← Chapters

သူတို့ကို ဖောက်ခွဲပစ်ကြတာပေါ့

Vol. 28 Ch. 376

သူတို့ကို ဖောက်ခွဲပစ်ကြတာပေါ့

Vol. 28 Ch. 376

စိတ်လှုပ်ရှားစွာ မတ်တတ် ထရပ်သူက စုရွမ် သာမကဘဲ  ခန်းမအတွင်းရှိ လူအားလုံး ဖြစ်၏။ ထိုစဉ် သူတို့က ကြယ်တာရာ ဘုရင်တောင်ပေါ်တွင် ကြယ်တာရာသခင် တစ်ယောက်၏ လွှမ်းမိုးမှု မည်မျှကြီးမားနေသည်ကို သတိပြုမိလိုက်ကြသည်။

အရင်တုန်းက ကြယ်တာရာ ဘုရင်တောင်ရှိ နာမည်ကြီးများ  အတွင်းရေးပဋိပက္ခများ ရှိစဉ်က ကြယ်တာရာသခင်၏ အတွေးကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြချေ။ ထို့အပြင် ကျန်းရှင်းကား တည်တည်ငြိမ်ငြိမ် ရှိခဲ့လေသည်။ ယခင် ကြယ်တာရာသခင် သေဆုံးစဉ် လောကခန်းမကို သိမ်းယူခံလိုက်ရသည့်အခါမှ ကြယ်တာရာသခင်၏ အရေးပါမှုကို မှတ်မိလာကြသည်။ သို့သော်လည်း သူတို့က ထိုအချိန်ကဲ့သို့ အခက်မတွေ့နေပေ။ သူတို့တွင် ကြယ်တာရာသခင် ရှိနေပြီ ဖြစ်ကာ ထိုကြယ်တာရာသခင်မှ နယ်ခြားအင်အားစုများကို မောင်းထုတ်ပေးခဲ့သည် မဟုတ်ပါလော။

ယခု ကျိုးပျက်ဂိုဏ်းက ကြယ်တာရာ ဘုရင်တောင်ကို ထိန်းချုပ်ဖို့ရာ ရည်ရွယ်ထားပြီး လောကအင်မော်တယ် တချို့ကိုပင် သတ်ဖြတ်ခဲ့သည့်အတွက် လူများမှာ ကူကယ်ရာမဲ့စွာ ခံစားနေရသည်။

မိုဝူကျီက လက်သီးဆုပ်ထားပြီး ပြောလိုက်သည်

“ကျုပ် ခန်းမသခင်စု ပြောတာ ကြားလိုက်ပါတယ်၊ ဘယ်သူကမှ ကျိုးပျက်ဂိုဏ်းကို  ခေါင်းငုံ့ခံနေဖို့ ဆန္ဒမရှိကြဘူးဆိုတော့ ကျုပ်တို့တွေ  ရင်ဆိုင်ကြတာပေါ့ ...”

သူ ကြယ်တာရာသခင်ခန်းမကို  ဝင်မလာခင် သူက စိတ်စွမ်းအားဖြင့် ခန်းမတစ်ခုလုံးကို အာရုံခံကြည့်ခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့အား ကျိုးပျက်ဂိုဏ်းသို့ သွား၍ ဆွေးနွေးညှိနှိုင်းဖို့ အကြံပြုခဲ့မည် ဆိုလျှင် သူက နွန်ရှုယီကို ခေါ်၍ ဤနေရာမှ ချက်ချင်း ထွက်သွားမည် ဖြစ်သည်။ သို့သော်လည်း ကြယ်တာရာဘုရင်တောင်၌ အများစုမှာ သတ္တိရှိကြသေးဟန် ပေါ်သည်။

“ကြယ်တာရာသခင် ဘာပဲလုပ်လုပ် ကျုပ် လော့ယွီချန်က အပြည့်အဝ ထောက်ခံပါတယ်။ ကျုပ်က ကျိုးပျက်ဂိုဏ်းနဲ့ သေတဲ့အထိ တိုက်ရမယ် ဆိုရင်တောင် နောင်တမရှိပါဘူး ...” ရွှေရောင်ဆံပင်နှင့် လူငယ်လေးက ထရပ်ကာ ပြောလိုက်သည်။ ကျိုးပျက်ဂိုဏ်း ဖိအားအောက်တွင် သူ့စိတ်မှာ ဒေါသတရားများ လောင်မြိုက်နေပြီ ဖြစ်၏။

စုရွှမ်က မိုဝူကျီသည်  ကြယ်တာရာဘုရင်တောင်နှင့် မရင်းနှီးမှန်း သိ၍ မြန်မြန် မိတ်ဆက်ပေးလိုက်သည်

“ကြယ်တာရာသခင်  ... ဒါက ကြယ်တာရာဘုရင်တောင်ရဲ့ ကိုးခုမြောက် ခန်းမဖြစ်တဲ့ ကြယ်တာရာစူးစိုက် ခန်းမသခင် လော့ယွီချန်ပါ …”

“ကျုပ် ယန်ကျဲလည်း အပြည့်အဝ ထောက်ပံ့ပေးပါ့မယ်” ယန်ကျဲက တွေဝေခြင်းမရှိ အော်ပြောလိုက်သည်။

ထို့နောက် အကြီးအကဲများနှင့် ကာကွယ်သူများကလည်း မိုဝူကျီ၏ ဆုံးဖြတ်ချက် မည်သို့ပင် ဖြစ်နေပါစေ အပြည့်အဝ ထောက်ခံကြောင်း စတင် အသံထွက်လာကြသည်။

စုရွှမ်က သက်ပြင်းချလိုက်တော့သည်။ အကြောင်းမှာ အစပိုင်းတွင် သူမက လူအများ  မိုဝူကျီကို  ကြယ်တာရာသခင် အဖြစ်  သဘောမတူမည်ကို စိုးရိမ်မိခဲ့သည်။ မိုဝူကျီ ကြယ်တာရာသခင် ဖြစ်လာခြင်းမှာ မလွဲဧကန် ဖြစ်လာမည့် အဖြစ်အပျက် ဖြစ်သော်လည်း သူတို့၏ ကြယ်တာရာသခင်အသစ်ကို လက်မခံနိုင်သည့် လူတချို့ ရှိနေလျှင် ကြယ်တာရာဘုရင်တောင်မှာ ဒုံရင်း ဒုံရင်းသာ ဖြစ်နေလိမ့်မည်။ ကျိုးပျက်ဂိုဏ်း၏ မောက်မာမှုမှာ ဆိုးရွားလှသည့် အရာတော့ မဟုတ်ချေ။

“ကောင်းပြီ” မိုဝူကျီက လက်သီးဆုပ်ထားကာ “အားလုံး စိတ်ချနေပါ ... ကျုးချုက အားကောင်းတယ်ဆိုပေမဲ့ သူက ကြယ်တာရာဘုရင်တောင်ကို ဖြိုခွင်းနိုင်တဲ့အထိတော့ မဟုတ်သေးပါဘူး ...” သူ့စကားအဆုံးတွင် မိုဝူကျီက ကြယ်တာရာသခင် နေရာ၌ ထိုင်လိုက်သည်။

ထိုစဉ် သူက ဟိတ်ဟန် ထုတ်နေစရာ မလိုပေ။ ကျိုးပျက်ဂိုဏ်းကို ရင်ဆိုင်ဖို့ရန် တစ်ယောက်ယောက်တော့ ရှေ့ထွက်ရလိမ့်မည်။

နွန်ရှုယီက မိုဝူကျီ ထိုင်ခုံဘေး လျှောက်လာသည်။ အစပိုင်းတွင် သူမက မိုဝူကျီသည် ကျင့်ကြံဆင့် အနည်းငယ် နိမ့်နေသေးသည့်အတွက် ကြယ်တာရာဘုရင်တောင်မှ ပါရမီရှင်များ၏ စိတ်နှလုံးကို မရနိုင်လောက်ဟု တွေးထင်ခဲ့မိသည်။ သို့သော်လည်း ခန်းမသခင်များနှင့် အကြီးအကဲများ၏ သဘောထားကို မြင်သောအခါ သူမက အပိုတွေးမိနေကြောင်း သိလိုက်ရသည်။

“ကြယ်တာရာသခင် ... ကျမတို့တွေ ကျန်းမိုနယ်မြေတစ်ခုလုံးကို ကျိုးပျက်ဂိုဏ်း ချေမှုန်းဖို့ အခုချက်ချင်း ကြေညာလိုက်ရမလား” စုရွမ်က မေးလိုက်သည်။

မိုဝူကျီက တွေးတောနေဆဲ ဖြစ်သည်။ အစကတည်းမှ အလိုရှိသူ ဝရမ်းပေါ်တွင် သူချည်း တောက်လျှောက် ဖြစ်ခဲ့ရာမှ နောက်ဆုံးတွင် တခြားသူများကို အလိုရှိ ဝရမ်းပေါ်တွင် တင်ရန် သူ့အလှည့် ရောက်လာလေပြီ။

သို့သော်လည်း ကျိုးပျက်ဂိုဏ်းကို အလိုရှိဝရမ်းထုတ်ရန် မလိုတော့ပေ။ ယခု သူ့တွင် ကူညီသူများ ရှိလာပြီ ဖြစ်၍ သူက ကျူးချူကို ကြောက်ရွံ့နေဆဲ ဆိုလျှင် သတ္တိနည်းရာ ကျရောက်သွားပေလိမ့်မည်။

“မလိုဘူး ... ကျုပ်က လောကအင်မော်တယ် ခြောက်ယောက်ပဲ လိုတယ်။ ကျုပ် ပြန်ရောက်လာရင်တော့ ကျန်းရှင်းတစ်ခုလုံးမှာ ကျိုးပျက်ဂိုဏ်း ဖယ်ရှားဖို့ ချက်ချင်း ကြေညာရမယ်။ ကျုပ်နဲ့သွားဖို့ ဆန္ဒရှိတဲ့သူတွေ ကျေးဇူးပြုပြီးတော့ ရှေ့ထွက်ပြီးတော့ ရပ်ပေးပါ  ပြီးတော့ ကျင့်ကြံဆင့်ကိုပါ ပြောပေးပါ  ...”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

အစပိုင်းတွင် မိုဝူကျီက အခြားအရာများ မလုပ်ခင် ဦးစွာ လောကအင်မော်တယ်အဆင့် ရောက်အောင် တံခါးပိတ် ကျင့်ကြံလို၏။ သို့သော်လည်း ကြယ်တာရာဘုရင်တောင်ရှိ အဆင့်မြင့် ကျင့်ကြံသူများ အကူအညီဖြင့် ကျိုးပျက်ဂိုဏ်းကို ဖယ်ရှားနိုင်မည့် အခွင့်အရေးကို ဘာကြောင့် လက်လွတ်ခံရမည်နည်း။

ကျူးချူက သူ့ကိုယ်သူ ဘယ်သူများ ထင်နေလဲ ....

သူက မိုဝူကျီကို ဖမ်းနိုင်မယ်လို့များ တကယ်ကြီး ထင်နေတာလား ...

ချီထုံက ကျူးချူကို ကြောက်သော်လည်း မိုဝူကျီက သူ့ကို လုံးဝ မကြောက်ပေ။

သူက ကြယ်တာရာဘုရင်တောင်နှင့် မရင်းနှီးသေးသောကြောင့် ကျိုးပျက်ဂိုဏ်းကို ဖယ်ရှားဖို့ရာ ခန်းမဆယ်ခုလုံးမှ ကူညီချင်ပေးရန် ရှေ့ထွက်ဖို့  တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ခန်းမသခင် ဆယ်ယောက်အတွက် သူက အရင်ဦးဆုံး ထွက်လာသည့်သူများထဲမှ ရွေးချယ်ရန် ဆုံးဖြတ်ထားလေ၏။

မိုဝူကျီက စုရွမ် ရှေ့ထွက်လာတော့မည်ကို သတိပြုမိပြီး မြန်မြန် လက်ခါပြရင်း ပြောလိုက်ရသည်။

“ခန်းမသခင်စုနဲ့ ခန်းမသခင်ယန်ကျဲတို့က ကြယ်တာရာဘုရင်တောင်ကို စောင့်ရှောက်ရမယ်။ အဲဒါကြောင့် နှစ်ယောက်လုံး ကျုပ်နောက်ကို လိုက်ဖို့ မလိုဘူး”

“လောကအင်မော်တယ်အဆင့် ၅  အစေခံအိုကြီး ချီဟော်အာက ကြယ်တာရာသခင် နောက်လိုက်ဖို့ ဆန္ဒရှိပါတယ်” ချီဟော်အာက အရင်ဦးဆုံး ထွက်လာလေသည်။ သူ့အတွက် ကြယ်တာရာသခင်၏ အမိန့်တိုင်းက သူ့ဦးစားပေး ဖြစ်၏။

“လောကအင်မော်တယ်အဆင့် ၄ ကြယ်တာရာစူးစိုက်ခန်းမရဲ့ လော့ယွီချန်လည်း ကြယ်တာရာသခင် နောက်လိုက်ဖို့ ဆန္ဒရှိပါတယ်” ရွှေရောင်ဆံပင်နှင့် လူငယ်လေးလည်း ရှေ့ထွက်လာသည်။

“လောကအင်မော်တယ်အဆင့် ၃  ကြယ်တာရာလမ်းကြောင်း ခန်းမရဲ့ အကြီးအကဲ ဝမ်ဟွားရှန်လည်း ကြယ်တာရာသခင်နောက် လိုက်ဖို့ ဆန္ဒရှိပါတယ်” လော့ယွီချန် နောက်တွင် အနည်းငယ် ဝသည့် လူလတ်အမျိုးသားက ထွက်လာလေ၏။

“လောကအင်မော်တယ်အဆင့် ၃  ကြယ်တာရာဘုရင်တောင်ရဲ့ ခုနစ်ယောက်မြောက် ကာကွယ်သူ ဖေးချောင်လည်း ကြယ်တာရာသခင်နောက် လိုက်ဖို့ ဆန္ဒရှိပါတယ်” နောက်တစ်ယောက်မှာ ပိန်ပါးပါး အမျိုးသား တစ်ယောက် ဖြစ်၏။

“ပြီးတော့ ကျုပ်လည်း ပါမယ် ... လောကအင်မော်တယ်အဆင့် ၅ ပါ ...” မိုးသောက်ကြယ်တာရာ ခန်းမသခင် ဂူချောင်းက မော့မျိုးနွယ်စုဘက်မှ ဖြစ်သော်လည်း မော့မျိုးနွယ်စုမှာ  ကြယ်တာရာဘုရင်တောင် အရိုက်အရာအတွက် မတိုက်ရဲတော့ပေ။

မော့မျိုးနွယ်စုအတွက်  ရှားမျိုးနွယ်စုနှင့် ယန်မျိုးနွယ်စုတို့မှာ မှတ်သားထားရမည့်  သင်ယူစရာ နမူနာ ဖြစ်လေ၏။ သူတို့အင်အားကို သုံး၍ ကြယ်တာရာဘုရင်တောင်ကို ထိန်းချုပ်လိုလျှင် ယန်မျိုးနွယ်စုကဲ့သို့ အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီ ပြန်ရောက်လာစဉ်မှ စ၍ ဂူချောင်းသည် ကြယ်တာရာသခင်အတွက် ကြိုးကြိုးစားစား စွမ်းဆောင်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“လောအင်မော်တယ် အဆင့် ၇ ကြယ်တာရာဘုရင်တောင်ရဲ့ တတိယမြောက် အကြီးအကဲ စန်းချိုက်ဟယ်လည်း ကြယ်တာရာသခင်အတွက် တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိပါတယ် ..” နောက်ဆုံး ထွက်လာသူသည် အာရုံမဖမ်းစားနိုင်သော အမျိုးသမီးငယ်လေး ဖြစ်သော်လည်း သူမ ထွက်ပေါ်လာသည်နှင့် အားလုံးက သူမဝိညာဉ်စွမ်းအားကို ခံစားမိလိုက်ကြသည်။

မိုဝူကျီက လောကအင်မော်တယ်  နောက်ပိုင်းအဆင့်ကို မြင်ရလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် မျက်လုံးများ လင်းလက်လာသည်။ ကြယ်တာရာ ဘုရင်တောင်တွင် ပါရမီရှင်များ အမှန်အကန် ပေါများလှသည့် နေရာ ဖြစ်၏။

စုရွမ်က တအံ့တဩ မေးလိုက်သည်

“အစ်မချိုက်ဟယ် .. နောက်ပိုင်းအဆင့်ထဲ ရောက်သွားပြီလား ...”

အမျိုးသမီးငယ်လေးက ရယ်မောရင်း  “လတ်တလောလေးမှ အဆင့်တက်သွားတာ ...”

“ဂုဏ်ယူပါတယ်နော် အစ်မချိုက်ဟယ် ...  ကျမတို့ ကြယ်တာရာဘုရင်တောင် အင်အားက နောက်ထပ် မြင့်မားလာပြီပဲ ...” စုရွမ်က ပျော်ပျော်ပါးပါး ပြောလိုက်သည်။

ချိုက်ဟယ် စကားကို ကြားသောအခါ လူအုပ်ကြီးက သူမကို တလေးတစား ကြည့်လိုက်ကြသည်။ လောကအင်မော်တယ် အလယ်အလတ်အဆင့်မှာ နောက်ပိုင်းအဆင့်နှင့် ကွာခြားလှပြီး လူအများစုမှာ သူတို့ဘဝ တစ်လျှောက်လုံး  လောကအင်မော်တယ် နောက်ပိုင်းအဆင့် မတက်လှမ်းလိုက်ရချေ။ ထို့ကြောင့် ကြယ်တာရာဘုရင်တောင်တွင် ပါရမီရှင်များ ပေါများသော်လည်း လောကအင်မော်တယ် အခြေခံအဆင့်နှင့် အလယ်အလတ်အဆင့်များသာ ပေါများနေကြခြင်း ဖြစ်၏။

“ကောင်းပြီ ... ခြောက်ယောက် ရပြီဆိုတော့ ကျုပ်တို့တွေ သွားကြမယ်” မိုဝူကျီက ပြောပြီးနောက် မတ်တတ် ရပ်လိုက်တော့သည်။

မိုဝူကျီ နောက်မှ လိုက်လာကြသည့် ခြောက်ယောက်မှာ မိုဝူကျီက ဘယ်သွားမယ်၊ ဘာလုပ်မယ် မပြောသော်လည်း မည်သူကမျှ မေးခွန်းမထုတ်ကြပေ။

အားလုံးက သူတို့၏ ကြယ်တာရာသခင် အသစ်သည် ယခင် ကြယ်တာရာသခင်ထက် ပို၍ တဲ့တိုးဆန်လှကြောင်း ခံစားမိသည်။ သူက တိုက်ရမည်ဆိုလျှင်လည်း အချိန်ဆွဲမနေဘဲ တိုက်ချင်သည့်သူ ဖြစ်၏။

နွန်ရှုယီက တိုက်ရေးခိုက်ရေး အတော်သင့်ရသည့် လောကအင်မော်တယ် အဆင့် ၁ ဖြစ်သည့်အပြင် မိုဝူကျီ၏ တိုက်ရိုက်တပည့် ဖြစ်သောကြောင့် မိုဝူကျီကိုသာ အာရုံစိုက်ထားသည်။

နှစ်မိနစ်အကြာတွင် မိုဝူကျီ၏ သင်္ဘောပျံမှာ ကြယ်တာရာဘုရင်တောင်မှ ထွက်လာလေ၏။

“အားလုံး  ... ကျုပ်တို့တွေ ကျိုးပျက်ဂိုဏ်းရဲ့ ပင်မနေရာကို သွားချေမှုန်းကြမယ်။ အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ကျုပ်တို့က ကျူးချူနဲ့ တည့်တည့်တွေ့မှာ စိုးလို့ပဲ။ ကျုးချူက မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်နေပြီ ... ပြီးတော့ သူက သာမန် မြေကမ္ဘာအင်မော်တယ်အဆင့် တစ်ယောက် မကဘူး။ တကယ်လို့ ရင်ဆိုင်တိုက်မယ်ဆိုရင် ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်က သူ့ကို ယှဉ်နိုင်တဲ့သူ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့  ကျုပ်ဆီမှာ သဘာဝရှစ်မျိုး သတ်ဖြတ်ရေး အစီအရင်ရှိတယ်။ ကျုပ်တို့ ကျူးချူနဲ့ တွေ့တာနဲ့ အားလုံးက ကျုပ် အစီအရင်အလံအတိုင်းလိုက်ပြီး တိုက်ရုံပဲ။ သူ့ကို မဖမ်းနိုင်ရင်တောင် သူ့ကို ကြောက်စရာတော့ မလိုဘူး”

သဘာဝရှစ်မျိုး သတ်ဖြတ်ရေး အစီအရင်မှာ မိုဝူကျီက ချူရှင်းကျီ၏ အစီအရင်တာအိုကို လေ့လာပြီးနောက် ကိုယ်ပိုင်ဖန်တီးထားခြင်း  ဖြစ်သည်။ ဤသတ်ဖြတ်ရေး အစီအရင်၌ ဝိညာဉ်ကြော မတူသည့် လူရှစ်ယောက်လိုပြီး ရှစ်ယောက်လုံးက တစ်ဖက်လူနှင့် တိုက်ခိုက်ဖို့ရန် တစ်ယောက်ချင်းစီက အစီအရင်အလံ ရှစ်ခုကို ပစ်လွှတ်ပြီး တစ်ဖက်လူ၏ အစိတ်အပိုင်း အမျိုးမျိုးကို တိုက်ခိုက်ရမည်။

မိုဝူကျီက ဝိညာဉ်ကြောမတူသည့် ရှစ်ယောက်ရရန် မလွယ်ကူသည့်အတွက် သူက လူရှစ်ယောက် ပြည့်အောင် စုဆောင်းလာခြင်း ဖြစ်သည်။ သူတို့က နေရာ ရှစ်နေရာ ခွဲတိုက်စရာ မလိုလောက်ပေ။ အားလုံးက တစ်နေရာတည်း တိုက်နိုင်လျှင်ပင် အတော်လေး ကောင်းနေပြီ ဖြစ်၏။

တိုက်ခိုက်စွမ်းက နည်းနည်း လျော့ကျသွားနိုင်သော်လည်း မိုဝူကျီက ကျူးချူနှင့် ရင်ဆိုင်ဖို့ရာ လုံလောက်မည်ဟု ယုံကြည်သည်။ ကျူးချူက အားအရမ်း ကောင်းသော်လည်း သူက ထိုမျှ စွမ်းအားကြီးနေတာတော့ မဟုတ်ချေ။

“ကြယ်တာရာသခင်  ... ကျိုးပျက်ဂိုဏ်းရဲ့ နေရာကို သိတယ်လား ...” မိုဝူကျီ စကားများကို ကြားပြီး လော့ယွီချန်က အံ့ဩတကြီး မေးလိုက်သည်။

အားလုံးက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်ကြပြီး သူ့သဘာဝရှစ်မျိုး သတ်ဖြတ်ရေး အစီအရင်ကိုတော့ လုံးဝ လျစ်လျူရှုထားကြသည်။ ကျိုးပျက်ဂိုဏ်းသားများပင် သူတို့တည်နေရာကို သေချာမသိကြပေ။

မိုဝူကျီက မည်သို့ ရှာတွေ့ထားသနည်း။

မိုဝူကျီက အသာပြုံးလိုက်ရင်း   “အခု မသိသေးပါဘူး။ ဒါပေမဲ့ မကြာခင် သိလာလိမ့်မယ် ...”

မိုဝူကျီက ပြောပြီးနောက်တွင် အစီအရင်အလံများ ထုတ်လိုက်ပြီး သင်္ဘောဦးဖျားပိုင်းတွင် အစီအရင်ကို တပ်ဆင်ရန် ပြင်ဆင်လိုက်သည်။ အမွှေးတိုင် တစ်ဝက်စာကြာချိန်တွင် မိုဝူကျီက တပ်ဆင်မှုကို ရပ်တန့်လိုက်ပြီး သင်္ဘောပျံကို လှည့်ကာ အမြန်ဆုံးနှုန်းဖြင့် မောင်းနှင်လိုက်သည်။

ကျိုးပျက်ဂိုဏ်းသားအပေါ် သူထားထားသည့် အမှတ်အသားသည် ထိုနေရာတွင် ရှိနေသောကြောင့် သူက သူရှာဖို့ လိုအပ်နေသူမှာ သူ့ဝိညာဉ်အမှတ်အသား ရှိနေသည့်သူသာ ဖြစ်၏။

မိုဝူကျီ၏ မှန်းဆချက်မှာ နံပါတ် ၇၃၁ ၏ သိုလှောင်လက်စွပ်ရထားသော ကျင့်ကြံသူမှာ လက်စွပ်ကို ပြန်လည်အပ်ရန်အတွက်  ကျိုးပျက်ဂိုဏ်းကို သေချာပေါက် ပြန်ရလိမ့်မည်။ ကျိုးပျက်ဂိုဏ်းကို ပြန်နိုင်ရန် သူက နွန်ရှုယီထက် အဆင့်မြင့်သော အဆင့်အတန်း သို့မဟုတ် ထူးထူးခြားခြား အဆင့်အတန်း ရှိသည့်သူသာ  ဖြစ်ရမည်။

သူက ကျိုးပျက်ဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက်ချင်းစီ၏ အဆင့်အတန်းသည် ကျင့်ကြံဆင့်ပေါ် မမူတည်ဘဲ ကျိုးပျက်ဂိုဏ်း ရမှတ်များပေါ် မူတည်၍ ခွဲပေးထားခြင်း ဖြစ်သည်။ နွန်ရှုယီက သူမညီမငယ်လေး နွန်ရှုဝမ်ထက်  ကျင့်ကြံဆင့် ပိုမြင့်သော်လည်း နွန်ရှုဝမ်က နွန်ရှုယီထက် ဂိုဏ်းထဲတွင် အဆင့်အတန်း ပိုမြင့်လေသည်။

လက်ရှိတွင် သူ ရှာဖို့ လိုအပ်နေသည့် အရာမှာ သူ့ဝိညာဉ် အမှတ်အသား၏ တည်နေရာ ဖြစ်၏။

မိုဝူကျီ တပ်ဆင်လိုက်သည့် အစီအရင်မှာ ကျူးချူ၏ နောက်ယောင်ခံ အစီအရင်ထက် များစွာ ရိုးရှင်းလေသည်။ အကြောင်းမှာ သူက တစ်ယောက်ယောက်၏ တည်နေရာကို သိရုံမျှ ဖြစ်ပြီး ထိုသူ့အား ထိန်းချူပ်ရန် မဟုတ်ပေ။

နှစ်ရက်တာ ပျံသန်းပြီးနောက် မိုဝူကျီက အစီအရင်မပါဘဲ ဝိညာဉ်အမှတ်အသားကို ရှင်းရှင်းလင်းလင်း အာရုံခံမိလာသည်။

နေ့ဝက်အကြာတွင် မိုဝူကျီက သင်္ဘောပျံကို သိမ်းဆည်းလိုက်ပြီး အားလုံးကို ပြောလိုက်သည်။

“အားလုံး ကျုပ်နောက် လိုက်ခဲ့ပါ ...”

အားလုံးက မိုဝူကျီနောက် လိုက်သွားပြသည်။ ချီဟော်အာက အသက်အရွယ် အကြီးဆုံး ဖြစ်သည့်အတွက် သူတို့ ရောက်သွားသည်နှင့် နေရာကို ချက်ချင်း သတိပြုမိလိုက်သည်။

“ကြယ်တာရာသခင် ... ဒါက တစ်ယောက်မှ မသွားကြတော့တဲ့  ချူကျန်းတောင်လေ”

မိုဝူကျီက “တောင်ကို ဖွင့်လိုက်တဲ့အခါ ကောင်းကင်ဂိတ်တံခါး ကျိုးပျက်သွားတယ်” ဟူသော ကဗျာစာသားကို ရုတ်တရက် အမှတ်ရမိလိုက်သည်။

ကျိုးပျက်ဂိုဏ်းကို အခြားသူတွေ အမည်ပေးထားတာဆို ... သူတို့ အခြေစိုက်နေရာက ဘာလို့ ချူကျန်းတောင် ဖြစ်နေရတာလဲ ... တိုက်ဆိုင်လိုက်တာ ...

မိုဝူကျီက ရပ်လိုက်ပြီးနောက် ချီဟော်အာ ဆိုလိုရင်းကို နားလည်၏။ ဤနေရာတွင် မည်သူမျှ မရှိသလို ဘာမျှလည်း မရှိချေ။

ဤနေရာက လူသူကင်းမဲ့သည့် တောင်ကြားနှင့်အတူ မြစ်တစ်စင်းက ကြားထဲမှ တဝေါဝေါ စီးဆင်းနေသည်။ ဤတောင်က  ချူကျန်းတောင် အမည်တွင်သည်မှာ ကုန်းမြေသဘာဝ အနေအထားကြောင့် ဖြစ်ရမည်။

(မှတ်ချက် -  ချူကျန်းတောင်က တရုတ်စာလုံးမှ တိုက်ရိုက်ပြန်ထားခြင်း ဖြစ်ကာ ချူ - လှပသေသပ်သောနှင့် ကျန်း - မြစ် ဟူ၍ ဖြစ်သည် )

မိုဝူကျီက သူ့ရှေ့တွင် ရှိနေသော မြစ်မှ ဝိညာဉ်အမှတ်အသားကို ခံစားမိသောကြောင့်  ဤနေရာတွင် တစ်ခုခု ရှိနေကြောင်း သေချာသည်။

သို့သော်လည်း မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အရိပ်အယောင် တစ်ခုတလေမျှ မတွေ့ရှိပေ။ ထို့နောက် သူက စိတ်ဝိညာဉ်မျက်လုံးကို အသုံးပြု၍ ကြည့်လိုက်သည့်အခါ မြင်နေရသည်မှာလည်း တဝေါဝေါ စီးဆင်းနေသည့် မြစ်ကြီးသာ ဖြစ်၏။

“ကျိုးပျက်ဂိုဏ်းက ဒီမှာ မရှိလောက်ဘူး” ဂူချောင်းက သူ့စိတ်စွမ်းအားကို ယုံကြည်ချက်ရှိပြီး ကျိုးပျက်ဂိုဏ်း အရိပ်အယောင် မခံစားမိ၍ ထုတ်ပြောလိုက်သည်။

“မဟုတ်သေးဘူး။ ကျိုးပျက်ဂိုဏ်းက ဒီနေရာမှာပဲ ... အားလုံး နောက်ဆုတ်ကြ ... ဒီနေရာကို ဖောက်ခွဲကြည့်ရတာပေါ့” မိုဝူကျီက ပြောပြီးနောက် ဧရာမ အမြောက်ကြီးကို ထုတ်ယူလိုက်သည်။

သူက တစ်ဖက်လူကို မြင်ရ၊ မမြင်ရခြင်းက ကိစ္စမရှိပေ။ အကြောင်းမှာ သူ့ဝိညာဉ် အမှတ်အသားအတိုင်း အမြောက် တစ်ချက် ပစ်လွှတ်လိုက်ရုံဖြစ်သည်။

***

All Chapters