ပင်လယ်ရေအောက်မှမီးလျှံဇာမဏီ
Vol. 55 Ch. 769
အခန်း (၇၆၉) ပင်လယ်ရေအောက်မှမီးလျှံဇာမဏီ
ကြီးမားသည့်လေပွေမုန်တိုင်းများက ပင်လယ်ရေကိုလူးလှိမ့်စေလျှက် နဂါးများပင်လယ်ရေပြင်ကို ထိုးဖောက်ထွက်ပေါ်လာသည့်အလား ကောင်းကင်ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
ရေနဂါးကြီး၏ပုံရိပ်က မိုးခြိမ်းသံနှင့် လျှပ်စီးစက်ဝန်းများကြားတွင် တုန်ခါလွန့်လူးလျှက် ရှိသည်။
မိုးမြေတစ်ခွင် ဤမျှကြီးမားသောစွမ်းအားကို တွေ့မြင်လိုက်ရတော့ ကြောက်မက်ဖွယ်ရာမုန်တိုင်းများက နောက်ဆုံးတစ်ချိန် သူ ရောက်ရှိခဲ့စဉ်ကလို ပြင်းထန်နေဆဲဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်၏။
သေသေချာချာ ကြည့်မည်ဆိုလျှင် မုန်တိုင်း၏နက်နဲရာနေရာတစ်ခုတွင် မှန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲဘေးနားတွင်ရပ်နေသည့် အားဟူနှင့်ဖန်းယွင်ရှန်းက ဒါကိုမြင်တော့ မျက်မှောင်ကြုံ့လိုက်ကြ၏။
ဖန်းယွင်ရှန်းက...
“ခန်းဖင်းနဲ့ လော့ကျီးထောင်တို့အုပ်စုတွေ အထဲဝင်သွားလို့ အဲဒီလိုဖြစ်တာလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ သူတို့က သဘာဝပသာဒနယ်မြေအတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်းဝင်သွားတာ ၊ သူတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားနဲ့ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေကို တွန်းလှန်ပြီး ထိပ်တိုက်ရင်ဆိုင်နေကြတာ ၊ အခုတော့ ကြည့်ရတာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီထင်တယ်”
“တခြားစကားနဲ့ပြောရရင် အဆုံးမဲ့သံလိုက်မုန်တိုင်းတွေက ခန်းဖင်းတို့အားလုံးရဲ့ တန်ခိုးစွမ်းအားကို ထိန်းချုပ်ထားသလို ခန်းဖင်းတို့ကလည်း ဒီမုန်တိုင်းတွေ အားနည်းသွားအောင် လုပ်ထားကြတယ် ၊ ဒါကြောင့် ငါတို့တွေ ဒီပင်လယ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာနိုင်တာပေါ့ ၊ မဟုတ်လို့ကတော့ ကျင်းထင်တောင်က ဝမ်လော့ရှာလို ဖြစ်သွားနိုင်တယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် အားဟူကို အသင်္ချေနဂါးနန်းတော်အတွင်း ပြန်လည်ဝင်ရောက်ခိုင်းလိုက်ပြီး ဆက်လက်ထွက်ခွာသွားသည်။
အသင်္ချေနဂါးနန်းတော်က သေးငယ်သည့်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးထက်တွင် ပျောက်ကွယ်သွား၏။
ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်သံချပ်ကာတစ်ခု ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ခန္ဓာကိုယ်အား ထိုရွှေရောင်သံချပ်ကာဖြင့် ဖုံးအုပ်ကာကွယ်ပေးလိုက်ခြင်းပင်။
ထိုသံချပ်ကာဝတ်စုံက ရန်ကျောက်ကဲသတ်ဖြတ်ပစ်လိုက်သည့် ရွှေရောင်သံချပ်ကာဝတ်ကျင့်ကြံသူ ‘ယောင်းဟိုင်’ ထံမှ ရရှိခဲ့သော သံချပ်ကာ ဖြစ်သည်။ ဧကရာဇ်ရွှမ်မု အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသွားစဉ်က ရွှမ်ဧကရာဇ်လှံရှည်ကို ထို ယောင်းဟိုင်ဆိုသူထံသို့ အပ်နှံထားခဲ့၏။
ထိုရွှေရောင်သံချပ်ကာက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
ထိုသံချပ်ကာက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တိုက်ခိုက်မှုကြောင့် အနည်းငယ် ပျက်ဆီးသွားခဲ့သည်။
သို့သော် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ ပူးပေါင်းပြီး ရိုးရှင်းသည့် ပြုပြင်မှုလေးများ လုပ်လိုက်သည့်အခါ ထိုပစ္စည်းက ပြန်လည်အသုံးပြုနိုင်သွားသည်။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် ရွှမ်ဧကရာဇ်လှံရှည်က ဝိညာဉ်စွမ်းအားအလွန်မြင့်မားသဖြင့် အချိန်တိုအတွင်း သန့်စင်ရန်မဖြစ်နိုင်ပေ။ လက်ရှိတွင် သူ့ကိုသိမ်းပိုက်ထားသော ရန်ကျောက်ကဲအား ဒုက္ခမပေးသည်ကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှမ်ဧကရာဇ်လှံရှည် တဖြည်းဖြည်းငြိမ်သက်သွားပြီး ပိုင်ရှင်အသစ်နှင့် ယဉ်ပါးလာမည် ဖြစ်သည်။
ယောင်းဟိုင်ထံမှရရှိထားသည့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများဖြစ်သော ရွှေရောင်သံချပ်ကာနှင့် ယွင်ဟွေ့လှံရှည်တို့ကတော့ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ ပြန်လည်သန့်စင်ရန်လွယ်ကူပြီး ချက်ချင်းအသုံးပြုနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤသို့သော အလယ်ဆင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများက သူလိုအပ်နေသောအရာများလည်း ဖြစ်ခဲ့သည်။ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ မဟုတ်ပါလား။
ယခုတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသစ်စက်စက် ရွှေရောင်သံချပ်ကာကိုဝတ်ဆင်ကာ ယွင်ဟွေ့လှံရှည်ကို ကိုင်ဆောင်လျှက် ခွန်ဖိန်သတ္တဝါတစ်ကောင် ရှေ့ဟောင်းတောကန္တာထဲ ဖြတ်ကျော်သွားသည့်အလား ပင်လယ်ပြင်ဆီသို့ ဝင်ရောက်သွားသည်။
အဆုံးမဲ့သံလိုက်မုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်နေသည့် သဘာဝပသာဒနယ်မြေအတွင်းသို့ ခွန်ဖိန်သတ္တဝါကြီးက ရိပ်ခနဲပင် လျှင်မြန်စွာ ဝင်ရောက်သွားသည်။ ထိုနယ်မြေအတွင်း ဝင်ရောက်လိုက်သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆီသို့ ကျရောက်လာသော ပြင်းထန်သည့်ဖိအားများကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သို့ပေသိ သံလိုက်လျှပ်စီးများနှင့် မိုးကြိုးစွမ်းအားများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို စဉ်ဆက်မပြတ် တိုက်ခိုက်နေသည့်တိုင် ပြင်းပြင်းထန်ထန် အနှောက်အယှက် အဖြစ်ခဲ့ပေ။
စိုးရိမ်စရာမရှိကြောင်း အာမခံနိုင်တော့မှ ရန်ကျောက်ကဲလည်း သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အဆုံးမဲ့သံလိုက်မုန်တိုင်းများအတွင်း ဝင်ရောက်ပြီးနောက် အဆက်မပြတ်ဖိနှိပ်ခံရပါက သူ၏ခံနိုင်ရည်ရှိမှုသည် ခန်းဖင်းတို့အုပ်စုနှင့်အတူတူပင် ဖြစ်နိုင်ပေသည်။
ခန်းဖင်း ၊ ကုဟုန် ၊ လော့ကျီးထောင်နှင့် အခြားသူများမှာ အဆုံးမဲ့သံလိုက်မုန်တိုင်းများကို ခုခံကာကွယ်ရင်း မုန်တိုင်းများအလယ် တိုက်ပွဲများထိပ်တိုက်ရင်ဆိုင်နေသည်ဖြစ်ရာ ၊ ရလဒ်အနေဖြင့် အဆုံးမဲ့သံလိုက်မုန်တိုင်းများ ပိုမိုအားနည်းသွားခဲ့ရ၏။
ယင်းကြောင့် နောက်မှရောက်လာသည့် ရန်ကျောက်ကဲအတွက် အတွင်းသို့ဝင်ရောက်ရန် အခွင့်အရေးရရှိခဲ့ခြင်း ဖြစ်၏။
“တိုက်ပွဲတစ်ဝက်လောက်ပြီးသွားတာ ငါ့အတွက်တော့ ကောင်းမွန်တဲ့အစပြုမှုပဲ”
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မုန်တိုင်းများကိုဖြတ်ကျော်လာပြီးနောက် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ရေနက်အတွင်းပိုင်းသို့ သက်ဆင်းသွားသည်။
ပင်လယ်ရေနက်ပိုင်းသည်လည်း ပင်လယ်ရေမျက်နှာပြင်ထက်မှာလိုပင် ငြိမ်သက်ခြင်း အလျဉ်းမရှိပေ။
ပင်လယ်ရေအောက်ထဲတွင် အဆက်မပြတ်လည်ပတ်နေသည့် သံလိုက်လျှပ်စီးများ ၊ မိုးကြိုးစွမ်းအားများရှိနေပြီး ထိုစွမ်းအားအနှစ်သာရများက ပျံ့နှံ့စီးဆင်းလျှက် ရှိသည်။ ကြောက်မက်ဖွယ်ရာ စိမ်းပြာရောင်လျှပ်စီးမြွေများက ရေပြင်ကိုဖြတ်သန်းလျှက် ရေမျက်နှာပြင်ထက်မှ သံလိုက်လျှပ်စီးများထက်ပင် တုန်လှုပ်ဖွယ်ရာကောင်းသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လှံရှည်ကိုဝှေ့ယမ်းရင်း အောက်ဘက်သို့ လမ်းဖွင့်ပေးလိုက်သည်။ ကြီးမားသောဖိအားများအောက်တွင် တစ်လျှောက်လုံး အခက်အခဲများကို ရင်ဆိုင်လာနိုင်သည်မှာ သူ့ကိုကာကွယ်ပေးထားသော ရွှေရောင်သံချပ်ကာကြောင့်သာပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်တွင် လှံရှည်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အနက်ရောင်အမွှေးတိုင်အိုးလေးတစ်ခုကို ကိုင်ဆောင်ထားသည်။
ထိုအမွှေးတိုင်အိုးလေးက ‘ကမ္ဘာမြေဖျက်ဆီး’ အမွှေးတိုင်အိုးလေးပင် ဖြစ်၏။
အဆုံးမဲ့သံလိုက်မုန်တိုင်းများအလယ် ပင်လယ်အောက်ခြေတွင် ဤအမွှေးတိုင်အိုးလေးနှင့် ဆက်စပ်ပတ်သက်နေသည့် ရတနာပစ္စည်းတစ်စုံတစ်ခုရှိနေကြောင်း ‘ခန်း’ သခင်မကိုရှောင်တိမ်းရင်း အမွှေးတိုင်အိုးလေးအတွင်း ဝင်ရောက်စဉ်က ရန်ကျောက်ကဲ သဲလွန်စ ရရှိထားသည်။
ယခု တာ့ရွှမ်တိုင်းပြည်နှင့် ကွမ်းမင်ဂိုဏ်အကြား တိုက်ပွဲများကြောင့် သဘာဝပသာဒနယ်မြေမှ အဆုံးမဲ့သံလိုက်မုန်တိုင်းများ အားနည်းသွားချိန်ကို အခွင့်ကောင်းယူပြီး ထိုရတနာပစ္စည်းကိုရှာဖွေရန် ကြံရွယ်ထားသည်။ သို့သော် ဤသည်က အကြံအစည်တစ်ခုသာဖြစ်ပြီး လက်တွေ့တွင် အသုံးဝင်ပါမည်လား မသေချာသေးပေ။
မည်သို့ပင်ဖြစ်စေ ဤနေရာအထိ သတ္တိရှိရှိရောက်လာကတည်းက သူ့အင်္ကျီလက်ထဲတွင် အကြံအစည်အချို့ ရှိနေခဲ့သည် အမှန်ပင်။
ဟုတ်ပေ၏။ ရန်ကျောက်ကဲအနေဖြင့် သဘာဝပသာဒနယ်မြေအပေါ် နားလည်နိုင်စွမ်းက အကန့်အသတ်ရှိနေလေရာ သူစီစဉ်းထားသည့်အတိုင်း ဖြစ်လာပါမည်လား မသေချာသေးပေ။
ဤသို့သောအခြေအနေတွင် မျှော်လင့်မထားသောအပြောင်းအလဲများရှိလာပါက သတိရှိရှိဖြင့် တုံ့ပြန်ရပေမည်။ အခွင့်အရေးဆိုသည်က ခဏတာသာဖြစ်ပြီး ထိုခဏတာကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားရပေမည်။
ဤနေရာတွင် အစွမ်းထက် တန်ခိုးစွမ်းအားရှင်များစွာရှိနေကြောင်း ငြင်းဆိုမရနိုင်ပေ။ သို့ရာတွင် ကြည်လင်သောရေပြင်တွင် မည်သူမဆို ငါးဖမ်းရန်အခွင့်အရေးရှိကြောင်း ရန်ကျောက်ကဲ လက်ခံထားသည်။
အဆုံးသတ်မှာတော့ ရန်သူများကိုအနိုင်ယူရန် နည်းလမ်းနှစ်သွယ်ရှိပြီး ထိုနည်းလမ်းများမှာ မိမိကိုယ်ကိုယ် အားကောင်းစေခြင်းနှင့် ရန်သူကို အားပျော့စေခြင်းသာ ဖြစ်၏။
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် တိကျသောနေရာတစ်ခုဆီသို့ လမ်းညွှန်ပေးနေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးနှင့်ဆက်သွယ်ရန် ပိုမိုလွယ်ကူအဆင်ပြေလာသည်။
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးသည် နက်ရှိုင်စွာအိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ အရင်ကလို အသက်မဲ့ငြိမ်သက်နေခြင်းမရှိတော့ဘဲ ရန်ကျောက်ကဲကို ပိုပြီး တုံ့ပြန်မှုများပေးစွမ်းနေပြီ ဖြစ်သည်။
အဆုံးမဲ့သံလိုက်မုန်တိုင်းများကြားတွင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ပတ်ဝန်းကျင်မှ လျှပ်စီးမိုးကြိုးစွမ်းအားများကို ထက်ထက်မြက်မြက်ဖြင့် စုပ်ယူမျိုချပြီး ရန်ကျောက်ကဲကို ကာကွယ်ပေးနေသည်။ ဤသည်က အဆုံးမဲ့သံလိုက်မုန်တိုင်းများကို ဖြတ်ကျော်နေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအတွက် ကြီးမားသောအကူအညီဖြစ်သည် အမှန်ပင်။
သဘာဝပသာဒနယ်မြေက ကျယ်ပြန့်သော်လည်း သိုင်းသူတော်စင်ဖြစ်သော ရန်ကျောက်ကဲအတွက် ကျယ်ပြောလှသည်ဟု မဆိုနိုင်ပေ။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဆိုလျှင်တော့ အသက်တစ်ချက်ရှူရုံမျှဖြင့် ဖြတ်သန်းသွားနိုင်သည့် အကွာအဝေး ဖြစ်၏။
ခန်းဖင်းနှင့် ကုဟုန်တို့အတွက်ဆိုလျှင်လည်း ပြောနေစရာပင် မလိုတော့ပေ။
သို့သော် အဆုံးမဲ့သံလိုက်မုန်တိုင်းများ ရှိနေသဖြင့် ကြီးမားသည်ဟု မဆိုနိုင်သည့် ဤနယ်မြေသည် သွားရလာရခက်ခဲပြီး အလွန်ကျယ်ပြောပုံပေါက်နေခဲ့သည်။ ထို့ပြင် အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာတိုးဝင်လေ အဆုံးမဲ့သံလိုက်မုန်တိုင်းများက ပိုမိုပြင်းထန်လေပင်။
ပင်လယ်ရေနက်ပိုင်းသို့ အချိန်အတော်ကြာ ဖြတ်သန်းလာပြီးနောက် အဆုံးမဲ့သံလိုက်မုန်တိုင်းများအောက်မှာပင် ပြင်းထန်စွာထွက်ပေါ်လာသော စွမ်းအားအတက်အကျများကို ခံစားလိုက်ရသည်။
ခန်းဖင်း ၊ ကုဟုန် ၊ လော့ကျီးထောင်နှင့် အခြားသူများသည်လည်း ဤနေရာတွင်ရှိနေကြပြီး ကုဟုန်တို့အုပ်စုမှာ ခန်းဖင်းတို့အုပ်စု၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရသည်။
အကယ်၍ တာ့ရွှမ်ဆန့်ကျင်ရေးမဟာမိတ်များ ခန်းဖင်းတို့အုပ်စုလက်မှ လွတ်မြောက်သွားပြီး အဆုံးမဲ့သံလိုက်မုန်တိုင်းများအလယ်မှ ရုန်းထွက်နိုင်မည်ဆိုလျှင် သဘာဝအတားအဆီးတစ်ခုဖြစ်သော မုန်တိုင်းများက ရန်သူများကိုပိတ်ဆို့ရန် အလိုအလျောက် ကူညီပေးမည် ဖြစ်သည်။
ထိုသို့ဖြစ်လာလျှင် ခန်းဖင်းတို့အုပ်စုအနေဖြင့် လော့ကျီးထောင်တို့အုပ်စုနောက်သို့ ဆက်မလိုက်နိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာရပေလိမ့်မည်။
ရန်ကျောက်ကဲက ထိုသူများရှိရာသို့ သွားရောက်ခြင်းမရှိဘဲ ပင်လယ်ရေနက်ပိုင်းသို့သာ ဆင်းသက်လာခြင်း ဖြစ်သည်။
သူတွေ့မြင်ခဲ့ဖူးသည့် ရှေးဟောင်းနန်းတော်ဆီသို့ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ရန်ကျောက်ကဲကို ဦးဆောင်ခေါ်ယူလာသည်။ ယခု ထိုနေရာနှင့် နီးကပ်နေပြီဟုပင် အာရုံခံမိ၏။
သို့သော် လမ်းတစ်ဝက်အရောက်တွင် ရန်ကျောက်ကဲစိတ်အစဉ် ရုတ်တရက် လှုပ်ရှားသွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏စွမ်းအားရောင်ဝါကို ထိန်းချုပ်လိုက်ပြီး ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကိုကွယ်ဝှက်လိုက်ကာ နေရာတွင်ရပ်လျှက် သတိအနေအထားဖြင့် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရလှည့်ပတ်မှုကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချလိုက်သည်။
အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသောရောင်ဝါတစ်ခုက အခြားလမ်းကြောင်းတစ်ခုမှ ထွက်ပေါ်လာသည် မဟုတ်ပါလား။
ပင်လယ်ရေနက်ထဲတွင် မီးတောက်မီးလျှံတစ်ခု ထွက်ပေါ်လာသည်ကိုတွေ့မြင်ရပြီး ထိုမီးတောက်က ပတ်ဝန်းကျင်တစ်ခွင်မှ လျှပ်စီးမိုးကြိုးများအောက် စွမ်းအားနိမ့်ပါးခြင်း မရှိပေ။
ရန်ကျောက်ကဲ တစ်ချက်ကြည့်လိုက်တော့ ပင်လယ်ရေနက်ထဲတွင် မီးလျှံများတောက်လောင်နေသည့် ဇာမဏီငှက်တစ်ကောင် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အဝါရောင်အခိုးအငွေ့များက ဇာမဏီငှက်ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားပြီး လေးလံပြင်းထန်သောခံစားချက်ကို ဖြစ်ပေါ်စေလေ၏။