← Chapters

ဧကရာဇ်ရွှမ်မုကိုသတ်ဖြတ်ခြင်း

Vol. 55 Ch. 765

ဧကရာဇ်ရွှမ်မုကိုသတ်ဖြတ်ခြင်း

Vol. 55 Ch. 765

အခန်း (၇၆၅) ဧကရာဇ်ရွှမ်မုကိုသတ်ဖြတ်ခြင်း

ဖန်းယွင်ရှန်းက နေ့နေ့ညည စွမ်းအားများဖြည့်ဆည်းပေးပြီး ကျင့်ကြံပေးထားသဖြင့် ‘နေရိပ်နတ်ဓား’ က အဆက်မပြတ်တိုးတက်လာပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။ ယခုဆိုလျှင် ယခင်တစ်ချိန်က ‘ရာဟုဓား’ ကဲ့သို့ပင် စွမ်းအားများ ပြန်လည်ရရှိနေပေပြီ။

ယခု ထိုဓားရှည်က ရန်တိလက်ထဲကျရောက်သွားသည့်အခါ မိုးမြေတစ်ခွင်လွှမ်းခြုံသွားစေသည့် ပြင်းထန်သောစွမ်းအား ထွက်ပေါ်လာ၏။ အနက်ရောင်မီးတောက်မိစ္ဆာချီများအတွင်းမှ အဖျက်စွမ်းအားများထွက်ပေါ်လာပြီး ခရမ်းရောင်ဓားအလင်းတန်းနှင့်ပေါင်းစပ်သွားကာ ခရမ်းနက်ရောင်ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။

ရက်စက်ကြမ်းတမ်းသော ဓားအလင်းတန်းက ဧကရာဇ်ရွှမ်မု၏ ‘အမတမှော်ဝတ်ရုံ’ အကာအကွယ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။ ဝတ်ရုံမှထွက်ပေါ်နေသော မရေမတွက်နိုင်သည့် အင်းသင်္ကေတများ အက်ကွဲငြိမ်းသတ်သွားပြီး ကြောက်မက်ဖွယ်ရာ အလင်းမှုံများသည်လည်း အပြည့်အဝ သုတ်သင်ခံလိုက်ရသည်။

ခမ်းနားပြီး ကြောက်မက်ဖွယ်ရာနတ်ဓားက ဧကရာဇ်ရွှမ်မုထံ ကျရောက်မလာခင် အမတမှော်ဝတ်ရုံအား ဝါးပင်ကိုပိုင်းဖြတ်သည့်ပမာ တိကနဲ ပိုင်းဖြတ်ပစ်လိုက်၏။

ဧကရာဇ်ရွှမ်မု အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်ထက်တွင် အရောင်ငါးမျိုးရှိသော မီးတောက်မီးလျှံများတောက်ပလာကာ ငှက်သတ္တဝါ (၇)ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဇာမဏီ ၊ အပြာရောင်ငှက် ၊ ဂဠုန်ငှက် ၊ ဒေါင်းငှက် ၊ ကြိုးကြာဖြူ ၊ ငန်းနှင့် ဇီးကွက်တို့ဖြစ်ကြသည်။

မီးငါးသွယ်နှင့် ငှက်ခုနစ်ကောင်တို့က မိုးမြေတစ်ခွင်ကိုဖြတ်ကျော်ကာ တစ်ပြိုင်နက်တည်းပျံတက်သွားကြပြီး ဧကရာဇ်ရွှမ်မု၏ ခန္ဓာကိုယ်အား မီးတောက်အလွှာများဖြင့် ဖုံးလွှမ်းကာ ကာကွယ်ပေးထားလိုက်သည်။

သို့သော် ရန်တိ၏ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းများ ဖြတ်သန်းသွားရာနေရာတိုင်းတွင် မီးတောက်များ ပြယ်လွင့်သွားပြီး ငှက်သတ္တဝါများလည်း အသက်ပျောက်သွားသည်။

ဓားအလင်းတန်းက မီးတောက်ပင်လယ်ကိုဖြတ်သန်းသွားပြီး ဧကရာဇ်ရွှမ်မု၏နောက်ကျောတွင် ဓားဒဏ်ရာအသစ်တစ်ခု ချက်ချင်းပေါ်လာသည်။

သူက ဆက်လက်ထွက်ပြေးနိုင်စွမ်း မရှိတော့သဖြင့် စိတ်မသက်သာစွာ ညည်းညူအော်ဟစ်လိုက်၏။

ရန်တိက သူ့နောက်မှ အဆက်မပြတ်လိုက်ပါသွားပြီး သူ၏ဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် မိုးမြေအချိန်စီးဆင်းမှု ထူးဆန်းစွာပြောင်းလဲသွားကာ ဓားဝိညာဉ်က ဧကရာဇ်ရွှမ်မု၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။

ဧကရာဇ်ရွှမ်မု နှေးကွေးလာပြီး ဓားအလင်းတန်းက ပိုမိုမြန်ဆန်လာသည်။

ခရမ်းနက်ရောင်ဓားအလင်းတန်းတောက်ပသွားပြီး ဓားချက်တစ်ချက်ပြီးတစ်ချက် မိုးကုတ်စက်ဝိုင်းဆီမှ ကန့်လတ်ဖြတ်ကျဆင်းလာကာ ခွင့်မလွှတ်နိုင်သောတိုက်ခိုက်မှုများက ဧကရာဇ်ရွှမ်မုနောက်မှ လိုက်ပါလာသည်။

မရပ်မနားဓားချက်များအောက်တွင် ရန်တိ၏ တန်ခိုးစွမ်းအားက မြင့်တက်လာပြီး သူ၏ဓားဝိညာဉ်က မိုးမြေတစ်ခွင်ကို ပွင့်ထွက်သွားစေသည့်ပမာ အရာအားလုံးကို အရှိန်ဟုန်ဖြင့် တွန်းလှန်ပစ်လိုက်သည်။

ဧကရာဇ်ရွှမ်မုအနားသို့ရောက်သည်နှင့် ရန်တိက ညာလက်တွင်ကိုင်ထားသော ကောင်းကင်နဂါးဓားကို သိမ်းဆည်းလိုက်ပြီး...

“ကမ္ဘာသစ်ကို ပထမဆုံးရောက်တဲ့နေ့မှာပဲ ကျုပ်ဓားအတွက် ယာဇ်ပူဇော်ရမယ်...”

ပြောပြီးသည်နှင့် သူ၏ဘယ်ဘက်လက်မှ နေရိပ်နတ်ဓားကို ပင့်မြှောက်လိုက်ပြီး အောက်ဘက်သို့ ခုတ်ပိုင်းချလိုက်သည်။

မိုးမြေတစ်ခွင်မှ အလင်းရောင်များအားလုံး တစ်ပြိုင်နက်တည်း မှေးမှိန်သွားပြီး အားလုံမျက်စိရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံး အမှောင်ကျသွားသည့်ပမာ အရာအားလုံး ဝေဝါးသွားသည်။

ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရပ်တန့်မရသော ၊ တန်ခိုးကြီးမားလှသော ဓားဝိညာဉ်တစ်ခုသာလျှင် ကျန်ရှိသည်။

ဧကရာဇ်ရွှမ်မု၏ ကြေကွဲဖွယ်ရာအော်ဟစ်သံကြီးက လူတိုင်း၏နားထဲ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထို့နောက်မှာတော့ အမှောင်ထု တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်တော့ ပင်လယ်နှင့်ကောင်းကင် ဆုံတွေ့ရာမိုးကုတ်စက်ဝိုင်းဆီတွင် လူ (၂)ယောက်ရှိနေသည်ကို တွေ့ရသည်။

တစ်ယောက်က ဘယ်လက်တွင် အနက်ရောင်ဓားတစ်လက်ကိုင်ဆောင်ထားပြီး နောက်ကျောတွင် ဓားရှည်တစ်လက်လွယ်ထားသည်။

ထိုသူနှင့် မျက်နှာချင်းဆိုင်တွင် ဦးခေါင်းပြတ်တောက်နေပြီဖြစ်သော အလောင်းတစ်လောင်း ရှိနေ၏။

လူဦးခေါင်းတစ်လုံးက လေထဲတွင် လည်ပတ်နေပြီး အထက်သို့မြင့်တက်သွားပြီးနောက် မြေပြင်ထက် ပြန်လည်ကျဆင်းလာသည်။

ထိုဦးခေါင်းမှမျက်လုံးများတွင် ဒေါသ ၊ ထိတ်လန့်မှုနှင့် အကြောက်အတားများ ထင်ကျန်ရစ်ခဲ့သည်။ ဧကရာဇ်ရွှမ်မု၏ဦးခေါင်းမှလွဲပြီး အခြားမဟုတ်ပေ။

ရန်တိက ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပြီး ဧကရာဇ်ရွှမ်မု၏ဦးခေါင်းကို ဖမ်းယူလိုက်သည်။

ထို့နောက် ကြယ်တာရာချီစွမ်းအားအနှစ်သာရများ တဖြည်းဖြည်းလျော့နည်းသွားပြီဖြစ်ပြီး အောက်ဘက်ပင်လယ်အတွင်း ပြုတ်ကျတော့မည့် ဦးခေါင်းမရှိသောအလောင်ကောင်ကြီးကို တစ်ချက်ကြည့်လိုက်၏။

ရန်တိက ဧကရာဇ်ရွှမ်မု၏အကြွင်းအကျန်များကို သယ်ဆောင်လျှက် ရန်ကျောက်ကဲနှင့် အခြားသူများရှိရာသို့ ရောက်ရှိလာသည်။

ထွက်ပြေးကြသော တာ့ရွှမ်တိုင်းပြည်မှ သိုင်းကျင်ကြံသူများမှာလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ တိုက်ရင်းခိုက်ရင်း ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်နေသူများမှာလည်း ရန်တိလက်ထဲတွင် ကိုင်ဆောင်လာသည့် ဧကရာဇ်ရွှမ်မု၏ဦးခေါင်းပြတ်ကြီးကိုကြည့်ရင်း သွေးပျက်လျှက် ရှိကြသည်။

ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့မှာလည်း အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်မိကြ၏။

ရန်တိ အထက်ဘုံကမ္ဘာသို့တက်လာသည့်မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ရပြီးနောက် သူတို့ရှေ့မှပုဂ္ဂိုလ်က အလွန်ထူးခြားသော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့သည်။ အောက်ဘုံကမ္ဘာတွင်သာမက အထကဘုံကမ္ဘာတွင်ပါ လောကကို ကိုင်လှုပ်နိုင်စွမ်းတစ်ယောက်သာပင်။

ရန်တိသည် ယခုပင် ဧကရာဇ်ရွှမ်မုကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။

နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ ကျူတော်ပင်လယ်ဒေသရှိ တာ့ရွှမ်တိုင်းပြည်ဧကရာဇ်သည် ရန်တိလက်ချက်ဖြင့် အသက်ပျောက်သွားပေပြီ။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျင့်ကြံခြင်းအဆင့်ဖိနှိပ်ပြီးတိုက်ခိုက်စဉ် ရန်တိကို မယှဉ်နိုင်ဘဲ ဒဏ်ရာရခဲ့သည်။

အထက်ဘုံကမ္ဘာတွင်လည်း ရန်တိ၏ အထင်ကြီးလောက်စရာ တန်ခိုးစွမ်းအားများအောက်တွင် ထိပ်တန်းကျင့်ကြံသူ ဧကရာဇ်ရွှမ်မုမှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပေပြီ။

အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး မရေမတွက်နိုင်သည့် တန်ခိုးစွမ်းအားရှင်များနှင့် တွေ့ဆုံဖူးသည့် ချန်ကျိလျန်သည်ပင် အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားရသည်။

“ဂိုဏ်းတူအစ်ကိုကြီး’လင်ဟန့်ဟွာ’ တောင် ဒီလိုအဆင့်မှာ ဒီလောက်မတော်ခဲ့ဘူးထင်တယ် ၊ ဒီလိုမျိုးအောင်မြင်နိုင်တဲ့သူ နောက်တစ်ယောက်မရှိနိုင်ဘူး”

သို့သော် သူ့အကြည့်များက ရန်ကျောက်ကဲထံကျရောက်သွားသည်။

သူက မချိပြုံးပြုံးလိုက်ရင်း...

“အိုး... ဒီကောင်လေး ရှိသေးတာပဲ”

ပိုင်ကျစ်မင်ကတော့ စကားတစ်ခွန်းမဆိုဘဲ ခေါင်းကိုသာ ခါယမ်းလျှက် ရှိသည်။

ထိုသူများက ပစ္စည်းတစ်ခုကို ချေဖျက်သည့်ပမာ လူတစ်ယောက်အသက်ကို နှုတ်ယူနိုင်စွမ်း ရှိကြသည်။

ထိုသူနှစ်ယောက်လုံးက အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာပြီး ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်မှာပင် တန်ခိုးစွမ်းအားကွာခြားချက်က ကြီးမားလွန်းလှသည်။

ရန်တိ အနားရောက်လာတော့ ရန်ကျောက်ကဲက ပြံးရင်း...

“အခုပဲ အထက်ဘုံကမ္ဘာတက်လာရုံရှိသေးတယ်... တစ်ချက်တည်းနဲ့ ကမ္ဘာကိုတုန်လှုပ်စေလိုက်တာပဲ ၊ လူစိမ်းတွေကြားထဲမှာ အဖေတော့ ချက်ချင်းကျော်ကြားသွားပြီ”

ရန်တိက ရန်ကျောက်ကဲအနားလျှောက်သွားရင်း ပြုံးလိုက်ပြီး....

“ဒါက တိုက်ဆိုင်တာပါကွာ ၊ ဒါနဲ့ မင်းက သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်တောင် ဖြစ်နေပြီပဲ”

ရန်တိက သူကိုယ်တိုင်၏ အောင်မြင်မှုထက် သားဖြစ်သူ၏အောင်မြင်မှုကြောင့် ပိုပြီးပျော်ရွှင်သွားရသည်။

ရန်ကျောက်ကဲက...

“ကျွန်တော်လည်း အရှိန်ကောင်းကောင်းနဲ့ ကျင့်ကြံရတယ်လေ ၊ တော်ကြာ ကျားလိုအဖေက ခွေးလိုသားမျိုးမွေးတယ်လို့ အပြောခံနေရမှာပေါ့”

ရန်တိက မနေနိုင်ဘဲ ရယ်မောရင်း...

“မင်းက ငါ့ထက်သာနေပါပြီကွာ ၊ မင်းအသက်အရွယ်တုန်းက ငါက သိုင်းသူတော်စင်မဖြစ်သေးဘူး”

ရန်ကျောက်ကဲက တဟားဟား အော်ဟစ်ရယ်မောရင်း...

“ကျွန်တော်လည်း ဒီအတိုင်း သူ့ဟာသူဖြစ်သွားတာပါ”

ထိုအချိန် အသင်္ချေနဂါးနန်းတော်အတွင်းမှထွက်လာသော ဖန်းယွင်ရှန်းတို့အုပ်စုက ထိုစကားကိုကြားတော့ ...

“ဟန်ဆောင်နေလိုက်... ဆက်ပြီး ဟန်ဆောင်နေလိုက်”

ဆိုသည့် အကြည့်များဖြင့် ရန်ကျောက်ကဲအား မဲ့ရွဲ့ကာ ကြည့်လိုက်ကြသည်။

“ယွင်ရှန်း ၊ ဟူထင်... မင်းတို့လည်း အတော်တိုးတက်လာကြတာပဲ”

ရန်တိက နေရိပ်နတ်ဓားကို ဖန်းယွင်ရှန်းထံပြန်ပေးရင်း ပြုံးလျှက်ဆိုသည်။

“ဒီအတိုင်းသာဆက်သွားလို့ကတော့ မင်းတို့တွေလည်း အသက်ငယ်ငယ်နဲ့ သိုင်းသူတော်စင် ဖြစ်လာမှာပဲ ၊ ငါ့ထက်တောင် စောချင်စောဦးမယ်”

ဖန်းယွင်ရှန်းနှင့် အားဟူတို့က ကမန်းကတန်း ခေါင်းခါယမ်းရင်း...

“အဲဒီလိုမဟုတ်ပါဘူး ၊ ကျွန်မတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုပြီးကောင်းတဲ့ အထက်ဘုံကမ္ဘာ ပတ်ဝန်းကျင်မှာ ကျင့်ကြံနေရတာရယ် ၊ နဂါးသင်္ချိုင်းနဲ့ ယိုးမင်ဂူဗိမာန်က ရတနာပစ္စည်းတွေလည်းအများကြီးရှိတာရယ်ကြောင့် အကျိုးအမြတ်တွေအရမ်းများလွန်းလို့ အဆင့်တက်တာ မြန်နေတာပါ”

ရန်တိကပြုံးရင်း...

“ဘာပဲဖြစ်ဖြစ် မင်းတို့ ကြိုးစားကျင့်ကြံနေကြတာပဲလေ”

ထို့နောက် ရန်တိက တခြားဘက်သို့လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် အသက်ခပ်ငယ်ငယ် အဖြူရောင်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က ရန်တိကို မှင်တက်စွာဖြင့် စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“အဖေ... သူက ရှောင်အိုက်လို့ခေါ်တယ် ၊ အမေ့ရဲ့ အစေခံလေ ၊ ယိုးမင်ဂူဗိမာန်မှာ သူနဲ့တွေ့လို့ ကျွန်တော်တို့နဲ့အတူ ခေါ်ထားလိုက်တာ”

ရှောင်အိုက်ကိုအကဲခတ်ရင်း ရန်တိ အ‌တော်လေး အံ့အားသင့်သွားသည်။

ရှောင်အိုက်က ရန်တိကို မှင်တက်လျှက် မျက်တောင်မခတ် စူးစိုက်ကြည့်နေ၏။

ရန်တိက ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း...

“ဒါက...”

ရှောင်အိုက်ကို အတော်လေး နားလည်နေပြီဖြစ်သော ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“အဖေက အရမ်းချောတယ်လေ ၊ သူက ချောမောတဲ့ယောကျ်ားလေးတွေကို သဘောကျတတ်တဲ့ရောဂါရှိတယ် ၊ အဲဒါကြောင့် အဖေ့ကိုငမ်းနေတာ ၊ ခဏနေရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်”

“ထူးဆန်းလိုက်တာ...”

ရန်တိ မနေနိုင်ဘဲ ပြုံးလိုက်မိလေ၏။

ထို့နောက် ရန်ကျောက်ကဲက ဘေးတွင်ရှိနေသော ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့ကို ရန်တိနှင့် မိတ်ဆက်ပေးလိုက်သည်။

ရန်ကျောက်ကဲ မိတ်ဆက်ပေးပြီးနောက် ရန်တိက ထိုသူနှစ်ယောက်ကို နှုတ်ဆက်လိုက်ရင်း...

“ကျောက်ကဲကို ကြည့်ရှုပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ အနာဂတ်မှာအခွင့်အရေးရရင် ‌ကျင်းထင်တောင်မှာ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို လာရောက်တွေ့ဆုံနှုတ်ဆက်ဖို့ မျှော်လင့်မိပါတယ် ၊ အဲဒီအချိန် ဆရာချန်ကပဲ ကူညီပေးပါဦးဗျာ”

“ဆရာပိုင်နဲ့ တာ့ရွှယ်တောင်ရဲ့ကျေးဇူးကြောင့် ကျုပ်ဆရာက ယွမ်ဖူကမ္ဘာကနေ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်လာနိုင်ခဲ့ပါတယ် ၊ ရန်တိ အလေးအနက် ကျေးဇူးတင်ပါတယ်”

အပြန်အလှန် နှုတ်ဆက်စကားပြောပြီးနောက် ချန်ကျိလျန်က...

“မင်းက ယဉ်ကျေးလွန်းနေပြီ ၊ ဒီလိုပြောရကြေးဆိုရင် မင်းရဲ့သားကလည်း ငါတို့ကိုကူညီပေးခဲ့တာတွေ အများကြီးပါ”

ထို့နောက် ရန်ကျောက်ကဲနှင့် ရန်တိကို တစ်လှည့်စီကြည့်ရင်း သူတို့နှစ်ယောက် သက်ပြင်းသာ အကြိမ်ကြိမ်ချမိတော့သည်။

အဖေက သူရဲကောင်းဆိုလျှင် သားကလည်းပြိုင်ဘက်ကင်းသည် မဟုတ်ပါလား။

All Chapters