မင်းထက်ခြေတစ်လှမ်းသာတယ်
Vol. 55 Ch. 771
အခန်း (၇၇၁) မင်းထက်ခြေတစ်လှမ်းသာတယ်
ခွန်ဖိန်သတ္တဝါပုံရိပ်ယောင် အပိုင်းပိုင်းကွဲကြေသွားသည့်အခါ ထူးကဲယန်စည်းတံဆိပ်ဆင်းသက်လာပြီး ဇာမဏီငှက်ကို မူးဝေသွားပြီး နောက်သို့လွင့်ထွက်သွားသည်အထိ ရိုက်ချလိုက်သည်။
ကံကောင်းသည်မှာ ထိုသူက ‘ကံကောင်းခြင်းမြေကြီး’ နှင့် ဇာမဏီအစစ်အမှန် သမာဓိမီးတောက်ပေါင်းစပ်လိုက်ပြီး တုန်လှုပ်ဖွယ်ရာ ခံစစ်စွမ်းအား ထုတ်ဖော်လိုက်ခြင်းပင်။
ဧကရာဇ်ရွှမ်မု သို့မဟုတ် လော့ကျီးထောင်သာ ဤသို့တိုက်ခိုက်ခံရပါက ကျိန်းသေ ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။
ထူးကဲယန်စည်းတံဆိပ်ဖြင့် တိုက်ခိုက်ခံရသည်နှင့် ထိုသူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ်စည်းက အသက်ဝင်လာသည်။ ပင်လယ်ရေနက်ထဲတွင်က အနီရင့်ရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားကာ ထူးကဲယန်စည်းတံဆိပ်ကို ထိန်းချုပ်ထားလိုက်သည်။
ထို့နောက် မီးတောက်မီးလျှံများအတွင်းမှ စကားသံထွက်ပေါ်လာ၏။
“မအံ့သြတော့ပါဘူး ၊ မင်းက ဒီလိုရတနာပစ္စည်းမျိုး ပိုင်ဆိုင်ထားတာကိုး”
ထိုသူက သူလိုချင်တပ်မက်သည့်ပစ္စည်းများကို အခြားသူများ သဘောကျသည်ကို ခွင့်မပြုပေ။ သူ့အနားချဉ်းကပ်လာပါက ချက်ချင်း အသက်ပျောက်သွားမည် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲက သူ့ထက်ပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး မာနကြီးလွန်းသည်။
သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်က ကိုယ့်အသက်ကိုယ် နှမျောမည် အမှန်ပင်။ သို့သော် ရန်ကျောက်ကဲကတော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသည့် သူ့ကိုပင် အလွတ်မပေးဘဲ ပြန်လည်တိုက်ရန် သတ္တိရှိနေပါသလား။
အစပိုင်းမှင်တက်သွားသော်လည်း ယခုတော့ သူ သတိပြန်ဝင်လာသည်။
“ကောင်းလိုက်တဲ့ ရတနာပစ္စည်း ၊ ဒီပစ္စည်းက အရင်တုန်းက နေဝန်းထက်ယံအရှင်သခင်ကိုင်ဆောင်ခဲ့တဲ့ ထူးကဲယန်စည်းတံဆိပ် မဟုတ်လား ၊ ဒီရတနာကို ပိုင်ဆိုင်ထားတယ်ဆိုတော့ မင်းက ဘယ်သူမဖြစ်နိုင်မလဲ ၊ နေဝန်းထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်တစ်ယောက်လား”
မီးလျှံဇာမဏီငှက်က အတောင်ပံများကို ဖြည်းညင်းစွာဖြန့်ကားလိုက်သည်နှင့် အနီရင့်ရောင်အလင်းတန်းများက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ထူးကဲယန်စည်းတံဆိပ်ကို လှည့်ပတ်သွားကြသည်။
ရန်ကျောက်ကဲက ထိုသူမေးခွန်းထုတ်သည်ကို မဖြေဘဲ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အနီရင့်ရောင်အလင်းတန်းများကို စုပ်ယူလိုက်ပြီး သူ၏ ချီစွမ်းအားနှင့်သွေးစွမ်းအားများကိုလှည့်ပတ်ကာ ခွန်ဖိန်သတ္တဝါအသွင် ပြောင်းလဲသွား၏။
ထို့နောက် ဇာမဏီငှက်ကိုဖြတ်ကျော်ကာ ထူးကဲယန်စည်းတံဆိပ်ကိုပြန်လည်သိမ်းဆည်းပြီး ခွန်ဖိန်သတ္တဝါအသွင်ဖြင့် ပင်လယ်ရေအောက်သို့ လျှင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
ဇာမဏီငှက်က ရှည်လျားသည့် အော်မြည်သံတစ်သံထုတ်လွှတ်ရင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနောက်သို့ လိုက်လာသည်။
တူညီသည့်ကျင့်ကြံခြင်းအဆင့်တွင် ဇာမဏီငှက်သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ မလျှင်မြန်နိုင်သော်လည်း ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသဖြင့် အမီလိုက်နိုင်လာ၏။
“ငါ့မေးခွန်းကို ပြန်မဖြေတာ အတော်ရိုင်းပျတာပဲ ၊ ငါ့ကို အပြစ်မတင်နဲ့တော့”
ဇာမဏီမီးလျှံများကြားမှ တည်ကြည်ပေါ့ပါးသောအသံတစ်သံ ထွက်ပေါ်လာသည်။
အစောပိုင်းက ထူးကဲယန်စည်းတံဆိပ်ကြောင့် အံ့အားသင့်သွားရသော်လည်း ယခုတော့ ပြန်လည်တည်ငြိမ်နေပြီ ဖြစ်သည်။
သိုင်းသူတော်စင်တစ်ယောက်သည် အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်မချင်း အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏ စွမ်းအားအပြည့်အတ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ဇာမဏီငှက်သည်လည်း အဆင့်မြင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားသည်။
သို့သော် သူတို့နှစ်ယောက်လုံးက ထိုရတနာပစ္စည်းများ၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမရှိလေရာ ထူးကဲယန်စည်းတံဆိပ်သည်လည်း သူ့ကိုခြိမ်းခြောက်နိုင်လောက်သည့်စွမ်းအားများ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
ပြီးတော့ သူက အမတကူးပြောင်းခြင်းအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတာ့သည်။
ထူးကဲယန်စည်းတံဆိပ်က အမှန်တကယ် ခြိမ်းခြောက်နိုင်ခြင်းမရှိတော့လျှင် ရန်ကျောက်ကဲက ဘာကိုအားကိုးမည်လဲ သူ သိချင်မိ၏။
တစ်ဖက်လူက လိုက်မီလာသော်လည်း ရန်ကျောက်ကဲက နောက်သို့တစ်ချက်လှည့်မကြည့်ဘဲ ရယ်မောလိုက်၏။
“ဇာမဏီငှက်ဆိုတာ မြင့်မြတ်ပြီး ကျက်သရေရှိတဲ့ငှက်ပါ ၊ အခုက ဘယ်လိုဖြစ်လို့ မာနကြီးပြီး လွှမ်းမိုးချင်နေရတာလဲ”
သူတို့နှစ်ယောက်လုံး ပင်လယ်အောက်ခြေ အတော်ဝေးဝေးသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ရန်ကျောက်ကဲသည် ပျက်ဆီးယိုယွင်းနေသော ရှေးဟောင်းနန်းတော်ကိုပင် တွေ့မြင်နေရပေပြီ။
ထိုနန်းတော်သည် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးထဲတွင် တွေ့မြင်ရသကဲ့သို့ ထင်ထင်ရှားရှားမရှိဘဲ အလွန်တရာ ငြိမ်သက်တိတ်ဆိတ်ကာ ရိုးရှင်းလွန်းနေသည်။
အချိန်ကြာမြင့်စွာ ပျက်ဆီးယိုယွင်းနေသော နန်းတော်တစ်ခုနှင့်ဆင်တူပြီး မည်သည့်လျှို့ဝှက်ချက်မှ ရှိဟန်မတူပေ။
သို့သော် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးမှတစ်ဆင့် ထိုနေရာတွင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပင် စုပ်ယူနိုင်စွမ်းရှိသည့် ထူခြားနက်နဲမှုများပိုင်ဆိုင်ထားကြောင်း ရန်ကျောက်ကဲ သိမြင်ထားသည်။
နန်းတော်ကိုတွေ့သည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ထဲမှအမွှေးတိုင်အိုးလေးကို ထိုနေရာသို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။
သေးငယ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော အနက်ရောင်အမွှေးတိုင်အိုးလေးသည် အနက်ရေင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ရေစီးကြောင်းအတိုင်း နက်နဲရာအရပ်ဆီသို့ ဝင်ရောက်သွား၏။
ပျက်ဆီးနေသည့်နန်းတော်အတွင်းသို့ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး ဆင်းသက်ဝင်ရောက်သွားသည်နှင့် ပတ်ဝန်းကျင် ပင်လယ်ရေပြင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
လျှပ်စီးကြောင်းများ ၊ မုန်တိုင်းများ လွှမ်းခြုံထားသော ပင်လယ်ပြင်တစ်ခုလုံးတွင် အဆုံးမဲ့သံလိုက်မုန်တိုင်းများ ချက်ချင်းပင် ငြိမ်သက်သွား၏။
သို့သော် တစ်ခဏအတွင်းမှာပင် ပင်လယ်ပြင်တစ်ခုလုံး ယခင်အခြေအနေအတိုင်း အဆုံးမဲ့သံလိုက်မုန်တိုင်းများဖြင့် ပြန်လည်ပြည့်နက်သွားသည်။
သို့ရာတွင် နန်းတော်ဗဟိုချက်နေရာမှ အနက်ရောင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အနက်ရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး အနီးပတ်ဝန်းကျင်မှ အဆုံးမဲ့သံလိုက်မုန်တိုင်းများကြားတွင် နက်ရောင်အလင်းတန်းများ လွင့်ပျံသွားသည်။
ရန်ကျောက်ကဲနှင့် ဇာမဏီငှက်တို့ကတော့ ထို အနက်ရောင်အလင်းတန်းကြီးအတွင်းတွင် ရှိနေကြ၏။
အလင်းတိုင်ကြီးအတွင်းတွင်ရှိနေသာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲတွင် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး ပြန်ပေါ်လာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလင်းတိုင်နှင့်အတူ အောက်ဘက်သို့ သက်ဆင်းသွားပြီး အလင်းတိုင်အလယ်ဗဟိုတွင် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာပြီး ဥမင်တစ်ခုအဖြစ်အသွင်ပြေင်းသွားသည်။ ထို ဥမင်အတိုင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အောက်ဘက်သို့ ဆက်လက်ဆင်းသက်သွားပြီး နန်းတော်ရှိရာသို့ ဦးတည်သွားသည်။
မီးလျှံဇာမဏီငှက်ဆမှ တုန်လှုပ်စွာဖြင့် အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်း…”
ရန်ကျောက်ကဲက…
“ပြောကြည့်လိုက် ငါ ဘာဖြစ်လဲ…”
ဇာမဏီငှက်သည်လည်း ရန်ကျောက်ကဲ ကဲ့သို့ပင် လေဟာနယ်ဥမင်လမ်းကြောင်းမှတစ်ဆင့် နန်းတော်အတွင်း ဆင်းသက်ရန် ကြိုးစားလိုက်သော်လည်း အနက်ရောင်အလင်းတိုင်ကြီးအတွင်းမှ ပြင်းထန်သောစွမ်းအားများ ထွက်ပေါ်လာပြီး ဥမင်လမ်းကြောင်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ထို ပြင်းထန်သောစွမ်းအားများ မထိခိုက်စေရန် ကောင်းမြတ်ခြင်းမြေကြီးနှင့် ခရမ်းရောင်သမာဓိမီးတောက်တို့က ဇာမဏီငှက်တစ်ကိုယ်လုံးအား ကာကွယ်ပေးလိုက်၏။
ထို့ပြင် အနီရင့်ရောင်အလင်းတန်းများလည်း ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းများ စီးဆင်းလာခြင်းကို ပိတ်ဆို့လိုက်သည်။
ခဏအကြာတွင် အနက်ရောင်အလင်းတိုင်ကြီး လုံးဝကွယ်ပျောက်သွားပြီး ပင်လယ်ရေအောက်တွင် မကြုံစဖူး ကြီးမားသောလှိုင်းလုံးရေဝဲဂယက်ကြီးတစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ရေများ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကာ လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။
ရေဝဲဂယက်အောက်ခြေမှာတော့ ပျက်ဆီးယိုယွင်းနေပြီး တိတ်ဆိတ်ငြိမ်သက်လျှက် နံရံများပင်ပြိုကျနေသော ရှေးဟောင်းနန်းတော်တစ်ခု ရှိနေ၏။
ရုတ်တရက် နန်းတော်သဏ္ဌန်က ဝေဝါးသွားပြီး သူ့ကိုယ်ကျိုးအတွက် တစ်စုံတစ်ယောက်ကို အထဲသို့ စွဲခေါ်လိုသည့်အလား ထူးဆန်းသော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပါ်လာသည်။
ခန်းဖင်းတို့အုပ်စုနှင့် တိုက်ပွဲထဲတွင်ပိတ်မိနေသော လော့ကျီးထောင်တို့အုပ်စုမှာလည်း ပင်လယ်ရေအောက်မှ ရုတ်တရက် ထွက်ပေါ်လာသည့် မူမမှန်မှုများကြောင့် တိုက်ပွဲရပ်တန့်လိုက်ပြီး အံ့အားသင့်စွာဖြင့် စူးစမ်းလေ့လာ စောင့်ကြည့်လိုက်ကြသည်။
ခဏမျှတုံ့ဆိုင်းသွားပြီးနောက် လော့ကျီးထောင်နှင့် ကုန်ဟုန်တို့ အုပ်စုရော ခန်းဖင်းတို့အုပ်စုသည်ပင် ပင်လယ်ရေအောက်သို့ ဆင်းသက်လာကြသည်။
အောက်ဘက်မှ နန်းတော်၏အခြေအနေက ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း လော့ကျီးထောင်တို့အုပ်စုအတွက်တော့ ယခုထက်ပိုပြီး ဆိုးရွားစရာအခြေအနေမရှိတော့ပေ။ လောလောဆယ် သူတို့ကိုဖိနှိပ်ထားသည့် တာ့ရွှမ်တိုင်းပြည်မှအုပ်စုကိုခါထုတ်ရန်အတွက် လက်ရှိ ဖရိုဖရဲအခြေအနေကို အမိအရ အသုံးပြုရမည် ဖြစ်၏။
ရန်ကျောက်ကဲက ခြေတစ်လှမ်းအသာစီးရသွားသည့်အတွက် ဇာမဏီငှက် မကျေမနပ်ဖြစ်သွားပြီး လောကျီးထောင်တို့အုပ်စုကို အရေးမစိုက်တော့ဘဲ ရှည်လျားစွာအော်မြည်ရင်း နန်းတော်ရှိရာသို့ ချက်ချင်းတိုးဝင်သွားသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အနက်ရောင်အလင်းတိုင်းအလယ်ဗဟိုရှိ ဥမင်လမ်းကြောင်းမှတစ်ဆင့် ပင်လယ်အောက်ခြေသို့ ဆင်းသက်လာသည်။ ပျက်ဆီးနေသောနန်းတော်ရှေ့သို့ ရန်ကျောက်ကဲရောက်ရှိလာသည်နှင့် သူ့လက်ထဲကိုင်ဆောင်ထားသည့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အနည်းငယ် တုန်ခါသွားသည်။
ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ အနက်ရောင်အလင်းတိုင်ကြီး တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နန်းတော်ရှေ့သို့ ဇာမဏီငှက် ဆင်းသက်လာသည်ကို တွေ့ရသည်။ ဇာမဏီငှက်အပြင် အခြားသော စွမ်းအားရောင်ဝါ အတက်အကျများကို ခံစားလိုက်ရသည်ဖြစ်ရာ လော့ကျီးထောင် ၊ ခန်းဖင်းနှင့် အခြားသူများလည်းရောက်ရှိလာကြောင်း ခန့်မှန်းမိ၏။
ရန်ကျောက်ကဲ ပြုံးလိုက်ပြီး ပျက်ဆီးနေသော နန်းတော်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့စိတ်ထဲ အေးစိမ့်သွားပြီး အရှေ့ဆီမှ မျက်ဝန်းတစ်စုံက သူ့ကို စူးစိုက်ကြည့်နေသလို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်ပြီး ခဏမျှရပ်နားပြီးနောက် နန်းတော်ဆီသို့ ဆက်လျှောက်သွားလိုက်သည်။
နန်းတော်အတွင်းပိုင်းသည်လည်း နန်းတော်အပြင်ပိုင်းကဲ့သို့ပင် ပျက်ဆီးယိုယွင်းနေပြီး ဗိသုကာလက်ရာများ၏ မျက်နှာပြင်ထက်တွင် အဓိပ္ပါယ်နားမလည်နိုင်သော စကားလုံးများစွာ ရေးထိုးထားသည်။ သေသေချာချာလေ့လာလိုက်တော့ ထိုစာလုံးများက နတ်မိစ္ဆာမျိုးနွယ်များနှင့် အနည်းငယ်ဆက်စပ်နေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
သို့သော် နတ်မိစ္ဆာမျိုးနွယ်များ၏ နက်ရှိုင်းသောပညာရပ်များစွာ ပေါင်းစပ်လိုက်လျှင်ပင် လူသားမျိုးနွယ်များထက် များစွာနောက်ကျကျန်ရစ်နေပေသည်။
နံရံများထက်မှစာလုံးများက ချို့ယွင်းပြီး ပြီးပြည့်စုံခြင်းမရှိသော်လည်း ထိုအရာများထဲတွင် အယူအဆတစ်ခုတည်ရှိနေကြောင်း သိရှိသဖြင့် ရန်ကျောက်ကဲ ပိုမိုအာရုံစူးစိုက်ကာ လေ့လာလိုက်၏။ ဤအယူအဆများက ပုံပျက်နေပြီး ထူးဆန်းသလို အပြစ်တရားဖြင့်လည်း ပြည့်နေသည်။
ဤစာလုံးသင်္ကေတများကို တစ်စုံတစ်ယောက်က ဤနေရာတွင် တမင်တကာချန်ထားခဲ့ဟန်ရှိပြီး ဤနေရာမှတစ်ဆင့် သူတို့ရည်ရွယ်ထားသည့်ပန်းတိုင်သို့ တစ်နည်းနည်းဖြင့် အရောက်လှမ်းနိုင်မည့်ဟန် ရှိသည်။ ကြည့်ရသည်မှာ ဤနန်းတော်ကိုလည်း ရှေးကျပြီး တန်ဖိုးကြီးသည့်ပုံစံ တမင်တကာ ဆောက်လုပ်ထားခြင်း ဖြစ်နိုင်၏။
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နန်းတော်အတွင်းသို့ ဆက်လက်ဝင်ရောက်လာသည်။
ထိုအချိန် မီးလျှံများတောက်လောင်နေသော ဇာမဏီငှက်က နန်းတော်အပြင်ဘက်သို့ လျှင်မြန်စွာ ရောက်ရှိလာသည်။
မီးတောက်မီးလျှံများ ပျောက်ကွယ်သွားသည့်အခါ နန်းတော်ကို မှိုင်းညို့သည့်မျက်နှာဖြင့် စိုက်ကြည့်နေသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်ကိုတွေ့ရလေ၏။