← Chapters

ဆေးတစ်ဖုံတွင် ဆေးကိုးလုံး၊ တစ်လုံးစီတိုင်းသည် အင်မော်တယ်

Vol. 11 Ch. 142

ဆေးတစ်ဖုံတွင် ဆေးကိုးလုံး၊ တစ်လုံးစီတိုင်းသည် အင်မော်တယ်

Vol. 11 Ch. 142

ဟန်မူယဲ့က ဆေးပေါင်းဖိုကို လက်ညိုးထိုးလိုက်သည်။

ဟူး…

ဆေးပေါင်းဖိုသည် ဆယ်ပေအမြင့်သို့ တက်သွားကာ ၎င်းကို သုံးပေပတ်လည်ဓားချီများ ရစ်ပတ်သွား၏။

သဘာဝစွမ်းအင်မီးတောက်ကို ဖန်ဆင်းခြင်းမရှိဘဲ သူသည် ဓားချီဖြင့် ဆေးလုံးကို တိုက်ရိုက်ဖော်စပ်၏။

ကျန်းမင်သည် ထိုနေရာတွင်ပင် လက်သီးတင်းတင်းဆုပ်ကာ မျက်တောင်မခတ် ကြည့်နေ၏။

ဤသည်ကား စစ်မှန်သော ဓားချီအာခီမီဖြစ်သည်။

ဆေးလုံးကို ဓားချီသီးသန့်ဖြင့် ဖော်စပ်ခြင်း။

ယနေ့ မရေမတွက်နိုင်သော အာခီမီပညာရှင်များ ရှိနေကြသော်လည်း မည်သူမှ ထိုသို့သောအရာအား မြင်ဖူးကြပေ။

မူမိသားစုခေါင်းဆောင်သည်ပင် ထရပ်ကာ ဟန်မူယဲ့အား စူးစိုက်ကြည့်နေသည်။

“ကောင်လေးက သူဟာ ဓားချီနဲ့ ဆေးဖော်စပ်တယ်လို့ အမြဲပြောတယ်။ ဒါက မှန်နေတာကိုး”

ခေါင်းဆောင်တောက်ရင်က ထူးဆန်းသော အမူအရာဖြင့် ပြောသည်။

သူက ဟန်မူယဲ့သည် ကျန်းမင်ကဲ့သို့ ဆေးဖော်စပ်ခြင်းဟု ထင်ခဲ့သည်။ ယခု သူ မြင်တွေ့နေရသည်ကား ထိုသို့ မဟုတ်ပါ။

ဓားချီသည် ဆေးပေါင်းဖိုအား ရစ်ပတ်ထားကာ ဆေးအမယ်များသည် ဆေးပေါင်းဖိုထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွား၏။

ဟန်မူယဲ့၏အမူအရာသည် လေးနက်သွားကာ သူ၏မျက်လုံးများကို မှိတ်လိုက်၏။

သူ့အာရုံထဲတွင် သွေးကြောဖွင့်ဆေးလုံးဖော်စပ်သော ပုံရိပ်များ ထပ်ခါထပ်ခါ ဖြစ်ပေါ်နေသည်။

သူ့ရှေ့မှ ဆေးပေါင်းဖိုတွင် ရစ်ပတ်ထားသော ဓားချီများသည် ပိုမိုသန့်စင် ကြည်လင်လာနေ၏။

“ဒီကောင်လေးရဲ့ ဓားပညာဟာ ဒီအဆင့်အထိတောင် ရောက်နေပြီလား”

တစ်ချိန်လုံး တိတ်ဆိတ်နေသော အကြီးအကဲစုလျန့်က ရုတ်တရက် ပြောသည်။

တခြားသော အာခီမီပညာရှင်များသည် ဓားတာအိုနှင့် မရင်းနှီးသော်လည်း အကြီးအကဲစုလျန့်နှင့် ခေါင်းဆောင်တောက်ရင်များမှာ ဓားဂိုဏ်းမှ ဖြစ်သည်။ ဟန်မူယဲ့၏ဓားချီသည် မည်မျှ သန့်စင်သည်ကို သူတို့ မြင်၏။

ဟူး…

ဟန်မူယဲ့၏ခေါင်းပေါ်တွင် ဓားပုံရိပ်ငယ်တစ်ခု ဖြစ်ပေါ်လာကာ ဆေးပေါင်းဖိုထဲကို တိုးဝင်သွား၏။

“ဝိညာဉ်လိပ်ပြာဓားချီ”

ခေါင်းဆောင်တောက်ရင်က ရေရွက်သည်။

ချန်မင်းသည် ရိုးရာအတိုင်း သဘာဝစွမ်းအင်မီးတောက်ဖြင့် ဆေးလုံးဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏အရည်အချင်းကား အမှန်တကယ် ကောင်းမွန်၏။

သို့သော်လည်း ဟန်မူယဲ့၏ ကြီးမြတ်သော ဓားချီသည် အားလုံး၏အာရုံကို ဖမ်းစားသွားသည်။

“သူက တကယ်ပဲ ဆေးလုံးဖော်စပ်နေတာလား”

တစ်စုံတစ်ယောက်က ထူးဆန်းသောအမူအရာဖြင့် ရေရွက်သည်။

“ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ဒီဆေးလုံးက တကယ်ရော စားလို့ရပါ့မလား”

တစ်ယောက်က နားမလည်စွာ ပြောသည်။

ထိုသို့သော နည်းလမ်းမှာ မကြားဖူးပါ။

“သန့်စင်တာ… အဆက်မပြတ် သန့်စင်တာ… ဒါက မီးတောက်နဲ့ အပူပေးတာ မဟုတ်ဘူး။ ဆေးအမယ်တွေရဲ့ အဆီအနှစ်တွေကိုပဲ ခွဲထုတ်ယူတာ”

ဟန်မူယဲ့၏ရှေ့သို့ အလိုအလျောက် လျှောက်သွားရင်း ကျန်းမင်သည် အသိစိတ်ပျောက်သည့်အလား ရေရွက်နေသည်။

သူက လက်သီးများကို တင်းတင်းဆုပ်ကာ တုန်ယင်နေသည်။

သူကား အမှန်တကယ် အာခီမီပါရမီရှင် ဖြစ်သည်။ ဆေးလုံးဖော်စပ်သည့်သဘောတရားအား တစ်ချက်ကြည့်ရုံမျှဖြင့် နားလည်၏။

ဆေးလုံးကို မျက်လုံးမှိတ်ကာ ဖော်စပ်နေသော ဟန်မူယဲ့ကား အနည်းငယ်ပင် အာရုံလွင့်သွားသေးသည်။

ဟူး…

သူ့မျက်နှာချင်းဆိုင်တွင် ထန်မင်း၏ဆေးပေါင်းဖိုသည် အဆက်မပြတ် လှုပ်ယမ်းလာ၏။

ဆေးလုံး ဖြစ်ပေါ်လာခြင်း။

ချန်မင်းက လက်ဝှေ့ယမ်းလိုက်လျှင် တောက်ပသော ဆေးလုံးငယ်တစ်လုံး ဆေးပေါင်းဖိုမှ ခုန်ထွက်လာ၏။

သွေးကြောဖွင့်ဆေးလုံး၊ အမြင့်ဆုံးအရည်အသွေး။

ချန်မင်းက ရယ်မောကာ ဆေးလုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်ကာ ဆေးလုံးကို ဖော်စပ်နေသော ဟန်မူယဲ့အား ကြည့်သည်။

“ဟင်း… ငါက ဆေးလုံးဖွဲ့စည်းပြီးပြီ။ ဒါက အမြင့်ဆုံးအရည်အသွေးပဲ။ ဒီတာအိုရောင်းရင်းက ငါ့ကို ဘယ်လိုအနိုင်ယူနိုင်ဦးမလဲ”

သူက စိတ်သက်သာရာရဟန်ဖြင့် ပြောသည်။

သူကား အနိုင်ရနေပြီး ဖြစ်သည်။

ဟန်မူယဲ့က အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်နိုင်လျှင်ပင် သူသည် အချိန်ပိုကြာကြာယူသည့်အတွက် ရှုံးနေပြီး ဖြစ်သည်။

ထို့အပြင် သူ့အမြင်၌ ဟန်မူယဲ့၏အာခီမီနည်းစနစ်မှာ လမ်းလွဲနေသည်။ ၎င်းသည် အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ဖော်စပ်နိုင်မည်ဟု သူ မယုံကြည်ပေ။

“သခင်လေးချန်မင်းဟာ လူငယ်မျိုးဆက်ရဲ့ ပါရမီရှင်ပဲ။ ဒီနေ့ သူနိုင်မယ်ဆိုတာ သေချာနေပြီးသား”

အောက်မှ တီးတိုးအသံများကို ကြားရသည်။

သို့သော်လည်း အတော်များများက မှတ်ချက်မပေးကြပါ။

ရလဒ်ကား အပြီးသတ်မထွက်ပေါ်သေးပေ။

ဟန်မူယဲ့၏ရှေ့မှ ဆေးပေါင်းဖိုသည် လှည့်ပတ်သွားကာ ဓားချီများ စတင်ပြယ်လွင့်လာ၏။

သို့သော်လည်း ဓားချီများ လုံးဝ ပျက်ပြယ်လုနီးပါးအချိန်၌ ဟန်မူယဲ့၏အမူအရာက ထူးဆန်းလာသည်။

သူက မူမိသားစုခေါင်းဆောင်အား လှမ်းကြည့်သည်။

ထိုအခိုက်တွင် မူမိသားစုခေါင်းဆောင်၏အမူအရာကလည်း လေးနက်နေ၏။ သူက ဆေးပေါင်းဖိုအား အသေအချာကြည့်ကာ လက်မြှောက်လိုက်လျှင် အစိမ်းရောင်ချီအလင်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွား၏။

ဟူး…

မူရှန်မြို့အား ရောင်ဝါတစ်ခုလွှမ်းခြုံလာသည်။

မြို့အကာအကွယ်ဝင်္ကပါ။

ထိုဝင်္ကပါသည် မူမိသားစုက အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဝင်္ကပါပညာရှင်များအား ဖိတ်ကြားကာ များစွာသော ဝိညာဉ်ကျောက်တုံးများ သုံးလျက် စီရင်ထားခြင်း ဖြစ်သည်။

ထိုဝင်္ကပါသီးသန့်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင်အား တားဆီးနိုင်၏။

၎င်းက မည်သည့်သဘော ဖြစ်သနည်း။

မူမိသားစုခေါင်းဆောင်က မြို့ကာကွယ်ရေးအစီအရင်ကို အဘယ်ကြောင့် အသက်သွင်းလိုက်သနည်း။

ရင်ပြင်မှ လူများအားလုံး နားမလည်နိုင် ဖြစ်နေကြ၏။

ခေါင်းဆောင်တောက်ရင်၏အမူအရာ ပြောင်းလဲသွားသည်။ သူက အပေါ်မှ အစီအရင်ကို မော့ကြည့်ကာ ဟန်မူယဲ့၏ဆေးပေါင်းဖိုအား ကြည့်၏။

“ဆေးလုံးဟာ ပဥ္စမတန်းစားကို ရောက်ရင် အဲဒါဟာ မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နိုင်တယ်ကြားတယ်”

ပဥ္စမတန်းစား။

အနောက်ဘက်နယ်စပ်ကုန်းမြေ၌ မည်သူက ပဥ္စမတန်းစားဆေးလုံးကို ဖော်စပ်နိုင်သနည်း။

ဆေးပေါင်းဖိုမှ ဆေးလုံးသည် ပဥ္စမတန်းစားလား။ ၎င်းက မိုးကြိုးကဒ်ဘေးကို ဆင့်ခေါ်နိုင်မည်လား။ မူမိသားစုခေါင်းဆောင်က ထို့ကြောင့် ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်သည်လား။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ခေါင်းဆောင်တောက်ရင်၏စကားကို ကြားလျှင် လူတိုင်းနီးပါးက ခေါင်းယမ်းကြသည်။

ပဥ္မတန်းစားဆေးလုံးမှာ ဖော်စပ်ရန် မလွယ်ကူပါ။

၎င်းသည် အဆင့်မြင့်ဝိညာဉ်ဆေးပင်များနှင့် အာခီမီပညာရပ်တို့ ပေါင်းစပ်မှ ဖြစ်နိုင်၏။

ဟန်မူယဲ့၏အာခီမီပညာရပ်က မြင့်မားလွန်းနေလျှင်ပင် သူသုံးထားသော ဆေးအမယ်များမှာ ပဥ္စမတန်းစားဆေးလုံးကို ဖော်စပ်ရန် မဖြစ်နိုင်ပါ။

ထင်သည့်အတိုင်း မူမိသားစုခေါင်းဆောင်က ခေါင်းယမ်းသည်။

“ဒါက မိုးကြိုးကဒ်ဘေးကို ကာကွယ်ဖို့ မဟုတ်ဘူး။ ဆေးလုံးတွေ ထွက်မပြေးအောင် တားဆီးတာ”

ခေါင်းဆောင်မူက ဆေးလုံး ထွက်မပြေးရန် တားဆီးခြင်းဟု ပြောလျှင် အားလုံးက ပါးစပ်ဟသွားကြသည်။

မည်သို့သောဆေးလုံးက ထွက်ပြေးမည်နည်း။

အင်မော်တယ်ဆေးလုံးများ။

ယနေ့သည် တတိယအကြိမ် အင်မော်တယ်ဆေးလုံးများ ပေါ်လာခြင်း ဖြစ်သည်။

ဤသည်ကား စစ်မှန်သော အာခီမီပါရမီရှင် ဖြစ်သည်။

ဝုန်း…

ဟန်မူယဲ့ရှေ့မှ ဆေးပေါင်းဖိုသည် လှုပ်ယမ်းသွားကာ အလင်းတန်းကိုးခု တဖျတ်ဖျတ်လက်သွား၏။

ထိုအလင်းတန်းများသည် အရပ်မျက်နှာမျိုးစုံသို့ တကွဲတပြား ပျံသန်းသွားကြ၏။

ထိုအလင်းတန်းများမှာ အနီရောင်၊ အစိမ်းရောင်၊ ရွှေရောင်… စသော အရောင်ကိုးမျိုး ကွဲပြားသည်။

ဆေးတစ်ဖုံမှ အင်မော်တယ်အဆင့် ဆေးကိုးလုံး။

မူမိသားစုမှ ပါရမီရှင်မူဝမ်က သူ့အတွက် အသက်ရှည်ဆေးဖော်စပ်ပေးရန် မူမိသားစုခေါင်းဆောင်ထံ တောင်းဆိုခြင်းမှာ မထူးဆန်းတော့ပါ။

ကျန်းမင်က သူသည် အာခီမီစံအိမ်ငယ်သို့ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ပြောခဲ့သည်မှာ မထူးဆန်းတော့ပါ။

အင်မော်တယ်အဆင့်ဆေးလုံးကိုးလုံး။ ဤသို့သောသူက မည်သို့ အာခီမီစံအိမ်ငယ်ထဲသို့ ဝင်ခွင့်မရဘဲ နေမည်နည်း။

သည်လူငယ်မှာ ယနေ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေချေသည်။

“ဝိညာဉ်ဆေးလုံးတွေ… ဝိညာဉ်ဆေးလုံးတွေ… “

မူမိသားစုခေါင်းဆောင်သည် သူ့ကိုယ်သူ ရေရွက်နေသည်။ သူက လက်ဝှေ့ယမ်းကာ ဆေးလုံးများ ပျံသန်းထွက်ပြေးခြင်းအား တားဆီးလိုက်၏။

အင်မော်တယ်ဆေးလုံး ကိုးလုံး။

ချန်မင်းကား ထိုနေရာတွင်ပင် ငေးမှိုက်ကာ ရပ်နေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလောကမှာ ဘယ်လိုလုပ် ဒီလို အာခီမီနည်းစနစ်ရှိနိုင်မှာလဲ”

သူ၏ရေရွက်သံကား တခြားသော အာခီမီပညာရှင်များ ပြောလိုသော စကားနှင့် အတူတူဖြစ်သည်။

မူမိသားစုခေါင်းဆောင်က လက်ဆန့်တန်းကာ ဆေးလုံးများကို ကျောက်စိမ်းပန်းကန်ပေါ်သို့ တင်လိုက်၏။

“ဓားချီနဲ့ ဆေးဂုဏ်သတ္တိကို ဖိနှိပ်ပြီးတော့ ဆေးလုံးအဖြစ် ဖွဲ့စည်းတာ”

“ဆေးအမယ်တွေထဲက ဆေးဂုဏ်သတ္တိတွေကို ခွဲထုတ်ပြီးတော့ အဆုံးစွန်အထိ သန့်စင်တဲ့ ဆေးဂုဏ်သတ္တိတွေနဲ့ပဲ ဓာတ်သဘာဝအမျိုးအစားလိုက် ဆေးလုံးဖော်စပ်ခဲ့တာပဲ”

“ဒါကြောင့် ဒီဆေးတစ်ဖုံကာ ဆေးလုံးကိုးလုံး ဖြစ်နေတာပဲ။ ဟုတ်တယ်မလား”

ခေါင်းဆောင်မူက ဟန်မူယဲ့အား မေးသည်။

“ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နည်းစနစ်ဟာ ဓာတ်သဘာဝမျိုးစုံအတွက် တစ်ခါတည်းပြီးပြည့်စုံတဲ့ဆေးလုံးကို မဖော်စပ်ပါဘူး။ ကျွန်တော်တို့က ဓာတ်သဘာဝတစ်ခုစီနဲ့ လိုက်ဖက် သင့်တော်တဲ့ဆေးလုံးကိုပဲ ဖော်စပ်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။

သူက ဓာတ်သဘာဝမျိုးစုံနှင့် လိုက်ဖက်ခြင်းကို လက်လျှော့ကာ အစစ်အမှန်သန့်စင်သော တာအိုကိုသာ ရည်မှန်း၏။

“မဟုတ်ဘူး… ဓာတ်သဘာဝအားလုံးနဲ့လိုက်ဖက်တဲ့ဆေးလုံးကမှ သွေးကြောဖွင့်ဆေးလုံးအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းပဲ”

ချန်မင်းက အံကြိတ်ကာ ဟန်မူယဲ့အား ဒေါသတကြီး ပြောသည်။

ဤသည်ကား မဟာတာအို၏တိုက်ပွဲ ဖြစ်သည်။

ဂိုဏ်းနှစ်ဂိုဏ်း၏ အာခီမီတိုက်ပွဲလည်း ဖြစ်၏။

ဟန်မူယဲ့၏အမူအရာက ထူးမခြားနားစွာဖြင့် ပြောသည်။

“ဆေးဂုဏ်သတ္တိတွေကို ဓာတ်သဘာဝအလိုက် ခွဲထုတ်ပြီးတော့ သီးသန့်ဖော်စပ်တာက ဆေးလုံးတစ်လုံးဖြစ်လာဖို့ နဂိုနည်းစနစ်ရဲ့ ၂၀ ရာနှုန်းသော ဆေးအမယ်တွေပဲ လိုအပ်တယ်”

“ဒါက ဆေးလုံးဝယ်ယူသူအတွက် ဝိညာဉ်ကျောက်တုံးကျသင့်မှုကို အများကြီး သက်သာစေပြီးတော့ ဆေးဖော်စပ်ဖို့အတွက် ဆေးပင်ဆေးမြစ်လိုအပ်ချက်ကိုလည်း လျော့ကျစေပြီး အလဟသဖြစ်သွားတာ မရှိတော့ဘူး”

“အာခီမီပညာရှင်တစ်ယောက်အနေနဲ့ ကောင်းကင်နဲ့မြေပြင်က ကောင်းချီးပေးထားတဲ့ သဘာဝအရင်းအမြစ်တွေကို အတတ်နိုင်ဆုံး မဖြုန်းတီးသင့်ဘူးမလား။ ဒီသဘာဝအရင်းအမြစ်တွေဟာ အလွယ်တကူ ကြီးပြင်းရင့်သန်လာနိုင်တာ မဟုတ်ဘူး”

တချို့သော ဆေးပင်ဆေးမြစ်များသည် အလွန်ရှားပါးကာ ကြီးထွားရန် နှစ်တစ်ထောင်ခန့်ပင် ကြာတတ်သည်။

ဟန်မူယဲ့၏သဘောတရားက ထင်ရှားပြတ်သားလှ၏။

အားလုံးက ဟန်မူယဲ့အား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။

သည်လူသည် ဆေးဖော်စပ်ရာတွင် သမာရိုးကျအာခီမီနည်းစနစ်ကို အသုံးမပြုပေ။ သို့သော်လည်း သူသည် အသန့်စင်ဆုံးဆေးလုံးအား ဖော်စပ်နိုင်၏။

ဆေးတစ်ဖုံတွင် အင်မော်တယ်ဆေးလုံး ကိုးလုံး။ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မည်သူက ထိုနည်းလမ်းကို ယှဉ်နိုင်မည်နည်း။

သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အာခီမီပါရမီရှင်ဖြစ်သည်။ ယနေ့တွင် သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေတခွင် ကျော်ကြားပေလိမ့်မည်။

ယနေ့ မူမိသားစု၏ ပါရမီရှင် မူဝမ်၊ လွန်ခဲ့သော နှစ်တစ်ရာက ပါရမီရှင် ကျန်းမင်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အာခီမီပါရမီရှင် ဟန်မူယဲ့တို့မှာ အလင်းလက်ဆုံး ကြယ်ပွင့်များ ဖြစ်ကြသည်။

မူမိသားစုမှ အကြီးဆုံသခင်လေးနှင့် မင်ဟွားတောင်ကြားမှ ချန်မင်းတို့မှာ အနင်းခံလှေကားများသာ ဖြစ်သည်။

တစ်စုံတစ်ယောက်က လက်ခံနိုင်သော အမူအရာရှိသော်လည်း ခေါင်းကြီးငုံ့ထားသော မူထန်ကျစ်အား ကြည့်သည်။

ထိုစဉ် ချန်မင်း၏ခန္ဓာကိုယ်မှ ချီအားများ စတင်ပြန့်နှံ့လာသည်။

“မင်းလည်း အာခီမီပညာရှင်လား… မင်း ဆေးဖော်စပ်တဲ့အခါ သဘာဝစွမ်းအင်မီးတောက်တောင် မရှိဘူး။ ဒါနဲ့တောင် မင်းက အာခီမီပညာရှင်လား”

ချန်မင်းက ရူးသွပ်ဟန်ဖြင့် ဟန်မူယဲ့အား လက်ညိုးထိုးကာ မေးသည်။

သူကား ဒေါသထွက်နေသည်။

သူ၏သုံ့သဆင်ခြင်နိုင်စွမ်းမှာ ပျောက်ဆုံးခဲ့ပြီ ဖြစ်သည်။

မည်သို့ဆိုစေ သူသည် လူငယ်တစ်ဦးသာ မဟုတ်ပါလား။

လူအများအပြားက ခေါင်းယမ်းကြသည်။

ယနေ့ သူတို့သည် ပါရမီရှင်များ၏ အောင်မြင်ခြင်း ကျရှုံးခြင်းများကို မြင်တွေ့ကြရ၏။

ချန်မင်းကား ဘာမှ မဟုတ်ပါ။

အရှုံးသမားများကို မည်သူမှ မမှတ်မိပေ။

ထိုအကြည့်များက ချန်မင်းအား ပိုမိုရူးသွပ်စေသည်။ သူက ရှေ့ကို တက်လာကာ အော်ဟစ်လိုက်၏။

“ခုနက ဆေးဖော်စပ်တာကို ထည့်မတွက်ဘူး။ ငါ မင်းနဲ့ ထပ်ပြီးတော့ ယှဉ်ပြိုင်ချင်တယ်… ငါ…”

သူ့စကားမဆုံးသေးမီတွင်ပင် ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူ့ထံမှ အားကောင်းသော ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ဓားဆန္ဒ…

ပြီးပြည့်စုံသော ဓားဆန္ဒတစ်ခုသည် မိုးယံသို့အထိ ထိုးတက်သွားကာ ကောင်းကင်ကို ဖုံးအုပ်ထားသော မြို့ကာကွယ်ရေးအစီအရင်နှင့် ထိတွေ့၏။

အဆုံးမဲ့သော ဓားအလင်းသည် လူအများအား မျက်လုံးများကိုပင် ဖွင့်မရ ဖြစ်စေသည်။ ထက်ရှသော အလင်းသည် အားလုံး၏မျက်လုံးအိမ်ကို အစိတ်စိတ်ပိုင်းဖြတ်တော့မည့်အလား ခံစားရ၏။

မရေမတွက်နိုင်သောလူများက နောက်ဆုတ်ကြရသည်။

“မင်းက ငါနဲ့ ဘာကို ယှဉ်မှာလဲ”

“ငါတို့ ဓားချင်း ယှဉ်မှာလား”

ဟန်မူယဲ့၏အသံကား တင်းမာနေသည်။ သူ့ထံမှ ဓားချီများသည် အစိမ်းရောင်ဓားငယ်တစ်လက်အသွင်သို့ ဖွဲ့စည်းလာ၏။

သူသည် ထိုနေရာတွင် တစ်ဦးတည်း ရပ်နေ၏။ မည်သူမှ သူ့အား စကားပြန်မပြောရဲပါ။

ခေါင်းဆောင်တောက်ရင်က သူ့ဘေးမှ မူမိသားစုခေါင်းဆောင်ကို ကြည့်ကာ နှုတ်ခမ်းများ ကွေးညွတ်နေအောင် ပြုံးလိုက်သည်။

ယခင်က သူသည် အာခီမီစံအိမ်ငယ်အား မီးရှို့လိုခဲ့သည်။

ထိုစဉ်ကနှင့်မတူဘဲ ယနေ့ ဟန်မူယဲ့သည် တိုက်ရိုက်တိုက်ခိုက်ခဲ့၏။

ဟန်မူယဲ့ အမှန်တကယ် တိုက်ခိုက်ရဲသည်ကို သူ သိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မင်ဟွားတောင်ကြားတို့က သွေးကြောဖွင့်ဆေးလုံး၏မူပိုင်နည်းစနစ်ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်ခြင်းဖြစ်ရာ သူတို့သည် နောက်ဆုတ်အလျော့ပေး၍ မဖြစ်ပါ။

ဓားအရှိန်အဝါများ ရစ်ပတ်လျက် ရပ်နေသော ဟန်မူယဲ့အား ကြည့်ကာ ခေါင်းဆောင်တောက်ရင်က ပြုံးလိုက်သည်။

ကောင်လေးကား ဆုံးဖြတ်ချက် ပြတ်သားကာ ကျင်းကျီထက် အရည်အသွေးမနိမ့်ပါ။

“ဒါက မူရှန်မြို့ပဲ… မင်းက ဓားသမားတစ်ယောက် ဖြစ်တယ်။ မင်း တကယ်ပဲ…”

ချန်မင်း၏ခြေလက်များ တုန်ယင်နေသည်။ သူ့ စကားမဆုံးသေးခင်တွင်ပင် ကောင်းကင်၌ တခွင် တုန်ခါလာသည်။

ဝုန်း…

ပေတစ်သိန်းခန့် ရှည်လျားကြီးမားသော ဓားအလင်းသည် မြို့ကာကွယ်ရေးအစီအရင်နှင့် ထိပ်တိုက်တွေ့သည်။

“ခေါင်းဆောင်မူ… အစီအရင်ကို ရုတ်သိမ်းပြီးတော့ ကျုပ်တို့ကို ကယ်ပါ”

အသံသည် အစီအရင်၏အပြင်မှ လာခြင်း ဖြစ်သည်။

ဟန်မူယဲ့သည် ထိုအသံကို ကြားဖူး၏။ သူသည် ကျင်းရှန်းဓားဂိုဏ်းမှ ဖုန်းလင်ဓားဂိုဏ်းလက်အောက်သို့ ခိုလှုံသွားသော မဟာအကြီးအကဲရှားယွင်ယန်ဖြစ်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်သည် အကူအညီတောင်းခံနေသည်လား။

မည်သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်အား သတ်ဖြတ်လိုသနည်း။

ရှားယွင်ယန်၏အသံမဆုံးသေးခင်တွင်ပ်င မိုးခြိမ်းသံအလား စကားပြောသံတစ်ခုကို ကြားရပြန်၏။

“ကျုပ် ယန်တင်းရှန် ဒီနေ့ လူတစ်ယောက်ကို သတ်မယ်။ ဘယ်သူက သူ့ကို ကယ်တင်ရဲမလဲ ကြည့်ရအောင်”

ယန်တင်းရှန်။

အနောက်ဘက်နယ်စပ်ကုန်းမြေမှ နာမည်ကျော်ဓားသမား၊ အလင်းတောင်ကုန်းဓားဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်ပညာရှင်။

ခေါင်းဆောင်မူက သူ့ခေါင်းထက်မှ အလင်းကွန်ခြာအား သုန်မှုန်သော အမူအရာဖြင့် ကြည့်သည်။

မူမိသားစု၏မူရှန်မြို့သည် အာခီမီတော်ဝင်မြို့ဖြစ်သည်။ နှစ်တစ်ရာအတွင်း မည်သူမှ မူရှန်မြို့၌ သတ်ဖြတ်ခံရခြင်း မရှိခဲ့ပါ။

သို့သော်လည်း ယခုတွင် တစ်စုံတစ်ယောက်က မူရှန်မြို့၏စည်းကမ်းကို အလေးအနက်ထားခြင်း မရှိချေ။

မူရှန်မြို့၏အာခီမီတော်ဝင်ဂုဏ်သတင်းသည် ယခုရောက်လာသူအား ဖိနှိပ်နိုင်ခြင်း မရှိပါ။

အကြောင်းကား ယခုရောက်လာသူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နာမည်ကျော်ဓားသမား၊ ကောင်းကင်ဘုံတစ်ဝက်အဆင့်ပညာရှင် ဖြစ်သည်။

မူမိသားစုခေါင်းဆောင်က ခေါင်းယမ်းကာ သက်ပြင်းချသည်။ အဆုံးတွင် သူသည် အစီအရင်အား ရုတ်သိမ်းခြင်း မပြုခဲ့ပါ။

ရင်ပြင်မှ အာခီမီပညာရှင်များ၏ မျှော်လင့်ချက်မှာလည်း ပျက်စီးသွားရသည်။

မူမိသားစုခေါင်းဆောင်က စကားလုံးအချို့နှင့် အစီအရင်ပြင်ပမှ တိုက်ပွဲအား အဆုံးသတ်ပေးရန် သူတို့ မျှော်လင့်ခဲ့ကြသည်။ အနည်းဆုံး သူသည် အစီအရင်ကို ရုတ်သိမ်းကာ လိုက်သတ်ခံနေရသူအား ကယ်တင်နိုင်၏။ ထိုနည်းဖြင့် မူရှန်မြို့၏ အာခီမီတော်ဝင်မြေဂုဏ်သတင်းကို ကာကွယ်နိုင်သည်။

သို့သော်လည်း မူမိသားစုခေါင်းဆောင်က ထိုသို့ မလုပ်ခဲ့ပါ။

မည်သို့ဆိုစေ အာခီမီပညာရပ်ကား အာခီမီပညာရပ်သာ ဖြစ်သည်။

ခေါင်းဆောင်တောက်ရင်က ရယ်မော၍ ပြောသည်။

“ဒါဆို ဒါက ဂိုဏ်းချုပ်ယန် လက်စားချေနေတာပဲ။ မူရှန်မြို့က ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ”

သူက ရှေ့ကို လှမ်းတက်လိုက်လျှင် အဆုံးမဲ့သော ဓားအလင်းသည် မူရှန်မြို့တစ်ခုလုံးအား ဖုံးအုပ်သွား၏။

“စိတ်မပူပါနဲ့… ကျုပ် တောက်ရင် ဒီနေ့ ဒီမှာ ရှိနေမှတော့ မူရှန်မြို့ထဲက ဘာမှ မထိခိုက်စေရဘူး”

ကြီးမားသော ဖိအားသည် ကမ္ဘာမြေအဆင့်အောက်မှ မည်သူမဆို ခေါင်းမော့ကြည့်ရန် ခက်ခဲ၏။

ဤသည်ကား အနောက်ဘက်နယ်စပ်ကုန်းမြေမှ စတုတ္ထမြောက် အင်အားအကြီးဆုံးဂိုဏ်း ဖြစ်သည်။

ဤသည်ကား ကောင်းကင်ဘုံတစ်ဝက်အဆင့် ဓားသမားဖြစ်သည်။

လူတစ်ယောက်နှင့် ဓားတစ်လက် မြို့တစ်မြို့လုံးအား ဖိနှိပ်သည်။

လူတစ်ယောက်နှင့် ဓားတစ်လက် မြို့တစ်မြို့အား ကာကွယ်၏။

All Chapters