မိုဝူကျီ၏ နည်းလမ်းများ
Vol. 27 Ch. 374
“ သူက အဲလို ရက်စက်တဲ့သူ ဖြစ်နေမှတော့ ကြယ်တာရာ ဘုရင်တောင်က သူ့ကို ပိုပြီး နှိမ်နင်းသင့်တာပေါ့ .... ” ယန်ကျဲက ချက်ချင်းကောက် ပြောလိုက်သည်။
ယန်ကျဲသာလျှင် မဟုတ်ချေ။ အခြားလူများကလည်း ကျိုးပျက်ဂိုဏ်ကို ဖယ်ရှားပြီး ကျူးချူကို သုတ်သင် ပစ်ချင်နေကြသည်။
ကျူးချူက ပြန်လည် ဝင်စားခြင်း တာအိုဂိုဏ်းက ဖြစ်နေတော့လဲ ဘာအရေးလဲ ... သူက ကြယ်တာရာ ဘုရင်တောင်ကို ရန်စရဲမှတော့ သတ်ပစ် သင့်လေ၏။
ချီဟော်အာက ခေါင်းခါကာ ရေရွတ်လိုက်သည် “ သတ်ဖြတ်ရေး ဂိုဏ်းက နဂိုတုန်းက လူတိုင်းသွားပြီးတော့ တာဝန်လက်ခံလို့ ရတဲ့ နေရာမျိုးလေ။ ကျူးချူက အဲဒီဂိုဏ်းကို ဝင်ပြီးတော့ တစ်နှစ်အတွင်းမှာ အဲဒီဂိုဏ်းကို ထိန်းချုပ်နိုင်ခဲ့တယ်။ သူ သုံးလိုက်တဲ့ နည်းလမ်းကိုတော့ မသိကြပေမဲ့ အားလုံးကို နည်းနည်း ပြောပြမယ် ...”
ချီဟော်အာက ခဏ ရပ်တန့်လိုက်ပြီး လူအုပ်ကြီး၏ အာရုံစိုက်မှု သူ့ဆီ ရောက်လာတာကို စောင့်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည် “ အဲဒီနှစ်တုန်းက ကျန်းမိုနယ်မြေရဲ့ သဲဝါအိုကြီးတောင် သူသတ်တာ ခံလိုက်ရတာ .... ”
ချီဟော်အာဆီမှ စကားလုံးများက တည်ငြိမ်နေသည့် ရေပြင်ထဲ ဗုံးကျလာသည့် အလား ဖြစ်ကာ ကောင်းကင်တစ်ခွင် ဆူညံသွားလေသည်။
ဤနေရာတွင် သဲဝါအိုကြီးကို မသိကြသည့် တချို့ ရှိကြသော်လည်း သူ့တွင် တခြားနာမည် တစ်ခု ရှိနေသေးသည်။ နောက်ထပ် နာမည်ပြောင် တစ်ခုမှာ ကြောင်တောင်တောင် သဲဝါအိုကြီးဟူ၍ ဖြစ်သည်။ သူက သူ့အမြင်ပေါ် မူတည်၍ လုပ်တတ်သော သူ ဖြစ်ကာ အကျိုးဆက်ကို မစဉ်းစားပေ။ သူ ကြိုက်သရွေ့ လုပ်လေ့ရှိသည်။ သူ့အတွက် အခြားသော အကြောင်းပြချက်များ မလိုအပ်ပေ။
ထို့အပြင် သူ့သဲဝါနည်းစနစ်မှာ လျှို့ဝှက်ပညာရပ်နှင့်ပင် ယှဉ်လို့ ရလေသည်။ ကျန်းရှင်းတွင် သူ့ပြိုင်ဖက်က အနည်းငယ်သာ ရှိသည်။ တစ်ချိန်တည်းတွင် သူက မြေကမ္ဘာ အင်မော်တယ် အဆင့် ဖြစ်နေ၍ ကျင့်ကြံဆင့်မှာ အတော်လေး မြင့်သည်ဟု ဆိုလို့ရသည်။
ကျူးချုက မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူကို သတ်လိုက်တာဆိုတော့ သူလည်း မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေပြီလား ...
“ ထိန်းသိမ်းရေးမှူးချီ ... အဲဒီသတင်းက မှားနေတာများ ဖြစ်နေမလား။ သဲဝါအိုကြီးက လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက သေသွားပြီလေ။ ကျူးချူက သဲဝါအိုကြီးကို သတ်ခဲ့တယ် ဆိုရင် ကျူးချူက အဲဒီကတည်းက မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေမှာပေါ့ ... ” စုရွမ်က နားမလည်စွာ မေးလိုက်သည်။
ချီဟော်အာက သက်ပြင်းချကာ
“ ကျုပ်လည်း အဲဒီ သတင်းမှားပါစေလို့ ဆုတောင်းတယ်၊ ကျူးချူက အဲဒီ ကတည်းက မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်နေ ပါစေလို့တောင် ဆုတောင်းခဲ့တာ ... တကယ်တမ်းကျ အဲဒါက ဖုံးကွယ်မရတဲ့ အမှန်တရားပဲ။ ကျူးချူ သဲဝါအိုကြီးကို သတ်လိုက်တုန်းက လောက အင်မော်တယ် အလယ်အလတ် အဆင့်ပဲ ရှိသေးတာ .... ”
အားလုံးက လေအေးများ မှုတ်ထုတ် လိုက်ကြသည်။ သူတို့က ချီဟော်အာက ပြောလိုသည့် အဓိပ္ပာယ်ကို နားလည်ကြသည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က ကျူးချူသည် မြေကမ္ဘာ အင်မော်တယ် အဆင့် ရှိနေသည့် သဲဝါအိုကြီးကို သတ်လိုက်သည်က အမှန်တကယ် ကြောက်ဖို့ ကောင်းသော်လည်း သူတို့ထိန်းချုပ် နိုင်စွမ်းအတွင်း ရှိနေသေး၏။ အဆင့်တူထဲမှ လူတစ်ယောက်ကို သတ်နိုင်သည်က ထိုမျှ အံ့ဩစရာတော့ မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က ကျူးချူမှာ လောက အင်မော်တယ် အလယ်အလတ် အဆင့်မျှသာ ရှိသေးကာ မြေကမ္ဘာ အင်မော်တယ် အဆင့် သဲဝါအိုကြီးကို သတ်နိုင်ခဲ့သည်။ နှစ် ၁၀၀ ကြာလှပြီ ဖြစ်၍ ကျူးချူ ကျင့်ကြံဆင့်မှာ ပို၍ မြင့်မလာ ပေဘူးလား။ အကယ်၍ ကျူးချူက မြေကမ္ဘာ အင်မော်တယ် အဆင့် ရောက်နေပြီး အဆင့်ကျော်လွန်ပြီး သတ်နိုင်စွမ်း ရှိနေလျှင် ကျန်းရှင်းထဲမှာ မည်သူက သူ့ပြိုင်ဖက် ဖြစ်မည်နည်း။ သူတို့က ဟင်းလင်းပြင် ချိုးဖောက်၍ ကျူးချူနှင့် ရင်ဆိုင်နိုင်မည့်သူကို သွားမရှာနိုင်သရွေ့ ဖြစ်လာမည် မဟုတ်ချေ။
ချီဟော်အာက တည်တည်ကြည်ကြည် ပြောလိုက်သည်
“ ကျူးချူ သဲဝါအိုကြီးကို သတ်တာကို ကြယ်တာရာ သခင်ချီထုံ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ .... အဲဒါကြောင့် သူ့မှာ အင်မော်တယ် အဆင့် ရတနာ ရှိနေတာကို သိလိုက်ရတာ။ ကြယ်တာရာ သခင်ချီထုံက မြေကမ္ဘာအင်မော်တယ် အဆင့် ရောက်သွားတော့ ကျူးချူကို သွားရှာခဲ့တယ်။ အဲဒီတွေ့ဆုံမှုမှာ ကြယ်တာရာ သခင်ချီထုံ အသက်က ကျူးချူလက်ထဲ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ရတယ် .... ”
ကျူးချူရဲ့ စွမ်းအားကို ဘယ်သူသိမှာလဲ ....
ကြယ်တာရာဘုရင်တောင်အတွင်း အင်အားစု အမျိုးမျိုး ရှိသော်လည်း ချီထုံက ကြယ်တာရာဘုရင်တောင်တွင် ကျင့်ကြံဆင့် အမြင့်ဆုံး ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။
ချီဟော်အာက အားလုံးကို ကျူးချူနှင့် ရင်ဆိုင်ခွင့် မပေးသည့် အကြောင်းအရင်းနှင့် ချီထုံမှာ ကျိုးပျက်ဂိုဏ်းကို ဆက်လက် တည်ရှိခွင့် ပေးထားသည့် အကြောင်းအရင်းကို နားလည် သွားကြသည်။ ထို့ကြောင့် ကျိုးပျက်ဂိုဏ်းက အရမ်း မောက်မာနေခြင်း ဖြစ်ပေလိမ့်မည်။
သူတို့က ကြယ်တာရာသခင်ချီထုံ စိတ်အတွင်းမှ ထိုဆုံးဖြတ်ချက် ချဖို့ရာ ကူကယ်ရာမဲ့မှုနှင့် ခက်ခဲမှုများကို စာနာ လာကြသည်။ သူက ကျိုးပျက်ဂိုဏ်းကို မဖယ်ရှားပစ်လို၍ မဟုတ်ဘဲ သူ့တွင် စွမ်းရည် လုံလုံလောက်လောက် မရှိ၍ ဖြစ်သည်။
“ တကယ်တမ်းကျ ကြယ်တာရာ သခင်ချီထုံက ကျိုးပျက်ဂိုဏ်းနဲ့ အာကာသ ဝံပုလွေ ဘုရင်ကြီးကြား အမြဲဗျာများနေရတာ။ သူ့အားထုတ်မှုအားလုံး အရာမထင် တာတော့ ကံဆိုးရှာတယ် ..
ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူက ရက်စက်ပြီးတော့ ခံစားချက် ကင်းမဲ့တာတင် မကသေးဘူး။ သူက ဉာဏ်လည်း များသေးတယ်။ သူ့မျက်လုံးထဲမှာ လုပ်သင့်တာ။ မလုပ်သင့်တာဆိုပြီး မရှိဘူး။ လိုအပ်တာနဲ့ မလိုအပ်ဘူး ဆိုတာပဲ ရှိတယ်။ ကြယ်တာရာ သခင်ချီထုံက သူ့ရည်မှန်းချက် မပြည့်နိုင်မှန်း သိသွားတော့ သူတစ်ယောက်တည်း ကျူးချုကို ရင်ဆိုင်ဖို့ မဖြစ်နိုင်မှန်း သိလာတယ်။ အဲဒါကြောင့် သူက နောက်မျိုးဆက် ကြယ်တာရာ သခင်ကို ရှာဖို့ လုပ်ခဲ့တာ .... ”
ချီဟော်အာက ထိုမျှ ရှင်းပြပြီးနောက် လူအုပ်ကြီးက နားလည် သဘောပေါက် သွားကြသည်။ ချီထုံကို အသက်ကြီးရင့် နေသည်ဟု ယူဆ၍ မရချေ။ သူက အရွယ်ကောင်းရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူက နောက်ကြယ်တာရာ သခင် ရှာမည့်အကြောင်းကို အမြဲ ပြောလေ့ရှိသည်။ ချီထုံက ကျန်းရှင်းမှ ပါရမီရှင်တိုင်း အတွက် နှမြောတွန့်တိုခြင်း မရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
လိန်ဟုန်ကျီမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည်က ကံဆိုးလှပေသည်။ သူက အကျိုးမြတ် တချို့ ရရှိပြီးနောက်တွင် ချီထုံကို ဂရုမစိုက်တော့ချေ။ ချီထုံ မသေဆုံးခင် သူက မိုဝူကျီကို ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့သည်။ ထိုသည်က မိုဝူကျီ၏ ထူးချွန် ပြောင်မြောက် လှသည့် အရည်အချင်း များကြောင့်သာလျှင် မဟုတ်ဘဲ သူက မိုဝူကျီသည် ကြယ်တာရာဘုရင်တောင်ကို ဦးဆောင်၍ ကျူးချူကို ထိန်းချုပ်ကာ ကျန်းရှင်းကို ထူးခြား လာစေလိမ့်မည်ဟု မျှော်လင့် ထားသောကြောင့် ဖြစ်သည်။
“ အဲဒါဆိုရင် ကျုပ်တို့က ကျိုးပျက်ဂိုဏ်းကို သူတို့ လုပ်စေချင်တဲ့ အတိုင်း လုပ်ခွင့် ပေးကြတော့မှာလား ” ကာကွယ်သူ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်။
ချီဟော်အာက လက်ရှိတွင် မိုဝူကျီ ရှိမနေသောကြောင့် တာဝန်ရှိသူမှာ စုရွမ် ဖြစ်ကြောင်း သိ၏။ သူက စုရွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ ကျုပ်တို့တွေ အဲဒီဝရမ်းကိစ္စကို ခဏဘေးဖယ် ထားရအောင်။ ခန်းမသခင်စု ... ကျုပ်တို့ လုပ်ရမဲ့ အရေးကြီးဆုံး ကိစ္စက ကြယ်တာရာ သခင်ကို ရှာဖို့ပဲ။ ကြယ်တာရာ သခင်မိုက ငယ်ရွယ်ပေမဲ့ အတွေ့အကြုံများတဲ့ လူတစ်ယောက်လိုမျိုး ဉာဏ်ရှိရှိ လုပ်နိုင်တယ်။ ကျုပ်တို့တွေ ကြယ်တာရာ သခင်မိုကို ရှာတွေ့ပြီးမှ သူ့ညွှန်ကြားချက် အတိုင်း လိုက်လုပ်ကြတာပေါ့ ... ”
စုရွမ်က ချီဟော်အာ စကားများကို အပြည့်အဝ သဘောတူလေသည်။ သူမ ကိုယ်တိုင်လည်း မိုဝူကျီ၏ အတွေ့အကြုံများမှုကို မျက်မြင် တွေ့ဖူး၏။ အထီးကျန်ကြိုးနီနှင့် ကျန်လူများ၏ စကားများမှ မိုဝူကျီ၏ နည်းလမ်းများကို ပိုနားလည်လာမိသည်။
မိုဝူကျီ၏ လောကခန်းမကို ပြန်သိမ်းယူ လာနိုင်ပုံမှစ၍ ရှားတန်တောက်ကို သတ်ပြီး ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့ကို အပြတ်ရှင်းထုတ်သည့် အထိ ခြေလှမ်း တစ်လှမ်းချင်းစီမှာ သေချာဂရုတစိုက် စီစဉ်ထားပြီး အမှားအယွင်း မရှိချေ။
မိုဝူကျီကို ကျိုးပျက် ဂိုဏ်းချုပ် ကျုးချု ကိုယ်တိုင် လိုက်ဖမ်းသည့် အချက်ပင် လေးစားဖွယ် ကောင်းနေပြီ မဟုတ်ပါလော။
သူတို့က ကျူးချူ၏ အံ့သြဖွယ် စွမ်းဆောင်ရပ်များကို ကြားသိရသည့် အခါ မိုဝူကျီကို မလေးစားသည့်သူ ရှိဦးမည်လား။ ဤနေရာတွင် ကျူးချူ အလိုက်ခံရလျှင် သူတို့ ဘေးကင်း လိမ့်မည်ဟု အာမခံရဲသည့်သူ မရှိချေ။
မိုဝူကျီက ဘေးကင်းကင်း လွတ်မြောက် သွားသည်မှာ သိသာလှသည်။ မဟုတ်လျှင် ကျိုးပျက်ဂိုဏ်းမှ အလိုရှိ ဝရမ်းထုတ်မည် မဟုတ်ပေ။
" ဟုတ်ပြီ ကျမတို့တွေ အရင်ဆုံး ကြယ်တာရာ သခင်မိုကို တွေ့အောင် ရှာကြမယ်။ ကြယ်တာရာ သခင်မို ပြန်ရောက်လာတာနဲ့ သူ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကြမယ် "
စုရွမ်က ထိုကိစ္စကို ပြတ်ပြတ်သားသား ဆုံးဖြတ်ခိုက်သည်။
မည်သူကမှ စုရွမ် ဆုံးဖြတ်ချက်ကို မဆန့်ကျင်ကြပေ။ ကျူးချူမှာ ကြောက်စရာ ကောင်းလောက်အောင် အားကောင်း နေသောကြောင့် ကြယ်တာရာသခင် မပါရှိဘဲ မည်သူမျှ ဆုံးဖြတ်ချက် မချရဲကြပေ။ ဤနေရာတွင် အားလုံးက လောက အင်မော်တယ် အဆင့် ဖြစ်ကြသော်လည်း လောက အင်မော်တယ် များက ထိုသို့ အားကောင်း နေသည်တော့ မဟုတ်ချေ။
လွန်ခဲ့သည့် နှစ်တရာခန့် ကျူးချူက မြေကမ္ဘာ အင်မော်တယ်ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ လောက အင်မော်တယ် အဆင့်လေးက သူ့ရှေ့တွင် မည်သို့ ညွှန်းဆိုဖို့ ထိုက်တန်မည်နည်း။
နွန်ရှုယီက မိုဝူကျီကို မျက်တောင်မခတ် ငေးကြည့် နေမိသည်။ မိုဝူကျီက သူမ ဝိညာဉ်ကြောများ စမ်းသပ်ပြီး သူမ ကျင့်စဥ်အကြောင်း နားထောင်ပြီးနောက် သူက တငေးတမော ထိုင်နေကာ သူမကျင့်စဉ် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို အလေးအနက် တွေးတော နေသည်။
သူမက မိုဝူကျီကို ပြောပြချင်သည့် အကြောင်းအရာများ ရှိသော်လည်း သူ့အတွေး နှောင့်ယှက် မိသွားမည်ကို စိုးရိမ်နေမိ၏။ ကျင့်ကြံသူ တစ်ယောက် အနေနှင့် လူတစ်ယောက်က အတွေးထဲ နစ်မျှောနေစဉ် ရုတ်တရက် နှောင့်ယှက်မိလျှင် ဝိညာဉ်ကို အလွန်အမင်း ထိခိုက် သွားတတ်ကြောင်း နွန်ရှုယီက သိထားသည်။
မိုဝူကျီ၏ လက်ရှိသွင်ပြင်မှာ အလေးအနက် အာရုံစိုက် ထားသည့်ဟန် ပေါ်နေသည်။
နွန်ရှုယီက သက်ပြင်း ချလိုက်ပြီး မိုဝူကျီက သူမကို ကူညီ နိုင်လိမ့်မည်ဟု တွေးမထားပေ။ မိုဝူကျီကို ဆိုမထားနှင့် ကျန်းရှင်း၏ အားအကောင်းဆုံး ကျင့်ကြံသူ ရောက်လာလျှင်ပင် သူက ကျိုးပျက်ဂိုဏ်း ကျင့်စဉ် ဖန်တီးသူ မဟုတ်သရွေ့ ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ကျင့်စဉ် တစ်ခုကို မွမ်းမံခြင်းမှာ ကျင့်ကြံဆင့် တစ်ခုတည်း မြင့်နေရုံဖြင့် မရချေ။ သဘာဝနှင့် များစွာသော အချက်များ ပါဝင် နေသောကြောင့် ကျင့်စဉ်၏ နဂိုမူလနှင့် အခြေခံ သဘော တရားများကို နက်နက်ရှိုင်းရှိုင်း နားလည်နေရမည်။
နောက်ထပ်နှစ်ရက် ကုန်ဆုံး သွားပြီးနောက် နွန်ရှုယီက မိုဝူကျီသည် ထိုပြဿနာ အဖြေ ရှာတွေ့မည်၊ မတွေ့မည်ကို မစိုးရိမ်တော့ဘဲ ကျိုးပျက်ဂိုဏ်း ကျူးချူက သူတို့ကို ရှာတွေ့သွားမည်ကို စိုးရိမ်မိလာသည်။
ထိုစဉ် နွန်ရှုယီက သူမဝိညာဉ် လမ်းကြောင်းမှ သဘာဝ စွမ်းအားများ ဖောက်ပြန် လာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် အပူချိန်လည်း မတည်မငြိမ် ဖြစ်လာပြီး သဘာဝ စွမ်းအား များမှာလည်း ပိုပို များလာကာ မီးတောက်နေသည့် အလား ခံစားနေရသည်။
ဝိညာဉ် လမ်းကြောင်းများ လောင်ကျွမ်း လာသည်နှင့် နာကျင်မှုမှာ စိတ်ခိုင်မာမှု အင်အား တစ်ခုတည်းဖြင့် တောင့်ခံနိုင်သည့် အရာ မဟုတ်ချေ။
နွန်ရှုယီ၏ တစ်ကိုယ်လုံးမှာ တုန်ယင်လာပြီး မျက်နှာမှာလည်း နီရဲလာလေ၏။ သူမက နောက်ဆုံး ကန့်သတ်ချက် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ ဝိညာဉ် လမ်းကြောင်း ပုံစံဆေးလုံး မရှိဘဲ သူမ ကျင့်ကြံဆင့်မှာ လောင်မြိုက် လာလိမ့်မည်။ ရပ်တန့်ဖို့ရာ နည်းလမ်းမရှိချေ။ သူမက အရင်တစ်ခါ ကြုံတွေ့ဖူး၏။
ထိုစဉ်က ဝမ်အာသည် တာဝန်ဖြင့် ထွက်သွားပြီး အချိန်မီ ပြန်ရောက် မလာနိုင်ပေ။ သူမတွင် အမှတ်များ မရှိသဖြင့် ဝိညာဉ် လမ်းကြောင်း ပုံစံ ဆေးလုံးကို မလဲနိုင်ခဲ့ချေ။
ဤတစ်ကြိမ်တွင် ဝမ်အာလည်း မရှိတော့သလို သူမတွင်လည်း ဆေးလုံး မကျန်ရှိတော့ပေ။ သူမ၏ ဝိညာဉ် လမ်းကြောင်းများ လောင်ကျွမ်းခြင်းကို ကူကယ်ရာမဲ့စွာ ခံစားနေရုံမှ အပ တခြားနည်းလမ်း မရှိချေ။
သူမက မိုဝူကျီကို နှုတ်ဆက်စကား ဆိုချင်သော်လည်း မိုဝူကျီ၏ အလေးအနက် နစ်မြောနေသည့်ပုံ မြင်သည့်အခါ တောင့်ခံထားလိုက်သည်။ သူမက သေတော့မည် ဖြစ်ရာ နှုတ်ဆက်စကား မလိုတော့လောက်ပေ။
မိုဝူကျီက ရုတ်တရက် မျက်လုံး ပွင့်လာပြီး ထိုအပူလှိုင်းကြောင့် တုန်လှုပ်သွားဟန် ရှိသည်။ ချက်ချင်းဆိုသလို နွန်ရှုယီ တောက်လောင် နေသည်ကို မြင်လိုက်ရလေ၏။ နွန်ရှုယီ မျက်နှာမှာ နီရဲနေပြီး ဆံပင်များမှာလည်း မီးကျွမ်း ထားသေးသည်။
မိုဝူကျီက နွန်ရှုယီကို ထိုသို့ဖြစ်ရပ်မျိုး ကြုံတွေ့ဖူးကြောင်း မမေးဘဲ နားလည်လိုက်သည်။ သူက နွန်ရှုယီလက်ကို ဆွဲကာ အလေးအနက် ပြောလိုက်သည်
“ မင်း စိုးရိမ်ဖို့ မလိုတော့ဘူး။ မင်းရဲ့ ဝိညာဉ်စွမ်းအားတွေကို ကျုပ်ပြောတဲ့ အတိုင်း လှည့်ပတ်လိုက် ... ကျုပ် ပြောတဲ့ အတိုင်း လုပ်ဖို့ မမေ့နဲ့ ... ”
နွန်ရှုယီက စကားပင် မပြောနိုင်တော့သောကြောင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ သူမက မိုဝူကျီ၏ ဝိညာဉ်စွမ်းအား သူမ ဝိညာဉ်လမ်းကြောင်းထဲ ဝင်ရောက် လာသည်ကို ခံစား မိလိုက်သည်။ သူမက မိုဝူကျီ၏ ဝိညာဉ် စွမ်းအား ပြသည့် လမ်းကြောင်း အတိုင်း ဝိညာဉ်စွမ်းအား လှည့်ပတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူမက မိုဝူကျီ ပြသသည့် လမ်းကြောင်းကို မှတ်သား ထားလိုက်သည်။
အပြည့်အဝ လှည့်ပတ်ခြင်း ပြီးဆုံးသွားသည်နှင့် နွန်ရှုယီက မိုဝူကျီကို ထိတ်လန့်တကြား ကြည့်လိုက်သည် “ ဒါက ပြောင်းပြန် လှည့်ပတ်ခြင်း လမ်းကြောင်းမလား ..”
မိုဝူကျီ မျက်နှာမှာ အနီရောင် သန်းသွားလေ၏။ သူက ဤကျင့်စဉ် တစ်မျိုးတည်းကိုသာ သိ၏။ သူ့ကိုယ်ပိုင် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ပြောင်းပြန် လှည့်ပတ်လိုက်ပြီး ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခု သူက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ပြောင်းပြန် လှည့်ပတ်စေနိုင်ဖို့ အတွက် မွမ်းမံ ပေးလိုက်ခြင်း ဖြစ်သည်။
နွန်ရှုယီက မိုဝူကျီ၏ ရှက်ရွံ့နေသည့် အမူအရာကို သတိမထားမိဘဲ အပျော်တကြီး ပြောလိုက်သည်
“ ပြောင်းပြန် လမ်းစဉ် တစ်ပတ် ပြီးသွားတော့ ကျမ ခန္ဓာကိုယ်ထဲက အပူက အားနည်းသွားပြီ ... ”
မိုဝူကျီက သက်ပြင်းချလိုက်မိတော့သည်။ ထို့နောက် ယုံကြည်ချက် ရှိရှိဖြင့်
“ မင်း စိုးရိမ်ဖို့ မလိုဘူး။ မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဉ် လမ်းကြောင်း ၉၅ ခုရှိတာ ဆိုတော့ မင်းရဲ့ ဝိညာဉ် လမ်းကြောင်း လှည့်ပတ်နိုင်ဖို့ ထိန်းပေးလိုက်ရုံပဲ ... အဲလိုဆိုရင် မင်း လောင်ကျွမ်း နေတာကလည်း လွတ်မြောက် သွားလိမ့်မယ် ... ”
နွန်ရှုယီ မျှော်လင့်ချက်က မြင့်တက် သွားလေသည်။ တစ်ချိန်တည်းတွင် သူမ စိတ်အတွင်း၌ အသက်ရှင်လိုသည့် ပြင်းပြသည့် ဆန္ဒ ဖြစ်ပေါ်လာ၏။ ဝိညာဉ်လမ်းကြောင်း တစ်ခုချင်းစီကို ပြောင်းပြန် လှည့်ပတ်ပြီးနောက် သူမက လှည့်ပတ်ခြင်း လမ်းကြောင်းကို မှတ်မိသွားသည်။ သူမ၏ တောက်လောင် နေသည့် ခံစားချက်မှာလည်း လုံးဝ ပျောက်ကွယ် သွားတော့သည်။
သို့သော်လည်း နွန်ရှုယီက ဝမ်းနည်းတပမ်း ဖြစ်လာလေသည်။
ဝမ်အာသာ အသက်ရှင် နေသေးရင် ဘယ်လောက် ကောင်းလိုက်မလဲ ... သူမသာ ကျိုးပျက်ဂိုဏ်း ကျင့်စဉ်အတွက် ဖြေနည်းရှိတယ် ဆိုတာ သိရင် အရမ်းပျော်မိမှာ အသေအချာပဲ ....
***