ကြယ်တာရာသခင်နန်းတော်မှ ပစ္စည်းများ
Vol. 28 Ch. 380
မိုဝူကျီက မကျေနပ်မှုကို ဖြေဖျောက်လိုက်ပြီး သူသာ မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်သွားပါက ကျူးချူကို သေချာပေါက် သတ်နိုင်ကြောင်း ယုံကြည်သည်။
ကျူးချူမှာ စိတ်ဝိညာဉ်ကျင့်စဉ် ရှိတော့ရော ဘာအရေးလဲ ... သူ့စိတ်ဝိညာဉ် စွမ်းအားကရော မယုံနိုင်လောက်အောင်အထိ ကြီးကျယ် ခမ်းနားနေတော့ရော ဘာအရေးလဲ ...
ငါ ... မိုဝူကျီမှာ အသိစိတ်ပင်လယ်နဲ့ ခရမ်းရေကန် ကြီးထွားလာဖို့ပဲ လိုအပ်တယ် ... ကမ္ဘာဦးစိတ်ဝိညာဉ် အတွက်တော့ ဟားဟား မလိုအပ်တော့ဘူး။
“အာ ... လိန်ဟုန်ကျီက မဆိုးဘူးပဲ။ သူက မြေကမ္ဘာဘုရင်အဆင့် ဇယားမှာ အဆင့် ၇ တောင် ဝင်တယ်” ကောင်းကင်ဘုရင်အဆင့် ဇယားတွင် ကျူးချူအပြင် တခြားလူများကို မသိချေ။ ထို့ကြောင့် မြေကမ္ဘာဘုရင်အဆင့် ဇယားဘက် တစ်ချက် ကြည့်လိုက်သည့်အခါ လိန်ဟုန်ကျီနာမည်မှာ သူ့ကို အံ့အားသင့်သွားစေသည်။
ချီဟော်အာက ထိတ်လန့်တကြား ပြောလိုက်သည် “ကြယ်တာရာသခင် ... လိန်ဟုန်ကျီကို အထင်သေးလို့ မရဘူး။ ကြယ်တာရာသခင်ချီထုံက သူ့အဆင့်အနေအထား အမှန်ဆိုရင် ထိပ်ဆုံး ၃ ယောက်ထက် နိမ့်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် ...”
“အဲဒါဆို ဘာဖြစ်လို့လဲ” မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။ မိုဝူကျီက လိန်ဟုန်ကျီနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးပေ။ ထို့ကြောင့် လိန်ဟုန်ကျီ မည်မျှအားကောင်းမှန်း သေချာမသိချေ။ သို့သော်လည်း လိန်ဟုန်ကျီက လခြမ်းကွေး အကျဉ်းထောင်ကို ပါရမီရှင်များစွာရှေ့တွင် လုယူသွားနိုင်ခဲ့သည့်အတွက် သူက ရိုးရှင်းမည်တော့ မဟုတ်ပေ။
“ကြယ်တာရာသခင်ချီက လိန်ဟုန်ကျီ ဝိညာဉ်ကြောက သာမန်ဝိညာဉ်ကြော မဟုတ်ဘူးလို့ သံသယဝင်နေတာ။ သူ့ပါရမီအထုံက ဆက်တိုက် တိုးတက်နေတာ အသေးစိတ်တော့ ကြယ်တာရာသခင်ချီလည်း သေချာမသိဘူး။ ဒါပေမဲ့လည်း သူက လိန်ဟုန်ကျီ ပါရမီကို သတိပြုမိလို့ လိန်ဟုန်ကျီကို ကြယ်တာရာ ဘုရင်တောင်ဆီ ဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာ” ချီဟော်အက ရှင်းပြသည်။
မိုဝူကျီက စိတ်ထဲမထားပေ။ လိန်ဟုန်ကျီတွင် ကိုယ်ပိုင် နည်းလမ်းများ ရှိနေ၍သာ မဟုတ်လျှင် သူက မြေကမ္ဘာဘုရင်အဆင့်ဇယား ထိပ်တန်း ၁၀ ယောက်တွင် ရောက်လာမည် မဟုတ်ပေ။ သူလည်း အတူတူပင် ဖြစ်၏။ သူ့ချီသွေးကြောများနှင့်အတူ ကျင့်ကြံလာခြင်း ဖြစ်ကာ ချီသွေးကြော တစ်ခု ဖွင့်တိုင်း သူ့ကျင့်ကြံဆင့်နှင့် စွမ်းအားမှာ အဆမတန် တိုးပွားလာလေသည်။
အဆင့်ဇယားသုံးခု အလွန်တွင် မိုဝူကျီက လေထဲတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းပြားကြီးကို မြင်လိုက်ရသည်။ ကျောက်စိမ်းပြားပေါ်တွင် ကျောက်စိမ်းသေတ္တာ ၆ လုံးရှိ၏။
မိုဝူကျီက ဘာမှမမေးခင် ချီဟော်အာက ကျောက်စိမ်းပြားကို ညွှန်ပြ၍ “ဒီကျောက်စိမ်းပြားက ကြယ်တာရာသခင် ကျောက်စိမ်းပြားလေ။ ကြယ်တာရာသခင်တွေက တာဝန်နဲ့ အပြင်မထွက်ခင် သူတို့ရဲ့ အဖိုးတန်ဆုံး ပစ္စည်းကို ဒီမှာ ထားခဲ့ကြတယ်။ တကယ်လို့ ကြယ်တာရာသခင် ပြန်ရောက်မလာခဲ့ရင် အဲဒီပစ္စည်းက နောက်ကြယ်တာရာ သခင်အတွက် ဖြစ်သွားတာပေါ့”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပြားဆီ လျှောက်သွားကာ ကျောက်စိမ်းသေတ္တာ တစ်လုံးကို လက်လှမ်းလိုက်တော့သည်။
ကျောက်စိမ်းသေတ္တာကို စိတ်စွမ်းအားဖြင့် ထိုးဖောက်မမြင်ရအောင် ကန့်သတ်ချက် ထားထားလေသည်။ မိုဝူကျီက ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အခါ အစိမ်းဖျော့ဖျော့လေးက သေတ္တာအတွင်း တည်ရှိနေသည်။
နဝမ ဟင်းလင်းပြင် မုန်လာဥလား ...
မိုဝူကျီက ငေးကြည့်နေမိသည်။ သူက ချက်ချင်း အသိပြန်ဝင်လာသည်။ ထိုအရာမှာ အမှန်ပင် နဝမ ဟင်းလင်းပြင် မုန်လာဥ ဖြစ်နေသည်။ အရင် သူက မျက်လုံးဖြူ ဝံပုလွေ သိုလှောင်လက်စွပ်အတွင်းမှ တစ်ခု ရခဲ့ဖူးလေသည်။
အကယ်၍ တန်ဖိုး အတိအကျဆိုရလျှင် နဝမ ဟင်းလင်းပြင် မုန်လာဥမှာ အဆင့် ၈ ဝိညာဉ်ဆေးပင်များ ကြားတွင် အဖိုးတန်ဆုံးဖြစ်သည်မှာ ယုံမှားဖွယ် မရှိပေ။ စစ်မှန်ခြင်းနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှ လောက အင်မော်တယ်အဆင့် တက်လှမ်းနိုင်စေမည့် အဖိုးတန်ရတနာ တစ်ပါးလည်း ဖြစ်ပေသည်။ ဆေးလုံးအဖြစ် မဖော်စပ်လျှင်ပင် တန်ဖိုးမှာ အတော်လေး မြင့်၏။ ကြယ်တာရာ ဘုရင်တောင်တွင် အဆင့် ၈ ဝိညာဉ်ဆေးပင်တွေ၊ ပစ္စည်းတွေ ပေါများသော်လည်း နဝမ ဟင်းလင်းပြင် မုန်လာဥမှာတော့ ရတနာဖြစ်သောကြောင့် မရှိချေ။
ဤအသီးမှာ သူ့အား အနည်းဆုံး တစ်ဆင့်တက်အောင် ကူညီပေး နိုင်လိမ့်မည်။ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၁ ကို ရောက်ပြီးသည်နှင့် သူက ဤအသီးကို သုံးကာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ၁၂ ကို တက်လှမ်းရမည်။
ပစ္စည်းကောင်းလေးပဲ ... သိမ်းထားလိုက်ပါ့မယ်လေ ...
ပထမဆုံးအရာမှာ အဖိုးတန်နေပြီ ဖြစ်ရာ မိုဝူကျီက မျှော်လင့်တကြီးဖြင့် နောက်ကျောက်စိမ်း သေတ္တာကို လက်လှမ်းလိုက်သည်။
မိုဝူကျီက ဒုတိယမြောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်နှင့် လတ်လတ်ဆတ်ဆတ် ဝိညာဉ်စွမ်းအားလှိုင်းကို ခံစားမိလိုက်ကာ သူ့စိတ်နှလုံးအထိ မပြောပြတတ်သည့် စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ် လာစေသည်။ ထိုဝိညာဉ်စွမ်းအားများမှာ အလွန်ရင်းနှီးနေသည်။ ထိုအရာမှာ သူ လခြမ်းကွေး အကျဉ်းထောင်မှ ရလာသော စိတ်စွမ်းအင် ကျောက်တုံးအချော ဖြစ်နေသည်။ ကျောက်စိမ်း သေတ္တာတွင် အမှန်ပင် စိတ်စွမ်းအင် ကျောက်တုံး အချောများ ပါဝင်နေသည်။
အထဲတွင် များများစားစား မပါသော်လည်း မိုဝူကျီ ရေတွက် ကြည့်လိုက်သည့်အခါ စုစုပေါင်း ၁၅ တုံး ရှိလေသည်။
အမှန်ပင် ပစ္စည်းကောင်းများ ဖြစ်၏။ စိတ်စွမ်းအင် ကျောက်တုံး အချောများ ရှိနေလျှင် ဘာများ ပူပင်နေစရာ လိုဦးမည်နည်း။ နဝမ ဟင်းလင်းပြင် မုန်လာဥ ရှိနေသေး၍ သူက အချိန်တိုအတွင်း လောက အင်မော်တယ်အဆင့်သို့ သေချာပေါက် တက်လှမ်း နိုင်လိမ့်မည်။
မိုဝူကျီက တတိယမြောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့် အခါတွင်လည်း စိတ်စွမ်းအင် ကျောက်တုံးအချော ၁၅ တုံး ရှိနေသည်။ စတုတ္ထမြောက်၊ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက်တို့တွင်လည်း အတူတူ ဖြစ်၏။ နဝမ ဟင်းလင်းပြင် မုန်လာဥ ရှိနေသည့် ပထမ ကျောက်စိမ်းသေတ္တာမှလွဲ၍ ကျန်သေတ္တာ အားလုံးမှာ စိတ်စွမ်းအင် ကျောက်တုံး အချောများသာ ရှိနေသည်။
မိုဝူကျီက ခံစားချက်ကို ချိုးနှိမ်လိုက်ပြီး “ကြယ်တာရာသခင်ချီလည်း အရင်က လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ရောက်ဖူးတယ်လို့ ထင်မထားမိဘူး။ လခြမ်းကွေး အင်မော်တယ် နန်းတော်က စိတ်စွမ်းအင် ကျောက်တုံးအချောတွေ ရှိနေမှပဲ သိတော့တယ် ...”
သို့သော်လည်း ချီဟော်အာက ပြောလိုက်သည် “နဝမ ဟင်းလင်းပြင် မုန်လာဥကို ကြယ်တာရာသခင်ချီ ထားထားပြီးတော့ စိတ်စွမ်းအင် ကျောက်တုံးတွေက ဒုတိယမြောက် ကြယ်တာရာသခင် ချင်နောင် ထားထားတာပါ ...”
မိုဝူကျီ ရှုပ်ထွေးသွားသည့် အမူအရာကို သတိပြုမိ၍ ချီဟော်အာက ဆက်ပြောလိုက်သည်။
“ချင်နောင် ကြယ်တာရာသခင် ဖြစ်လာတုန်းက လခြမ်းကွေး အင်မော်တယ်နန်းတော် ပေါ်လာခဲ့တယ်။ အဲဒီနောက် ကြယ်တာရာသခင်ချင်နဲ့ ကျန်းရှင်းက ပါရမီရှင်တွေက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ဝင်သွားကြတယ်။
ကြယ်တာရာ ဘုရင်တောင်ရဲ့ မျိုးနွယ်စုကြီး သုံးခုက အဲဒီခရီးစဉ်ပြီးမှ ဖြစ်တည်လာတာလေ။ ကြယ်တာရာသခင်ချင်က လခြမ်းကွေး အင်မော်တယ် နန်းတော်မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့တာ။ သူ ပြန်ရောက်လာတော့ သူ တံခါးပိတ် ကျင့်ကြံတော့မယ်ဆိုပြီး ကြေညာခဲ့တယ်။ နှစ် ၁၀၀ အကြာမှာ ပြန်ထွက်လာပေမဲ့ ကြယ်တာရာ ဘုရင်တောင်ကနေ ရုတ်တရက် ထွက်သွားတယ်။ အဲဒီနောက်ကျ သူ့သတင်း မကြားသိရတော့ဘူး ...
ကြယ်တာရာသခင် ချင် ထွက်သွားတော့ ကြယ်တာရာ ဘုရင်တောင်မှာ ကြယ်တာရာသခင် မရှိဘဲ ဖြစ်သွားတော့ အာဏာလုကြရော ... အဲလိုစတင်လာပြီးတော့ နောင်နှစ် တစ်ထောင်အကြာမှာ ကျန်းရှင်းရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင် ပေါ်လာခဲ့တယ်။ သူက တတိယမြောက် ကြယ်တာရာသခင် လဲ့တျန်းယီပဲ ...
လဲ့တျန်းယီက မျိုးနွယ်စုကြီးသုံးခုကို ဖိနှိပ်ထားပြီးတော့ ကြယ်တာရာ ဘုရင်တောင်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးတာက ကြယ်တာရာသခင်လဲ့ မျိုးနွယ်စုကြီး သုံးခုကို မဖျက်ဆီးခင်မှာ ကြယ်တာရာ တိုက်ပွဲအတွင်း တိုက်ပွဲကြီး ဖြစ်လာတယ်။ ပြီးတော့ ကြယ်တာရာသခင်က အဲတိုက်ပွဲမှာ သေဆုံးသွားတယ် ...”
ချီဟော်အာ အသံတွင် တွေးတောနေသည့်အလား ပြန်လည် လွမ်းဆွတ်နေသည့်ဟန် ပေါ်နေသည်။
လဲ့တျန်းယီသာ သေဆုံးမသွားပါက ကျူးချူက ကျန်းရှင်းမှာ မောက်မောက်မာမာ ပြုမူရဲမည်လား ...
“စတုတ္ထမြောက် ကြယ်တာရာသခင် လော့ချွမ်းဟယ်က ကြယ်တာရာသခင်လဲ့ရဲ့ တပည့်လေ။ ကြယ်တာရာသခင်လဲ့ ပျောက်ဆုံးသွားတော့ သူက အခြေအနေတွေကို ထိန်းချုပ်ဖို့ အတော်လေး အားထုတ်ခဲ့ရတာ။ ကြယ်တာရာ ဘုရင်တောင်လည်း တိုက်ပွဲမှာ အနိုင်ရလာတယ်။ ဒါပေမဲ့ သူ့ဆရာ ဖြစ်တဲ့ ကြယ်တာရာ သခင်လဲ့ကို သတ်တဲ့သူကို လိုက်ဖမ်းဖို့ဆိုပြီး ကြယ်တာရာ သခင်လော့လည်း အာကာသထဲ ဝင်သွားခဲ့တာ ။ ဘယ်တော့မှ ပြန်ရောက် မလာတော့ဘူး ...”
ချီဟော်အာက ထိုအထိ စကား ပြောလိုက်ပြီးနောက် ကျောက်စိမ်း သေတ္တာများကို ညွှန်ပြကာ “အရင်တုန်းက ကြယ်တာရာသခင်ချင်က ကျောက်စိမ်းသေတ္တာ ခုနစ်လုံး ထားခဲ့တာ။ အဲဒီနောက်ကျ ဆက်ခံသူ ကြယ်တာရာ သခင်တွေက နည်းနည်း သုံးသွားတာဆိုတော့ ဒီဟာတွေက ကျန်နေတာပဲ။ ဒါတွေက နောက် ကြယ်တာရာ သခင်အတွက် ထားခဲ့တာ။ ကြယ်တာရာသခင်ချီက ကျောက်စိမ်း သေတ္တာတစ်လုံး ယူသွားတယ်၊ သူက နဝမ ဟင်းလင်းပြင် မုန်လာဥကို ရှာတွေ့ခဲ့တော့ ဒီမှာ ထားပေးလိုက်တာ ...”
မိုဝူကျီက ထိုစကားများကို ကြားသောအခါ ရုတ်တရက် မျက်နှာပူမိသွားသည်။
ယခင် ကြယ်တာရာ သခင်များနှင့် ယှဉ်လျှင် သူက အတော်လေး တစ်ကိုယ်ကောင်း ဆန်နေမိသည်။ သူက ကျောက်စိမ်းသေတ္တာ ခြောက်လုံးထဲတွင် ပါသည့်အရာများကို မြင်သည့်အခါ သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့်အရာမှာ နောက်ကြယ်တာရာ သခင်အတွက် ဘာမှမချန်ထားရန် ဖြစ်၏။ ထို့အစား သူက ထိုသို့ ကျောက်စိမ်းသေတ္တာမျိုး များများ ပိုရှိနေစေချင်သေးသည်။
ချီဟော်အာပင် ကြယ်တာရာ သခင်တောင်ကို ကာကွယ်ဖို့ရန် နှစ်ရာချီကို နေ့ရက်အလား စောင့်ကြပ်နေခဲ့သည်။ ထိုသည်က မိုဝူကျီကို အရှက်တရား ခံစားမိစေသည်။
မိုဝူကျီ၏ အပြစ်ရှိစိတ်ကို သတိပြုမိပြီး ချီဟော်အာက ပြောလိုက်သည်။
“အရင်ကြယ်တာရာ သခင်တွေ အလှည့်တုန်းက ကြယ်တာရာ သခင်တောင်က သူတို့ကျင့်ကြံခြင်းအတွက် လုံလုံလောက်လောက် ရှိခဲ့တယ်လေ ... သူတို့ အဆင့်တက်ခါနီးမှ သူတို့က စိတ်စွမ်းအင် ကျောက်တုံး အချောတချို့ သုံးကြတယ်။ ကြယ်တာရာသခင်မိုရဲ့ ကျင့်စဉ်ကလည်း ဝိညာဉ်စွမ်းအား အမြောက်အမြား လိုတဲ့ပုံပဲ။ အဲဒါတွေကို ကြယ်တာရာသခင်မို စိုးရိမ်မနေပါနဲ့ ... အရင် ကြယ်တာရာသခင်တွေ ထားခဲ့တဲ့အရာတွေကို စိတ်ကြိုက်သုံးလို့ ရပါတယ် ...”
အရင်လပိုင်းလေးက ချီဟော်အာက မိုဝူကျီ၏ ကြယ်တာရာသခင်တောင် အပြင်ဘက်တွင် စောင့်ကြပ်နေပေးခဲ့၍ မိုဝူကျီ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းကို သတိထားမိလေသည်။ ထို့ကြောင့် ဤ ထုံးတမ်းစဉ်လာ ကျင့်ကြံခြင်း အထောက်အပံ့များက ကြယ်တာရာသခင် အသစ်လေးအတွက် လုံလောက်မည် မဟုတ်ကြောင်း သိလိုက်သည်။
“ပြောပြပေးတဲ့အတွက် ထိန်းသိမ်းရေးမှူးချီကို ကျေးဇူးတင်ပါတယ်။ ကျုပ်မှာ ဒါရှိပြီဆိုတော့ လုံလောက်ပါပြီ။ ကျန်တာတွေကို နောက်ကြယ်တာရာ သခင်တွေအတွက် ထားခဲ့လိုက်ပါ့မယ်” မိုဝူကျီက နဝမ ဟင်းလင်းပြင် မုန်လာဥနှင့် စိတ်စွမ်းအင် ကျောက်တုံးအချောပါသည့် ကျောက်စိမ်းသေတ္တာ နှစ်လုံးသာ ယူလိုက်သည်။
ကြယ်တာရာ သခင်တောင်မှ ဝိညာဉ်စွမ်းအားများသည် ယခင် ကြယ်တာရာ သခင်များအတွက် လုံလောက်ခဲ့သည့် ဆိုသော စကားများကို မိုဝူကျီက မယုံကြည်ပေ။ သူတို့က ထိုမျှ ကျင့်ကြံခြင်း အထောက်အပံ့များကို မလိုအပ်ဘူး ဆိုလျှင်ပင် ဤစိတ်စွမ်းအင် ကျောက်တုံး အချောများပင် သူတို့ကျင့်ကြံဆင့်ကို အဆမတန် မြင့်တက် လာစေနိုင်သည်။ မိုဝူကျီက ယခင် ကြယ်တာရာ သခင်များက ထိုအရာကို မသိကြောင်းတော့ မယုံနိုင်ချေ။
အားလုံးက သိကြသော်လည်း သူတို့ အလိုအပ်ဆုံးအချိန်မှသာ စိတ်စွမ်းအင် ကျောက်တုံးအချောကို ယူကြခြင်း ဖြစ်သည်။ ယခင် ကြယ်တာရာသခင်များမှာ ကိုယ်ကျင့်တရား ကောင်းသည့်သူများ ဖြစ်ကြသည်မှာ ထင်ရှားလှ၏။
မိုဝူကျီက ကြယ်တာရာသခင် ဖြစ်၏။ သူက ဆုံးဖြတ်ချက် ချလိုက်သောကြောင့် ချီဟော်အာက ဘာမျှ မပြောတော့ပေ။
မိုဝူကျီက အနည်းငယ် တွေဝေနေပြီးနောက် ကျင့်စဉ်တစ်ခု ထုတ်ယူကာ ကျောက်စိမ်းပြားပေါ် တင်ပေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
“ထိန်းသိမ်းရေးမှူးချီ ... သွားကြစို့ ...”
မိုဝူကျီက သူ့အင်မော်တယ် မော်တယ် ပြောင်းပြန် ကျင့်စဉ်ကို ထုတ်ကာ ထားခဲ့ခြင်း ဖြစ်သည်။ သူက ကြယ်တာရာ ဘုရင်တောင်မှ သူလိုအပ်သည်ကို ယူထား၍ တစ်ခုခု ပြန်လည် ထားပေးခဲ့သင့်ပေသည်။
အင်မော်တယ် မော်တယ် ကျင့်စဉ်မှာ တျန်းဂျီဂိုဏ်း အပိုင် ဖြစ်၍ သူက ကြယ်တာရာ ဘုရင်တောင်၌ မထားခဲ့နိုင်ပေ။ သို့သော်လည်း ပြောင်းပြန် လှည့်ပတ်ခြင်း ကျင့်စဉ်မှာ သူ့ကိုယ်တိုင် မွမ်းမံထားသည့်အတွက် နောင်၌ တစ်ယောက်ယောက် ကျင့်ကြံနိုင်ခဲ့လျှင် ကံတရား ဟုသာ ယူဆရမည်။
“ဟုတ်ကဲ့ပါ” မိုဝူကျီက ပြန်ထားခဲ့သည့် အပြုအမူကိုလည်း ချီဟော်အာက ဘာမျှမပြောပေ။
သူတို့ ကြယ်တာရာသခင် နန်းတော်မှ ထွက်လာသည်နှင့် မိုဝူကျီက ချီဟော်အာကို ဆက်လက် ကျင့်ကြံတော့မည့် အကြောင်း ပြောခါနီးတွင် ချီဟော်အာက ရုတ်တရက် ပြောလိုက်သည် “ခန်းမသခင်စုကို သတင်းပို့ပေးလာပါတယ် ... ထျန်းချီအိမ်တော်သခင် ယန်ဟွေ့မင် ရောက်လာလို့ ကြယ်တာရာသခင်ကများ တွေ့ချင်မလား ...”
မိုဝူကျီက လက်ခါပြလိုက်ရင်း
“မလိုတော့ဘူး။ ကျုပ် ကျင့်ကြံခြင်းက အရေးကြီးနေတယ်လို့ ပြောလိုက်ပါ။ ကျုပ် ပြန်မထွက်လာနိုင်ခင် အနည်းဆုံးတော့ တစ်နှစ်လောက် အချိန်လိုလိမ့်မယ်”
မိုဝူကျီက စေ့စပ်ကြောင်းလမ်းသည့် ကိစ္စကိုလည်း နည်းနည်းလေးမျှ စိတ်မဝင်စားပေ။ သူ့တွင် နဝမ ဟင်းလင်းပြင် မုန်လာဥနှင့် စိတ်စွမ်းအင် ကျောက်တုံးအချော အတုံး ၃၀ ရှိနေပြီ ဖြစ်၍ လောကအင်မော်တယ် အဆင့် ရောက်ရန် လုံလောက်နေလေပြီ။
သူက လောကအင်မော်တယ် ဖြစ်ပြီး သူ့ရှင်းစကားလုံး ကျင့်စဉ်ကို အဆင့်လေးအထိ ကျင့်ကြံနိုင်သည့် အချိန်ကျ သူက ကျူးချူကို အနိုင်မတိုက်နိုင်လျှင်ပင် နောက်ဆုံး အခေါက်ကလိုတော့ မဖြစ်လောက်တော့ပေ။
***
ကြယ်တာရာသခင်ခန်းမ
စုရွမ်က အဆင့်တန်းမြင့်မြင့် အမျိုးသမီး တစ်ဦးကို ကိုယ်တိုင် ဧည့်ခံနေရလေ၏။ ထိုအမျိုးသမီးနောက်တွင် ငယ်ရွယ်ချောမော လှပကြော့ရှင်းနေသည့် အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေး ရှိနေသည်။
ထိုမိန်းမမျိုးလေး၏ ရုပ်ရည်မှာ ကျင့်ကြံဆင့်တွင် အပုံကြီးသာနေသော စုရွမ်ပင် သူမကိုယ်ပိုင် သွင်ပြင်ကို ရှက်မိလောက်အောင်အထိ ကြော့ရှင်း တင့်တယ်နေ၏။
ထိုအဆင့်တန်းမြင့်မြင့် အမျိုးသမီးမှာ မိုဝူကျီဆီ အကြိမ်များစွာ လာရောက် တွေ့ဆုံနေသည့် ထျန်းချီအိမ်တော်သခင် ယန်ဟွေ့မင် ဖြစ်၏။ အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေးမှာ သူမ တပည့် ကျွမ်းရှီယွဲ့ ဖြစ်ကာ လက်ရှိ ကျန်းမိုနယ်မြေ၏ နံပါတ်တစ် အလှလေး ဖြစ်ပေသည်။
“အိမ်တော်သခင် ယန် ... ထိန်းသိမ်းရေးမှူးချီက သတင်းရပြီးပြီဆိုတော့ မကြာခင် အကြောင်း ပြန်လာပါလိမ့်မယ်” စုရွမ်အသံမှာ ဖော်ရွေကာ အင်မတန် ယဉ်ကျေးနေသည်။ သူမက ကြယ်တာရာ ဘုရင်တောင်၏ ဒုတိယမြောက် အားအကောင်းဆုံးလူ ဖြစ်နေသော်လည်း သူမက ထျန်းချီအိမ်တော် သခင်ယန်ရှေ့တွင် တစ်စက်လေးမျှ မမောက်မာပြရဲပေ။
ယန်ဟွေ့မင်မျက်နှာမှာ စိတ်မရှည်မှု စိုးစဉ်းမျှ မရှိချေ။ အပြုံးလေး ပန်ဆင်ထားရင်း အသံချိုချိုလေးဖြင့် ပြောလိုက်သည်
“အလျင်လိုစရာ မလိုပါဘူး။ ကြယ်တာရာသခင် အားကောင်းလာလေလေ ကျန်းရှင်းအတွက်လည်း ပိုကောင်းလာလေလေ မဟုတ်ဘူးလား ...”
“ကြယ်တာရာ ဘုရင်တောင်ရဲ့ ထိန်းသိမ်းရေးမှူးချီက ခန်းမသခင်စုနဲ့ အိမ်တော်သခင်ယန်တို့ကို နှုတ်ခွန်းဆက်ပါတယ်” ယန်ဟွေ့မင် စကား ပြောနေစဉ် ချီဟော်အာက ဝင်ရောက်လာသည်။
ယန်ဟွေ့မင်က မိုဝူကျီကို မမြင်သည့်အတွက် သူမမျက်လုံးအိမ်၌ စိတ်ပျက်မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားလေ၏။ သူမက ချက်ချင်း ပြောလိုက်သည် “ထိန်းသိမ်းရေးမှူးချီက ယဉ်ကျေးလွန်းနေပါပြီ ... ဒါနဲ့ ကြယ်တာရာသခင်မိုက ထွက်မလာသေးဘူးလား”
ချီဟော်အာက အားနာတုံ့ဆိုင်းစွာ ပြောလိုက်သည် “ကြယ်တာရာသခင်က ထွက်လာဖို့ တစ်နှစ်လောက် အချိန် လိုပါသေးတယ်။ အိမ်တော်သခင်ယန်ကို ဧည့်ဝတ်မကျေမှာ စိုးမိသားဗျာ ...”
ယန်ဟွေ့မင် မျက်လုံးအတွင်းမှ စိတ်ပျက်မှုမှာ ပျောက်ဆုံးသွားပြီး အပြုံးလေး ဆက်ပြုံးထားရင်း ပြောလိုက်သည် “အလျင်လိုစရာ မလိုပါဘူး။ ဒီကို လာတာက ကြယ်တာရာ သခင်ကို မေးစရာလေး ရှိလို့ပါ။ သူက မိုထျန်းချန်ဆိုတာများ သိလားလို့”
(မှတ်ချက် - မိုထင်းချန် အစား မိုထျန်းချန်လို့ ပြောင်းသုံးပါ့မယ်နော်)
***