ကျုးချူနှင့် ရင်ဆိုင်ဖို့ရန် ပူးပေါင်း တိုက်ခိုက်ခြင်း
Vol. 28 Ch. 377
ကျိုးပျက်ဂိုဏ်းအပေါ် မိုဝူကျီ၏ အငြိုးမှာ ကြီးမားသည့်အတွက် အကြီးဆုံး အမြောက်ကို ထုတ်ယူလိုက်သည်။
အားလုံးက မိုဝူကျီကို သိချင်စွာ ငေးကြည့်နေကြသည့် အကြောင်းအရင်းမှာ မိုဝူကျီ ထုတ်ယူလိုက်သည့် အမြောက်ကြီးကို သူတို့က တစ်ခါမျှ မမြင်ဖူးပေ။ ထို့နောက် မိုဝူကျီက မီးစာညှိ၍ ပစ်ခတ်လိုက်သည်။
“ဘုန်း” ပြင်းထန်လှသည့် ပေါက်ကွဲသံကြီးကို အားလုံး ကြားလိုက်ရသည်။ ထိုအလင်းရောင်ကြောင့် အားလုံးက မသိမသာ နောက်ဆုတ်မိလိုက်ကြသည်။
ထို့နောက် ကောင်းကင်တစ်ခွင် ထိုးခွင်းသွားသည့် အလင်းရောင်ကို မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို အားလုံးက နောက်ပေါက်ကွဲမှု တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
မိုဝူကျီက အားလုံးကို နောက်ဆုတ်ရန် ပြောသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ရောင်ခြည်အမြောက်နှင့် ရေခဲအမြောက်တို့မှာ အမျိုးအစား မတူကြပေ။ ရောင်ခြည်အမြောက်၏ နယ်ပယ်မှာ ရေခဲအမြောက်ထက် မသာလွန်သော်လည်း ရောင်ခြည်အမြောက်က တစ်နေရာတည်းကို သီးသန့်ကွက်ပစ်ပြီး ရေခဲအမြောက်ထက် စွမ်းအား ပိုပြင်းလေသည်။
နွန်ရှုယီက ရောင်ခြည်အမြောက် စွမ်းအားကို မြင်သောအခါ တုန်ယင်လာမိသည်။ သူမက မိုဝူကျီ၏ ရေခဲအမြောက်ကို တစ်ခါမြင်ဖူးသည့်အတွက် မိုဝူကျီတွင် ထိုသို့အမြောက်မျိုး ထပ်ရှိနေလိမ့်မည်ဟု ထင်မထားပေ။
“ဘုန်း” ပြင်းထန်လှသည့် ပေါက်ကွဲမှုများနောက်တွင် အားလုံးက မြစ်ရေပြင်၌ ပေါ်လာသော ကုန်းမြေကြီးကို တအံ့တဩ ကြည့်လိုက်ကြသည်။ အားလုံးက ထိုကုန်းမြေပေါ်တွင် ဂိုဏ်းတစ်ခုကဲ့သို့ အဆောက်အဦ အစုံလိုက်အပြုံလိုက်လေး မြင်လိုက်ရသည်။
ကြယ်တာရာဘုရင်တောင်မှ လူအားလုံးက လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ သူတို့စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လို့ မရနိုင်သည့် ကုန်းမြေ ရှိနေလိမ့်မည်ဟု ထင်မထားကြပေ။ ထို့အပြင် ထိုအရာမှာ သာမန်ကုန်းမြေ တစ်ခု မဟုတ်ဘဲ ကျိုးပျက်ဂိုဏ်း၏ အခြေစိုက် နေရာ ဖြစ်သည်။
စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လို့ မရနိုင်လောက်အောင်အထိ ဖုံးကွယ်ထားနိုင်သည့် အစီအရင်များမှာ မည်မျှ အားကောင်းနေသနည်း။
အားလုံးက မိုဝူကျီအပေါ် အမြင်များ ချက်ချင်း ပြောင်းလဲသွားကြသည်။ သူတို့အားလုံးမှာ မိုဝူကျီကို ကြယ်တာရာသခင် ဖြစ်လာဖို့ရန် သဘောတူကြသော်လည်း သူတို့၏ သဘောထားမှာ သူ့လုပ်နိုင်စွမ်းအပေါ် ကြားထားသည်များကို မူတည်၍ ပေးထားခြင်း ဖြစ်သည်။ ထို့အပြင် သူက ချီထုံကိုယ်တိုင် ရွေးချယ်ထားသည့်လူ ဖြစ်သည့်အပြင် ကြယ်တာရာသခင် ဖြစ်လာဖို့ရန် သင့်တော်သည့် အခြားလူ မရှိ၍ ဖြစ်သည်။
ယနေ့တွင် သူတို့က ကြယ်တာရာသခင်အသစ်၏ လုပ်နိုင်စွမ်းကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရလေပြီ။ ရောင်ခြည်အမြောက်ကို ထည့်မတွက်လျှင်ပင် သူ့အမြင်နှင့် မှန်းဆချက်များနှင့်ပင် အလွန်လေးစားဖွယ် ကောင်းနေပြီ ဖြစ်သည်။
မိုဝူကျီသာ ထိုနေရာကို မပစ်ခဲ့ပါက မည်သူက ကျိုးပျက်ဂိုဏ်းကို ရှာတွေ့မည်နည်း။ နှစ်တစ်ရာကြာ ရှာလျှင်ပင် ကျိုးပျက်ဂိုဏ်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
အားလုံးက အံ့ဩနေစဉ် ထိုကုန်းမြေကြီးမှာ အမြောက်ပစ်ချက်မှ ပေါက်ကွဲမှုများ ကျန်ရှိနေသောကြောင့် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားလေသည်။ အဆောက်အဦများတွေလည်း တစ်ခုပြီး တစ်ခု ပြိုလဲလာပြီး လူအရိပ်များမှာလည်း ထိုပေါက်ကွဲမှုအောက် ပျောက်ကွယ် ကုန်တော့သည်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြောင့် မြေအတွင်း ဆယ်မီတာကျော် ချိုင့်ဝှမ်းကြီး ဖြစ်သွားလေ၏။ မြစ်အတွင်း ဗလာနတ္ထိဖြစ်နေကာ မြစ်ရေပင် ထိုအချိန်၌ ဖြတ်သန်းမစီးနိုင်ချေ။
စက္ကန့်ပိုင်းအချို့ ကြာပြီးနောက် မြစ်ရေမှာ ချိုင့်ဝှမ်းကြီးကို ပြည့်သွားပြီး ဝဲကတော့အကြီးကြီး ဖြစ်ပေါ်လာသည်။
ဝဲကတော့က အလျင်အမြန် ပျောက်ကွယ်သွားပြီး လှိုင်းများက မြစ်မျက်နှာပြင် အထက် တက်လာလေသည်။ အကယ်၍ သူတို့သာ ကိုယ်တိုင် မမြင်တွေ့ရပါက ဤနေရာတွင် လျှို့ဝှက်ကုန်းမြေ ရှိနေပြီး မိုဝူကျီ လက်ချက်ကြောင့် အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားသည့် ကိစ္စကို ယုံကြည်မည် မဟုတ်ပေ။
မဟုတ်သေးဘူး … ဗလာနတ္ထိအဖြစ် ပေါက်ကွဲသွားတာ ဖြစ်၏။
ကုန်းမြေမှာ ဗလာနတ္ထိအဖြစ် ပေါက်ကွဲသွားပြီ ဖြစ်ရာ ထိုကုန်းမြေပေါ်ရှိ လူအများ၏ ပြာပင် ကျန်တော့မည် မဟုတ်ပေ။ ထိုစဉ် အားလုံးက တအံ့တဩ ဖြစ်နေကြဆဲ ဖြစ်သည်။
တချို့လူများက ယန်မျိုးနွယ်စု ဖြစ်ရပ်အကြောင်း နောက်ဆုံးတွင် နားလည်သွားကြသည်။ ဂူချောင်း၏ နောက်ကျောတွင်လည်း ချွေးအေးများ ထွက်နေပြီး ကြက်သီးများ ထနေသည်။ သူက မော့မျိုးနွယ်စု အနွယ် ဖြစ်သော်လည်း သူ့အမေ၏ မျိုးရိုးကို လိုက်ခဲ့ရ၍သာ မော့မျိုးနွယ် ဖြစ်မနေခြင်း ဖြစ်သည်။ သို့သော်လည်း သူက မိုဝူကျီကို ကြောက်ရွံ့နေမိသည်က မိုဝူကျီသာ မော့မျိုးနွယ်စုကို မကျေနပ်တော့သည့် တစ်ရက်ရောက်လာလျှင် ထိုသို့မျိုး မော့မျိုးနွယ်စုအပေါ် တိုက်လိုက်ပါက မော့မျိုးနွယ်စုလည်း ...
ဂူချောင်းက ဆက်၍ မတွေးရဲတော့ပေ။ သူ့အတွက် ကျင့်ကြံသူတပ် လက်လျှော့ရလျှင်ပင် ဤကြယ်တာရာသခင်ကို ရန်မစမိစေရန် ကျိန်ဆိုထားလိုက်သည်။ မော့မျိုးနွယ်စုက သူ့ကို ရန်စရဲသည်ဆိုမှတော့ သေချင်နေတာသာ ဖြစ်ရမည်။ မိုဝူကျီက မော့မျိုးနွယ်စုနှင့် ဖြေရှင်းရန် အကြောင်းပြချက် များစွာ ရှိပေသည်။ အကြောင်းမှာ မော့မျိုးနွယ်စုက သူ့ကို လိုက်ဖမ်းသည့်အထဲ ပါဝင်ခဲ့ဖူးသည် မဟုတ်ပါလော။
မိုဝူကျီလည်း သက်ပြင်းချလိုက်မိသည်။ အမြောက်က ကြီးလေလေ ဖျက်ဆီးနိုင်စွမ်းက အားကောင်းလေလေ ဖြစ်၏။ ဤအမြောက်ကြီး၏ ဖျက်ဆီးနိုင်စွမ်းမှာ အသေးလေးထက် အဆများစွာ ပိုသာပေသည်။
နှမြောစရာ ကောင်းသည်က ကျုးချုသည် ဤနေရာတွင် ရှိမနေချေ။ ကျူးချူက ထိုပေါက်ကွဲမှုထဲတွင် အလွယ်တကူ သေဆုံးသွားမည်ဟု တွေးနေလျှင် စိတ်ကူးယဉ်နေမိခြင်းသာ ဖြစ်ရမည်။
မိုဝူကျီက သူ့အမြောက်ကြီးကို သိမ်းထားကာ ပြောလိုက်သည်။
“ကြယ်တာရာ ဘုရင်တောင်ကို ကျိုးပျက်ဂိုဏ်းသားတိုင်းကို မြင်တာနဲ့သတ်ဖို့ အမိန့်ထုတ်ခိုင်းလိုက် ... ကျိုးပျက်ဂိုဏ်းသားတွေကို သတ်တဲ့သူတိုင်း ကြယ်တာရာဘုရင်တောင် ဝင်ခွင့်ရမယ်။ ပြီးတော့ ...”
မိုဝူကျီ စကားမဆုံးခင် သူက လျှပ်စီးဓားကို ပစ်လွှတ်လိုက်တော့သည်။ ထို့နောက် တျန်းဂျီတုတ်ကို ဆုပ်ကိုင်ထားလိုက်သည်။
မိုဝူကျီ အပြူအမူကို မြင်လိုက်ပြီးနောက် ကျန်ရှိနေသော ခုနစ်ယောက်မှာ နေရာမှ လှုပ်ရှားမှုကို ခံစားမိလိုက်ကြသည်။ ဤနေရာရှိ အားလုံးမှာ အတွေ့အကြုံ များကြသည့်အတွက် မှော်ရတနာ ကိုယ်စီ ဆွဲကိုင်လိုက်ကြတော့သည်။
“ဘုန်း” လျှပ်စီးက ပေါက်ကွဲသွားကာ မိုဝူကျီ၏ အားပြင်းလှသော လျှပ်စီးဓားမှာ ဖယောင်းတိုင်မီးလေးလို ငြှိမ်းသတ်ခံလိုက်ရသည်။
များပြားလှသည့် သဘာဝစွမ်းအားများက သူ့အား လွင့်စေသွားစေသည်။ သဘာဝ စွမ်းအားများသာ ဖြစ်နေသော်လည်း မိုဝူကျီက သူ့ရင်ဘတ်ကို သံမဏိတူကြီးဖြင့် ထုရိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရကာ အသက်ရှူဖို့ပင် ခဏတာ ခက်ခဲသွားစေ၏။
မိုဝူကျီက သူ့ကိုယ်ပိုင် ဒဏ်ရာများကို စိတ်ထဲ မထားဘဲ အစီအရင်အလံများကို ချက်ချင်းထုတ်ကာ အော်ပြောလိုက်သည်။
“အားလုံး တိုက်ကြ ...”
မိုဝူကျီက အစီအရင်အလံများ ပစ်လွှတ်ပြီးနောက် ညွှန်ကြားပေးလိုက်သည့်အခါ ဧရာမ အမွှေးနံ့သာအိုးကြီးက မိုဝူကျီဆီ လွင့်စဉ်လာပြီး ဝါးတားတား အရိပ်လည်း ပေါ်လာသည်။
မိုဝူကျီနှင့် အတူ ထွက်လာကြသူများသည် ကြယ်တာရာဘုရင်တောင်မှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က ခန်းမသခင်၊ အကြီးအကဲများ၊ ကာကွယ်သူများ ဖြစ်ကြသလို လောက အင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေ၏။ နွန်ရှုယီမှ လွဲ၍ ဤနေရာရှိ အားလုံးမှာ တိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့ဖူး၍ အတွေ့အကြုံ အမြောက်အမြား ရှိကြသည်။ မိုဝူကျီက တိုက်ရန် ပြောလိုက်သည့် အခိုက်အတန့်၌ အားလုံးက လက်နက်ကိုယ်စီ ကိုင်ဆွဲပြီးကြလေပြီ။
“ဘမ်း ဘမ်း ဘမ်း” ထိုအမွှေးနံ့သာအိုးကြီး မိုဝူကျီ ခန္ဓာပေါ်ဆီ ရောက်မလာခင် မိုဝူကျီ၏ တျန်းဂျီတုတ်အပါအဝင် မှော်ရတနာ ရှစ်မျိုးမှာ ထိုအရာကို ခုခံလိုက်ကြသည်။
ထိန်းမရသည့် သဘာဝစွမ်းအားများကို ခံစားလိုက်ရပြီး ရှစ်ယောက်သား လွင့်စဉ်သွားတော့သည်။ ခုခံမှုကို ဦးဆောင်ထားသည့် မိုဝူကျီက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ထိုစဉ် မိုဝူကျီက ထိုထိပ်တိုက် ရင်ဆိုင်မှု တစ်ချက်အပြီးတွင် ကျူးချူလက်ထဲမှ လွတ်မြောက်လာသည်မှာ မည်မျှ ကံကောင်းကြောင်း သတိပြုမိသွားသည်။ ဤတစ်ကြိမ်တွင် သူက လောကအင်မော်တယ် ၆ ယောက်ကို ခေါ်ဆောင်လာသည့်အပြင် နွန်ရှုယီလည်း ရှိနေသည်မှာ ကံကောင်းလှသည်ဟု ဆိုရမည်။
အင်မတန် ချောမောခန့်ညားသည့် အမျိုးသားက လေထဲမှ ဆင်းသက်လာကာ မိုဝူကျီ၏ တျန်းဂျီတုတ်နှင့် နွန်ရှုယီ ခန္ဓာကိုယ်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“မင်းက ငါ့ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို ဖယ်ရှားနိုင်တဲ့ အထိတော့ စွမ်းသား ...”
သူက မိုဝူကျီသည် နွန်ရှုယီ၏ ကျင့်စဉ်ကို ဖယ်ရှားပစ်လိုက်သည်ဟု တွေးမိကာ မိုဝူကျီက ကျင့်စဉ်ကို ပြောင်းလဲလိုက်မှန်း မပြောနိုင်ပေ။
မိုဝူကျီက တိတ်တိတ်နေကာ ကျုးချူတွင် အာကာသ တည်နေရာပြောင်း အဆောင်ရှိနေမှန်း ထင်နေမိသည်။ မဟုတ်လျှင် သူက ဤနေရာသို့ မြန်မြန်ဆန်ဆန် ရောက်လာမည် မဟုတ်ပေ။ မိုဝူကျီက ကျိုးပျက်ဂိုဏ်းကို ဖျက်ဆီးပစ်သည့် စက္ကန့်ပိုင်းလေးအတွင်း ကျူးချူက ရောက်ရှိလာခြင်း ဖြစ်သည်။ ဤအမြန်နှုန်းမှာ မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။
“ကျုးချူ ... ကျုပ်တို့ ကြယ်တာရာ ဘုရင်တောင်က ခင်ဗျားတို့ ကျိုးပျက်ဂိုဏ်းကို အမြဲ သက်ညှာပေးခဲ့တယ်။ ကျုပ်တို့ ကြယ်တာရာ သခင်ကိုများ ခင်ဗျားတို့က အလိုရှိဝရမ်း ထုတ်ပြီးတော့ ကျန်းမိုရဲ့ မြို့ဆယ်မြို့ကို ဖျက်ဆီးပစ်ရတယ် ရှိသေး ...” လော့ယွီချန်က လေးလေးနက်နက် ပြောလိုက်သည်။
ကျူးချူက လော့ယွီချန်ကို တစ်ချက်ကြည့်ကာ မတူတန်သလို ပြောလိုက်သည် “မင်းက ဘာလဲ။ မင်းကိုယ်မင်း ငါနဲ့ စကားပြောဖို့ အရည်အချင်း ပြည့်မီပြီ ထင်နေတာလား”
သူက လော့ယွီချန်လို အဆင့်နိမ့်လေးကို ရှင်းပြဖို့ရာ အလွန် ပျင်းရိနေမိသည်။
ကြယ်တာရာ ဘုရင်တောင်က သူ့ကျိုးပျက်ဂိုဏ်းကို သက်ညှာပေးခဲ့တာတဲ့လား ... ဟားဟား ... တကယ်တော့ ကြယ်တာရာ ဘုရင်တောင်က ငါ ... ကျူးချူကို ရန်မစရဲတာ မဟုတ်ဘူးလား
“မင်းတို့က ငါ့ကျိုးပျက်ဂိုဏ်းကို ဖျက်ဆီးပစ်မှတော့ မင်းတို့ အသက်လေးနဲ့ ငါ့ကျိုးပျက်ဂိုဏ်းကို ပေးဆပ်ကြည့်ကြပါ့လား” ကျူးချူက လက်ကို မြှောက်လိုက်သည့်အခါ အမွှေးနံ့သာအိုးမှာ တဖြည်းဖြည်း ကြီးမားလာသည်။
မိုဝူကျီက တွေဝေမနေဘဲ အစီအရင်အလံတချို့ ပစ်ကာ အော်ပြောလိုက်သည် “အားလုံး တိုက်ကြ ...”
ထိုစဉ် မိုဝူကျီ၏ တျန်းဂျီတုတ်မှာ တခြားတည်နေရာသို့ ဦးတည် သွားလေ၏။
“ဘုန်း ဘုန်း ဘုန်း”
သဘာဝစွမ်းအားများက တစ်ခုနှင့် တစ်ခု ဆက်တိုက်မိနေပြီး ဤတိုက်ပွဲမှာ လောကအင်မော်တယ် အဆင့် ၈ ယောက်နှင့် မြေကမ္ဘာအင်မော်တယ် အဆင့် တစ်ယောက်တို့ ကြားမှ တိုက်ပွဲ ဖြစ်သည်။ အံ့အားသင့်စရာ စွမ်းအားများကြောင့် ဘေးနားမှ တောင်ကုန်းပုများက မြေပြန့် ဖြစ်သွားကြသည်။ မိုဝူကျီက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဖြစ်သော်လည်း လောကအင်မော်တယ် အဆင့် ၇ ဖြစ်သည့် စန်းချိုက်ဟယ်ထက်ပင် အနည်းငယ် အားပိုကောင်း နေသေးသည်။
မှော်လက်နက်များမှ ထွက်ပေါ်လာသော အလင်းတန်းများနှင့်အတူ အမျိုးမျိုးသော မှော်ကျင့်စဉ်များ၏ အစွမ်းများနှင့် အဆုံးမသတ်သည့် ပေါက်ကွဲမှုများမှာ ကြားနေရသည်။ ကျူးချူက အားကောင်းလွန်းသော်ကြောင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် မိုဝူကျီနှင့် ကျန်လူများက ကျူးချူ တိုက်ခိုက်မှုမှ ဖိအားများကို အလွန်အမင်း ခံစားနေရသည်။
ဖေးချောင်နှင့် ဝမ်ဟွားရှန်တို့မှာ အားအနည်းဆုံး ဖြစ်ကာ ကျူးချူ၏ မှော်ရတနာမှ အဓိက တိုက်ခိုက်မှုအောက်တွင် နှစ်ယောက်လုံးမှာ သွေးအန်လာပြီး ပူးပေါင်းထားသည့် အင်အားမှာ ချက်ချင်းဆိုသလို အားနည်း လာလေ၏။
မိုဝူကျီက ကျိုးပျက်ဂိုဏ်း ကျင့်စဉ်ကို လေ့လာဖူးသည့်အတွက် နွန်ရှုယီ၏ ကျင့်စဉ်မှာ လက်ဆော့ထားသော်လည်း အခြေခံ သဘောတရားများက ကွာဟချက် ကြီးကြီးရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူက အစီအရင်အလံများ ပစ်လွှင့်ရင်း ပူးပေါင်း တိုက်ခိုက်မှုမှာ ကျူးချူ စွမ်းအား စုစည်းသည့်နေရာကို ချိန်ရွယ်ထားခြင်း ဖြစ်သည်။ ထို့အပြင် သူတို့က ကျူးချူ ခန္ဓာကိုယ် နေရာပေါင်းစုံကို ဆက်တိုက် တိုက်ခိုက်လာသောကြောင့် သူ့သဘာဝ စွမ်းအားများကို ဖြည်းဖြည်းချင်း လျော့နည်း လာစေလိမ့်မည်။
သူ့တိုက်ခိုက်မှုများကို ပူးပေါင်း တိုက်ခိုက်မှုမှ ပိတ်ဆို့ထားသည်ကို ခံစားမိပြီးနောက် ကျူးချူက နှာခေါင်း ရှုံ့လိုက်သည်။ သူက လောက အင်မော်တယ်အဆင့် ကျင့်ကြံသူလေး တချို့က သူနှင့် ဖက်ပြိုင်နိုင်လိမ့်မည်ဟု မယုံပေ။
သူ့အမွှေးနံ့သာအိုးက လေထဲတွင် အကြိမ်အရေနည်း လှည့်ပတ်ပြီးနောက် ကျူးချူက နောက်မဆုတ်ဘဲ ကြမ်းတမ်း ခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။
“သေစမ်း”
မျက်စိနှင့်သော်လည်းကောင်း စိတ်စွမ်းအားဖြင့် သော်လည်းကောင်း မမြင်နိုင်သည့် အလင်းတန်းက မိုဝူကျီ နဖူးဆီ ဦးတည်နေသည်။
ထိုစဉ် မိုဝူကျီက လွတ်မြောက်လိုလျှင်ပင် သူ့ခန္ဓာမှာ ခါတိုင်းထက် နှေးကွေးလာလေ၏။ ကျူးချူ၏ ကျန်ရှိနေသော အင်အားများက ကြောက်စရာ ကောင်းလှသောကြောင့် မိုဝူကျီကို အရင်ဦးဆုံး ရင်ဆိုင်လိုက်သည့်အခါ မိုဝူကျီအတွက် ထွက်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် နေရာ မရှိတော့ချေ။
မိုဝူကျီအပြင် ဤနေရာတွင် စန်းချိုက်ဟယ်မှာ အားအကောင်းဆုံး ဖြစ်သောကြောင့် မိုဝူကျီ အန္တရာယ်ထဲ ကျရောက်တော့မည်ကို ပထမဆုံး အာရုံခံမိလိုက်သူ ဖြစ်သည်။ သူမလက်ထဲမှ ကြယ်တာရာမြေပုံမှာ ကောင်းကင်ဒုံးကျည်အဖြစ် ပြောင်းလဲသွားပြီး ကျူးချူဆီ ကြယ်တာရာ အလင်းဆယ်တန်းမက ပြေးဝင်သွားတော့သည်။
ကျူးချူက တစ်ချက် ညည်းညူလိုက်သော်လည်း သူလုပ်နေသည့်အရာကို ရပ်တန့်ရန် စိတ်ကူးမရှိချေ။ အမွှေးနံ့သာအိုးမှာ အနည်းငယ် လှန်သွားပြီး များပြားလှသည့် အမွှေးနံ့သာအိုး အရိပ်များက စန်းချိုက်ဟယ်၏ ကြယ်တာရာ အလင်းတန်းကို ပိတ်ဆို့ ထားလိုက်သည်။
ကြယ်တာရာ အလင်းတန်းက ပေါက်ကွဲသွားပြီး သဘာဝ စွမ်းအားများမှာ အဆီအနှစ်အဖြစ် ပြောင်းလဲသွားပြီး စန်းချိုက်ဟယ်ဆီ ပြန်ရောက်လာသည်။ စန်းချိုက်ဟယ်က သွေးတစ်ပွက် အန်လိုက်ရပြီး ဆယ်မီတာလောက်အထိ လွင့်စဉ်သွားတော့သည်။
မိုဝူကျီက အထိတ်တလန့် ဖြစ်မိသွားသည်။ အကြောင်းမှာ သူက တစ်ယောက်ချင်း ရင်ဆိုင်လျှင် ကျူးချူကို သူ့သဘာဝ စွမ်းအားလေးနှင့် ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်မှန်း သိထားသည်။ စန်းချိုက်ဟယ်က သူ့ကို ကယ်တင်လိုဇောဖြင့် အမှား ပြုလုပ်မိလိုက်သည်။
“ဖူး” အလင်းတန်းက မိုဝူကျီ နဖူး ဖောက်ထွင်းသွားကာ ချက်ချင်းဆိုသလို ဝါးတားတား အရိပ်အဖြစ် ပြောင်းလဲ သွားတော့သည်။ ထိုအရိပ်မှာ မိုဝူကျီ၏ အသိစိတ်ပင်လယ်ဆီ ဝင်သွားပြီး မိုဝူကျီ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ချောင်ပိတ်ထားရန် အလိုရှိနေပုံ ရသည်။
နှမြောစရာ ကောင်းသည်က မိုဝူကျီတွင် ကမ္ဘာဦး စိတ်ဝိညာဉ်မရှိဘဲ ခရမ်းစွမ်းအားရေကန်သာ ရှိလေ၏။
***