ကြယ်တာရာသခင်နန်းတော်
Vol. 28 Ch. 379
မိုဝူကျီ တံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားပြီးနောက် ကျန်းရှင်းလည်း အေးချမ်းလာကာ ကျိုးပျက် ဂိုဏ်းသားများလည်း ဆက်တိုက် ဖမ်းဆီးခံရပြီး ကျန်းရှင်းမှာ နဂိုမူလ အခြေအနေတိုင်း ပြန်ရောက်လာသည်။
အစပိုင်းတွင် ခန်းမသခင်တချို့နှင့် အကြီးအကဲများက ကျိုးပျက်ဂိုဏ်းချုပ် ကျုးချုက ဒဏ်ရာများ ပြန်လည် သက်သာသွားပြီးနောက် ရုတ်တရက် ပြန်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။ သို့သော်လည်း လအတော်ကြာ ငြိမ်သက်နေသည့်အတွက် ကြယ်တာရာ ဘုရင်တောင်က စိတ်အေးသွားကြသည်။
***
မိုဝူကျီ တံခါးပိတ် ကျင့်ကြံနေသည်မှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်၏။ ကြယ်တာရာ သခင်တောင်မှာ ကျန်းရှင်းတစ်ခုလုံးတွင် ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး ဖြစ်သော်လည်း မိုဝူကျီက ငါးလအကြာတွင် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၀ တွင် ရှိနေဆဲ ဖြစ်သည်။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၁ ကို ရောက်ရှိဖို့ရာ အလှမ်းကွာနေသေးရာ လောက အင်မော်တယ်အဆင့်မှာ ပို၍ အလှမ်းကွာပေသည်။
မိုဝူကျီက သူက ထိုအဆင့် ရောက်သွားသည့်အခါ သူ့ကျင့်ကြံဆင့် ဖြည်းဖြည်းချင်း မြင့်တက်လာလိမ့်မည်ဟု မှန်းထားသည်။ သူက လခြမ်းကွေး အကျဉ်းထောင်မှ စိတ်စွမ်းအင် ကျောက်တုံးအချော တချို့သာ မရရှိခဲ့လျှင် သူက ထိုမျှ ဖြတ်လမ်းတွေ့လာမည် မဟုတ်ပေ။
ငါးလတာ ဆက်တိုက် တံခါးပိတ် နေပြီးနောက် ဝိညာဉ်စွမ်းအားများကို အသုံးပြုသော်လည်း မရရှိသောကြောင့် ကျင့်ကြံရာမှ ထွက်လာတော့သည်။ သူက ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူမှာ ကြယ်တာရာ ဘုရင်တောင်ကို လာတိုက်ခိုက်နေမလားဟု စိုးရိမ်မိသေးသည်။
ကြယ်တာရာ ဘုရင်တောင်တွင် လောက အင်မော်တယ်များစွာ ရှိသော်လည်း အဆင့်မြင့်ဆုံး ဖြစ်သည့် စန်းချိုက်ဟယ်ပင် ကျုးချူအတွက် ပြိုင်ဘက်ဖြစ်ဖို့ရန် ကွာဝေးလွန်း လှသေးသည်။
မိုဝူကျီက ကြယ်တာရာ သခင်တောင်မှ ထွက်လာသည်နှင့် ချီဟော်အာကို မြင်လိုက်ရသည်။ ချီဟော်အာမှာ ကြယ်တာရာ သခင်တောင် ကာကွယ်ရေး အစီအရင် အပြင်ဘက် အလယ်တည့်တည့်တွင် ရပ်နေပြီး ထောင်ထားသည့် လှံတံနှင့် တူပေသည်။
“ထိန်းသိမ်းရေးမှူးချီ ... ဒီမှာ ဘာလုပ်နေတာလဲ” မိုဝူကျီက ချီဟော်အာကို ကြည့်ကာ နားမလည်စွာ မေးလိုက်သည်။
ကြယ်တာရာ သခင်တောင်တွင် အဆုံးမဲ့ ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားသည့် တစ်ချိန်တည်းတွင် ကြယ်တာရာ ဘုရင်တောင်၏ အားအကောင်းဆုံး ကာကွယ်ရေး အစီအရင်နှင့်လည်း ကာကွယ်ပေးထားသည်။ မိုဝူကျီ၏ ခွင့်ပြုချက် မရှိဘဲ မည်သူကမျှ ကြယ်တာရာ သခင်တောင်ကို ဝင်ခွင့်မရှိချေ။ ထို့ကြောင် တစ်ယောက်ယောက် ရပ်စောင့်နေဖို့ရာ မလိုအပ်ပေ။ ချီဟော်အာမှာ ဤနေရာတွင် ရပ်နေသောကြောင့် မိုဝူကျီက အတော်လေး စိတ်ရှုပ်ထွေး မိသွားသည်။
ချီဟော်အာက ချက်ချင်း ဦးညွှတ်ကာ “ကျုပ်က ကြယ်တာရာ ဘုရင်တောင်ရဲ့ ကြယ်တာရာသခင်အတွက် ကာကွယ်သူလေ။ ကြယ်တာရာ ဘုရင်တောင် ရှင်သန်နေသရွေ့ ကျုပ်က ကြယ်တာရာ သခင်တောင်ကို ဆက်ပြီး ကာကွယ်ပေးရမှာ ...”
မိုဝူကျီက တိတ်တဆိတ် ပြောစရာ ရှာမတွေ့ ဖြစ်သွားသည်။
ဤချီဟော်အာမှာ အနည်းဆုံး အသက်ထောင်ချီနေပြီ မဟုတ်ဘူးလား ... သူက ဒီနေရာကို နှစ်ရာချီ စောင့်ကြပ်နေခဲ့ရတာလား ...
“ထိန်းသိမ်းရေးမှူးချီ ... ကျုပ် တံခါးပိတ် ကျင့်ကြံတာက အချိန် မသေချာဘူးဆိုတော့ ဒီနားမှာ စောင့်မနေလည်း ရပါတယ်” မိုဝူကျီက တုံ့ပြန်လိုက်သည်။ သူက လောက အင်မော်တယ်အနေနှင့် ချီဟော်အာ လုပ်ဖို့ လိုအပ်နေသည်က သူ့အစောင့်မဟုတ်ဘဲ ကျင့်ကြံဖို့ရာသာ ဖြစ်၏။
ချီဟော်အာက ခေါင်းခါလိုက်ပြီး “ဒါက ကျုပ် တာဝန်ပါ။ ပြီးတော့ ဒီနားမှာ ရပ်နေရင် ကြယ်တာရာ သခင်တောင်က စွမ်းအားလေးနဲ့ ကျင့်ကြံလို့ ရတယ်လေ”
ချီဟော်အာက သူ့ဖျောင်းဖျမှုကို လက်မခံမှန်း သိသည့်အခါ မိုဝူကျီက ထပ်မေးလိုက်သည်
“ကျုပ် တံခါးပိတ် ကျင့်ကြံနေတုန်း လောကခန်းမမှာ တစ်ခုခု ဖြစ်သွားသေးလား။ ပြီးတော့ ကျုးချူရော ပေါ်လာပြီလား ...”
“ခန်းမသခင်တွေနဲ့ အကြီးအကဲတွေရဲ့ ကာကွယ်မှုအောက်မှာ ကျန်းရှင်းက နဂိုအခြေအနေ ပြန်ရောက်နေပါပြီ၊
ကျူးချူနဲ့ အာကာသ ဝံပုလွေဘုရင်ကြီးကတော့ ပေါ်မလာသေးဘူး။ ပြီးတော့ ထျန်းချီအိမ်တော် ယန်ဟွေ့မင်က ကြယ်တာရာသခင်ဆီ နှစ်ကြိမ် လာတွေ့သေးပါတယ်။ သူမက ကြယ်တာရာသခင် တံခါးပိတ် ကျင့်ကြံနေတာကို ကြားတော့ နောက်မှ ထပ်လာလည်ပါ့မယ်ဆိုပြီး ပြောသွားပါတယ် ...” ချီဟော်အာက အလျင်အမြန် ပြောလိုက်သည်။
မိုဝူကျီက ကျူးချူ ကိစ္စ စုံစမ်းလိုသော်လည်း ကျူးချူ ပေါ်မလာသေးသည်ကို ကြားပြီး စုရွမ်နှင့် ကျန်လူများကို ရှာရန် မလိုအပ်တော့ပေ။ တစ်ဖက်တွင် သူက ယန်ဟွေ့မင်ကို မသိသေး၍ ထပ်မေးလိုက်သည်။
“ထျန်းချီအိမ်တော်က ဘာလို့များ ရောက်လာတာလဲ ...”
ချီဟော်အာက ပြန်ဖြေလိုက်သည်။
“ဟိုးတုန်းက ကျန်းမိုနယ်မြေရဲ့ အလှပဆုံး မိန်းမပျိုတွေ အားလုံးက ထျန်းချီအိမ်တော်က ဆင်းသက် လာကြတာ။ ကြယ်တာရာ ဘုရင်တောင်ရဲ့ လောက အင်မော်တယ်အဆင့် ကျင့်ကြံသူတွေက ထျန်းချီအိမ်တော်က ရောက်လာတဲ့ တာအိုမိတ်ဖက်တွေ ရှိကြတယ်။ ဒီမျိုးဆက်မှာတော့ ထျန်းချီအိမ်တော်သခင် ယန်ဟွေ့မင်ရဲ့ တပည့် ကျွမ်းရှီယွဲ့က နတ်သမီးလေးလို ချောမော လှပတယ်လို့ ပြောသံကြားတယ်။
ယန်ဟွေ့မင်က အစပိုင်းတုန်းက ကျွမ်းရှီယွဲ့ကို လိန်ဟုန်ကျီနဲ့ စေ့စပ်ပေးချင်ခဲ့တာ။ ဒါပေမဲ့ လိန်ဟုန်ကျီက ကြယ်တာရာ ဘုရင်တောင်ကို သစ္စာဖောက်သွားတော့ ယန်ဟွေ့မင်က သူမ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မပြောပေမဲ့ သူမ တပည့်ကို ကြယ်တာရာသခင်နဲ့ စေ့စပ်ပေးချင်တာ ဖြစ်လောက်တယ် …”
ထိုသည်က ကိစ္စအသေးလေး ဖြစ်၍ မိုဝူကျီက ဘေးဖယ် ထားလိုက်သည်။ သူ ကျန်းရှင်းကို လာစဉ်မှ စ၍ သူ့တွင် အချစ်မေတ္တာနှင့် ပတ်သက်လာလျှင် နှစ်ယောက်သာ ရှိခဲ့သည်။ တစ်ယောက်မှာ သူ့နိမ့်ကျ ဆင်းရဲသည့်အခါက ဘေး၌ ထောက်ပံ့ပေးခဲ့သည့် ယန်အာ ဖြစ်ပြီး နောက်တစ်ယောက်မှာ သူ့နှလုံးသားကို လှုပ်ရှားသွားစေသည့် ချိန်စုယင် ဖြစ်၏။
ယန်အာ မှတ်ဉာဏ်များက ပျောက်ကွယ်သွားပြီ ဖြစ်ရာ အလဲအလှယ်အနေနှင့် သူမ ကျင့်ကြံဆင့်မှာ အဆမတန် တိုးတက် လာပေသည်။ ထို့အပြင် သူမက အတွေ့အကြုံများသည့် ပိုင်စုတင်းနောက် လိုက်နေ၍ ပြဿနာ ကြုံရလိမ့်မည်တော့ မဟုတ်ချေ။
ချိန်စုယင်မှာ သူ့ထွေးပွေ့မှုအတွင်း ပျောက်ကွယ် သွားလေသည်။ မည်သူကမျှ သူ့နှလုံးသားရှိ သူမနေရာကို အစားထိုး ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။ သူ့အတွက် အခြား အမျိုးသမီးများ မည်မျှ လှစေကာမူ သူတို့မှာ လွင့်မျောနေသည့် တိမ်များလို ယာယီသာ ဖြစ်၏။ သူ့နှလုံးသားကို တခြားအမျိုးသမီး ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။
သူက တံခါးပိတ် ဆက်ကျင့်ကြံဖို့ တွေးတောနေစဉ် ချီဟော်အာက ရုတ်တရက် မေးလိုက်သည်။
“ကြယ်တာရာသခင်ရဲ့ ကျင့်ကြံခြင်းက များများ တိုးတက်လာပုံ မပေါ်ဘူး။ ကြယ်တာရာသခင် ကြယ်တာရာသခင် နန်းတော်ကိုရော ရောက်ပြီးသွားပြီလား”
မိုဝူကျီက ချက်ချင်း ပြန်မေးလိုက်သည် “ကြယ်တာရာသခင် နန်းတော်က ဘာများလဲ”
သူက ကြယ်တာရာသခင် တစ်ယောက် ဖြစ်သော်လည်း သူကိုယ်သူ ကြယ်တာရာ သခင်အဖြစ် မမြင်ပေ။
သူ ကြယ်တာရာသခင် ဖြစ်လာသည့် ကိစ္စနှင့် ကြယ်တာရာ ဘုရင်တောင်သို့ ရောက်လာသည့် ကိစ္စများမှာ မတော်တဆ ဖြစ်လာခြင်းသာ ဖြစ်၏။ ကြယ်တာရာ ဘုရင်တောင်တွင် ကြယ်တာရာ သခင်တောင် ရှိနေသည်က ကံကောင်းလှပေသည်။ ဤနေရာမှာ သူ့အတွက် ကျင့်ကြံဖို့ရာ သင့်တော်ပေ၏။ ထို့ကြောင့်သာ နေဖို့ရာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက ကြယ်တာရာ ဘုရင်တောင် ကိစ္စများကို စိတ်ထဲ ထားမည် မဟုတ်ပေ။
သူ ကြယ်တာရာ သခင်အဖြစ် အာဏာကို အသုံးပြုခဲ့သည့် တစ်ခုတည်းသော အချိန်မှာ ကျိုးပျက်ဂိုဏ်းကို နှိမ်နင်းစဉ်က ဖြစ်သည်။ ကြယ်တာရာသခင် တစ်ယောက်အနေနှင့် သူက လောက အင်မော်တယ်များကို စုစည်းခဲ့ပြီး ကျူးချူကို လိုက်ခဲ့သည်။
ထို့နောက် သူက ကြယ်တာရာ ဘုရင်တောင်အတွင်း တံခါးပိတ် ကျင့်ကြံဖို့ရာ ချက်ချင်း ရွေးချယ်မိသည်။
သူက ကြယ်တာရာ သခင်ခန်းမကို သိသော်လည်း ကြယ်တာရာ သခင်နန်းတော်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဤတစ်ကြိမ် လန့်ဖျပ်သွားသူမှာ ချီဟော်အာ ဖြစ်၏။ သူ့တုံ့ပြန်မှု မြန်ဆန်၍ မြန်မြန် ပြောလိုက်သည် “ကြယ်တာရာသခင် ကျင့်ကြံနေတုန်းက ဘယ်ကိုမှ လျှောက်မကြည့်မိတာ နေမယ်”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။ ထိုစကားများမှာ မှန်ကန်ပေ၏။ သူ ကြယ်တာရာ ဘုရင်တောင်တွင် ကျင့်ကြံနေစဉ် သူက အမှန်ပင် လျှောက်မကြည့်မိပေ။ သို့သော်လည်း သူက နေရာပတ်လည်ကို စိတ်စွမ်းအားဖြင့် အာရုံခံကြည့်ခဲ့ရာ ကြယ်တာရာ သခင်တောင်တွင် စင် တစ်ခု ရှိသည်ကို သိ၏။ ထိုအောက်တွင် ကမ္ပည်းတိုင်များစွာ ရှိလေသည်။ မိုဝူကျီ အမြင်အရ သူတို့မှာ ယခင် ကြယ်တာရာ သခင်များ၏ ကမ္ပည်းတိုင်များသာ ဖြစ်လိမ့်မည်။ လက်တွေ့တွင်လည်း သူက ချီထုံနှင့် ဝူလင်းကျီတို့ ကမ္ပည်းတိုင်များကို မြင်တွေ့ခဲ့ရသည်။
ချီထုံပင် ဖြစ်ဖြစ်၊ ဝူလင်းကျီပင် ဖြစ်ဖြစ် မိုဝူကျီက သူတို့နှင့် မရင်းနှီးလှပေ။ အခြား ကြယ်တာရာ သခင်များကိုတော့ ကမ္ပည်းတိုင်ပင် မကြည့်ဖြစ်တော့ပေ။
မိုဝူကျီ ပြန်ဖြေဖို့ရာ မလိုအပ်တော့ပေ။ ချီထုံက မိုဝူကျီသည် ကြယ်တာရာ သခင်နန်းတော်ထဲ မရောက်ရသေးကြောင်း သိ၏။ ထို့ကြောင့် သူက ရှင်းပြလိုက်သည်။
“ကြယ်တာရာ သခင်တောင်ရဲ့ ကြယ်တာရာ သခင်နန်းတော်မှာ စင်တစ်ခုရှိတယ်။ အဲဒီဟာက အရင် ကြယ်တာရာသခင်တွေရဲ့ ကမ္ပည်းတိုင် ထားထားတဲ့နေရာလေ။ အဲဒီ ကြယ်တာရာ သခင်တွေက ဟင်းလင်းပြင်ကိုလည်း ချိုးဖောက်သွားတာလဲ ရှိသလို နှစ်တွေအကြာကြီး ပျောက်ဆုံး နေတာလည်း ရှိတယ်။
အဲဒါကြောင့် ကြယ်တာရာသခင်ဝူက နယ်ခြား အင်အားစုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဆိုတော့ ဒီနေရာကို လာကြည့်ဖို့ အချိန်မရခဲ့ဘူး။ အဲဒါကြောင့် ကြယ်တာရာ သခင်နန်းတော်မှာ ဘာမှ မချန်ထားခဲ့လိုက်ရဘူး။
ပြီးတော့ သူလည်း အရင်ကြယ်တာရာ သခင်တွေဆီက ဘာမျှ မရလိုက်ဘူး”
“ကြယ်တာရာသခင် နန်းတော်က အရင် ကြယ်တာရာသခင်တွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေ ရှိတဲ့နေရာလို့ ပြောချင်တာလား” မိုဝူကျီက သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။
ချီဟော်အာက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်။ ကြယ်တာရာ ဘုရင်တောင်က ထွက်မသွားခင် ကြယ်တာရာသခင်တိုင်းက ကြယ်တာရာသခင် နန်းတော်ထဲမှာ တစ်ခုခု ချန်ထားလေ့ ရှိတယ်။ အဲဒီပစ္စည်းတွေက ကြယ်တာရာသခင်တွေရဲ့ အောင်မြင်မှု အနေနဲ့ပေါ့ ...”
မိုဝူကျီက စတင်၍ နှလုံးခုန် မြန်ဆန်လာသည်။ ထို့နောက် မြန်မြန် ပြောလိုက်တော့သည်။
“ထိန်းသိမ်းရေးမှူးချီ ... ကျုပ်နဲ့အတူ ကြယ်တာရာသခင် နန်းတော်ကို လိုက်ခဲ့ပါဦး ... ဒါနဲ့ အဲဒီကို ဝင်ဖို့ တခြားလိုအပ်ချက်တွေ ရှိသေးလား”
“ကြယ်တာရာသခင်က ကြယ်တာရာသခင် အမှတ်အသားပြား ယူသွားရုံပါပဲ။ အဲလိုဆို ကြယ်တာရာသခင်နန်းတော်ကို ဝင်လို့ ရပါပြီ” ချီဟော်အာက ပြန်ဖြေလိုက်သည်။
မိုဝူကျီက သူသည် ယာယီကြယ်တာရာသခင် ဖြစ်နေမှန်း သိသော်လည်း သူတွင် ကြယ်တာရာသခင် အမှတ်အသားပြားရှိနေ၍ ခေါင်းညိတ်ကာ ပြောလိုက်တော့သည် “အဲဆို သွားကြည့်ကြစို့ ...”
“ဟုတ်ကဲ့” ချီဟော်အာက တစ်စက္ကန့်လေးမျှ တွေဝေမနေဘဲ ကြယ်တာရာသခင် အမိန့်ကို တုံ့ပြန်လိုက်သည်။
မိုဝူကျီ တံခါးပိတ် ကျင့်ကြံသွားသည့် နေရာဘေးတွင် အခန်းငယ်တစ်ခု ရှိနေသည်။ မိုဝူကျီနှင့် ချီဟော်အာတို့ ထိုအခန်းထဲ ဝင်သွားသည်နှင့် မြောက်မြားစွာသော ကမ္ပည်းတိုင်များကို မြင်တွေ့လိုက်ရသည်။ ပထမ ကမ္ပည်းတိုင်တွင် ချောင်အောင်းလွန် အမည်ရှိနေသည်။ ထိုအောက်တွင် ကျောက်ပြားပေါ်၌ စာလုံးအသေးလေး တချို့ ရှိနေသေးသည်။
ချောင်အောင်းလွန် - ကြယ်တာရာ ဘုရင်တောင်ကို ဖွဲ့စည်းခဲ့သူ၊ လောကခန်းမကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကြယ်တာရာ ဘုရင်တောင်ရဲ့ ပထမဆုံး ကြယ်တာရာသခင် ဖြစ်လာတယ်။ ကြယ်တာရာသခင် အဖြစ် ၃၄၁ နှစ် နေထိုင်ခဲ့ပြီး ဟင်းလင်းပြင်ကို ချိုးဖောက်သွားတယ်။
ဒုတိယမြောက် ကျောက်ပြားပေါ်တွင် “ချင်နောင်၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ ဒုတိယမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၇၇၇ နှစ်၊ ပျောက်ဆုံး”
တတိယမြောက် ကျောက်ပြားပေါ်တွင် “လဲ့တျန်းယီ၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ တတိယမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၄၃၂ နှစ်၊ ကြယ်တာရာ တိုက်ပွဲအတွင်း သေဆုံး”
စတုတ္ထမြောက် ကျောက်ပြားပေါ်တွင် “လော့ချွမ်းဟယ်၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ စတုတ္ထမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၅၂၁ နှစ်၊ ပျောက်ဆုံး”
ပဉ္စမမြောက် ကျောက်ပြားပေါ်တွင် “ဟန်လီ၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ ပဉ္စမမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၂၆၃ နှစ်၊ ပျောက်ဆုံး”
ဆဋ္ဌမမြောက် ကျောက်ပြားပေါ်တွင် “ချီထုံ၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ ဆဋ္ဌမမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၃၄၈ နှစ်၊ ကြယ်တာရာ တိုက်ပွဲအတွင်း သေဆုံး”
သတ္တမြောက် ကျောက်ပြားပေါ်တွင် “ဝူလင်းကျီ၊ ကြယ်တာရာ ဘုရင်တောင်ရဲ့ သတ္တမြောက် ကြယ်တာရာသခင်၊ ကြယ်တာရာသခင်အဖြစ် ၆ နှစ်၊ လုပ်ကြံခံရ၍ သေဆုံး”
ကြယ်တာရာသခင် ခုနစ်ယောက်လုံး၌ ပထမကြယ်တာရာသခင်မှ လွဲ၍ အခြား ခြောက်ယောက်လုံးသည် ပျောက်ဆုံးသွားကြသလို သေဆုံး သွားကြတာမျိုးသာ ဖြစ်၏။
အတော်လေး ကံမကောင်းရှာခဲ့တာ မဟုတ်ပေဘူးလား ...
မိုဝူကျီက ဘာမျှမပြောသော်လည်း သူ့စိတ်ထဲ၌ မသက်မသာ ခံစားနေရသည်။
သူက ကြယ်တာရာဘုရင်တောင်၏ ရှစ်ယောက်မြောက် ကြယ်တာရာသခင် ဖြစ်ကာ သူလည်း ကျန်သူများကဲ့သို့ ပျောက်ဆုံးသွားမလား ဒါမှမဟုတ် သေဆုံးသွားလေမလား ....
ဘေးတွင် ချီဟော်အာက မိုဝူကျီ အမူအရာကို သတိပြုမိ၍ သက်ပြင်းချကာ ပြောလိုက်တော့သည် “တကယ်တော့ ကျုပ်တို့ရဲ့ ပထမဆုံး ကြယ်တာရာ သခင်ကလည်း ပျောက်ဆုံးသွားတာပဲ ...”
“ဘယ်လို” မိုဝူကျီက ချီဟော်အာကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ ယခုလေးတွင် သူက ဟင်းလင်းပြင် ချိုးဖောက်သွားသည့် ကြယ်တာရာသခင် တစ်ယောက်တော့ ရှိသေးသည့် အကြောင်း စဉ်းစားနေတာ ဖြစ်၏။ သို့သော် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲ သွားပြန်သည်။
ချီဟော်အာက ခေါင်းခါပြပြီး “ဒီအစေခံအိုကြီးလည်း မသိပါဘူး”
မိုဝူကျီက ဤသို့သာ ပြောနိုင်တော့သည် “ဒီလိုဆိုမှတော့ ထားလိုက်ပါ။ ကြယ်တာရာ သခင်ချီ ချန်ခဲ့တာ သွားကြည့်ရအောင်”
မိုဝူကျီက ထိုကိစ္စ ဆက်မပြောတော့သည်ကို မြင်၍ ချီဟော်အာက သက်ပြင်းချ လိုက်တော့သည်။ သူက ကမ္ပည်းတိုင် ခုနစ်ခု၏ အနောက်ဘက်သို့ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်
“တကယ်တော့ ဒီနေရာမှာ အစီအရင် တံခါး တစ်ချပ်ရှိတယ်။ ကြယ်တာရာသခင် အမှတ်အသားပြားနဲ့ ဆိုရင်တော့ အလိုလို ဖွင့်ပေးလိမ့်မယ်”
မိုဝူကျီက သူ့ကြယ်တာရာသခင် အမှတ်အသားပြားကို ထုတ်ကာ လျှောက်လှမ်းလာသည်။ အမှန်ပင် အစီအရင်ဂိတ်တံခါးမှာ ပွင့်လာလေ၏။ သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအားများပင် ထွက်လာသည်။ သူတို့နှစ်ယောက်ရှေ့တွင် ရွှေရောင်သန်းနေသည့် လှေကားပေါ်လာသည်။
မိုဝူကျီက လှေကားအတိုင်း လျှောက်သွားလိုက်သည့်အခါ လှေကားမှာ အတိုလေး မဟုတ်ချေ၊။ အနည်းဆုံး လှေကားထစ် ၁၀၀ တော့ ရှိ၏။ သူက နောက်ဆုံးအထစ်သို့ ရောက်သည့်အခါ ခန်းမကြီးတစ်ခုက စီးကြိုနေသည်။ ဤခန်းမှာ ကြီးကျယ် ခမ်းနားလှပြီး မြေအောက်တွင် ဆောက်ထားသည့် ပုံစံနှင့် မတူပေ။
ဤကျယ်မားလှသည့် ခန်းမကြီးအလယ်တွင် အဆင့်ဇယားသုံးခု ထောင်ထားလေ၏။ မိုဝူကျီက အဆင့်ဇယားနှစ်ခုတွင် သူ့နာမည်ကို မြင်လိုက်ရသည်။
ချီဟော်အာက မိုဝူကျီ အကြည့်ကို သတိပြုမိ၍ မြန်မြန် ရှင်းပြလိုက်သည် “ဒီဟာတွေက ဘုရင်အဆင့်ဇယားတွေပါ။ လူသား၊ မြေကမ္ဘာနဲ့ ကောင်းကင်အဆင့် ဇယားတွေမှာ အဆင့်တစ်ရတဲ့သူတွေပဲ ဒီဘုရင်အဆင့်ဇယား သုံးခုကို ဝင်ဖို့ အရည်အချင်း ရှိတယ်”
မိုဝူကျီ ကျန်းရှင်းကို ရောက်လာစဉ်က ထိုဘုရင် (ထိပ်သီး)အဆင့် ဇယားသုံးခုအကြောင်း ကြားဖူးလေ၏။ သူက ထိုအဆင့်ဇယားများမှာ ကြယ်တာရာ ဘုရင်တောင်တွင် ရှိမှန်း သိသော်လည်း ကြယ်တာရာသခင် တစ်ယောက်သာ သူတို့ တည်နေရာကို သိ၏။ သူက ထိုအဆင့်ဇယား သုံးခုမှာ ဤနေရာတွင် ရှိနေလိမ့်မည်ဟု ထင်မထားပေ။
သူ့နာမည်က လူသားဘုရင်အဆင့် ဇယားနှင့် မြေကမ္ဘာဘုရင်အဆင့် ဇယားတို့တွင် အဆင့် ၁ ဖြစ်နေသည်ကို မြင်၍ မိုဝူကျီက အတော်လေး ကျေနပ်မိသွားသည်။ မိုဝူကျီက ကောင်းကင်ဘုရင်အဆင့် ဇယားကို ကြည့်လိုက်မိချိန်တွင် ချက်ချင်း မျက်မှောင်ကြုတ်မိ သွားတော့သည်။
ကောင်းကင်ဘုရင်အဆင့်ဇယား အဆင့် တစ်မှာ လော့ပိုယီ ဖြစ်ကာ တမူထူးသည့် နာမည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက မိုဝူကျီ မျက်မှောင်ကြုတ်မိသည့် အကြောင်းအရင်း မဟုတ်သေးပေ။ အကြောင်းမှာ ကောင်းကင်ဘုရင်အဆင့်ဇယား အဆင့်နှစ်မှာ ကျူးချူ ဖြစ်နေလေ၏။
***