်သည်လည်း အံ့အားသင့်သွားပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“သခင်လေးက အာခီမီစံအိမ်ငယ်ကို သွားချင်ရင် တကယ်ပဲ လွယ်ကူတာပဲ”
အာခီမီစံအိမ်ငယ်သို့ သွားခြင်းက အမှန်တကယ် လွယ်ကူသည်လား။
ရင်ပြင်တစ်ခုလုံးမှ လူများအားလုံး အကြီးအကျယ် အံ့အားသင့်နေကြသည်။
အားလုံး၏အကြည့်က ဟန်မူယဲ့ထံသို့ ရောက်လာသည်။
ကျန်းမင်ကဲ့သို့သော ပါရမီရှင်က အထင်ကြီးရသောသူက မည်သို့သောသူ ဖြစ်သနည်း။
မူမိသားစုခေါင်းဆောင်ပင် သည်တစ်ခေါက် ဟန်မူယဲ့ကို လေးနက်စွာ ကြည့်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့သော အာခီမီစံအိမ်ငယ်ထဲသို့ သူကိုယ်တိုင် အလွယ်တကူ ဝင်ရောက်နိုင်သည်။
မူမိသားစု၏အကြီးဆုံးသား မူထန်ကျစ်သည်လည်း ဟန်မူယဲ့အား စူးရှစွာ ကြည့်နေသည်။
သည်မတိုင်ခင်က မူထန်ကျစ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ လူငယ်မျိုးဆက်များအားလုံး လက်ခံနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့သေးပါ။
သို့သော်လည်း မူဝမ်သည် ရုတ်တရက် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ခဲ့သည်။ သူ့ဘဝတွင် ထိုမျှ သန့်စင်သော ဆေးလုံး ရှိသေးကြောင်း ပထမဆုံးအကြိမ် သိဖူးမြင်ဖူးခြင်းလည်း ဖြစ်သည်။
ယခု နှစ်တစ်ရာအကြာက မြုတ်ကွယ်သွားသော ပါရမီရှင် ကျန်းမင်သည် တဖန် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ခဲ့ပြန်၏။
သူတို့နှစ်ယောက်က မူထန်ကျစ်အား ထိတ်လန့်စေကာ ယခု တည်ငြိမ် အေးဆေးသော အသွင်အပြင်နှင့် ဟန်မူယဲ့က သူ့အား ကြီးမားစွာ ခြိမ်းခြောက်လာခဲ့ပြန်သည်။
သူမက စီနီယာအစ်ကိုဟန်၏ လမ်းညွှန်မှုကြောင့် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းဖြစ်သည်ဟု မူဝမ်က ပြောသည်။
ကျန်းမင်ကလည်း အာခီမီစံအိမ်ငယ်သို့ ဝင်ခွင့်အား ဟန်မူယဲ့ကို ပေးမည်ဟု ပြောသည်။ ဟန်မူယဲ့က အာခီမီစံအိမ်ငယ်ကို အလွယ်တကူ ဝင်နိုင်စွမ်းရှိသည်ဟုလည်း ပြောခဲ့သည်။
ထိုသို့သော လူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ အာခီမီအသိုင်းအဝန်း၌ မည်သည့်အချိန်အခါက ပေါ်လာခဲ့သနည်း။
ထိုအခိုက်တွင် အဝေးတွင် ရပ်နေသော ကျန်းမင်၏မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
ယနေ့ သူသည် အာခီမီစံအိမ်ငယ်သို့ ဝင်မည် ဖြစ်သည်။
သူ၏ ပါရမီရှင်ဟူသော ဂုဏ်သတင်းမှာ သူ့ဂိုဏ်းက တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ယနေ့တွင် ကျော်ကြားအောင်မြင်ရန် လိုအပ်သည်။
ခုနက သူသည် တစ်ချိန်လုံး သည်းခံငြိမ်သက်နေခြင်းမှာ အာခီမီစံအိမ်ငယ်သို့ ဝင်ခွင့်ရလျှက် နောက်ဆုံးအချိန်အခိုက်အတန့်၌ အောင်မြင်မှုကို ရယူလိုသောကြောင့် ဖြစ်သည်။
ဆယ်စုနှစ်တစ်ချို့ မည်သူမှ ဝင်ခွင့်မရခဲ့သော အာခီမီစံအိမ်ငယ်သို့ ဝင်ခွင့်ရခြင်းသည် မည်မျှ ကြီးမားသော ဂုဏ်သိက္ခာနှင့် အောင်မြင်မှု ဖြစ်သနည်း။
ထိုသို့သော အောင်မြင်မှုအတွက် သူနှင့် သူ့ဂိုဏ်းသည် ကြီးမားစွာ ရင်းနှီးမြှုတ်နှံခဲ့ရသည်။
သူက သည်တစ်ခေါက် ရောက်လာခြင်းမှာ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဆယ်စုနှစ်တချို့အတွင်း အာခီမီစံအိမ်ငယ်သို့ ပထမဆုံးဝင်ခွင့်ရသူ ဖြစ်လိုခြင်းကြောင့် ဖြစ်သည်။
သို့သော်လည်း သူ ရယူမည့် ထိုအခွင့်အလမ်းမှာ အင်မော်တယ်ဆေးလုံးကို ဖော်စပ်ခဲ့သော မူဝမ်ကြောင့် ရပ်တန့်ခဲ့ရသည်။
ကံကောင်းသည်ကား မူဝမ်သည် အာခီမီစံအိမ်ငယ်သို့ ဝင်ရန် မတောင်းဆိုခဲ့ပါ။
ချန်မင်းက သူ့ဂိုဏ်း၏နည်းစနစ်ကို သုံးကာ အာခီမီစံအိမ်ငယ်သို့ ဝင်ရန် ကြံနေစဉ်မှာပင် လွန်ခဲ့သော နှစ်တစ်ရာက ပါရမီရှင်ကျန်းမင် ထွက်ပေါ်လာခဲ့သည်။
နှစ်တစ်ရာခန့် တိမ်မြုတ်သွားသော ပါရမီရှင်တစ်ဦးသည် ရုတ်တရက် အောင်မြင်လာမည်ဟု မည်သူက ထင်မည်နည်း။
အင်မော်တယ်ဆေးလုံးကို ဖော်စပ်ပြီးနောက် သူသည် အာခီမီစံအိမ်ထဲကို ဝင်ခွင့်ရသွားသည်။
ထိုမျှလောက်က ပြဿနာမရှိသေးပေ။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ပါရမီရှင်သည် ထိုအခွင့်အရေးအား ရခဲ့သည်။ အာခီမီစံအိမ်ငယ်ကို ဝင်ခွင့်က မည်မျှ တန်ဖိုးရှိသည်ကို သိသာထင်ရှားစေ၏။
ယခု လူနှစ်ယောက်က ထိုမျှ တန်ဖိုးကြီးသော အခွင့်အရေးအား အလေးအနက်မထားဘဲ တွန်းထုတ်နေကြသည်။
အရာအားလုံးက သူ၏ကြိုးစားအားထုတ်မှုအားလုံးကို ပေါ့ပျက်စေသည်။
သူ နောက်ထပ် မစောင့်နိုင်တော့ပါ။
“ဟီးဟီး… ချန်မင်း အစက ဝင်ပါဖို့ မရည်ရွယ်ဘူး။ ဒါပေမဲ့ ဒီက တာအိုရောင်းရင်းဟာ အာခီမီစံအိမ်ငယ်ကို သွားမယ်ဆိုမှတော့ ဝင်ပါဖို့ ဖြစ်လာရတယ်”
ချန်မင်း ရှေ့ကို ဖြေးညင်းစွာ လျှောက်လာသည်။ သူ၏အသံက လူအများအပြား၏အာရုံကို ဆွဲငင်သွား၏။
ထိုပါရမီရှင်က နောက်ဆုံးတွင် ဆေးလုံး ဖော်စပ်တော့မည်လား။
သူတို့က ပါရမီရှင်များ၏ယှဉ်ပြိုင်မှုကို မြင်ရတော့မည်လား။
အားလုံး၏အကြည့်က ဟန်မူယဲ့နှင့် ချန်မင်းတို့ထံသို့ ရောက်လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်ကလည်း တစ်ခုခုထူးခြားသည်များ လုပ်ပြနိုင်မလား။
“အင်း… မိတ်ဆွေလေးချန်မင်းက ဆေးလုံးဖော်စပ်မယ်ဆိုတော့ ဒါက ကောင်းတာပဲ”
မူမိသားစုခေါင်းဆောင်က ပြုံးလျက် ပြောသည်။
“မိတ်ဆွေလေး… မင်းက ဘာဆေးလုံးဖော်စပ်မလို့လဲ။ မင်းက အာခီမီစံအိမ်ငယ်က ဆေးဖော်စပ်နည်းတစ်ခု ကံစမ်းမလို့လား”
ခေါင်းဆောင်မူ၏မေးခွန်းကို ကြားလျှင် ချန်မင်းက ခေါင်းဆောင်တောက်ရင်အား စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။
“စီနီယာတောက်ရင်ဟာ အာခီမီစံအိမ်ငယ်ရှေ့မှာ တားဆီးခံရပြီးတော့ သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်ဖို့ ကံစမ်းမိတယ် ကြားပါတယ်။ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ဘူးလို့ သိရတယ်။ ဒါက မှန်ပါသလား”
“ကျွန်တော် ဒီနေ့ သွေးကြောဖွင့်ဆေးလုံးတစ်ဖုံ ဖော်စပ်ပါမယ်”
ခေါင်းဆောင်တောက်ရင်ဖော်စပ်ရန် ကျရှုံးခဲ့သော သွေးကြောဖွင့်ဆေးလုံးအား ဖော်စပ်မည်လား။
ချန်မင်း၏စကားက လူတိုင်းကို မျက်မှောင်ကြုတ်စေသည်။
ဒါက ဘာကို ဆိုလိုတာလဲ။
သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ခေါင်းဆောင်တောက်ရင်ကို ရန်စနေသည်လား။
မူရှန်မြို့သည် အာခီမီပညာရပ်ကိုသာ အာရုံစိုက်သော်လည်း ခေါင်းဆောင်တောက်ရင်ကဲ့သို့ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကို ထိုသို့ ပြောရဲခြင်းက တုံးအခြင်းလား၊ မသိနားမလည်ခြင်းလား။
ထို့အပြင် အာခီမီစံအိမ်ငယ်၏စည်းမျဉ်းများသည် အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်ခြင်းမျှသာ မဟုတ်ပေ။
သူက ဆေးဖော်နည်းစနစ်အား ကံစမ်းရန် လိုသေးသည်။
အာခီမီအသိုင်းအဝန်းမှ ချန်မင်းသည် ထိုအချက်ကို နားလည်သင့်၏။
မူမိသားစုခေါင်းဆောင်၏မျက်နှာက တင်းမာသွားသည်။ သူက ချန်မင်းကို ကြည့်ကာ ပြောသည်။
“မင်ဟွားတောင်ကြားဟာ သွေးကြောဖွင့်ဆေးလုံးရဲ့ ဖော်စပ်နည်းအသစ်ကို သုတေသနလုပ်နေတယ်လို့ ကြားသိရတယ်”
“မင်းက ဒီနည်းစနစ်အသစ်နဲ့ အာခီမီစံအိမ်ငယ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတာလား”
ချန်မင်းက ခေါင်းညိတ်သည်။
ဆေးဖော်စပ်နည်းစနစ်အသစ်ဖြင့် အာခီမီစံအိမ်ငယ်ကို ဝင်ခွင့်ရရန် ကြိုးစားခြင်း…
ချန်မင်း၏အကြည့်က ဟန်မူယဲ့ထံသို့ ရောက်လာကာ ပြောသည်။
“ကျုပ်က ခင်ဗျားကို အသာစီးမယူချင်ပါဘူး။ ဒါက ဆေးဖော်စပ်နည်းအသစ်ဖြစ်ပေမဲ့ အမြင့်ဆုံးအရည်အသွေးကို ရအောင် ဖော်စပ်ပြပါ့မယ်”
“ကျုပ် စိတ်ဝင်စားတာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဘယ်တုန်းက ဒီလို ငယ်ရွယ်တဲ့ပညာရှင် ရှိနေတာလဲ။ ဘာလို့ အာခီမီစံအိမ်ငယ်ထဲ ဝင်ခွင့်ရတာကို အလေးအနက်မထားရတာလဲ”
ချန်မင်းသည် ယနေ့ သူ ကျရှုံးခဲ့ပြီကို နားလည်၏။
သူ့တွင် ရွေးချယ်စရာမရှိဘဲ ဟန်မူယဲ့ကို စိန်ခေါ်ရန် ဖြစ်လာသည်။
သူသည် အာခီမီစံအိမ်ငယ်ထဲကို ဝင်ကာ မူရှန်မြို့၌ နာမည်ကျော်ကြားရမည့် တာဝန်အား အောင်မြင်ရန် လိုသည်။
မင်ဟွားတောင်ကြားက နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်လာခဲ့သော ဆေးဖော်စပ်နည်းအသစ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ယနေ့ နာမည်ကျော်ကြားရန် လိုသည်။
“သွေးကြောဖွင့်ဆေးလုံး…”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်အား ကြည့်သည်။
ခေါင်းဆောင်တောက်ရင်၏မျက်လုံးများက အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကလည်း တိုက်တိုက်ဆိုင်ဆိုင် နည်းစနစ်အသစ်ကို သုတေသန ပြုထားတာ ရှိတယ်”
“ဟန်မူယဲ့… သွေးကြောဖွင့်ဆေးလုံးတစ်ဖုံ ဖော်စပ်ပေးလိုက်”
ခေါင်းဆောင်တောက်ရင်၏အသံက တင်းမာနေသည်။
ယနေ့ကား အဖွဲ့အစည်းနှစ်ခု၏ဆေးလုံးမူပိုင်ခွင့် ယှဉ်ပြိုင်ပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။
ရှုံးနိမ့်သူက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သွေးကြောဖွင့်ဆေးလုံးအား ဖော်စပ်ကာ ဖြန့်ဖြူးနိုင်တော့မည် မဟုတ်ပါ။
ဟန်မူယဲ့က ကျန်းမင်အားကြည့်ကာ ပြုံးသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နောက်ထပ်အဖွဲ့အစည်းတစ်ခု သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်ကာ သူတို့၏စီးပွားရေးအား အနှောင့်အယှက်ပြုမည်ကို မလိုလားပါ။
ခေါင်းဆောင်တောက်ရင်တွင် ကြီးမားသော ရည်မှန်းချက် ရှိသည်။ သူက သွေးကြောဖွင့်ဆေးလုံးဖြင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အာခီမီမျိုးဆက်ကို တိုးတက်စေလိုသည်။
မူမိသားစုတပည့်များက သီးသန့်နေရာမှ ဖယ်ကာ ပြိုင်ပွဲအတွက် နေရာပြင်ပေးကြ၏။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ ပါရမီရှင် ချန်မင်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော အာခီမီလူငယ်တစ်ဦးနှင့် ယှဉ်ပြိုင်တော့မည် ဖြစ်သည်။
နှစ်ဘက်လုံးက နည်းစနစ်အသစ်များကို တီထွင်ထားသည်။
အထူးခြားဆုံးကား နှစ်ဘက်လုံးသည် သွေးကြောဖွင့်ဆေးလုံး၏နည်းစနစ်အသစ်ကို ဖော်စပ်ကြမည် ဖြစ်သည်။
နှစ်ဘက်လုံးက အမြင့်ဆုံးအရည်အသွေးဆေးလုံးများကို ဖော်စပ်ရန် သဘောတူကြ၏။
တစ်ဦးကား အာခီမီပါရမီရှင်အဖြစ် လူသိများကျော်ကြားသောသူ ဖြစ်သည်။
နောက်တစ်ယောက်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူသိပ်မသိသော တပည့်တစ်ဦး ဖြစ်သည်။
မည်သူက သူ၏အာခီမီပညာရပ်ကို မသိကြသော်လည်း ကျန်းမင်က သူ့အား အာခီမီစံအိမ်ငယ်သို့ အလွယ်တကူ ဝင်နိုင်သူဟု ပြောထားရာ သူ့အရည်အချင်းကလည်း သေးမည် မထင်ပါ။
ခေါင်းဆောင်တောက်ရင်က ခေါင်းဆောင်မူအား ပြုံးလျက် ပြောသည်။
“အစ်ကိုချွန်းဟွေ့… အာခီမီစံအိမ်ငယ် တည်ထောင်ပြီးကတည်းက ဒီလို ကြီးကျယ်ခမ်းနားတဲ့ အချိန်အခါတွေ မကြာမကြာ ဖြစ်လာတာပဲ”
“ကျုပ်တို့ အနောက်ဘက်နယ်စပ်ကုန်းမြေက အာခီမီပညာရပ်ဟာ တိုးတက်ထွန်းကားလာတဲ့ လက္ခဏာပဲ”
မူမိသားစုခေါင်းဆောင်ကလည်း ဟန်မူယဲ့နှင့် ချန်မင်းတို့အား ကြည့်ကာ ပြောသည်။
“ဒါဆိုလည်း ပြိုင်ကြပါ။ အနိင်ရတဲ့သူရဲ့ နည်းစနစ်ဟာ အာခီမီစံအိမ်ငယ်ထဲမှာ မှတ်တမ်းတင်ခွင့်ရမယ်”
ဟန်မူယဲ့နှင့် ချန်မင်းတို့သည် အချင်းချင်း ဆယ်ပေအကွာ၌ ရပ်နေကြ၏။
ချန်မင်းက လက်ဝှေ့ယမ်းလိုက်လျှင် စိမ်းညိုရောင်ဆေးပေါင်းဖိုတစ်လုံး ပေါ်လာသည်။
ထိုဆေးပေါင်းဖိုကား သာမန်မဟုတ်ပေ။
ဟူး…
ဆေးပေါင်းဖို လှုပ်ယမ်းသွားကာ ၎င်းကို အနီရောင်မီးတောက်များ လွှမ်းခြုံလာ၏။
ချန်မင်းက လက်ဝှေ့ယမ်းလိုက်လျှင် ဆေးအမယ်များစွာတို့သည် သူ့ရှေ့သို့ ကျဆင်းလာ၏။
ဆေးအမယ်ပေါင်း တစ်ရာကျော်ခန့် ရှိပေမည်။
ဟန်မူယဲ့ကား အနည်းငယ် စိတ်ဝင်စားမိသည်။ သွေးကြောဖွင့်ဆေးလုံးသည် ထိုမျှ များပြားသော ဆေးအမယ်များ လိုအပ်သည်လား။
“ကျုပ်တို့ မင်ဟွားတောင်ကြားဟာ ဆယ်စုနှစ်တချို့ ဒီနည်းစနစ်ကို သုတေသန ပြုလုပ်လာတာ ဖြစ်တယ်”
“သွေးကြောဖွင့်ဆေးလုံးဟာ ဖော်စပ်နည်းကိုးမျိုးလောက်ရှိတယ်။ ကျုပ်တို့က နည်းစနစ်အားလုံးကို လေ့လာပြီးတော့ ဓာတ်သဘာဝအမျိုးမျိုးတို့အတွက် သုံးနိုင်တဲ့ ဆေးလုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်”
ကျန်းမင်က အားတက်သရော ပြောသည်။
“ဒီဆေးလုံးဟာ ဘယ်ဓာတ်သဘာဝကို ကျင့်ကြံသူဖြစ်ပါစေ စားသုံးသူဟာ ကမ္ဘာမြေအဆင့်စွမ်းအားကို နားလည်နိုင်ပြီးတော့ အဆင့်တက်နိုင်တယ်”
“ဒါက ဆေးအမယ်အများကြီးသုံးပြီး ဖော်စပ်ရတယ်ဆိုပေမဲ့ ကမ္ဘာမြေအဆင့်ကို တက်ဖို့အတွက်ဆိုတော့ ထိုက်တန်တယ် ပြောရမှာပဲ”
သက်ပြင်းတစ်ချက်ရှိုက်ကာ သူက လက်မြှောက်လျက် ဆေးအမယ်များအား ဆေးပေါင်းဖိုထဲသို့ ပစ်ထည့်ရန် ပြင်သည်။
သူ၏ရှင်းလင်းချက်ကို ကြားလျှင် အားလုံးက ခေါင်းညိတ်ကြသည်။
ပြီးပြည့်စုံသော သွေးကြောဖွင့်ဆေးလုံး။ ထိုဆေးလုံးကား စောင့်ကြည့်ရန် ထိုက်တန်သည်။
ချန်မင်း၏ရှင်းပြမှုကို ကြားသော် ဟန်မူယဲ့ ပြုံးလျက် ခေါင်းယမ်းသည်။
၎င်းသည် နည်းစနစ်အသစ်တစ်မျိုးဖြစ်မည်ဟု သူက ထင်ထားသော်လည်း ရောသမမွှေဆေးလုံးဖော်စပ်နည်းသာဖြစ်ကြောင်း သိလိုက်ရသည်။
အာခီမီဟူသည် သန့်စင်ခြင်းကို အခြေပြု၏။ ဆေးအမယ်များလေ ဆေးဂုဏ်သတ္တိများ ပရမ်းပတာဖြစ်လေ ဖြစ်သည်။
ထိုသို့သော ဆေးလုံးသည် ဓာတ်သဘာဝအားလုံးနှင့် သင့်တော်နိုင်သော်လည်း ဆေးဂုဏ်သတ္တိများမှာကား ဆိုးဝါးပေလိမ့်မည်။
မှန်သည်၊ သွေးကြောဖွင့်ဆေးလုံးသည် ဆေးဂုဏ်သတ္တိဖြင့် ကျင့်ကြံဆင့်ကို မတိုးမြင့်စေနိုင်ပါ။ ၎င်းသည် ဆယ့်ငါးမိနစ်ကြာ ဉာဏ်အလင်းရစေခြင်းသာ ဖြစ်သည်။ မင်ဟွားတောင်ကြားမှ လူများသည် ဆေးလုံး၏သန့်စင်မှုကို လျစ်လျူရှုထားကြသည်။
ဟန်မူယဲ့၏အမြင်တွင် သွေးကြောဖွင့်ဆေးလုံး၏အစွမ်းသည် ဉာဏ်အလင်းကို ဆယ့်ငါးမိစနစ်ခန့်သာ ရခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်တွင် ဆက်လက်တည်မြဲနိုင်စွမ်းရှိရန်လည်း လိုသေးသည်။
သူ့မျက်နှာချင်းဆိုင်မှ ဆေးရနံ့များ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က လက်များကို ဖြန့်ကာ နောက်လှည့်သည်။
“ခေါင်းဆောင်… သွေးကြောဖွင့်ဆေးလုံးအတွက် ဆေးအမယ်တွေ ပါလာပါသလား”
ဟန်မူယဲ့၏စကားကို ကြားလျှင် ခေါင်းဆောင်တောက်ရင်က ပြုံးလျက် ဆေးတစ်ဖုံစာ ဆေးအမယ်များအား ပစ်ပေးလိုက်သည်။
၎င်းတို့မှာ ချန်မင်းကဲ့သို့ ဆေးအမယ်တစ်ရာကျော်၏။
“သခင်လေး… ကျုပ် ဆေးပေါင်းဖိုကို ပြန်ပေးမယ်”
ကျန်းမင်က ဆေးပေါင်းဖိုအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ လှမ်းလာသည်။
“စီနီယာအစ်ကိုဟန်… ကျွန်မ ရှင့်အတွက် ဆေးပင်ဆေးမြစ်တွေ စီစဉ်ပေးမယ်”
မူဝမ်ကလည်း ရှေ့ကို လှမ်းလာသည်။
ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်ကာ ဆေးပေါင်းဖိုအား ယူလိုက်သည်။
မူဝမ်က ခေါင်းညိတ်ကာ သူမရှေ့မှ ဆေးပင်ဆေးမြစ်များအား သပ်သပ်ရပ်ရပ် စီစဉ်သည်။
ဟန်မူယဲ့ကား အလျင်မလိုပါ။ သူက ဘေးတွင် ရပ်ကာ စောင့်နေသည်။
တခြားတစ်ဖက်တွင်ကား ဆေးရနံ့မှာပိုမိုအားကောင်းလာခဲ့သည်။
“စီနီယာအစ်ကို… ပြီးပါပြီ”
မူဝမ်က တီးတိုးပြောသည်။
“ဂျူနီယာညီမလေးမူ… နောက်ဆုတ်နေပါ။ ဓားချီက လူကို ထိခိုက်စေနိုင်တယ်”