ကောင်းကင်ဝါးမျိုဓားသေတ္တာ
Vol. 55 Ch. 772
အခန်း (၇၇၂) ကောင်းကင်ဝါးမျိုဓားသေတ္တာ
မီးလျှံများတောက်လောင်နေသည့် ဇာမဏီငှက်အသွင် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး လူငယ်တစ်ယောက်အသွင် ထွက်ပေါ်လာသည်။
ထိုလူငယ်က နန်းတော်ဆီသို့ မျက်မှောင်ကြုံ့ကာတစ်ချက်ကြည့်ရင်း...
“ထူးကဲယန်စည်းတံဆိပ်ကိုကိုင်ဆောင်ထားတဲ့ ဒီလူက ဘယ်သူလဲ ၊ သူက နေဝန်းထက်ယံအရှင်သခင်နဲ့ ပတ်သက်နေတာလား”
အရှေ့တောင် နေဝန်းကောင်းကင်နယ်မြေမှ ပုဂ္ဂိုလ်များပင် သတိမထားမိသည့် ဤ ရေအောက်နန်းတော်အကြောင်းကို သူတို့ တောင်ပိုင်းထိပ်တန်းမျိုးနွယ်များက မတော်တဆ သတင်းရရှိခဲ့သည်။ သို့သော် ယခု သူတွေ့မြင်ရသည့်အတိုင်းဆိုလျှင် ဤရေအောက်နန်းတော်နှင့်ပတ်သက်ပြီး သူမသိသေးသောအရာ များစွာရှိနေသည်။
သူ မသိသည်များကို ရန်ကျောက်ကဲက သိရှိထား၏။
လူငယ်က ခေါင်းမော့ပြီး အပေါ်ဘက်မှ ပင်လယ်ရေပြင်ကို လှမ်းကြည့်လိုက်သည်။
“အချိန်သိပ်မရဘူး ၊ လင်ဟန့်ဟွာတို့အုပ်စု သတင်းရတာနဲ့ ဒီကိုအမြန်ရောက်လာကြလိမ့်မယ်”
ထို့နောက် သူ နန်းတော်ဆီသို့ ခြေလှမ်းလိုက်စဉ် သူ့အားစူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို ခံစားလိုက်ရသဖြင့် စိတ်ထဲအေးစိမ့်သွားရသည်။
“ဇာမဏီအရိုးတွေအပြင် ဒီနန်းတော်ထဲမှာ ဘာတွေရှိနေသေးတာလဲ”
လူငယ်က အရိပ်ကျုံ့အိတ်ထဲမှ ရွှေဖလားတစ်လုံးကိုထုတ်ယူရင်း ရေရွတ်လိုက်သည်။
သူက ရွှေဖလားကို အားသုံးပြီးဖြစ်ညှစ်လိုက်ရာ ဖလားက ကြေမွသွားသည်။
ကြေမွသွားသော ရွှေဖလားက ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်အင်းသင်္ကေတတစ်ခု ထွက်ပေါ်လာ၏။ ထိုအင်းသင်္ကေတက နန်းတော်အတွင်းနက်ရှိုင်းရာသို့ ပျံသန်းသွားပြီး ခဏအကြာမှာတော့ နန်းတော်တစ်ခုလုံး တုန်လှုပ်သွားသည်။
နန်းတော်အထက် ပင်လယ်ရေမျက်နှာပြင် လှည့်ပတ်သွားပြီး ကြီးမားသည့်လေဟာနယ်တစ်ခု ဖြစ်တည်လာသည်။ တစ်ချိန်တည်းပင် များပြားလှစွာသော ရေဝဲဂယက်မျာဖြစ်ပေါ်လာပြီး အားလုံးက နန်းတော်အောက်ခြေနှင့် ချိတ်ဆက်ထားသည်။
ထိုခဏတွင် အရပ်မျက်နှာများစွာသို့ဦးတည်နေသည့် နန်းတော်တံခါးအခွဲများစွာ ထွက်ပေါ်လာသည်။
ဇာမဏီလူငယ်က သူ၏ခံနိုင်ရည်အားကို စမ်းသပ်လိုက်ပြီး နန်းတော်တံခါးတစ်ခုအတွင်း ရွေးချယ်ဝင်ရောက်သွားသည်။
မကြာမီ ပင်လယ်ရေအောက်တွင် အလင်းတန်းများထွက်ပေါ်လာပြီး ထိုသူများက လော့ကျီးထောင် ၊ ခန်းဖင်းနှင့် အခြားသူများဖြစ်ကြသည်။
လော့ကျီးထောင်တို့အုပ်စုက ရှေ့မှပြေးလျှက် ခန်းဖင်းတို့အုပ်စုက နောက်မှလိုက်လာကြသည်။ သူတို့အားလုံးက ကြုံရာတံခါးများအတွင်းလှမ်းဝင်ပြီး နန်းတော်အတွင်း ရောက်ရှိသွားကြသည်။
ရေအောက်နန်းတော်အတွင်းသို့ ပထမဆုံးဝင်ရောက်သွားသည့် ရန်ကျောက်ကဲမှာ သူ့အရှေ့မှ အမှောင်လမ်းအတိုင်း ဖြတ်လျှောက်လာရင်း ထူးဆန်းသောပုံပျက်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ကောင်းကင်ပြိုကျပြီး မြေကြီးအတွင်းကျွံဝင်သွားသည့်အလား ထင်မှတ်ရ၏။
နန်းတော်တစ်ခုလုံးပုံပျက်သွားပြီး အတွင်းထဲမှ လမ်းကြောင်းပုံစံများပြောင်းလဲသွားသည်။ ထို့နောက် နန်းတော်က မူလပုံစံအတိုင်း ပြန်လည်ဖြစ်တည်လာသည်။ ပြီးနောက် အစိတ်စိတ်အမွှာမွှာ ပြန်လည်အက်ကွဲသွားပြီး နောက်တစ်ကြိမ် ပြန်လည်ဖြစ်တည်လာပြန်၏။
ရန်ကျောက်ကဲက ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် ထိန်းထားနိုင်သော်လည်း သူ့အရှေ့မှလမ်းကြောင်းကတော့ ထင်ရှားခြင်း မရှိတော့ပေ။
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက သူ့ကို တိကျစွာ လမ်းညွှန်ပေးနေဆဲ ဖြစ်သော်လည်း လေဟာနယ်အပြောင်းအလဲများကြောင့် လမ်းကြောင်းက ပုံပျက်သွားပြီး ရှေ့ဆက်သွားရန် အဟန့်အတား ဖြစ်စေသည်။
နန်းတော်က ပျက်ဆီးလိုက် ပြန်လည်ဖြစ်တည်လိုက် ကြိမ်ဖန်များစွာဖြစ်ပေါပြီးနောက် အဆုံးသတ် တည်ငြိမ်သွားသည့်အခါ ရန်ကျောက်ကဲမျက်လုံးရှေ့မှ မြင်ကွင်းများသည်လည်း ယခင်ကနှင့်လုံးဝမတူတော့ဘဲ ပြောင်းလဲသွားပေပြီ။
သူ့အရှေ့မှ အမှောင်လမ်းတွင် ရွှေရောင်အလင်းတန်းများတောက်ပနေသည့်တိုင် တစ်စုံတစ်ခုက တားဆီးနေသည့်အလား ရှေ့ဆက်လျှောက်လှမ်းရသည်မှာ နှေးကွေးလျှက် ရှိ၏။
ရွှေရောင်အလင်းတန်းများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်နှင့် ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့၏ခြေလှမ်းများကို အဟန့်အတားဖြစ်သွားစေသည်။
“အဲဒီလူကြောင့်လား...”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ကြည့်ရတာ ဒီနန်းတော်ထဲမှာ ဒီဓားသေတ္တာတစ်ခုတည်းရှိတာမဟုတ်လောက်ဘူး ၊ တခြားတစ်ခုခုလည်း ရှိဦးမယ်ထင်တယ်”
ဇာမဏီငှက်အသွင်လူငယ်က ဤနေရာမှ တခြားပစ္စည်းတစ်ခုရယူရန် ရောက်လာခြင်း ဖြစ်နိုင်သည်။ ထို့ပြင် ထိုသူတွင် သက်ဆိုင်သည့်သဲလွန်စတစ်ခုခု သို့မဟုတ် ဤနန်းတော်အပေါ် သက်ရောက်မှုရှိစေမည့် ရတနာပစ္စည်းတစ်ခုခု ပိုင်ဆိုင်ထားပုံရ၏။
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကြောင့် ရန်ကျောက်ကဲက ခြေတစ်လှမ်းအသာစီးရထားသော်လည်း တစ်ဖက်လူက ထူးခြားသောနည်းလမ်းများအသုံးပြုကာ သူ့ကိုလက်တုံ့ပြန်အသာစီးရရန် ကြိုးစားခဲ့သည်။ နန်းတော်အတွင်း ဖြစ်ပေါ်လာသောအပြောင်းအလဲများက ရန်ကျောက်ကဲကိုနှောင့်နှေးစေပြီး တစ်ဖက်လူကို အခွင့်အရေး ပိုမိုရရှိစေသည်။
“ဒါပေမဲ့ အခု ငါက ခြေလှမ်းတစ်ဝက်လောက် ပိုမြန်နေသေးတယ်”
ရန်ကျောက်ကဲက ပြုံးရင်းတွေးလိုက်သည်။
ဗလာနယ်အပြောင်းအလဲများနှင့် ရွှေရောင်အလင်းတန်းများက သူ၏အရှိန်အဟုန်ကို ဟန့်တားနေသော်လည်း ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေး လမ်းပြပေးနေခြင်းအား မတားဆီနိုင်ခဲ့ပေ။
အမွှေးတိုင်အိုးလေး အကူအညီဖြင့် ရန်ကျောက်ကဲ နန်းတော်၏နက်ရှိုင်းရာနေရာသို့ ဆက်လက်ထွက်ခွာလာသည်။
အတန်ကြသွားပြီးသည်နှင့် သူ့အရှေ့မှလမ်းကြောင်းက ပုံစံပြောင်းလဲလာကြောင်း ထူးဆန်းစွာ သိလိုက်ရသည်။
လမ်းတစ်လျှောက် အသွေး ၊ အသား ၊ အရိုးစုနှင့် အရိုးများ ပြည့်နက်နေပြီး ဧရာမသားရဲကြီးတစ်ကောင်၏ အစာအိမ်အတွင်း ဝင်သွားရသကဲ့သို့ပင် ဖြစ်သည်။
“ဒါက...”
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်ပြီး သတိမပြတ်အောင် ဂရုစိုက်လိုက်သည်။
ရုတ်ချည်းပင်...
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ပိုမိုလေးလံကြီးမားလာပြီး ရန်ကျောက်ကဲလက်ထဲမှရုန်းထွက်ကာ လမ်းကြောင်းအတိုင်း နန်းတော်အတွင်းပိုင်း နက်ရှိုင်းရာသို့ ပျံသန်းထွက်ခွာသွားသည်။
ရန်ကျောက်ကဲက အမွှေးတိုင်အိုးလေးကို အတင်းဖမ်းဆုပ်မထားဘဲ လွှတ်ပေးလိုက်သည်။ ထို့နောက် သူက အမြန်နှုန်းကိုမြှင့်တင်ပြီး အမွှေးတိုင်အိုးလေး ထွက်ခွာသွားရာနောက်သို့ လိုက်ပါသွား၏။
အတန်ကြာပြီးနောက် ပတ်ဝန်းကျင်တွင် သွေးဆာရက်စက်သော ချီစွမ်းအားအငွေ့အသက်များထွက်ပေါ်လာသည်ကို တွေ့ရသည်။
ရန်ကျောက်ကဲက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း အနံ့ခံလိုက်ရာ ဤသွေးဆာရက်စက်သော ချီစွမ်းအားများက အားနည်းသလိုထင်ရသည့်တိုင် တုနှိုင်းမဲ့သော မကောင်းမှုများနှင့် ရူးသွပ်မှုများ ထုတ်လွှတ်နေပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်ကြောင်း သိလိုက်ရသည်။
အစွန်းရောက်ကမ္ဘာမှာပဲဖြစ်ဖြစ် ၊ အခြားသော မည်သည့်နေရာမှာပဲဖြစ်ဖြစ် ဤမျှသွေးဆာကြမ်းတမ်းသောလေထုကို ရန်ကျောက်ကဲ တစ်ခါမှ မခံစားခဲ့ဖူးပေ။ ယခုက ပထမဆုံးအကြိမ် တွေ့ကြုံရခြင်း ဖြစ်၏။
တောင်နှင့်မြစ်ရေများအလယ် သွေးအလိမ်းလိမ်း လူသေအလောင်းများဖြင့်ပြည့်နေသည့် တိုက်ပွဲများမှာပင် ဤသို့သော သွေးဆာရက်စက်သောအငွေ့အသက်များကို မခံစားဖူးခဲ့ပေ။
ဤနေရာမှ အရိုးအသားများများကို လူသေအလောင်းများဟု ပြောမည်ဆိုပါက ဤမျှ သွေးဆာနေသော အငွေ့အသက်များထွက်ပေါ်လာရန် လူသန်းပေါင်းများစွာ စတေးခံကြရမည် ဖြစ်သည်။
“ဒါက လူသွေးမဟုတ်ဘူး ၊ ဒါပေမဲ့ အတော်လေး ပြင်းထန်ကြမ်းတမ်းတဲ့ နတ်မိစ္ဆာမျိုးနွယ်တစ်ခု ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက ချက်ချင်းသဘောပေါက်နားလည်သွားပြီး မျက်တောင်တစ်ချက်ခတ်လိုက်သည်။
“ဒါပေမဲ့ တကယ်တော့... ဒီနန်းတော်အောက်ခြေက တကယ်ပဲ နတ်မိစ္ဆာသားရဲတစ်ကောင်ရဲ့ ဝမ်းဗိုက်ကြီး ဖြစ်နိုင်တယ် ၊ ဒီအထဲမှာ ကောင်းကင်ဝါးမျိုဓားသေတ္တာကိုလည်း မျိုချထားသေးတယ်”
ရန်ကျောက်ကဲ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...
“ဒီလောက်ပြင်းထန်တဲ့ အန္တရယ်ချီတွေကို ခံစားရပုံထောက်ရင် ဒီမိစ္ဆာသားရဲ အသက်ရှင်နေတုန်းကဆိုရင် လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာ အသေအချာပဲ”
ရန်ကျောက်ကဲက သွေးဆာနေသော ကြမ်းတမ်းသည့်ချီစွမ်းအားများ ထွက်ပေါ်လာရာနေရာသို့ တန်းမသွားသေးဘဲ သူ့ကိုယ်သူ တည်ငြိမ်အောင် အရင်ဆုံးကြိုးစားလိုက်သည်။
အမှောင်လမ်းထက်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တွင် သွေးဆာရက်စက်သည့် ချီစွမ်းအားအငွေ့အသက်များသာ ကျန်ရစ်တော့သည်။
လမ်းအဆုံးသို့နီးကပ်လာလေ လမ်းတစ်ခုလုံး သွေးများထူထပ်စွာဖုံးလွှမ်းနေသည်ကို တွေ့မြင်ရလေ ဖြစ်၏။
ရန်ကျောက်ကဲ ဆက်လျှောက်လာရင်း နောက်ဆုံးတော့ သူ့မျက်စိရှေ့တွင် သွေးအိုင်ကြီးတစ်ခု ပေါ်လာသည်။ ထိုသွေးအိုင်ကြီးက အလွန်တရာ ကျယ်ပြန့်လှသဖြင့် သွေးအိုင်ဟုခေါ်မည့်အစား သွေးရေကန်ဟု ခေါ်ဆိုရပေမည်။
ထူထပ်သော သွေးဆာရက်စက်သည့် ချီစွမ်းအားများ ပျောက်ကွယ်မသွားသော်လည်း နှာခေါင်းထဲသို့တိုးဝင်လာသည့်အနံ့က ခါတိုင်းနှင့်မတူ အန်ချင်စရာကောင်းလှသည်။ သွေးကန်မှထွက်ပေါ်နေသော အနံ့က မွှေးသလိုလို နံသလိုလို ချိုသလိုလို ငန်သလိုလိုဖြစ်လေရာ သာမန်သွေးနံ့ထက်ပိုပြီး ခံရခက်စေကာ အနံ့ကလည်း ပြင်းထန်သည်။
သို့သော် ရန်ကျောက်ကဲက ထိုအနံ့ကို အရေးမစိုက်ပေ။ သူ အအရေးစိုက်သည်က သွေးကန်အတွင်းမှ သွေးများဖြစ်၏။
ထိုသွေးများက အထက်သို့မြင့်တက်လာလိုက် ပြန်လည်နိမ့်ကျသွားလိုက်ဖြင့် လူတစ်ယောက်နှလုံးခုန်သည့်ပမာ စည်းချက်ညီစွာဖြစ်တည်နေရာ ရန်ကျောက်ကဲ အလွန်အမင်းအံ့အားသင့်သွားရသည်။
သွေးကန်ထက်တွင် အနက်ရောင်သေတ္တာကြီးတစ်လုံးပျံတဲနေပြီး ထိုသေတ္ထာထက်တွင် ‘ကောင်းကင်ဝါးမျို’ ဟူသောစာလုံး ရေးထိုးထား၏။
‘ကောင်းကင်မျိုချဓားသေတ္တာ’ သည်လည်း သွေးကန်၏အလယ်ဗဟိုတွင် သွေးကန်အတွင်းမှသွေးရည်များကဲ့သို့ပင် စည်းချက်ညီညီ မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်။
သွေးရေကန်အတွင်းမှ သွေးနီရောင်အလင်းစီးကြောင်းများက ဓားသေတ္တာအတွင်းသို့ ဆန်တက်စီးဝင်လျှက် ရှိသည်။
သွေးကန်အတွင်းမှ အဆက်မပြတ်ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအားများက ကောင်းကင်ဝါးမျိုဓားသေတ္တာကို ထောက်ပံ့ပေးနေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက ကောင်းကင်ဝါးမျိုဓားသေတ္တာထက်သို့ သက်ဆင်းသွားခြင်းမရှိဘဲ လေထဲတွင်ပျံသန်းနေပြီး ပုံမှန်အခြေအနေအတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ မည်သည့်ထူးခြားချက်မှမတွေ့ရသဖြင့် ရန်ကျောက်ကဲက လေထဲသို့ ခုန်ဝင်ပြီး ကောင်းကင်ဝါးမျိုဓားသေတ္တာဆီသို့ ပျံသန်းထွက်ခွာသွားသည်။
ကောင်းကင်ဝါးမျိုဓားသေတ္တာထက်သို့ မဆင်းသက်မီ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကိုလည်း ပြန်လည်သိမ်းဆည်းလိုက်သည်။
ရန်ကျောက်ကဲ၏ခြေဖျားများက ဓားသေတ္တာထက်သို့ကျရောက်သွားသည်နှင့် သူ၏စိတ်အစဉ်သည်လည်း ချက်ချင်းပင် လှုပ်ခါယိမ်းယိုင်သွားလေ၏။