ဝါဒတောင်အတွက်နေရာသစ်
Vol. 55 Ch. 767
အခန်း (၇၆၇) ဝါဒတောင်အတွက်နေရာသစ်
ချန်ကျိလျန်က ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်ရင်း...
“မိတ်ဆွေလေး’ရန်’ ... မင်း ဒီနယ်မြေမှာလှုပ်ရှားဦးမယ်ဆိုရင်တော့ သတိထားဖို့လိုတယ်”
ယခင်က အရှေ့တောင်ထိပ်တန်းမျိုးနွယ်များက ရန်ကျောက်ကဲ၏အကူအညီဖြင့် တောင်ပိုင်းထိပ်တန်းမျိုးနွယ် ‘ဝမ်ဟွေ့’ ကို ဖမ်းဆီးနိုင်ခဲ့သည်။ တောင်ပိုင်း ထိပ်တန်းအရှင်သခင်၏ တပည့်ရင်းဖြစ်သော လီကျင်းသည်ပင် ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည် မဟုတ်လား။
ပြောရမည်ဆိုလျှင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ မရောက်ဖူးသည့်တိုင် ရန်ကျောက်ကဲက တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို စော်ကားလိုက်ပြီဟု အဓိပ္ပါယ်သက်ရောက်၏။
ချန်ကျိလျန်က ဖြည်းညင်းသည့်လေသံဖြင့်...
“တောင်ပိုင်း မီးတောက်ကောင်ကင်ပြည်နယ်က လူတစ်ယောက်က ငါတို့ဆရာနဲ့တွေ့ဆုံဖို့ ကျင်းထင်တောင်ကို ရောက်လာတယ်”
“ဒါပေမဲ့ ငါတို့စုံစမ်းသိရှိရတာက ကျူတောပင်လယ်ဒေသထဲ ဝင်လာတဲ့သူတွေလည်း ရှိနေသေးတယ်ဆိုတာပဲ ၊ ဒီလူတွေက မရိုးရှင်းဘူး ၊ ကျင့်ကြံခြင်းအဆင့်လည်း အတော်လေးမြင့်မားကြတယ် ၊ ဂိုဏ်းတူအစ်ကို’လင်ဟန့်ဟွာ’ နှင့် ဂိုဏ်းတူအစ်ကို’မုကျွင်း’ တို့ နှစ်ယောက်လုံး ဒီကိစ္စဖြေရှင်းဖို့ ကျူတောပင်လယ်ဒေသကို ရောက်လာကြတာပဲ”
ခဏနားပြီးမှ ချန်ကျိလျန်က ဆက်ပြောသည်။
“ဒါပေမဲ့ သဘာဝပသာဒနယ်မြေက အဆုံးမရှိ သံလိုက်မုန်တိုင်းတွေကြောင့် ပတ်ဝန်းကျင်ရှုတ်ထွေးပြီး လူရှာဖို့ခက်ခဲတယ်လေ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဆရာချန် သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်လည်း သတိထားပါ့မယ် ၊ တောင်ပိုင်းထိပ်တန်းမျိုးနွယ်တွေကို သဲလွန်စတွေ့တာနဲ့ မြန်နိုင်သမျှမြန်မြန် သတင်းပေးနိုင်ဖို့ ကြိုးစားပါ့မယ်”
ချန်ကျိလျန်က သူ့ကိုကြည့်ရင်း...
“မင်း တကယ်ပဲ သဘာဝပသာဒနယ်မြေကိုသွားမလို့လား ၊ အဲဒီနေရာက သာမန်အန္တရယ်ရှိတဲ့နေရာမျိုးတော့ မဟုတ်ဘူးနော်”
အန္တရယ်ဟုဆိုရာတွင် အဆုံးမရှိသံလိုက်မုန်တိုင်းများကဲ့သို့ သဘာဝအန္တရယ်များသာ မဟုတ်ပေ။
ရှန်လင်ကျီအဆက်အနွယ်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင် ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်ဖြစ်သည့် ခန်းဖင်း ၊ ကုကျန်းနှင့် ဟယ်တုန်းချန်တို့သည်လည်း ထိုနေရာတွင် ရှိနေကြသည်။ ထို့ပြင် ရန်ကျောက်ကဲနှင့် မပြေနိုင်သောရန်ငြိုးများရှိနေသည့် ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်သည်လည်း ထိုနေရာသို့ ထွက်ပြေးသွားသည် မဟုတ်ပါလား။
ထို့ကြောင့် ရန်ကျောက်ကဲ သဘာဝပသာဒနယ်မြေသို့သွားမည်ဆိုပါက သဘာဝဘေးအန္တရယ်များထက် အခြားသောအန္တရယ်များလည်း ရှိနေမည် ဖြစ်သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်ကို လက်နှစ်ဆုပ်ဂါရဝပြုရင်း...
“ဆရာတို့ စေတနာနဲ့ပြောပြပေးတာ ဒီ ‘ရန်’ က ကျေးဇူးတင်ပါတယ်”
ဒါကိုမြင်တော့ ရန်ကျောက်ကဲ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြေင်း ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်တို့ နားလည်လိုက်ကြသည်။
“ဒီ ကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ ၊ ဘာကိုမှအကြောက်အရွံ့မရှိဘူး ၊ သူ့ကို သတ္တိရှိတယ်ခေါ်ရမလား ရူးတယ်ပြောရမလားတောင် မသိတော့ဘူး”
ချန်ကျိလျန် သက်ပြင်းချလိုက်ပြီး သူ့အတွေးများကို ထိန်းချုပ်ကာ ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
အဖြစ်အပျက်အားလုံးကိုတွေ့မြင်ပြီးနောက် သူ့အနေဖြင့် လင်ဟန့်ဟွာနှင့် မုကျွင်းတို့ကို ချက်ချင်းဆက်သွယ်သင့်ပေသည်။
ထို့နောက် ရန်ကျောက်ကဲနှင့် ရန်တိတို့ကို နှုတ်ဆက်ပြီးနောက် ချန်ကျိလျန်နှင့် ပိုင်ကျစ်မင်လည်း ထွက်ခွာသွားကြသည်။
သူတို့ သဘာဝပသာဒနယ်မြေနှင့် ဝိညာဉ်နယ်မြေတစ်ဝိုက်သို့ ရောက်လာရသည့် အဓိကအကြောင်းရင်းမှာ တောင်ပိုင်းထိပ်တန်းမျိုးနွယ်များ ရောက်ရှိနေသည်ဟု သတင်းရသောကြောင့် ဖြစ်၏။ ယခု တာ့ရွှမ်တိုင်းပြည်နှင့် တာ့ရွှမ်တော်လှန်ရေးအင်အားစုများအကြား ရုန်းကန်ရမှုများကိုလည်း ယေဘူယျနားလည်ပြီးဖြစ်လေရာ ဆက်နေစရာအကြောင်းမရှိတော့ပေ။
သူတို့နှစ်ယောက်ထွက်သွားတော့မှ ရန်ကျောက်ကဲက ရန်တိကို လှည့်ကြည့်ရင်း...
“ကျွန်တော် သဘာဝပသာဒနယ်မြေကို လိုက်သွားလိုက်ဦးမယ်”
သူက ကျူတောပင်လယ်ဒေသ၏ နောက်ဆုံးအခြေအနေများကို ဖခင်ဖြစ်သူအား အကျဉ်းချုံး ရှင်းပြလိုက်သည်။ မကြာခင်ကပင် ကွမ်းမင်ဂိုဏ်းတည်ရှိရာ နေလတောင်ထွတ်အား တာ့ရွှမ်တိုင်းပြည်က သိမ်းပိုက်လိုက်သည်ကို အသေးစိတ်ရှင်းပြလိုက်၏။
“ဧကရာဇ်ရွှမ်မုနဲ့ တာ့ရွှမ်တိုင်းပြည်က ကျင့်ကြံသူတွေအများကြီးကို ကျွန်တော်တို့ သတ်ပစ်လိုက်ပြီ ၊ တာ့ရွှမ်တိုင်းပြည်ရဲ့ ထိပ်တန်းရတနာပစ္စည်းဖြစ်တဲ့ ‘ရွှမ်ဧကရာဇ်လှံရှည်’ ကလည်း ကျွန်တော့်လက်ထဲရောက်နေပြီ ၊ ခန်းဖင်းနဲ့တခြားသူတွေ ကွမ်းမင်ဂိုဏ်းကိစ္စကို ဖြေရှင်းနိုင်သည်ဖြစ်စေ မဖြေရှင်းနိုင်သည်ဖြစ်စေ ၊ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေကြားထဲမှာ သူတို့မသေသေးဘူးဆိုရင်တော့ သတင်းကြားတာနဲ့ ကျွန်တော်တို့ကို လက်စားလာချေမှာပဲ”
ရန်ကျောက်ကဲက ကောင်းကင်အက်ကွဲကြောင်းကိုကြည့်လိုက်ပြီး...
“ဒီမှာ ဘာအန္တရယ်မှမရှိတော့ဘူး ၊ ကျွန်တော်က တိုက်ပွဲမှာအမြဲတမ်းလက်ဦးမှုရယူချင်တယ် ၊ အန္တရယ်များပေမယ့် အဲဒီလိုပဲလုပ်ချင်တယ်”
သူ့မျက်ဝန်းများက အေးစက်သွားပြီး...
“အဆုံးမဲ့သံလိုက်မုန်တိုင်းတွေအကူအညီနဲ့ဆိုရင် ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်မယ်ထင်တယ် ၊ သာမန်အချိန်ထက်တော့ ကြီးမားတဲ့အကူအညီတွေ ရနိုင်မယ်ထင်တယ်”
ရန်တိက မျက်မှောင်ကြုံ့ရင်း...
“အဆုံးမဲ့သံလိုက်မုန်တိုင်းတွေအကြောင်း ငါ သေချာမသိသေးဘူး ၊ မင်းပြောသလိုဆိုရင်တော့ သိုင်းသူတော်စင် သတ္တမအဆင့်တောင်မှ သတိထားရမှာ မဟုတ်လား ၊ ဒါပေမဲ့ မင်းက ယုံကြည်မှုရှိနေပုံထောက်ရင် အကျိုးအမြတ်တစ်ခုခုများ ရှိလို့လား”
ရန်ကျောက်ကဲက...
“အဖေ ဒီကိစ္စကို စိတ်ချထားလို့ရတယ် ၊ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေက အားကောင်းပေမယ့် ခန်းဖင်းနဲ့တခြား အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေက သူတို့ရဲ့ တန်ခိုးစွမ်းအားနဲ့ တွန်းလှန်ဖိနှိပ်ထားတဲ့အတွက် မုန်တိုင်းတွေ ငြိမ်နေမှာပဲ ၊ အခုချိန် ကျွန်တော်ဝင်သွားရင် သာမန်အချိန်ထက်ပိုပြီး အန္တရယ်ကင်းတယ်”
“ဒီလူတွေက စွမ်းအားကြီးလွန်းတော့ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေကြားမှာ ကြီးမားတဲ့လွတ်လမ်းလည်း ရှိနိုင်ပါတယ်”
ရန်ကျောက်ကဲက သဘာဝပသာဒနယ်မြေကို လှမ်းကြည့်ရင်း...
“ဒါပေမဲ့ ကျွန်တော် ဝင်မယ်ဆိုရင် မြန်ဖို့တော့လိုတယ်”
ရန်တိက ခဏမျှ စဉ်းစားပြီးနောက်...
“နှစ်တွေကြာလာတာနဲ့အမျှ မင်းလုပ်တဲ့အလုပ်တွေကိုကြည့်ပြီး အဖေ စိတ်ချနိုင်ခဲ့ပါတယ် ၊ မင်းက အန္တရယ်တွေကို ကောင်းကောင်းခံနိုင်ရည်ရှိခဲ့သလို ခွဲခြားသိမြင်စိတ်လည်း မဆုံးရှုံးဘူး ၊ မင်း အရွယ်ရောက်လာတော့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေရှိတယ် ၊ အဖေလည်း မင်းကို ပံ့ပိုးပေးခဲ့ပါတယ် ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အဖေ မင်းနဲ့ မလိုက်နိုင်ဘူးထင်တယ်”
ရန်တိက မျက်ခုံးများ တွန့်ချိုးရင်း...
“စောစောက မင်းပြောသလိုဆိုရင် ဧကရာဇ်ရွှမ်မုအပြင် တာ့ရွှမ်တိင်းပြည်မှာ တခြား တန်ခိုးစွမ်းအားမြင့်မားတဲ့ သိုင်းသူတော်စင်တွေ ရှိနေသေးတယ် မဟုတ်လား ၊ သူတို့ရောက်လာမယ်ဆိုရင် ငါက ကောင်းကင်အက်ကွဲကြောင်းမှာ စောင့်နေဖို့ လိုအပ်တယ်”
“အခု ဆရာက အစွန်းရောက်ရှစ်ပါးကမ္ဘာကိုကာကွယ်ဖို့ တာဝန်ယူထားပေမယ့် သူ့ကို ဖိအားတွေအကုန်လုံး မခံစားစေချင်ဘူး”
ဧကရာဇ်ရွှမ်မုက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ လူပေါင်းမျာစွာခေါ်ဆောင်ခဲ့ပြီး တိုက်ခိုက်ခဲ့လေရာ ‘အံ့သြစရာ’ ကြီးကြီးမားမား ဖြစ်ခဲ့လေသည်။
ပြီးတော့ ရန်တိအပြင် ယွမ်ကျန်းဖုန်းသည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှိနေခဲ့သည်။
ဆရာတပည့်နှစ်ယောက်ပူးပေါင်းပြီး အောက်ဘုံကမ္ဘာသို့ဆင်းသက်လာသော ရန်သူအများအပြားကို တိုက်ခိုက်နိုင်ခဲ့ပြီး တာ့ရွှမ်တိုင်းပြည်မှ ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် ဧကရာဇ်ရွှမ်မု ရှုံးနိမ့်ရသည့် အခြားအကြောင်းရင်းမှာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး ရန်သူ့အကြောင်း သတင်းအချက်အလက် လုံလောက်စွာမသိရှိဘဲ အလောတကြီး တိုက်ခိုက်ခြင်းကြောင့် ဖြစ်၏။
ဧကရာဇ်ရွှမ်မုသေဆုံးသွားပြီး ရွှမ်ဧကရာဇ်လှံရှည်သည်လည်း ပျောက်ဆုံးသွားပြီဖြစ်ရာ ယခုတစ်ခေါက်တိုက်ပွဲမှာတော့ တာ့ရွှမ်တိုင်းပြည်ဘက်မှ ဆိုးဆိုးရွားရွား နစ်နာဆုံးရှုံးခဲ့ရသည်။ သို့သော် တာ့ရွှမ်တိုင်းပြည်တွင် ကာကွယ်သူအရှင်သခင် (၄)ပါးကဲ့သို့ အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားရှင်များ ရှိနေသေးသဖြင့် သြဇာအာဏာကျဆင်းသွားမည်တော့ မဟုတ်ပေ။
ခန်းဖင်းတို့အုပ်စု ဝိညာဉ်နယ်မြေ ၊ နေလတောင်ထွတ်သို့ လာရောက်ချေမှုန်းရာတွင် ချန်လင်ကျီ အဆက်အနွယ်များသာ အဓိကရောက်လာခဲ့ကြသည်။ တာ့ရွှမ်မင်းဆက်မှရောက်လာသူက ဧကရာဇ်ရွှမ်မုတစ်ယောက်သာရှိပြီး အခြားအင်အားကြီးသူများ ပါဝင်မလာခဲ့ပေ။
တိုက်ပွဲတွင် ဧကရာဇ်ရွှမ်မု ကျဆုံးသွားသည့်သတင်းပျံ့နှံ့သွားသည်နှင့် နောက်ထပ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်လာမည်မှာ သေချာသည်။
ရန်ကျောက်ကဲက...
“ကျွန်တော်တို့က တာ့ရွှမ်တိုင်းပြည်ကကျင့်ကြံသူတွေကို သတ်ပစ်လိုက်တဲ့အကြောင်း ချန်ကျိလျန်နဲ့ ပိုင်ကျစ်မင်တို့ကတော့ လျှောက်ပြောမှာ မဟုတ်ဘူး ၊ ဒီတော့ တာ့ရွှမ်တိုင်းပြည်က အချိန်နည်းနည်းလောက်ကြာမှ သတင်းရလိမ့်မယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ ဧကရာဇ်ရွှမ်မု သေသွားပြီဆိုတော့ တာ့ရွှမ်ထီးနန်းမှာ ဘုရင်မရှိတော့ဘူး ၊ အဲဒီနေရာကို လိုချင်တဲ့သူတွေလည်း အများကြီး ရှိလာမှာပဲ”
ထိုအချက်များကြောင့် ရန်ကျောက်ကဲတို့အုပ်စုအတွက် ကိစ္စရပ်များစွာပြင်ဆင်ရန် အချိန်များစွာ ရရှိမည် ဖြစ်၏။
ရန်တိက...
“ဒါက ဖြစ်နိုင်ခြေ ရှိပါတယ် ၊ ဒါပေမဲ့ ရန်သူတွေရဲ့ အတွင်းပိုင်းပဋိပက္ခအပေါ်မှာပဲ ငါတို့မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားလို့မရဘူး”
ရန်ကျောက်ကဲက...
“အမှန်ပဲ ၊ ဒါပေမဲ့ ရတဲ့အချိန်ကို ကျွန်တော်တို့ ကောင်းကောင်းအသုံးချနိုင်တယ်လေ”
ရန်ကျောက်ကဲက ကောင်းကင်အက်ကွဲကြောင်းရှိရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အဝေးတစ်နေရာသို့ အကြည့်ရွှေ့လိုက်သည်။ သူ့မျက်ဝန်းက ပင်လယ်ရေပြင်ကို ဖြတ်ကျော်ပြီး နေလတောင်ထွတ်တည်ရှိခဲ့ရာနေရာသို့ ကျရောက်သွားသည်။
“ယွမ်ဖူကမ္ဘာက ချုန်းယန်နေမင်းဂိုဏ်းဆိုရင် အထက်ဘုံကမ္ဘာမှာအခြေချပြီး ဒီနေရာမှာ သူတို့ဂိုဏ်းကို ပြန်လည်တည်ထောင်ထားတယ် ၊ ကျွန်တော်တို့ ဝါဒတောင်လည်း အဲဒီလိုမျိုးလုပ်လို့ရတယ်လေ”
ရန်ကျောက်ကဲက ရုတ်တရက် ပြုံးရင်းဆိုသည်။
“ကျွန်တော်တို့လည်း အထက်ဘုံကမ္ဘာမှာ ဝါဒတောင်ကို ပြန်လည်တည်ထောင်မယ်ဆိုရင် ကွမ်းမင်ဂိုဏ်းအခြေချခဲ့တဲ့ ဒီနေရာကိုပဲ ယာယီရွေးချယ်ရမယ်ထင်တယ်”
ရန်တိက ပြုံးရင်း...
“ဒီ ကောင်းကင်အက်ကွဲကြောင်းရှိနေတာ အကောင်းရှိသလို အဆိုးလည်းရှိတယ်လေ”
ရန်ကျောက်ကဲက...
“ခြိမ်းခြောက်နိုင်တဲ့ ရန်သူတွေအားလုံးကို ရှင်းပြီးသွားရင်တော့ ဘာမှစိတ်ပူစရာ မရှိတော့ပါဘူး”
ရန်တိက...
“အရေးကြီးတဲ့ အကာအကွယ်အနေနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆရာရှိနေဖို့တော့ လိုအပ်လိမ့်မယ် ၊ ဒါပေမဲ့ ဆရာကလည်း ကျင့်ကြံခြင်းအဆင့်တက်ဖို့ ပြတင်းပေါက်စက္ကူစလေးကို ထိုးဖောက်သလောက်ပဲ လိုတော့တာ”
သူက ရန်ကျောက်ကဲကိုကြည့်ရင်း...
“ငါ အထက်ဘုံကမ္ဘာ တက်မလာခင် ‘ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ’ ကို မင်းကို လက်ဆင့်ကမ်းပေးဖို့ ဆရာက မှာလိုက်တယ်”