မောက်မာလှသည့် ကျိုးပျက်ဂိုဏ်း
Vol. 28 Ch. 375
မိုဝူကျီနှင့် နွန်ရှုယီတို့ ရှိနေသည့်နေရာနှင့် မီတာအတော်အကွာတွင် မျက်နှာသေကြီးနှင့် ကျူးချူ ရှိနေလေသည်။ သူ့ရှေ့တွင် အစီအရင် တစ်ခု ရှိနေပြီး ထိုအစီအရင်အတွင်း မြူများ သိပ်သည်းနေ၏။ ထိုမြူများက ဖြည်းဖြည်းချင်း လျော့ပါးသွားရုံသာမက လမ်းညွှန်မြား တစ်ချောင်းကဲ့သို့ ပြောင်းသွားသည်။
ကျူးချူက နွန်ရှုယီ ထွက်ပြေးမည့် အကြောင်း မစိုးရိမ်သည့် အကြောင်းအရင်းမှာ သူ လုပ်ချင်သရွေ့ ကျိုးပျက်ဂိုဏ်းမှ မည်သူမျှ သူ့လက်မှ မလွတ်မြောက်နိုင်ပေ။
နွန်ရှုယီ လိုမျိုး ပါးမွှားလေးက သူ့လက်ကနေ လွတ်မြောက်နိုင်မယ်များ ထင်နေတာလား ...
သူမက ကိုယ့်ဘာသာ အထင်ကြီး နေမိခြင်းသာ ဖြစ်လိမ့်မည်။
မိုဝူကျီက ရွှေ့ပြောင်းစွမ်းရည် သိတော့ရော ဘာအရေးလဲ ... သူ့အစီအရင် တပ်ဆင်ဖို့ အချိန်ယူမနေရပါက သူက မိုဝူကျီနောက် နေ့ဝက်လောက် လိုက်ကာ အချိန်ဖြုန်းနေရမည် မဟုတ်ပေ။
သူ့နောက်ယောင်ခံ အစီအရင်မှာ မိုးနှင့်မြေကြားမှ ဝိညာဉ်စွမ်းအားများကို အသုံးပြုသည့်အတွက် သူတို့ကျိုးပျက်ဂိုဏ်း ကျင့်စဉ် ကျင့်ကြံဖူးသော ကျင့်ကြံသူတိုင်းကို ပိတ်ထားနိုင်စွမ်း ရှိသည်။ တစ်ဖက်လူက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ကျင့်ကြံနေသရွေ့ နောက်ယောင်ခံ အစီအရင်မှာ လေထဲမှ ဝိညာဉ်စွမ်းအားများကို အာရုံခံမိလိမ့်မည်။ ထိုနည်းလမ်းဖြင့် နွန်ရှုယီကို ရှာနိုင်လိမ့်မည်။ သူသာ ထိုလူကို မီသွားသည့် အခိုက်အတန့် ထိုလူမှာ သေဖို့ရာ သေချာသွားလေပြီ။
ကျိုးပျက်ဂိုဏ်း၏ ကျင့်စဉ်မှာ အခြားကျင့်စဉ်များနှင့် တူသော်လည်း ကျင့်ကြံသူ တစ်ယောက်က ကျင့်ကြံတိုင်း သူက တမူထူးသည့် အမှတ်အသားကို ချန်ထားခဲ့လေသည်။
ဝိညာဉ်စွမ်းအားများကို ရက်များစွာ စုပ်ယူသွားပြီးနောက် ကျူးချူက နွန်ရှုယီကို အာရုံခံမိလာသည်။ မြူအစီအရင်က လမ်းညွှန်မြားအဖြစ် ပြောင်းလဲလာပြီးနောက် နွန်ရှုယီ၏ တည်နေရာကို ညွှန်ပြထားသည်။ ထို့နောက် သူက မြားဦးတည်ရာအတိုင်း လိုက်၍ နွန်ရှုယီ သေဆုံးသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖို့ရန်သာ ကျန်ရှိတော့သည်။
မိုဝူကျီအတွက်တော့ ကျိုးပျက်ဂိုဏ်းကို လာရန်စမိခြင်းက မည်မျှ ကြောက်စရာ ကောင်းကြောင်း ကိုယ်တိုင် ပြသပေးရမည်။
မြားဦးတည်ရာ ဖြစ်ပေါ်လာခါနီးတွင် ခံစားချက် ကင်းမဲ့နေသည့် ကျူးချူ မျက်နှာကား အမူအရာ ပျက်သွားလေ၏။ မြားတံ ပုံစံ ပေါ်ခါနီး မြူလေးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ ပြန့်ကျဲသွားတော့သည်။
နွန်ရှုယီ သေဆုံးသွားလျှင်ပင် မဖြစ်နိုင်ချေ။ မြားက အချိန်ပိုင်းလေး တစ်ခုအထိ ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေ တစ်ယောက်ယောက်က နွန်ရှုယီ ကျင့်စဉ်ထဲမှ အမှတ်အသားကို ဖယ်ထုတ် သွားနိုင်ခြင်းသာ ဖြစ်ရမည်။
အချိန်တိုလေးအတွင်း ကျူးချူက ထိုအရာမှာ မိုဝူကျီလက်ချက်မှန်း နားလည် သဘောပေါက်လိုက်သည်။ အမှန်ဖြစ်ဖို့ရာ ယုတ္တိမတန်သော်ငြား သူက မိုဝူကျီသည် မည်မျှ ထူးဆန်သည့်သူမှန်း သိနေပြီ ဖြစ်သည်။ ထိုလူက လောကခန်းမကို လက်ဗလာဖြင့် သိမ်းပိုက်လာနိုင်ရုံသာမက ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုကို သူကိုယ်တိုင် ဖယ်ရှား ရှင်းလင်းပစ်နိုင်သေးပြီး ကြယ်တာရာ သခင်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့အပြင် သူက လူသားအဆင့်ဇယားနှင့် မြေကမ္ဘာအဆင့်ဇယားတို့တွင် အဆင့်တစ် ရထားရုံသာမက လောကအဆင့်ဇယားတွင်လည်း အဆင့် ၂ ရထားသေးသည်။ သူ့တွင် အရည်အချင်း မရှိပါက ထိုမျှ အထိ အောင်မြင်လာဖို့ရာ မဖြစ်နိုင်ချေ။
ကျူးချုက ကျန်းရှင်းတွင် မည်သူနေနေသည်ကို ဂရုမစိုက်ပေ။ အကြောင်းမှာ ကျန်းရှင်းမှ အားလုံး သေဆုံးရမည်ဆိုလျှင်ပင် သူက မျက်မှောင်တစ်ချက် ကြုတ်မိမည် မဟုတ်ပေ။ ယခု တစ်ယောက်ယောက်က သူ့အမှတ်အသားကို ဖယ်ရှားပစ်ကာ နောက်ယောင်မခံနိုင်ရန် တားဆီးလိုက်သောကြောင့် သူက ထိုလူကို လုံးဝခွင့်မလွှတ်နိုင်ပေ။ ကျိုးပျက်ဂိုဏ်းသားတိုင်းရှိ အမှတ်အသားတိုင်းကို မိုဝူကျီက ဖယ်ရှားပစ်လျှင် ဘယ်လို ဖြစ်လာမည်နည်း။ ထိုသို့ဆိုလျှင် ကျိုးပျက်ဂိုဏ်း တည်ရှိမှု၏ ရည်ရွယ်ချက် မရှိတော့ချေ။
သူက မိုဝူကျီကို သေချာပေါက် သတ်ပစ်ရမည်။
မိုဝူကျီအတွက် သူသာ မရူးနေသရွေ့ ကျိုးပျက်ဂိုဏ်းသားတိုင်း၏ အမှတ်အသားကို ဖယ်ရှားရန် အချိန်များစွာ ကုန်ခံမည် မဟုတ်ပေ။
***
“ဘုန်း”
မိုဝူကျီက နွန်ရှုယီကို ဝိညာဉ်လမ်းကြောင်း လှည့်ပတ်ရန် ညွှန်ပြပြီးသည့်နောက်တွင် သူ့တစ်ကိုယ်လုံးမှာ ချွေးများ နစ်နေပြီ ဖြစ်၏။ သူ့တွင် သဘာဝစွမ်းအားများ မလုံလောက်၍ မဟုတ်သလို မောပန်း၍လည်း မဟုတ်ဘဲ အရမ်းပင်ပန်းနေလွန်း၍သာ ဖြစ်သည်။
နွန်ရှုယီ၏ ဝိညာဉ်လမ်းကြောင်းများကို စမ်းသပ်၍ သူမကျင့်စဉ်ကို မွမ်းမံပေးလိုက်ရသောကြောင့် ဖြစ်သည်။ အကယ်၍ သူက အမှားအသေးလေး တစ်ခုလုပ်မိသွားပါက နွန်ရှုယီ၏ ဝိညာဉ်လမ်းကြောင်းများမှာ ပျက်စီးသွားနိုင်သလို သူမက သေလောက်နီးပါး ခံစားသွားရနိုင်သည်။
နွန်ရှုယီက ဝိညာဉ်လမ်းကြောင်းများကို မည်သို့ လှည့်ပတ်ရမည်ကို သူမဘာသာ သိသွားသည်ကို မြင်၍ မိုဝူကျီက နောက်ဆုံးတွင် စိတ်အေးသွားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူသည် မိုဝူကျီ အင်မတန် ဂရုစိုက်ရမည့် လူထူးဆန်း ဖြစ်သောကြောင့် အနည်းဆုံးတော့ မိုဝူကျီက ကျူးချူ ပြိုင်ဘက် ဖြစ်ရန် အလှမ်း အရမ်းကွာနေသေးသည်။ သူက ကျင့်ကြံခြင်းကို ဆက်လေ့ကျင့်နိုင်မည့် နေရာအသစ်အတွက် အရင်းအမြစ်များ လိုအပ်နေလေ၏။
နေ့ဝက်အကြာတွင် နွန်ရှုယီ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားလှိုင်းများ တည်ငြိမ်လာပြီးနောက် သူမ မျက်လုံးပြန်ပွင့်လာသည်။ သူမ မျက်လုံးတွင် မယုံကြည်နိုင်မှုများ ရှိနေသော်လည်း ထိုမယုံကြည်မှုအထဲတွင် မိုဝူကျီက ထူးထူးဆန်းဆန်း စိတ်အေးသွားမှုပါ မြင်တွေ့လိုက်ရသည်။
“ဘယ်လိုလဲ ... တစ်ခုမှ မမှားဘူးမလား” မိုဝူကျီက မေးလိုက်သည်။
နွန်ရှုယီက ခေါင်းခါပြကာ
“တစ်ခုမှ မမှားပါဘူး။ ကျမ ကျင့်ကြံဆင့်တော့ လောကအင်မော်တယ်အဆင့် ၃ ကနေ အဆင့် ၁ ကို ကျသွားတယ်”
“အာ ...” မိုဝူကျီက သူမကျင့်စဉ်ကို မွမ်းမံပြီးနောက်တွင် အဆင့်ကျသွားလိမ့်မည်ဟု ထင်မထားသဖြင့် နေရခက်သွားလေသည်။
သို့သော်လည်း နွန်ရှုယီက မိုဝူကျီကို ကျေးဇူးတကြီး ကြည့်ကာ
“ဒါပေမဲ့ ကျမ အရင်ကထက် ပိုအားကောင်းလာတယ်။ ရှင်က စစ်မှန်ခြင်း နတ်ဘုရားအဆင့်လေးနဲ့ ကျမကို ဘယ်လို အနိုင်ယူသွားနိုင်တယ်ဆိုတာ နောက်ဆုံးတော့ နားလည်လာခဲ့တယ် … ဒီ ဝိညာဉ် စွမ်းအားလှည့်ပတ်ခြင်း ကျင့်စဉ်က ...”
နွန်ရှုယီက မိုဝူကျီ၏ မွမ်းမံထားသည့် ကျင့်စဉ်ကို ဖော်ပြဖို့ရန် သင့်တော်သည့် စကားလုံး ကောင်းကောင်း ရှာမတွေ့ပေ။ ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းက ဝိညာဉ်စွမ်းအားများကို ဖိနှိပ်လိုက်သလို ဖြစ်သွားသောကြောင့် ကျင့်ကြံဆင့် ကျသွားသော်လည်း အင်အားကိုတော့ အဆက်မပြတ် တိုးလာစေသည်။ ပြောရလျှင် သူမ၏ နောင်အလားအလာမှာ ပို၍ မြင့်တက်လာပြီ ဖြစ်သည်။
မိုဝူကျီက ထိုအရာကို ကြားတော့မှ သက်ပြင်းချ နိုင်တော့သည်။
“ဝမ်အာ မရှိတော့တာ နှမြောစရာပဲ မဟုတ်ရင် ...” နွန်ရှုယီက နွန်ရှုဝမ်၏ သတ်သေမှုကို တွေးမိသည့်အခါ စိတ်နှလုံး မသာမယာ ဖြစ်လာမိသည်။
“တာအိုရောင်းရင်းနွန် ... ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ကျင့်စဉ်ဆိုတော့ မပေါက်ကြားဖို့တော့ မျှော်လင့်ပါတယ် ...” မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။
နွန်ရှုယီအတွက် သူ မွမ်းမံထားသည့် ကျင့်စဉ်မှာ သူ့ကိုယ်ပိုင်နှင့် တစ်ထပ်တည်း မတူညီသော်လည်း ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း သဘောတရားမှာတော့ တူညီလေ၏။
နွန်ရှုယီက ခေါင်းညိတ်ပြကာ “ကျမ တခြားသူတွေကို မပြောပါဘူး။ ကျမမှာ ပြန်ပြောစရာလူလည်း မရှိပါဘူး။ ရှင်က ကြယ်တာရာ ဘုရင်တောင်က ကြယ်တာရာသခင် ဆိုတော့ ကျမရော ကြယ်တာရာ ဘုရင်တောင်ကို ဝင်လို့ ရမလား ...”
မိုဝူကျီက မပြောခင် အနည်းငယ် တွေဝေမိသွားသည်။
“ကျုပ်က ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင် ဖြစ်လာဖို့ စိတ်မဝင်စားဘူး။ ပြီးတော့ ကျုပ်က ဂိုဏ်းချုပ် တစ်ယောက်လေ။ တကယ်လို့ မင်းက ကျုပ်ဂိုဏ်းကို ဝင်ဖို့ စိတ်ဝင်စားတယ် ဆိုရင်တော့ ဝင်လို့ ရပါတယ်။ ကျုပ်က မင်းရဲ့ ကျင့်စဉ်ကို မွမ်းမံပြင်ဆင် ထားပေမဲ့လည်း မင်းက ကောင်းကင်နယ်ပယ်အဆင့် သုံးဆင့်အတွင်းပဲ ကျင့်ကြံလို့ရမှာ ...
မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်သွားတာနဲ့ မင်း ဆက်ကျင့်ကြံ နိုင်ပါ့မလားတော့ စိုးရိမ်မိသား ... ကျုပ်ကလည်း ကျုပ်ကျင့်ကြံဆင့် ကန့်သတ်ချက်နဲ့ဆိုတော့ မင်းအတွက် တခြားကျင့်စဉ် တစ်ခု မရှိဘူး ...”
မိုဝူကျီက ရှင်းရှင်းလင်းလင်း ဆိုလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူ့ဂိုဏ်းသို့ ဝင်၍ တပည့်ဖြစ်လာပါက ဂိုဏ်းချုပ်အနေနှင့် သူ့တပည့် ကျင့်စဉ်ကို ဂရုစိုက်ပေးရမည် ဖြစ်သည်။
“ဘယ်ဂိုဏ်းလဲ” နွန်ရှုယီက မိုဝူကျီ ဇစ်မြစ်ကို အနည်းငယ် သိသော်လည်း သူဦးဆောင်နေသည့် ဂိုဏ်းကိုတော့ မကြားသိဖူးပေ။ မြေကမ္ဘာ အင်မော်တယ်အဆင့် နောက်ပိုင်း ကျင့်စဉ်အတွက် သူမက စိတ်ထဲ လုံးဝမထားပေ။
ကျန်းရှင်းတွင် မြေကမ္ဘာ အင်မော်တယ်အဆင့်ကို ကျော်လွန်နိုင်မည့်သူ ဘယ်လောက်များများ ရှိလို့လဲ ...
“တျန်းဂျီဂိုဏ်း” မိုဝူကျီက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။
နွန်ရှုယီက အတော်ကြာသည့်အထိ တွေးတောနေသော်လည်း တျန်းဂျီဂိုဏ်းကို ကြားဖူးသည့်အကြောင်း လုံးဝမသိပေ။ သို့သော်လည်း သူမက ဂိုဏ်းကို စိတ်ထဲမထားချေ။ အကြောင်းမှာ သူမတွင် သွားစရာနေရာဟူ၍ မရှိတော့ချေ။ မိုဝူကျီက သူမကို ကြယ်တာရာ ဘုရင်တောင် ဝင်ခွင့်မပေးလျှင် ကျန်းရှင်းမှ ထွက်သွားပြီး ကြယ်တာရာ တိုက်ပွဲဆီ သွားရန် ရည်ရွယ်ထား၏။
မိုဝူကျီက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်၏ ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်ကို ဖယ်ရှားနိုင်လိုက်သော်လည်း သူမ ကျန်းရှင်းတွင် ရှိနေသရွေ့ ကျိုးပျက်ဂိုဏ်း မျက်စိအောက်မှ ပုန်းကွယ် နေနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
“နွန်ရှုယီက တျန်းဂျီဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိပါတယ်။ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ...”
နွန်ရှုယီက ဆုံးဖြတ်ချက် ချပြီးနောက်တွင် တွေဝေမနေဘဲ မိုဝူကျီကို လေးလေးစားစား ဂါရဝပြုလိုက်သည်။ မိုဝူကျီက နွန်ရှုယီဆီ စူးရှအလင်းကြေးမုံကို ပြန်ပေးလိုက်ပြီး “တျန်းဂျီဂိုဏ်းက ပျောက်ဆုံးနယ်မြေမှာ ရှိတာ ... ကျုပ်တို့တွေ ပျောက်ဆုံးနယ်မြေ မသွားခင် ကျုပ်နောက်ကို အရင်လိုက်ခဲ့ …”
“အခု ကျမတို့က ဘယ်သွားမှာလဲ။ ဒီနေရာမှာ ကြာကြာနေရင် ကျူးချူက ရှာတွေ့သွားမလားဆိုပြီး စိုးရိမ်မိတယ်” နွန်ရှုယီက စိုးရိမ်ပူပင်စွာ ပြောလိုက်သည်။ သူမက ကျိုးပျက်ဂိုဏ်းအကြောင်း များစွာ ကြားဖူးသော်လည်း ကျိုးပျက်ဂိုဏ်း လက်အောက်မှ ဘေးကင်းကင်း လွတ်မြောက်သွားသည့်သူ ရှိသည့် အကြောင်းတော့ မကြားဖူးပေ။
မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး
“သူက ကျုပ်တို့ကို ဒီနေရာအထိ လာမဖမ်းနိုင်မှတော့ သူက ကျိုးပျက်ဂိုဏ်းချုပ် ဖြစ်ဖို့ မစွမ်းဆောင်နိုင်ဘူးပဲ ... အခုတော့ ကြယ်တာရာ ဘုရင်တောင်ဆီ အရင်သွားကြတာပေါ့”
မိုဝူကျီက ခဏတာ တွေးတောလိုက်ပြီးနောက် ကြယ်တာရာ ဘုရင်တောင်မှာ သူ့အတွက် ကျင့်ကြံဖို့ရန် ဘေးအကင်းဆုံးနေရာ ဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။ ကျန်းရှင်းတွင် အကြီးဆုံးဂိုဏ်း ဖြစ်သည့် ကြယ်တာရာ ဘုရင်တောင်ကား ကျင့်ကြံခြင်းအတွက် သန့်စင်မွန်မြတ်သည့် ကုန်းမြေသာ ဖြစ်ရမည်။ ထို့အပြင် ကြယ်တာရာ ဘုရင်တောင်တွင် တိမ်တိုက်လို ပေါများသည့် အဆင့်မြင့် ကျင့်ကြံသူများ ရှိနေသည့်အတွက် ကျူးချူက မည်မျှပင် အားကောင်းစေကာမူ မိုဝူကျီက ထိုအဆင့်မြင့် ပါရမီရှင်များ ကူညီဖို့ရာ ဆန္ဒရှိနေသရွေ့ စိုးရိမ်နေစရာ မလိုပေ။
***
ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာ သခင်ခန်းမ
ခန်းမသခင် လေးယောက်နှင့် အခြားသော အကြီးအကဲများနှင့် ကာကွယ်သူများက နောက်တစ်ကြိမ် စုစည်း နေကြပြန်သည်။ သို့သော်လည်း လူအုပ်ကြီး၏ အမူအရာမှာ သာသာယာယာ မရှိကြချေ။
ယန်ကျဲက အရင်ဆုံးထကာ
“ခန်းမသခင်တို့၊ အကြီးအကဲတို့၊ ကာကွယ်သူတို့ ... ဒီရက်တွေအတွင်းမှာ ကျိုးပျက်ဂိုဏ်းက ကျုပ်တို့ ကျင့်ကြံမြို့ ဆယ်မြို့ အဖျက်ဆီး ခံလိုက်ရပြီးတော့ ခေါင်းဆောင်တွေ အသတ်ခံလိုက်ရတယ်။ ပြီးတော့ သူတို့က ကျုပ်တို့ စူးရှလေမြို့နဲ့ ကိုးမိုမြို့ကိုတောင် သိမ်းပိုက်ဖို့ ကြံရွယ် နေကြသေးတယ် ... ဒီကိစ္စက မောက်မာနေရုံ သက်သက် မဟုတ်တော့ဘူး။ ကျုပ်တို့တွေ တစ်ခုခု မပြောဖူးဆိုရင် ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်ရဲ့ တည်ရှိမှုက ဘာမှ အရေးပါတော့မှာ မဟုတ်ဘူး ...”
အားလုံးက လက်သီး ဆုပ်ထားလိုက်ကြသည်။ ယန်ကျဲ မပြောလိုက်သည့် စကားတစ်ခွန်း ကျန်သေးလေ၏။ ထိုအရာမှာ ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူဆီမှ ကြယ်တာရာ ဘုရင်တောင်ကို ကြယ်တာရာသခင်၏ တည်နေရာအား သုံးရက်အတွင်း ပြောဖို့ရာ အတင်းကျပ် ဖိအားပေးထားခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျိုးပျက်ဂိုဏ်းက ကြယ်တာရာ ဘုရင်တောင်ကိုပါ သိမ်းပိုက်သွားမည် ဖြစ်၏။
ထိုအရာမှာ လက်ခံနိုင်စရာ မရှိချေ။ ဂိုဏ်းအသေးလေး ဖြစ်နေလျှင်ပင် သတ်ဖြတ်ရေးဂိုဏ်းတစ်ခုက ထိုမျှအထိ အတင့်ရဲနေသည်ကို ကျန်းရှင်း၏ နံပါတ်တစ် ကာကွယ်ရေးဂိုဏ်း ဖြစ်သည့် ကြယ်တာရာ ဘုရင်တောင်က ဤအတိုင်း ထိုင်ကြည့်နေနိုင်မည်နည်း။
ကြယ်တာရာ ဘုရင်တောင်က ဘယ်အချိန်က ထိုမျှအထိ သနားစရာကောင်းလှသည့် အခြေအနေအထိ ကျဆင်းသွားရတာလဲ ...
စုရွမ်က မတ်တတ်ရပ်လိုက်ကာ
“ခန်းမသခင်တို့ အကြီးအကဲတို့ ... ကျိုးပျက်းဂိုဏ်းက မြို့ဆယ်မြို့လုံးရဲ့ ခေါင်းဆောင်တွေကိုပဲ သတ်သွားတာ မဟုတ်ဘူး။ ကြယ်တာရာ ဘုရင်တောင်ရဲ့ လောကအင်မော်တယ် သုံးယောက်ကိုလဲ သတ်သွားသေးတယ်။ ကျမတော့ ခန်းမသခင်ယန် စကားကို သဘောတူတယ်။ ကျမတို့သာ ဆက်ငြိမ်နေမယ်ဆိုရင် သူတို့က အတင့်ရဲလာပြီးတော့ ကျမတို့ ကြယ်တာရာ ဘုရင်တောင်ရဲ့ တည်ရှိမှု ရည်ရွယ်ချက်ပါ ပျောက်ကွယ် သွားလိမ့်မယ်။ ပြီးတော့ ကျန်းမိုနယ်မြေသားတွေ အားလုံးကို ကျိုးပျက်ဂိုဏ်းသား တွေ့တာနဲ့ သတ်ဖို့ အမိန့်ထုတ်ထားသင့်တယ်။ ကြယ်တာရာ ဘုရင်တောင်က အဲဒီဟာကြောင့် လုံးဝ ပျက်စီးသွားမယ် ဆိုရင်တောင် ကျမတို့ လုပ်ရမယ် ...”
လောက အင်မော်တယ်အဆင့် ရောက်ထားကြသည့်အတွက် မည်သည့် ခန်းမသခင်ကများ ကိုယ့်တန်ဖိုးကို နှိမ်ချချင်မည်နည်း။ စုရွမ် မပြောလျှင်ပင် တစ်ယောက်ယောက်က သေချာပေါက် ထပြောမည် ဖြစ်သည်။
“ခန်းမသခင်စု ... ကြယ်တာရာသခင် ပြန်ရောက်လာပါပြီ ...” အားလုံးက အမြင်ကိုယ်စီ ထုတ်ပြောနေကြစဉ် တာဝန်ခံ တစ်ယောက် ရောက်လာကာ အကြောင်း လာကြားလေ၏။
စုရွမ်က သူမထိုင်ခုံမှ စိတ်လှုပ်ရှားစွာ ထမိသွားကာ “မြန်မြန် ... ကြယ်တာရာသခင်ကို ကြိုဆိုကြ ...”
မိုဝူကျီ မရှိစဉ်က သူမက ကြယ်တာရာ ဘုရင်တောင်ကို ဦးဆောင်နေရသူ ဖြစ်၏။ ကျိုးပျက်ဂိုဏ်းနှင့် ပြဿနာများ မရှိပါက သူမက ကြယ်တာရာ ဘုရင်တောင်ကို ထွန်းလင်း တောက်ပခဲ့သည့် နေ့ရက်များဆီသို့ ပြန်ခေါ်ဆောင် သွားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
ကျိုးပျက်ဂိုဏ်း ပေါ်လာမှုကြောင့် သူမက ကြယ်တာရာ ဘုရင်တောင်ကို ဦးဆောင်နိုင်ရန် အလှမ်းကွာသေးကြောင်း သတိထားမိသွားသည်။ ကျိုးပျက်ဂိုဏ်းက ခေါင်းဆောင်များနှင့် အကြီးအကဲများကို သတ်ပြီး စူးရှလေမြို့နှင့် ကိုးမိုမြို့တို့ကို သိမ်းပိုက်မည်ဟု လူသိရှင်ကြား ကြေညာခဲ့ခြင်းကို ခံရသည့်အခါ သူမက မည်သို့ ရင်ဆိုင်ရမည်မှန်း မသိတော့ချေ။
သူမက ဘာလုပ်ရမည်ကို မသိ၍ မဟုတ်ဘဲ ကျိုးပျက်ဂိုဏ်း၏ ကြောက်မက်ဖွယ် စွမ်းအားအတွက် ပြိုင်ဘက် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။
မိုဝူကျီက လောကခန်းမကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ကူနို့ကြယ်တာရာမှ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူနှင့် ပေါင်လေ့တို့ကို အနိုင်ယူနိုင်ခဲ့သည့်အတွက် သူက သူတို့ထက် အားကောင်းကြောင်း သက်သေပြပြီးသား ဖြစ်၏။ ကြယ်တာရာဘုရင်တောင် တစ်ခုလုံးတွင် ကျိုးပျက်ဂိုဏ်းနှင့် ရင်ဆိုင်နိုင်မည့် တစ်ဦးတည်းသော သူမှာ မိုဝူကျီသာ ဖြစ်လိမ့်မည်။
***